ရုတ်တရက် ပြောင်းလဲမှု
Vol. 6 Ch. 87
ထိုအချိန်တွင် အတော်မိုးချုပ်နေလေပြီ။
ရှန်မို မိုးကြိုးကျောက်နယ်မြေကိုဖြတ်၍ တောင်တန်းဘက်မှ လေပြေညင်းကို ခံစားရင်း လမ်းလျှောက်လာသည်။
အလုပ်သမားများ၊ တပည့်များမှာ ထိုမြင်ကွင်းကိုကြည့်၍ မအံ့ဩတော့ပေ။
အစပိုင်းတွင်တော့ ဂိုဏ်းခေါင်းဆောင်ငယ်ဟု သိသော်လည်း အဆင့်ပိုမြင့်သည့် အကြီးအကဲလီက ရိုသေလေးစားနေရသည်ကို ထူးဆန်းခဲ့ကြသည်။
သို့သော် နောက်ပိုင်း ရှန်မို၏ လုပ်ဆောင်ချက်များကြောင့် ပိုနားလည်လာခဲ့သည်။
ရှန်မိုမှ
“အကြီးအကဲလီ လက်နက်ကြီးဂိုဏ်းဘက်က ထူးခြားတာ ရှိသေးလား”
သူ တစ်ချက်ရယ်၍
“ခေါင်းဆောင်ငယ်ကြားရင်လည်း ရယ်ရမှာပဲ”
“ပြောပါဦးဗျ”
“ဝူလန် အဖမ်းခံရပြီးတည်းက လက်နက်ကြီးဂိုဏ်းမှာ ရှုပ်ထွေးကုန်တာလေ။ ခေါင်းဆောင် ဝူကန်ဖေးစကားလည်း နားမဝင်ဘဲ အကြီးအကဲတွေက တိုက်ခိုက်ဖို့ပဲ အားသန်နေကြတယ်”
“ဝူလန်မရှိတော့ သူတို့လည်း အလကားပါပဲ”
“ခေါင်းဆောင်ငယ် သူ့ကို ချက်ချင်းပြန်မလွှတ်ပေးလိုက်တာ တကယ် မှန်တယ်။ ဝူလန်ကို လက်မခံချင်ကြတဲ့ သူတို့ဘက်က အကြီးအကဲတွေ တကယ် ရူးတာပဲ”
ရှန်မို ပြုံးမိ၏။
ဝူလန်မှာ ဉာဏ်ကောင်းသော်လည်း တိုက်ခိုက်စွမ်းရည် အားနည်း၍ အကြီးအကဲများ သဘောမကျကြခြင်း ဖြစ်လေသည်။
ရှန်မိုမှ ဆက်၍
“ကျွန်တော်တို့ဘက်က မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေ ခန့်တာရော အဆင်ပြေလားဗျ”
အကြီးအကဲလီ ခေါင်းငြိမ့်ပြ၍
“ပြေတာပေါ့… အခုချိန် ထပ်မခန့်ရင် အင်အားနည်းနေမှာ”
“ဒီ (၂) လအတွင်း မြုတေဖွဲ့စည်းခြင်း (၃) ယောက် သူတို့ဘက်က လိုလိုလားလားနဲ့ ချင်းရွှမ်ထဲဝင်ဖို့ လာပြောတာ ရှိတယ်။ တချို့ဂိုဏ်းငယ်လေးတွေကလည်း ပူးပေါင်းချင်နေကြတာ”
ရှန်မို အနည်းငယ် အံ့ဩသွား၏။
“များသားပဲနော်”
“ဟုတ်တယ်”
အကြီးအကဲလီ ကျေနပ်စွာဖြင့်
“ဒါတွေက ခေါင်းတောင်ငယ်ရဲ့ ကျောက်မျက်ကျင့်စဉ် ကျေးဇူးကြောင့်ပါပဲ”
ရှန်မို ပြန်ပြုံးပြလိုက်၏။
ထိုကျင့်စဉ်သာ မရလိုက်လျှင် လက်နက်ကြီးဂိုဏ်းကို ယခုလို လျင်မြန်စွာ ကျော်တက်ရန် မဖြစ်နိုင်ပေ။
ထိုအချိန်တွင် အသံတစ်ခု ကြားရ၏။
“ခေါင်းဆောင်ငယ် ရတနာနယ်မြေဝင်ပေါက်မှာ လူတစ်ယောက်က တွေ့ချင်တယ်ဆိုပြီး ရောက်လာပါတယ်”
တပည့်တစ်ဦးမှ လှမ်းအကြောင်းကြား၏။
“ခေါ်လာခဲ့လိုက်”
မကြာမီ မျက်နှာဖုံးတပ်ဆင်ထားသော လူတစ်ဦး ဝင်လာသည်။
အကြီးအကဲလီ ရှန်မို့ရှေ့တွင် ဝင်ရပ်၍ ထိုလူအား ကြည့်နေသည်။
