မိုးကြိုးဓား အဆင့်မြင့်ခြင်း
Vol. 6 Ch. 81
ရှန်မို လိုဏ်ဂူ (၃) ကိုကျော်၍ စနစ်ထဲမှ တွေ့ခဲ့သည့်အတိုင်း လိုဏ်ဂူ (၆) သို့ တန်းသွားခဲ့သည်။
ထို့နောက် အထဲဝင်သွားပြီး စိတ်ဝိညာဉ်စွမ်းအင် သုံး၍ ရှာဖွေသောအခါ ရတနာ (၂) မျိုးကို ချက်ချင်း တွေ့ရ၏။ မဟုတ်လျှင် ပစ္စည်းများမှာ အတော် ချောင်ကျသောကြောင့် ပုံမှန်အားဖြင့် တွေ့မည် မဟုတ်ပေ။
တစ်ခုမှာ လက်ဝါးအရွယ် နတ်ဆိုးကျောက်မျက်ဖြစ်ပြီး လျှပ်စီးကဲ့သို့ အရောင် တလက်လက် တောက်နေ၏။
အခြားတစ်ခုမှာတော့ သတ္ထုဖြင့် ပြုလုပ်ထားသော စာအုပ်ဖြစ်သည်။
နှစ်ပေါင်းများစွာ ကြာသည့်တိုင် မပျက်စီးသည်မှာ မဆန်းလှချေ။
ရှန်မိုမှာ ကြိုတင်ပြင်ဆင်လာသည့် လက်အိတ်ကို ဝတ်ဆင်၍ မိုးကြိုးဖားကျောက်မျက်ကို လှမ်းယူလိုက်သည်။
အဆင့် (၅) နတ်ဆိုးသားကောင်ထံမှရသော ကျောက်မျက်ဖြစ်၍ အတော်လေး အင်အားကြီးပါသည်။
ရှောင်ဖန်၏ စနစ်ကံကြမ္မာအရ လက်နက်ကြီးဂိုဏ်းမှ အကြီးအကဲသည် ထိုကျောက်မျက်ကို လက်လွတ်စပယ် ကိုင်မိရင်း ထိခိုက်သွားရခြင်း ဖြစ်၏။
မိုးကြိုးစွမ်းအင် ဖောက်ထွက်ကာ ဒဏ်ရာများကို ပိုဆိုးစေပါသည်။
ထို့နောက် ရှန်မို လေးလံနေသည့် သတ္ထုစာအုပ်ကိုပါ လှမ်းယူ၍ ဖုန်များ သုတ်လိုက်သောအခါ ကျောက်မျက်ကျင့်စဉ်ဟူသော အမည်ကို တွေ့ရလေ၏။
“ဒါနဲ့ဆိုရင် ငါကိုယ်တိုင် နတ်ဆိုးကျောက်မျက်တွေ မွမ်းမံနိုင်ပြီ”
“လက်နက်ကြီးဂိုဏ်းရဲ့ အဓိကစွမ်းရည်ကို လွယ်လွယ် ရသွားတာပဲ”
ရှန်မို ပစ္စည်းများယူပြီးနောက် ပြန်ရန် ပြင်လေ၏။
အခန်းထဲရောက်သောအခါ ကျင့်စဉ်ကို ချက်ချင်း ဖတ်ကြည့်လေသည်။
တစ်နာရီမျှ ကြာသောအခါ စာအုပ်မှ အကြည့်ခွါလိုက်ပြီး
“ဒါပဲပေါ့။ ပစ္စည်းဖန်တီးတာက လွယ်သားပဲ။ ဒါတွေနဲ့ဆိုရင် စိတ်ဝိညာဉ် ပစ္စည်းတွေ မလိုတော့ဘူး။ အဲ့တာကြောင့် တူတွေ၊ ဆောက်တွေက မိုးကြိုးကျောက်မျက်တွေ ပါနေလို့ လက်နက်ကြီးဂိုဏ်းက မိုးကြိုးကျောက်မျက်ဂိုဏ်းကို လက်မလွှတ်နိုင်တာကိုး”
“ကျောက်မျက်ကို ပစ္စည်းထဲ မြှုပ်ဖို့တော့ အရည်တစ်မျိုး လိုမယ်”
“တူ၊ ဆောက်၊ မြှုပ်နှံဆေးရည်တွေက ကျောက်မျက်ကျင့်စဉ်အတွက် အဓိကပဲ”
ရှန်မို သဘောပေါက်သွားပြီးနောက် လိုအပ်သည်များ ပြင်ဆင်ကာ စတင်လေတော့သည်။
(၂) ရက်အကြာတွင် တူ၊ ဆောက်နှင့် မြှုပ်နှံဆေးရည် တစ်ခရား ရလာသည်။
