ကျောက်စပါးကြီးမြွေ လှုပ်ရှားမှု
Vol. 6 Ch. 85
အပေးအယူလုပ်ကြမည့်နေ့မှာ လျင်မြန်စွာ ရောက်လာ၏။
ရှန်မိုတစ်ယောက် အကြီးအကဲလီနှင့် အတွင်းဂိုဏ်း အကြီးအကဲ (၄) ဦးတို့ကို ဦးဆောင်၍ တောင်ကုန်းထိပ်မှ ချိန်းထားသောနေရာသို့ ထွက်လာခဲ့ကြသည်။
တောင်ကုန်းမှာ အလွန်ရှင်းလင်း၍ မြက်ပင်ငယ်မျှပင် မရှိဘဲ ကျောက်တုံး၊ ကျောက်ခဲများသာ ဖုံးလွှမ်းနေ၏။
ထို့ကြောင့် အရာအားလုံးကို ဖျတ်ခနဲကြည့်ရုံဖြင့် သိနိုင်ပါသည်။
အကြီးအကဲလီတို့ အချင်းချင်းကြည့်၍ ခေါင်းငြိမ့်ပြလိုက်ကြသည်။
ယခုနေရာတွင် မည်သူမျှ ပုန်းအောင်းနိုင်မည် မဟုတ်ချေ။
သူတို့အမြင်တွင် လက်နက်ကြီးဂိုဏ်းမှာ ရိုးသားမှုကိုပြရန် ထိုနေရာကို ရွေးသည်ဟု ထင်ကြ၏။
မကြာမီ အရှေ့ဘက်မှ အဖွဲ့တစ်ဖွဲ့ ရောက်လာကြလေသည်။
သို့သော် လူအရေအတွက် အလွန်နည်း၏။
(၂) ယောက်သာ လာခြင်းဖြစ်သည်။
တစ်ဦးမှာ ငယ်ရွယ်၍ တစ်ဦးမှာ အသက်ကြီးကြီး ဖြစ်လေသည်။
ရှန်မို သူတို့ကို လှမ်းကြည့်ရင်း လူငယ်လေး၏ စနစ်ကံကြမ္မာကိုပါ ဖတ်လိုက်၏။
[အမည်: ဝူလန်]
[အဆင့်: မြုတေဖွဲ့စည်းခြင်းအဆင့် အစပိုင်း]
[ကံကြမ္မာ: ဂိုဏ်းတပည့်၊ ကံကောင်းလွန်းသူ၊ ဉာဏ်ကောင်းသူ၊ လက်နက်တာအို အမွေခံ၊ သစ်စိမ်းသွေးသား]
[အနာဂတ်: မြုတေဖွဲ့စည်းခြင်းအဆင့် ထိပ်ဆုံးအထိ ရောက်ရှိမည်။ ငြိမ်းချမ်းစွာ နေထိုင်၍ အနာရောဂါမရှိ ကောင်းမွန်စွာ သေဆုံးမည်]
[လတ်တလောအခွင့်အရေး (၁): ယနေ့ တောင်ထိပ်တွင် အပေးအယူပြုလုပ်ရင်း ချင်းရွှမ်ဂိုဏ်းနှင့် တွေ့မည်။ ပုံမှန် အပေးအယူဟု ထင်ရသော်လည်း ချင်းရွှမ်မှ အကြီးအကဲများကို သတ်၍ ခေါင်းဆောင်ငယ် ရှန်မိုအား ဖမ်းနိုင်မည်]
[လတ်တလောအခွင့်အရေး (၂): (၂) လအကြာတွင် ချင်းကန်တောင် ရေနက်ချောင်းအနီး၌ ရှားပါးသတ္ထုများ ရှာဖွေရင်း လက်နက်ကြီးဂိုဏ်းမှ လက်နက်ဝယ်နေကျဂိုဏ်းများ ချင်းရွှမ်ထံ ပြောင်းသွားသည်ကိုသိကာ အလွန် ဒေါသထွက်မည်။ ထို့နောက် ရေကန်ထဲ မတော်တဆကျ၍ ရေအောက်တွင် သတ္ထုကြောကိုရှာတွေ့ကာ သန့်စင်သော သတ္ထုများ ရရှိမည်]
[လတ်တလော အလှည့်အပြောင်း (၁): တစ်လအကြာတွင် မိုးကြိုးကျောက် နည်းပါးလာမှုကြောင့် ကျောက်စပါးကြီးမြွေကို မထိန်းချုပ်နိုင်တော့ဘဲ တောနက်ထဲ ထွက်ပြေးသွားမည်။ ဝူလန် အလွန်ဒေါသထွက်၍ သွေးများအန်ကာ နေမကောင်းဖြစ်သော်လည်း ကြာပန်းစေ့ကြောင့် (၂) ရက်အတွင်း ပြန်သက်သာမည်]