“ဘယ်သူလဲ”
“ကျွန်တော်တို့ နှစ်ယောက်တည်း ပြောလို့ရမလား”
အကြီးအကဲလီ လက်မခံချင်သော်လည်း ရှန်မို သူ့စနစ်ကံကြမ္မာကို ကြည့်ပြီးနောက် ခေါင်းငြိမ့်ပြ၍
“ကျွန်တော့်နောက် လိုက်ခဲ့ပါ”
ထိုအခါ အကြီးအကဲများ မတတ်သာဘဲ နေရာမှ ဖယ်ပေးလိုက်ရပြီး ထောင့်နားတွင် သွားရပ်နေကြသည်။
ထိုလူလည်း မျက်နှာဖုံး ချွတ်လိုက်သည်။
ထို့နောက် ရိုသေလေးစားစွာဖြင့်
“ကျွန်တော်က သံလက်သီးဂိုဏ်းရဲ့ အကြီးအကဲပါ။ ကျားနက်ဂိုဏ်းနဲ့ ချောင်းဖြူဂိုဏ်းအကြောင်း ခေါင်းဆောင်ငယ်ကို တင်ပြချင်တာ ရှိလို့ပါ”
အကြီးအကဲလီ လန့်သွား၏။
ထိုဂိုဏ်းများမှာ ရှန်မို လက်နက်ရောင်းရန် ရွေးပေးခဲ့သည့် ဂိုဏ်းများပင်။
“ပြောပါ”
ရှန်မို စကားကြောင်းပေးသည်။
“လွန်ခဲ့တဲ့ (၅) ရက်က လက်နက်ကြီးဂိုဏ်းက လူတွေ ရုတ်တရက်ရောက်လာပြီး မနက်ဖြန်ညကို မိုးကြိုးကျောက်နယ်မြေဆီ ဝင်တိုက်ခိုက်ဖို့၊ ပြဿနာရှာဖို့ အမိန့်ပေးပါတယ်။ အဲ့အချိန်အတွင်း သူတို့က ဝူလန်ကို ကယ်ထုတ်မှာပါ”
“ကျွန်တော်တို့အနေနဲ့ကလည်း ချင်းရွှမ်ဂိုဏ်းနဲ့ ပြဿနာ မတက်ချင်လို့ ဂိုဏ်းခေါင်းဆောင် (၃) ယောက် ဆွေးနွေးပြီး ကျွန်တော့်ကို ဒီအကြောင်း တင်ပြဖို့ လွှတ်လိုက်တာပါ”
ထိုစကားကြောင့် အကြီးအကဲလီ အတော်လန့်သွား၏။
လက်နက်ကြီးဂိုဏ်းဘက်မှ အမှန်တကယ် လှုပ်ရှားလာလေပြီ။
“ကျွန်တော် နားလည်ပါပြီ”
ရှန်မို ခေါင်းငြိမ့်ပြ၏။
သူ ထိုအခြေအနေကို ကြိုတွေးမိပြီး ဖြစ်ပါသည်။ ထင်သည့်အတိုင်း သူတို့ဘက်သို့ ရောက်လာ၏။
ရှန်မိုမှ ဆက်၍
“အခု ပြန်ပြီး ဂိုဏ်းခေါင်းဆောင် (၃) ယောက်ကို ပြောလိုက်ပါ။ မနက်ဖြန် ဘာမှ မသိချင်ယောင်ဆောင်ပြီး လာတိုက်ခိုက်မယ့်ပုံပဲ ဆက်နေပါလို့။ အချိန်ကျမှ ကျွန်တော်အချက်ပေးတာကို ကြည့်ပြီး ပြန်ပုန်ကန်ဖို့လုပ်။ ကျွန်တော်တို့ ချင်းရွှမ်က ကူညီထောက်ပံ့ပေးပါမယ်”
ထိုလူ အလွန်ဝမ်းသာသွားပြီး
“ကျေးဇူးတင်ပါတယ်ဗျာ ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်ရယ်”
မကြာမီ ထိုလူပြန်သွားပြီးနောက် အကြီးအကဲလီ လေးစားအားကိုးစွာ လှမ်းကြည့်၍
“ခေါင်းဆောင်ငယ်ရဲ့ အစီအစဉ်တွေကတော့လေ… အကုန် ကြိုပြင်ထားတာပဲ”
ရှန်မို ပြုံးလျက်
“ကဲ အခု မြန်မြန်စစီစဉ်လိုက်တော့နော်။ ကျွန်တော် ဘာမှမသိတဲ့ပုံ နေဖို့ မမေ့နဲ့ဦး”
“ဟုတ်ကဲ့ပါရှင်”
…
နောက်တစ်နေ့ညနေပိုင်း အချိန်။
ထိုညခင်းမှာ ပုံမှန်ကဲ့သို့ပင်။