ပြီးနောက် သူ့တွင်ရှိသော အဝါအဆင့် စိတ်ဝိညာဉ်ပစ္စည်းများနှင့် ဒုတိယအဆင့် နတ်ဆိုးကျောက်မျက်များအား ထုတ်လိုက်၏။
အားလုံး ပြည့်စုံသောအခါ ကျင့်စဉ်ထဲမှအတိုင်း ပြုလုပ်လေသည်။
ထိုလုပ်ငန်းစဉ်မှာ အပြည့်အဝ အာရုံစိုက်ထားရပြီး အနည်းငယ် မှားသည်နှင့် ကျရှုံးနိုင်၏။
ရှန်မို အစပိုင်းတွင်တော့ ဆက်တိုက် ကျရှုံးလေသည်။
သို့သော် ဉာဏ်ရည်ဆေးအချို့ သောက်ကာ ပုံမှန်လူများထက် နားလည်နိုင်စွမ်း မြင့်လာ၏။
သူ့အမှားများကိုလည်း ဆင်ခြင်သဘောပေါက်လာလေသည်။
တဖြည်းဖြည်း အဆင်ပြေလာပြီး နောက်ဆုံးတော့ လက်အိတ်ဖြင့် အဆင့် (၃) ကျောက်မျက်အား ဓားထဲ နှစ်မြှုပ်လိုက်သည်။
မိုးကြိုးဓားမှာ သိမ်မွေ့နက်နဲခြင်းအဆင့်သာရှိ၍ အလွန်အင်အားကြီးသော ကျောက်မျက်ကို ခံနိုင်ရည် မရှိပေ။ အဆင့် (၃) နတ်ဆိုးကျောက်မျက်မှာ မိုင်ကုန်ဖြစ်သည်။
အဆင့် (၅) မိုးကြိုးဖားကျောက်ကိုတော့ ပစ္စည်းမြုံ၍ သိမ်းထားပြီး နောက်မှ ပိုအားကြီးသော လက်နက်ထဲ သုံးရန် တွေးလေ၏။
ရှန်မို ဓားကိုကိုင်၍ ယမ်းရင်း ကျေနပ်နေမိသည်။
ဓား၏ စိတ်ဝိညာဉ်မှာ ပိုအားကောင်းလာမှန်း သိသာလှသည်။
“ကျောက်မျက်ကျင့်စဉ်မှာ နည်းလမ်းတွေ (၄) မျိုးပါတာ အဲ့ဒါ အရေးအကြီးဆုံးပဲ။ ငါ အခု နည်းလမ်းတွေ မှတ်ပြီးပြီဆိုတော့ ခေါင်းဆောင်ကိုပဲ ပေးလိုက်ပါတော့မယ်”
သို့သော် ကျင့်စဉ်တစ်ခုလုံးကို ပေးအပ်ခြင်းတော့ မဟုတ်ပေ။ လောကတွင် ကိုယ်တိုင်မှလွဲ၍ ယုံရသူ မရှိ။ နည်းလမ်းအချို့နှင့် ပစ္စည်းစာရင်းကိုတော့ သူကိုယ်တိုင်သာ သိမ်းထားလိုက်သည်။
ရှန်မို အထဲမှ တံခါးကို အသာခေါက်လိုက်၏။
ယခုအခါ ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်နေ၍ အပြင်ဘက်၌ အင်အားကြီးတပည့် (၂) ဦး အမြဲ စောင့်ရှောက်ပေးနေပါသည်။
ထိုကဲ့သို့ စောင့်ရှောက်ခွင့်ရရန်လည်း တပည့်များမှာ အလုအယက် ဖြစ်ရသေး၏။
တံခါးခေါက်သံ ကြားသောအခါ အပြင်မှ အသံပြန်ထွက်လာသည်။
“ခေါင်းဆောင်ငယ် ဘာများပြောမလို့လဲဗျ”
ရှန်မိုမှ
“အကြီးအကဲလီကို သွားခေါ်ခဲ့ပေးပါ။ အရေးကြီးကိစ္စ ဆွေးနွေးဖို့လို့ပြောလိုက်”
“ဟုတ်ကဲ့ပါ”
မကြာမီ အကြီးအကဲလီ သူ့အခန်းထဲ ရောက်လာသည်။
“ခေါင်းဆောင်ငယ် ဘာပြောမလို့လဲ”
သူ စိတ်ဝင်တစား မေးလိုက်သည်။
