← Chapters

ပြင်ပအကူအညီ

Vol. 6 Ch. 88

ပြင်ပအကူအညီ

Vol. 6 Ch. 88

ဝှစ် ဝှစ် ဝှစ်!

နယ်မြေထဲမှ အလင်းရောင်များ တဖျတ်ဖျတ် လက်လာသည်။

အကြီးအကဲလီနှင့် အခြားအကြီးအကဲများ ဖြစ်၏။

“ရှီဖေး တစ်လပဲရှိသေးတာကို ထပ်လာပြန်ပြီလား”

အကြီးအကဲလီ နှာခေါင်းရှုံ့ကာ ပြောသည်။

ရှီဖေး အံကြိတ်ကာ ပြန်မပြောနိုင် ဖြစ်နေသည်။

အရင်လက အဖမ်းခံထားရသည့် ရှက်စရာကိစ္စကိုလည်း ပြန်မြင်ယောင်လာ၏။

“မင်းတို့ ဒါကို တစ်ချိန်လုံး ကြံစည်နေကြတာလား”

ရှီဖေး သံလက်သီးခေါင်းဆောင်ကိုကြည့်၍ လက်ညှိုးငေါက်ငေါက်ထိုးကာ အော်လိုက်သည်။

အကြီးအကဲလီ ရယ်မော၍ ပြန်မဖြေဘဲ လက်ယမ်းကာ

“ရှီဖေးကို ဖမ်းကြဟေ့”

ရှီဖေးမှာ မြုတေဖွဲ့စည်းခြင်းအဆင့်များကို ပြန်တိုက်ခိုက်ရန် တွေးရသည်အထိ မရူးပေ။

ချက်ချင်း ထွက်ပြေးရန် ပြင်လေ၏။

သို့သော် တစ်ဖက်မှ (၃) ယောက်ဝိုင်းထားသောကြောင့် အင်အားမမျှ ဖြစ်နေသည်။

သူ ခဏတာ ရုန်းကန်ပြီးနောက် ချက်ချင်း အဖမ်းခံလိုက်ရတော့၏။

သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဂိုဏ်းငယ်လေးများ ဝင်ကယ်ပေးရန် ဖြစ်သည်။

“ငါ့ကို ကယ်ပါဦး ကတိပေးတယ်… အခုကစပြီး လက်နက်ဈေးတွေ ၂၀% လျှော့ပေးမယ်လေ”

သူ့စကားကြောင့် အချို့ခေါင်းဆောင်များ စိတ်ယိုင်သွားကြသည်။

ထိုစဉ် ရှန်မို့အသံ ထပ်ထွက်လာ၏။

“ကျွန်တော် သိသလောက်တော့ လက်နက်ကြီးဂိုဏ်းက လက်နက်ဈေးတွေ မမျှမတ လုပ်တယ်ဆို။ အခုပုံမှန်ဈေးတောင် ဖေးရှောင်တို့၊ လင်းရှီတို့ထက် ၃၀% ပိုများသေးတယ်”

“အခု ၂၀% လျှော့ပေးလည်း မြင့်နေသေးတာပဲ”

“အကြီးအကဲရှီရယ် ဒီလောက်တန်ဖိုးလေးနဲ့ ဂိုဏ်းငယ်တွေက အသက်ကိုရင်းမယ် ထင်နေတာလား”

ရှန်မို ဝင်ပေါက်နားလျှောက်လာရင်း ပြောလိုက်၏။

သံလက်သီးဂိုဏ်းခေါင်းဆောင်မှ

“ခေါင်းဆောင်ငယ်ရှန်ပြောတာ ဟုတ်တယ်။ ရှီဖေးကို ခုနလေးတင် ဈေးလျှော့ပေးဖို့ ပြောသေးတယ်။ ဂရုမစိုက်ဘူးလေ”

“ချင်းရွှမ်ဂိုဏ်းကလည်း အခု လက်နက်တွေ ထုတ်နိုင်နေပြီလေ။ လက်နက်ကြီးဂိုဏ်းထက်လည်း ဈေးသက်သာတယ်”

“ကျွန်တော်တို့ ဂိုဏ်းငယ်တွေ ချင်းရွှမ်ဂိုဏ်းကို ဘာလို့ အားမကိုးရမှာလဲ”

သူတို့စကားကြောင့် တိုက်ခိုက်နေသူများလည်း ရပ်တန့်နေသည်။

“သဘောတူပါတယ်။ ကျွန်တော် လက်နက်ကြီးဂိုဏ်းကို ကြည့်မရတာ ကြာပြီ”

