ကျောက်စပါးကြီးမြွေ
Vol. 6 Ch. 84
[လတ်တလောအလှည့်အပြောင်း: (၃) ရက်အကြာတွင် အကြီးအကဲရှီအတွက် တောင်ထိပ်တွင် အပေးအယူလုပ်မည်။ သို့သော် ဝူလန်မှ သားကောင်မြှူအမှုန့်ယူလာပြီး တောင်ပို့ထဲမှ ကျောက်စပါးကြီးမြွေကို ထွက်လာအောင် ပြုလုပ်ကာ ချင်းရွှမ်အဖွဲ့အား တိုက်ခိုက်မည်။ နောက်ဆုံးတွင် အကြီးအကဲလီတို့အဖွဲ့ သေဆုံး၍ ရှန်မို အဖမ်းခံရမည်]
ရှန်မို အကြီးအကဲလီတို့အား စိတ်မကောင်းစွာ လှမ်းကြည့်မိသည်။
တစ်ဖက်အဖွဲ့မှာ ညှိနှိုင်းရန်ဆန္ဒ မရှိခဲ့ဖူးပေ။
“ဝူလန်… ငါကတော့ အထင်ကြီးမိတာ။ ဝူကန်ဖေးရဲ့သား ပီသတာပဲ”
“ဉာဏ်ကောင်းတာလည်း နာမည်ကြီးနေတဲ့အတိုင်းပဲ”
ရှန်မိုဘက်မှ တိတ်ဆိတ်နေ၍ အကြီးအကဲလီ ထပ်မေးလိုက်သည်။
“ခေါင်းဆောင်ငယ် လက်နက်ကြီးဂိုဏ်းက အလစ်တိုက်မှာ စိုးရိမ်နေတာလား။ ဘာမှ မပူပါနဲ့။ အဲ့နားတစ်ဝိုက်က ရှင်းနေတာပဲ။ သစ်ပင်တွေပဲ ရှိတာ။ ဘယ်လိုမှ အလစ်တိုက်လို့ မရပါဘူး”
ရှန်မို စိတ်ထဲမှ တွေးမိလေသည်။
အလစ်တိုက်မှာ မဟုတ်ဘူး။ တွင်းထဲက စပါးကြီးမြွေကို ထုတ်မှာ။
“အကြီးအကဲလီ အဲ့နားမှာ အဆင့် (၄) သားကောင်တွေ ဘာတွေ ရှိလား”
အကြီးအကဲလီ မျက်ကွင်းချိုင့်နေသည့် အကြီးအကဲကို လှမ်းကြည့်၏။
ထိုအကြီးအကဲမှ ခေါင်းယမ်းပြကာ
“ဟင့်အင်း အဲ့နားတစ်ဝိုက်က သားကောင်ကြီးတွေ အကုန် ရှင်းထားပြီးပြီ”
“ကျန်ရင်လည်း တစ်ကောင်လောက် ဒါမှမဟုတ် တစ်တွဲလောက်မျိုးပဲ။ အဖွဲ့လိုက်တော့ မရှိဘူး”
သူ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
“ဪ ဟုတ်သားပဲ။ လွန်ခဲ့တဲ့ နှစ်ဝက်လောက်ကတော့ မိုးကြိုးကျောက်နယ်မြေနားမှာ စပါးကြီးမြွေကြီး ရှိတယ်တဲ့။ သူ မိုးကြိုးကျောက်တွေစားရင်း အဆင့် (၄) သားကောင် ဖြစ်လာတာ။ ဒါပေမဲ့ လက်နက်ကြီးဂိုဏ်းက အကြီးအကဲတွေကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ထွက်ပြေးသွားပြီ”
“ခေါင်းဆောင်ငယ်က သူ တိုက်ခိုက်မှာစိုးရိမ်လို့လား”
သူ လက်ယမ်းပြ၍ ဆက်ကာ
“ဘာမှမပူပါနဲ့ဗျာ။ စပါးကြီးမြွေက အဆင့် (၄) ဆိုပေမဲ့ တော်တော် ထိခိုက်ထားတာပါ။ (၆) လအတွင်း ပြန်သက်သာလာဖို့ မဖြစ်နိုင်ဘူး”
“တခြားသားကောင်ရဲ့အစာတောင် ဖြစ်သွားပြီးလောက်ပြီ”
“အနီးအနားမှာရှိလည်း လူသားကင်ေ့ကြံသူတွေကို မတိုက်ခိုက်ရဲဘူး”
ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်၏။
သို့သော် သူ့စနစ်တွင် ကြည့်ထားရသမျှ ထိုစပါးကြီးမြွေသည် အသက်ရှင်နေသေးသည့်အပြင် ပို၍ အင်အားကြီးလာပုံရသည်။
လက်နက်ကြီးဂိုဏ်းမှ မသတ်ပစ်ဘဲ အသုံးချရန် ထားထားပုံပင်။
ကျောက်စပါးကြီးမြွေမှာ မိုးကြိုးကျောက်ကို ကြိုက်ပြီး ထိုစဉ်က နယ်မြေကို လက်နက်ကြီးဂိုဏ်းမှ ထိန်းချုပ်ထားသည်။
လူသားအားတိုက်ခိုက်ရန် သားကောင် အသုံးပြုခြင်းမှာ ထင်ရှားနေ၏။
သို့သော် ယခုတော့ အခြေအနေကို ကြိုသိနေ၍ ရှန်မို ကြိုတင်ပြင်ဆင်နိုင်ပါသည်။
မိုးကြိုးကျောက်များ ငါ့မှာ အများကြီး ရှိသားပဲ”
ငါကျွေးရင် ငါ့စကားနားထောင်ရမှာပေါ့။
“ကောင်းပြီ။ ပြန်ပြီး နားကြတော့လေ။ နောက် (၃) ရက်မှ အပေးအယူမှာ တွေ့ကြမယ်”
ရှန်မိုမှ ပြောလိုက်လေ၏။
…
ညအမှောင်ထု ကြီးစိုးလာချိန်။
ရှန်မိုတစ်ယောက် အရပ် (၈) မျက်နှာ မိုးကြိုးသိုင်းကို သုံး၍ မိုးကြိုးကျောက်နယ်မြေမှ လျှို့ဝှက် ထွက်ခွါကာ တောင်ထိပ်အနီး ရောက်လာသည်။
ထို့နောက် တည်နေရာကို အာရုံခံ၍ ရှာလိုက်၏။
“ဒီနေရာမှာ ကျောက်စပါးကြီးမြွေ အိပ်နေတာ ဖြစ်မယ်”
ရှန်မို ချက်ချင်း ရှာဖွေပြီးနောက် မကြာမှ ကြီးမားသော တွင်းပေါက်ကြီးကို တွေ့ရလေသည်။
ထိုနေရာ၌ အကောင်ကြီးတစ်ကောင် ခွေ၍ အိပ်ပျော်နေပြီး ခေါင်းတစ်ခုတည်းဖြင့်ပင် ကြောက်စရာ ကောင်းလှသည်။
“ဪ သူ့မှာလည်း ကံကြမ္မာရှိတာပဲ”
ရှန်မို သူ့ကံကြမ္မာအား အာရုံစိုက်လိုက်၏။
[အမည်: အောင်းဟွမ်၏ (၅) ကြိမ်ဝင်စားခြင်း]
[အဆင့်: အဆင့်(၄)၊ ပြီးပြည့်စုံခြင်း]
[မှတ်ချက်: လူသားကျင့်ကြံသူ မြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ညီမျှသည်]
[ဘဝ: အလွန်အင်အားကြီး၊ သားကောင်ကြီး ပြန်ဝင်စားခြင်း၊ ရွှေစပါးကြီးမြွေသွေး]
[အနာဂတ်: အဆင့် (၆) တွင် ရပ်တန့်ကာ တတိယအကြိမ် အောင်မြင်မည်]
[လတ်တလောကံ: (၃) ရက်အကြာတွင် သားကောင်မြှူအမှုန့်ဖြင့် နှိုးဆွခံရပြီး ချင်းရွှမ်အဖွဲ့အား တိုက်ခိုက်ရမည်။ ဝူလန်ထံမှ အဆင့်မြင့်ကျောက် ရရှိမည်]
ရှန်မို ကြည့်နေရင်း စိတ်ထဲ ရှုပ်ထွေးလာသည်။
[အလွန်အင်အားကြီး: အပြာရောင်ကြမ္မာ။ အင်အားမှာ အကန့်အသတ်မဲ့ဖြစ်ပြီး သင်နှင့်ပြိုင်သူတိုင်း ကိုယ့်သေတွင်း ကိုယ်တူးခြင်း ဖြစ်သည်]