ရှန်မိုမှာ အေးအေးဆေးဆေး နေတတ်သူဖြစ်၍ ထိုသို့လှမ်းခေါ်ခြင်းမှာ အံ့ဩစရာပင်။
ရှန်မို ပြုံးလျက်
“လွန်ခဲ့တဲ့ရက်ပိုင်းက နတ်ဆိုးသားကောင် လိုက်ဖမ်းရင်း လိုဏ်ဂူထဲမှာ ဒါကို တွေ့ခဲ့တယ်”
“အကြီးအကဲလီ စိတ်ဝင်စားမယ် ထင်လို့ပါ”
သူ အကြီးအကဲလီအား သတ္ထုစာအုပ် လှမ်းပေးလိုက်သည်။
သူ စာအုပ်အဖုံးကိုတွေ့သည်နှင့် အလွန်အံ့ဩကာ မျက်လုံးပြူးသွား၏။
“ဒါက… ကျောက်မျက်ကျင့်စဉ်လား။ လက်နက်ကြီးဂိုဏ်းဘက်က ပျောက်သွားတဲ့ ကျင့်စဉ်ပဲ”
“ဟုတ်ပါတယ်။ ဒါပေမဲ့ တချို့စာရွက်တွေတော့ ပျောက်နေတာ နှမျောစရာပဲ”
ရှန်မို သံသယဝင်မခံရရန် ကြိုပြောထားလိုက်သည်။
သို့သော် ထိုစာရွက်များမပါလည်း ကျောက်မျက်နှစ်မြှုပ်ခြင်းကိုတော့ ပြုလုပ်နိုင်ပါသေးသည်။ ထို့အပြင် လက်နက်ကြီးဂိုဏ်းမှ လက်ရှိကျင့်စဉ်ထက် များစွာ အဆင့်မြင့်၏။
အကြီးအကဲလီ စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ကို အမြန် ဖွင့်ကြည့်လိုက်သည်။
လွန်ခဲ့သည့်ရက်ပိုင်းက ပင်ပန်းမှုများအားလုံး ပျောက်သွားသကဲ့သို့ ခံစားရ၏။
“တကယ့် အစစ်ပဲ။ အဲ့ဒါက မိုးကြိုးကျောက်မျက် နယ်မြေထဲ ရှိနေမယ်လို့ တစ်ခါမှတောင် မတွေးဖူးဘူး”
“ခေါင်းဆောင်ငယ် ဒါကအရမ်းတန်ဖိုးကြီးတာနော်။ ဂိုဏ်းကို တကယ်ပေးထားမလို့လား”
သူ ရှန်မိုအား စိတ်လှုပ်ရှားစွာ ပြန်မေးသည်။
“အကြီးအကဲလီကလည်း အစတည်းက မပေးချင်ရင် ဒီအထိ ခေါ်ပါ့မလား”
“ကောင်းတယ် ကောင်းတယ်… ချင်းရွှမ်ကတော့ မင်းကိုရတာ သိပ်ကံကောင်းတာပဲ”
အကြီးအကဲလီ မျက်ရည်များပင် ဝဲလာ၏။
ထိုလူငယ်လေးကို နတ်ဘုရားများ ပို့လိုက်သကဲ့သို့ မှတ်ထင်မိလေသည်။
ရှန်မိုပြုံး၍
“အကြီးအကဲလီ နောက်အကြီးအကဲတစ်ယောက်ပါ ခေါ်ပြီး ဂိုဏ်းကို ပြန်ပါ။ ခေါင်းဆောင်ကို ဂရုတစိုက် ပေးပေးပါနော်”
“ဒါပေါ့။ ဒီစာအုပ်နဲ့ဆိုရင် ချင်းရွှမ်ဂိုဏ်းလည်း အင်အားကြီးလက်နက်တွေ လုပ်နိုင်ပြီ။ ဂိုဏ်းရဲ့ အနာဂတ်ပဲ”
ထို့နောက် အကြီးအကဲလီ ပြန်သွားကာ မကြာမီ အခြားအကြီးအကဲတစ်ဦးခေါ်၍ ဂိုဏ်းသို့ ပြန်သွားတော့၏။
ရှန်မိုကတော့ အနောက်မှ ပြုံးကြည့်ရင်း ကျန်ခဲ့သည်။
သူ့တွင်လည်း အကြံရှိပါသည်။
ချင်းရွှမ်ဂိုဏ်းအင်အားကြီးမှ ဂိုဏ်းခေါင်းဆောင်ငယ် အနေဖြင့် စိတ်အေးလက်အေး နေနိုင်လိမ့်မည်။