“အမှန်ပဲ။ အလုပ်ကိုတော့ ပင်ပင်ပန်းပန်းခိုင်းပြီး တစ်ပြားတစ်ချပ်မှ ပေးတာမဟုတ်ဘူး”

“ကျွန်တော်လည်း လက်ခံတယ်။ ဒီနေ့ကစပြီး ချင်းရွှမ်ဂိုဏ်းဩဇာကိုပဲ ခံတော့မယ်”

ရုတ်တရက် နာကျည်းချက်များ တန်းစီ၍ ထွက်လာသည်။

ရှီဖေးမှာ ထိုစကားများကြောင့် မျှော်လင့်ချက် ပိုမဲ့သွား၏။

ရှန်မို သံလက်သီးဂိုဏ်းခေါင်းဆောင်အား ကျေးဇူးတင်စွာ လှမ်းကြည့်မိသည်။

ထိုလူမှာ ထက်မြက်၍ အခွင့်အရေးကို မည်သို့ ဆုပ်ကိုင်ရမည်အား ကောင်းကောင်းသိ၏။

မကြာမီ နယ်မြေထဲတွင် ရှင်းလင်းသွားပြီး ရှီဖေးတစ်ယောက် ထပ်အဖမ်းခံရပြန်သည်။

“အားလုံး ပြန်လို့ရပါပြီ။ ကျွန်တော့်ဘက်က ကတိတည်ပါတယ်။ လက်နက်ကြီးဂိုဏ်းဘက်က ပါတဲ့ ဂိုဏ်းငယ် (၂) ခုကိုတော့ ကြည့်ရှင်းလိုက်ကြပါ”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ငယ်ရှန်”

ထို့နောက် တစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြ၏။

ထိုစဉ် အကြီးအကဲလီ ရောက်လာပြီး

“ခေါင်းဆောင်ငယ် ရှီဖေးဆီက ဒါကို တွေ့ပါတယ်”

ရှန်မို ယူကြည့်လိုက်သောအခါ ရွှေရောင်အလင်းများ တောက်နေသော ကြာပန်းအစေ့ကို တွေ့ရ၏။

(၅) ရောင်ခြယ်ကြာပန်းထံမှ အစေ့ဖြစ်လေသည်။

“ကောင်းတယ်။ ကျွန်တော် ဒါကို လိုနေတာ”

ချင်းရွှမ်၏ အနာဂတ်ဂိုဏ်းခေါင်းဆောင်မှ သဘောကျ၍ ယူခြင်းကို မည်သူမျှ မငြင်းဆန်ရဲပေ။

ရှန်မိုမှ

“ဒါပြီးတော့ လက်နက်ကြီးဂိုဏ်းနောက်ကို လိုက်ကြတဲ့ ဂိုဏ်းငယ်တွေ ရှိသေးလား”

အကြီးအကဲလီ ဂရုတစိုက် ပြန်ဖြေလေသည်။

“လုံးဝ မရှိတော့ပါဘူး”

“ခုနက ခေါင်းမာနေတဲ့ ဂိုဏ်း (၂) ခုကိုလည်း ဒီည ရှင်းမှာပါ။ တခြားဂိုဏ်းတွေကတော့ ချင်းရွှမ်ဆီ ရောက်လာပြီဆိုတော့ ကျွန်မတို့အင်အားက သေချာပေါက် လက်နက်ကြီးဂိုဏ်းထက် သာသွားပြီ။ သူတို့ဆီ အချိန်မရွေး သွားတိုက်ခိုက်ရုံပဲ”

ရှန်မို လက်ယမ်းပြကာ

“အခု အချိန်မကျသေးဘူး အကြီးအကဲလီ”

“ကျွန်တော်တို့ အင်အားကြီးလာပေမဲ့ အရမ်း မကွာသေးဘူး”

“သူတို့ကိုနိုင်လည်း ဖေးရှောင်နဲ့ လင်းရှီက ငြိမ်နေမှာ မဟုတ်ဘူး။ နတ်ရေစင်ဂိုဏ်းလက်အောက်ခံတွေ အနေနဲ့ ကျွန်တော်တို့ကို စောင့်ကြည့်နေမှာပဲ”

ထိုအခါမှ အကြီးအကဲလီ သက်ပြင်းချမိပြီး

“ခေါင်းဆောင်ငယ်ပြောတာ ဟုတ်တယ်နော်။ လက်စားချေဖို့ပဲ ရှေ့တန်းတင်လိုက်မိတယ်”