ရှန်မို သူ့ခေါင်းပေါ်ကို သေချာထပ်ကြည့်မိ၏။
အမှန်ပင် ဆံပင်မှာ အတော်ပါးနေလေပြီ။
ထိပ်ပြောင်နေသည့်ပုံစံမျိုး ဖြစ်၏။
“ဒီကြာစေ့က…”
ရှန်မို ခဏစဉ်းစားနေသည်။
လွန်ခဲ့သော (၅) နှစ်ခန့်က လက်နက်ကြီးဂိုဏ်းမှာ ချင်းကန်တောင်တွင် (၅) ရောင်ခြယ်ကြာပန်းအား တူးခဲ့သည်ဟု သတင်းထွက်ဖူးပါသည်။
ထိုကြာပန်းမှ ရွှေ၊ သစ်၊ ရေ၊ မီး၊ မြေ ဟူသော ဒြပ်စင် (၅) မျိုးနှင့် သက်ဆိုင်သည့် အစေ့များစွာ ထုတ်နိုင်၏။
သမိုင်းကြောင်းအရ ချင်းကန်တောင်၌ (၅) ရောင်ခြယ် ကြာပန်းကို မကြာခဏတွေ့ရတတ်ပါသည်။ မဖြစ်ထွန်းသည့် အဆိုးဆုံးအခြေအနေတွင်ပင် အစေ့ (၅) ခု ပါ၏။
အကောင်းဆုံးတွင်တော့ (၁၅) စေ့ ရှိတတ်သည်။
ထိုအစေ့များ အားလုံးမှာ အဆင့်မြင့် သိမ်မွေ့နက်နဲခြင်းအဆင့် ဖြစ်သည်။
ထို့ကြောင့် ဝူလန့်ကံကြမ္မာတွင် ထိုအစေ့အကြောင်း ပါနေခြင်းသည် လက်နက်ကြီးဂိုဏ်း၌ (၅) ရောင်ခြယ် ကြာပန်းရှိနေခြင်းပင်။
ရှန်မို အတော်လေး အံ့ဩနေသည်။
ထို (၅) ရောင်ခြယ် ကြာပန်းကိုသာရလျှင် အခွင့်အရေးများ လိုက်ရှာနေရန် မလိုတော့ချေ။ ချက်ချင်း ရွှေအမြုတေကို ဖွဲ့စည်းနိုင်လေပြီ။
“လက်နက်ကြီးဂိုဏ်းက ယုံကြည်ချက်အပြည့်ပဲနော်။ (၂) ယောက်တည်း လာတာလား”
အကြီးအကဲလီမှ ဝူလန်တို့ကိုလှမ်းကြည့်၍ မေးလိုက်၏။
ဝူလန်ပြုံး၍
“ဒါပေါ့။ အပေးအယူအတွက် လာတာလေ။ ရိုးသားမှုကို ပြရမှာပေါ့”
ရှန်မို နှာခေါင်းရှုံ့အနံ့ခံကြည့်လိုက်သောအခါ အမွှေးနံ့တစ်မျိုး ရလေသည်။
ဝူလန်မှ ပြုံး၍
“ဒါက ကျွန်တော်အမြဲဆောင်နေကျအိတ်က အနံ့ပါ။ ဘာမှမစိုးရိမ်ပါနဲ့”
သူ ပြောပြောဆိုဆိုနှင့် အိတ်ငယ်လေးကိုထုတ်ကာ အန္တရာယ်မရှိကြောင်း သူကိုယ်တိုင် နမ်းရှိုက်ပြသည်။
“ကောင်းပါပြီ။ ဒါဆိုလည်း အပေးအယူ လုပ်တာပေါ့။ လူလည်း ခေါ်လာပြီးပါပြီ”
အကြီးအကဲလီ သူ့အနောက်တွင် ကြိုးတုပ်ထားသော ရှီဖေးအား လက်ညှိုးထိုးပြလိုက်သည်။
“ကောင်းပါပြီဗျာ”
“ဒါပေမဲ့ ဒီအောက်ကတစ်ယောက်ကရော ဘယ်လို တွေးထားလဲ မေးရဦးမယ်”
သူ ပြောပြောဆိုဆိုနှင့် ဖနောင့်ပြင်းပြင်း ပေါက်လိုက်ပြီး အမွှေးနံ့မှာလည်း စူးရှစွာ ထွက်ပေါ်လာ၏။
ထိုအခါ မြေကြီးများ ချက်ချင်း တုန်လာပြီး တစ်ခုခု တိုးထွက်လာသလို ခံစားရလေသည်။
အကြီးအကဲလီတို့ လန့်ဖျပ်၍ မျက်စိမျက်နှာ ပျက်နေကြ၏။