အလုပ်သမားများ ထမင်းစားသောက်ပြီးနောက် အဆောင်သို့ပြန်နားရန် သွားနေကြသည်။
ညကင်းစောင့်သည့် တပည့်များမှာလည်း နေရာလပ်မကျန်အောင် ဂရုတစိုက် သွားနေ၏။
သို့သော် နယ်မြေကြီးအပြင်ဘက် တောအုပ်ထဲ၌ အဖွဲ့အချို့ရောက်ကာ ပုန်းအောင်းနေကြသည်။
အားလုံးမှာ မြုတေဖွဲ့စည်းခြင်းအဆင့်များသာ ဖြစ်သည်။
မကြာမီ လက်နက်ကြီးဂိုဏ်းမှ လူအချို့လည်း ရောက်လာသည်။
ထိုထဲတွင် ဈေးကြီးပေး၍ ရွေးထားရသည့် ရှီဖေးလည်း ပါ၏။
သူ ပတ်ဝန်းကျင်ကို လေ့လာကြည့်ပြီးနောက် ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်စွာ
“သံလက်သီးဂိုဏ်းခေါင်းဆောင်…ခင်ဗျားတို့ဆီက မြုတေဖွဲ့စည်းခြင်းအဆင့်တွေ အကုန် ခေါ်လာမယ်လို့ မထင်ထားဘူးဗျာ”
“ကျားနက်ဂိုဏ်းနဲ့ ချောင်းဖြူဂိုဏ်းရောပဲ။ အားလုံး တော်ကြပါတယ်”
ခေါင်းဆောင်များ ခေါင်းငြိမ့်ပြ၍
“ဒါပေါ့။ သခင်လေးဝူကို ကယ်ဖို့ပဲ။ ဒီလောက် ကြိုးစားရမှာပေါ့”
“အကြီးအကဲရှီ ကျွန်တော်တို့ ဒီလောက်ကူထားတာ နောက်ပိုင်း လက်နက်ဈေးတွေ လျှော့ပေးလို့ မရဘူးလား”
ရှီဖေး လက်ယမ်းပြ၍
“ကူညီတာက သပ်သပ်၊ လက်နက်ဈေးက သပ်သပ်လေ။ ရောပစ်လို့မှ မရတာ”
“ဒါပေမဲ့ ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခု လျှော့ပေးမှာပါ”
ဂိုဏ်းခေါင်းဆောင်များမှာ အချင်းချင်း အေးစက်စက် ကြည့်လိုက်မိသည်။
ရှီဖေးမှာ အခြားဂိုဏ်းငယ်ခေါင်းဆောင်များကို ကြည့်၍
“မင်းတို့က ဘာလို့ လူနည်းနည်းပဲ ခေါ်လာတာလဲ။ ဝူလန်ကိုကယ်ဖို့ စိတ်မဝင်စားတာလား”
“မဟုတ်ရပါဘူးဗျာ။ ဂိုဏ်းမှာ အစောင့်ထားရသေးတော့ ဒီလူတွေပဲ ရှိလို့ပါ”
“ဟွန့် ခေါင်းဆောင်ကို ချက်ချင်း တင်ပြရမယ်”
ရှီဖေး နှာခေါင်းရှုံ့ကာပြော၏။
ဝူကန်ဖေးသာသိလျှင် ဈေးကိုပို၍ တိုးရောင်းလောက်ပါသည်။
“ကောင်းပြီ။ ညသန်းခေါင်း အကာအကွယ် လွတ်ချိန်မှာ ဝင်ပြီး တိုက်ကြမယ်”
“ဟုတ်ကဲ့ပါ”
ထိုအချိန်အတွင်း ခေါင်းဆောင် (၃) ဦးမှာ နေရာပြောင်း၍ အခြားဂိုဏ်းငယ်များအား မသိမသာ ဝိုင်းထားလိုက်သည်။
အချို့မှာ ထူးခြားသည်ထင်သော်လည်း သံသယမဝင်မိကြ။
မကြာမီ ညသန်းခေါင်အချိန်ရောက်ကာ အကာအကွယ်လွတ်ကာ အခြားဂိုဏ်းများ ပြေးဝင်ကြ၏။
ထိုစဉ် တံတိုင်းများမှာ မီးတောက်များ ရုတ်တရက် ပေါ်လာသည်။
“ဘာဖြစ်တာလဲ…”
ထိုအချိန်တွင် သံလက်သီးဂိုဏ်းတို့မှ ကျင့်ကြံသူများသည် ထိုအဖွဲ့များကို အလစ်ဝင်တိုက်တော့၏။
ရုတ်တရက် ရှုပ်ထွေးမှုများကိုကြည့်ကာ ရှီဖေးနှင့် နောက်လိုက်များ အံ့ဩတုန်လှုပ်နေလေသည်။