[သားကောင်ကြီး ဝင်စားခြင်း: လိမ္မော်ရောင်ကြမ္မာ။ အဆင့် (၆) ထိပ်တန်း သားကောင်ကြီး ဝင်စားခြင်းဖြစ်ပြီး စိတ်ဝိညာဉ် ပါလာသည်]
[ရွှေစပါးကြီးမြွေသွေး: ခရမ်းရောင်ကြမ္မာ။ အကြိမ်ကြိမ် မျိုးပွါးရင်း ရွှေစပါးကြီးမြွေ၏သွေး ပါဝင်လာသည်။ သတ္ထုစိတ်ဝိညာဉ်စွမ်းအင်ကို လျင်မြန်စွာ စုပ်ယူနိုင်သည်]
ရှန်မို ခဏစဉ်းစားသွား၏။
သားကောင်ကြီး ဝင်စားတာလား။
စိတ်ဝင်စားစရာပဲ။
ရှန်မို ထိုကံကြမ္မာကို ရှောင်ဖန်ထံတွင် တွေ့ဖူးပါသည်။
သို့သော် လူနှင့် သားကောင်တို့၏ ပြန်လည်ဝင်စားခြင်းနည်းမှာ ကွာခြားပါသည်။
“ဒီသားကောင်က နောက်ပိုင်း ငါ့အတွက် အသုံးဝင်လောက်တယ်”
ရှန်မို တွေးရင်း သိုလှောင်လက်စွပ်ထဲမှ မိုးကြိုးကျောက်များ ထုတ်လိုက်၏။
ခေါင်းဆောင်ငယ်အနေဖြင့် ထိုသို့ မိုးကြိုးကျောက်များ တစ်ဒါဇင်ခန့် ထုတ်သွားရုံမှာ ပြဿနာမရှိပေ။
ထိုစဉ် မှန်းထားသည့်အတိုင်း ကျောက်စပါးကြီးမြွေမှာ အနံ့ခံမိပြီး တဖြည်းဖြည်း နိုးလာသည်။
မျက်လုံး ရုတ်တရက်ပွင့်ကာ ရှန်မိုအား စူးရှစွာ စိုက်ကြည့်၏။
သို့သော် မိုးကြိုးကျောက်များကိုပါ တွဲမြင်သောအခါ ချက်ချင်း ပျော့ပျောင်းသွားလေသည်။
ထို့နောက် မိုးကြိုးကျောက်များအား တစ်လုတ်တည်း မျိုချလိုက်၏။
သူ ရှန်မို့ကို လုံးဝဂရုမစိုက်ဘဲ ပြန်အိပ်နေပြန်သည်။
ရှန်မို သူ့ခေါင်းကို အသာပွတ်ပေးလိုက်သောအခါ မြွေကြီးမှာ ဆက်၍ငြိမ်နေသည်။
ရှန်မို ရယ်မောမိ၏။
သားကောင်များမှာ အစာရှိလျှင် ထိန်းချုပ်ရလွယ်ပါသည်။
“မိုးကြိုးကျောက်တွေ ထပ်စားဦးမလား။ ငါ့မှာ အများကြီး ရှိသေးတယ်”
ရှန်မို ပြုံး၍ ပြောလိုက်သောအခါ ကျောက်စပါးကြီးမြွေမှ မျက်လုံးပွင့်လာပြီး ခေါင်းငြိမ့်ပြ၏။
ရှန်မိုမှာ ဝူလန် ကျွေးနိုင်သည်ထက် ပို၍ များစွာ ကျွေးလိုက်၏။
“ထပ်စားချင်သေးလား။ အခု သွားရှာပြီး နောက်ရက်ပိုင်းလောက်ကျရင် ယူလာပေးမယ်”
ရှန်မိုပြုံး၍ ပြောလိုက်သောအခါ ခေါင်းထပ်ငြိမ့်ပြသည်။
ထို့နောက် ချက်ချင်း အိပ်ပျော်သွားတော့၏။
ရှန်မိုလည်း ပြုံးရွှင်စွာ ပြန်ရန်ပြင်လိုက်သည်။
သူ့တွင် မိုးကြိုးကျောက်များ ထပ်ပါသေးသော်လည်း ထုတ်မပေးချေ။
သားကောင်ထိန်းချုပ်ရာတွင် အပေးအယူရှိရသည်။
“ငါ့ကို သဘောကျသွားပြီဆိုတော့ ဝူလန် လာယှဉ်လို့ မရတော့ပါဘူး”
ရှန်မို ယုံကြည်ချက်ရှိရှိ တွေးမိလေ၏။