ရှန်မိုပြုံးလျက်

“ကျွန်တော်တို့ သူတို့စီးပွါးရေးရော၊ အင်အားရော ယူထားနိုင်တာပဲ။ ဆက်သွားရင် အားနည်းလာမှာပါ”

“သူတို့လည်း ဒီလမဟုတ်ရင် နောက်လထဲ ထပ်လှုပ်ရှားလိမ့်မယ်”

“စိတ်အေးအေးထားပါ အကြီးအကဲလီရယ်”

“ကောင်းပါပြီ”

ရှန်မို ခဏစဉ်းစားပြီးနောက် ဝူလန့်ထံ သွားလေသည်။

ဝူလန့်မျက်နှာမှာ ဖြူဖျော့၍ မျက်ဆံများကြောင်နေသည်။

အချိန်ကြာမြင့်စွာ အကဉ်းချခံထားရ၍ ဆုတ်ယုတ်လာလေပြီ။

ရှန်မို သွားကြည့်သောအခါ ဝူလန့်တွင် အခွင့်အရေးအသစ် မရှိသည်ကို တွေ့ရ၏။

“အချိန် စောင့်ရဦးမှာပဲ။ ဝူကန်ဖေး အဖြေမရသေးဘူး ထင်တယ်”

“သူတို့ဘက်က စမှ ဝူလန့်ကံကြမ္မာလည်း ပြောင်းမှာ”

ရှန်မိုပြုံး၍ သူ့အဆောင်ရှိရာသို့ ပြန်လာခဲ့လိုက်သည်။

“မကြာခင် (၅) ရောင်ခြယ် ကြာပန်းရတော့မှာပဲ”

…

“တကယ်ပဲ ချီးပဲ”

ဝူကန်ဖေးမှာ အခန်းထဲရှိ ပန်းအိုးများ၊ စားပွဲများ၊ ပန်းချီကားများကို ဖျက်ဆီးရင်း အော်ဟစ်နေသည်။

ခြံဝန်းထဲ၌ အကြီးအကဲများ ခေါင်းငုံ့၍ ငြိမ်သက်နေ၏။

“ပြောပါဦး။ ဘယ်လိုလုပ်မှ ပြောင်းလဲမှာလဲ”

သူ ဒေါသတကြီး အော်လိုက်သည်။

ခဏအကြာမှ ခေါင်းဖြူဖြူ အကြီးအကဲသည်

“ကျွန်တော်တို့မှာ ကျောက်မျက်ကျင့်စဉ် ရှိတယ်လေ။ အဲ့ဒါနဲ့ အသာစီးရနိုင်ပါတယ်”

ဝူကန်ဖေး မျက်လုံးမီးတောက်လျက်

“မင်းမျက်လုံးအိုကြီးကို သေချာပြူးကြည့်ဦး။ ချင်းရွှမ်က ငါတို့စီးပွါးရေးပါ လုသွားပါပြီဆို ဘယ်လိုလုပ် အသာစီးရမှာလဲ”

အကြီးအကဲမှာ နေရခက်သွား၏။

ထိုစဉ် အခြားအကြီးအကဲမှ

“ကျွန်တော် အကြံရပြီ။ ဂိုဏ်းငယ်တွေစုပြီး ချင်းရွှမ်ကို တိုက်ခိုက်လို့ရတာပဲ။ ကိုယ်တိုင်တောင် ဝင်ပါစရာ မလိုဘူး”

အခြားအကြီးအကဲများလည်း ချီးကျူးထောက်ခံကြ၏။

ဝူကန်ဖေး လက်ညှိုးငေါက်ငေါက်ထိုးလျက်

“ငါတို့ရဲ့နောက်လိုက်တွေအကုန် ထွက်ပြေးသွားတာ မသိဘူးလား။ ထောက်ခံတဲ့ ကျန် (၂) ဂိုဏ်လည်း ပျက်စီးသွားပြီလေ”

“ဟင်”

“ငါ့သားမရှိတာနဲ့ ဘယ်သူမှ သုံးစားမရတော့ဘူး”

အကြီးအကဲများ အကြံထပ်မပေးရဲဘဲ တိတ်ဆိတ်သွားကြသည်။

“အခုက နည်းလမ်းတစ်ခုပဲ ရှိပါတော့တယ်”

အတော်ကြာမှ သက်လတ်ပိုင်းအကြီးအကဲမှ ထပြောသည်။

“မြန်မြန်ပြော”

“ပြင်ပအကူအညီ တောင်းရပါမယ်။ ဖေးရှောင်နဲ့ လင်းရှီကတော့ သေချာပေါက် ကူညီမှာပဲ”

All Chapters