ထို့နောက် ကျယ်လောင်သော အသံကြီးနှင့်အတူ မီးခိုးညိုရောင် စပါးကြီးမြွေတစ်ကောင် ထွက်လာတော့၏။
သူ့မျက်လုံးများမှာ ဒေါသရောင်ဖြင့် လက်နေသည်။
ဝူလန်မှာ ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလျက်ရှိ၏။
“အားလုံးကို သတ်ပစ်လိုက်။ ရှန်မို့ကိုပဲ အရှင်ဖမ်း”
ဝူလန် အေးစက်စွာ ပြုံး၍ အမိန့်ပေးလိုက်သည်။
ကျောက်စပါးကြီးမြွေမှာ လျှာနှစ်ခွကို တန်းလန်းထုတ်လျက် ရှန်မိုတို့ထံ ရွေ့လျားသွား၏။
အကြီးအကဲလီတို့မှာ အလွန်ကြောက်လန့်၍ ဖျော့တော့နေလေပြီ။
မြုတေဖွဲ့စည်းခြင်း (၄) ဦးဖြစ်သော်လည်း ထိုကဲ့သို့ သားကောင်မျိုးကို ယှဉ်နိုင်ရန် မလွယ်ပါ။
“ခေါင်းဆောင်ငယ် ပြေးတော့။ ကျွန်မတို့ ကြည့်ရှင်းလိုက်မယ်”
အကြီးအကဲလီ အံကြိတ်ကာ ပြော၏။
“မလိုပါဘူး။ သူ ကျွန်တော်တို့ကို မတိုက်ခိုက်ဘူး”
ရှန်မို ခေါင်းယမ်းကာ ပြော၏။
အကြီးအကဲများ ရုတ်တရက် မှင်တက်သွားလေသည်။
“ခေါင်းဆောင်ငယ် ဘာတွေပြောနေတာလဲ။ ပြေးတော့လေ”
“ကျွန်မ အသက်နဲ့ရင်းပြီး အချိန်ဆွဲပေးထားပါမယ်”
ဝူလန် ပြုံး၍
“ရှန်မို စိတ်အဆင်ပြေရဲ့လား။ သူက ဘာလို့ မတိုက်ခိုက်ဘူးလို့ ထင်ရတာလဲ”
ရှန်မို ကျောက်စပါးကြီးမြွေအား လှမ်းကိုင်၍
“ငါ့ကို မှတ်မိလား”
မြွေကြီးမှာ ရင်းနှီးသောအနံ့ကြောင့် ရုတ်တရက် ကြောင်သွားသည်။ ထို့နောက် အံ့ဩစရာကောင်းလောက်အောင် ခေါင်းလေးငုံ့သွားလေ၏။
ရှန်မို ပြုံး၍ ခပ်ဖြည်းဖြည်း ပုတ်ပေးလိုက်သည်။
အကြီးအကဲလီတို့ အလွန်ဝမ်းသာသွားကြ၏။
ရှန်မိုပြုံးကာ
“သခင်လေးဝူ အညံ့ခံလိုက်ပါတော့။ ဘာတွေ စောင့်နေတာလဲ”
“ငါ…”
ဝူလန် စွံ့အနေလေသည်။
ထိုစဉ် အကြီးအကဲလီတို့အဖွဲ့မှာ ဝူလန်တို့ထံ ပြေးသွားပြီး ဖမ်းလေ၏။
မြွေ၏အဆိပ်ငွေ့များကြောင့် လုံးဝမလှုပ်နိုင်ဘဲ ချက်ချင်း ရှုံးနိမ့်သွားလေသည်။
“အကြီးအကဲလီ လက်နက်ကြီးဂိုဏ်းဘက်ကို ထပ်ညှိနှိုင်းဖို့ လူလွှတ်လိုက်ပါဦး”
ရှန်မို ပြုံးကာ ပြော၏။
“ဟုတ်ကဲ့ပါ”
အကြီးအကဲလီလည်း အားရပါးရ ရယ်မောနေမိသည်။
ဝူလန်မှာတော့ ထောင်ချောက်မိသွားမှန်း ယခုမှ နားလည်တော့သည်။
“အဖေ့ကို စိတ်လိုက်မာန်ပါမလုပ်ဖို့၊ သေချာစဉ်းစားဖို့ပါ ထည့်ပြောပေးပါ”
သူ အာခေါင်ခြစ်၍ လှမ်းအော်လိုက်သည်။
“ကောင်းပါပြီ ပြောပေးပါမယ်”
အကြီးအကဲလီ ပြုံးကာ ပြော၏။
“ကဲသွားစို့ ပြန်ကြမယ်”
ရှန်မို တည်ငြိမ်စွာ ပြော၍ စထွက်ခွါလေသည်။