လက်နက်ကြီးဂိုဏ်း၏ တိုက်ခိုက်မှု
Vol. 6 Ch. 79
မျက်စိတစ်မှိတ်အတွင်း လတစ်ဝက်အချိန် လျင်မြန်စွာ ကုန်သွားသည်။
ရှန်မို သူ့သိုလှောင်လက်စွပ်ထဲမှ ရတနာများကိုကြည့်၍ ကျေနပ်နေ၏။
ရတနာ (၄၅) မျိုးရရန်ဟူသော ပန်းတိုင်အတွက် တစ်ဝက်ကျိုးနေလေပြီ။
ခန္ဓာကိုယ်ပြုပြင်ရေးအတွက် ရတနာများကိုတော့ ရှာဖွေနေဆဲပင်။
အချို့ရတနာများမှာ သူ့ကိုယ်ပိုင်အခွင့်အရေးမှ ရသည်များလည်း ပါပြီး အချို့မှာ ရှောင်ဖန်နှင့် လျှိုယွန်းရွှမ်တို့ထံမှ လုယူထားခြင်း ဖြစ်သည်။
သူ့စနစ်ကံကြမ္မာကို ပြန်ကြည့်လိုက်မိသည်။
[လတ်တလောအခွင့်အရေး: (၃) ရက်အကြာတွင် ရတနာရှာဖွေရင်း ရေငတ်၍ ချင်းကန်တောင်၊ ပိုင်ရွှယ်စမ်းချောင်းတွင် အနားယူရင်း နတ်ဆိုးသားကောင်ငှက်မှာ သင့်အပေါ်တွင် ရုတ်တရက်သေ၍ ပြုတ်ကျလာမည်။ ငှက်၏ဗိုက်တွင် သစ်သားခြင်ဆီကို တွေ့ရမည်]
ရှန်မို အလွန်ပျော်ရွှင်သွားသည်။
သစ်သားခြင်ဆီဓာတ်မှာ ရွှမ်အဆင့်ရတနာတွင် ထိပ်ဆုံးဖြစ်ပြီး နှစ် (၅၀၀) ကျော်မှ စိတ်ဝိညာဉ်သစ်ပင်များတွင် ဖွဲ့စည်းနိုင်သော သစ်နှလုံးသား ဖြစ်၏။
သူ ရွှေအမြုတေဖွဲ့စည်းရာတွင် သစ်သားအခြေခံအဖြစ် သုံးနိုင်လေသည်။
“အခုပဲ ရတနာသွားရှာကြတာပေါ့။ ရွှေအမြုတေရအောင် အမြန်ဆုံး လုပ်ရမယ်”
ရှန်မို အကြောဆန့်၍ တံခါးဖွင့်လိုက်ကာ တောင်တန်းဘက် ထွက်လာခဲ့သည်။
လမ်းတစ်လျှောက်တွင် တပည့်များ၊ အလုပ်သမားများမှာ သူ့ကိုတွေ့သည်နှင့် ချက်ချင်း ရပ်တန့်၍ ဂိုဏ်းခေါင်းဆောင်ငယ်ဟု ဦးညွှတ်နှုတ်ဆက်ကြလေ၏။
ရှန်မို အားလုံးကို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ပြန်နှုတ်ဆက်ခဲ့သည်။
“ဟင် အကြီးအကဲလီ အလောတကြီးနဲ့ ဘာလို့လဲ”
ရှန်မို သူ့ကိုလှမ်းတွေ့၍ နှုတ်ဆက်၏။
“ဂိုဏ်းခေါင်းဆောင်ငယ် သတင်းကောင်းပဲ။ ကျွန်မတို့ မိုးကြိုးကျောက်နယ်မြေကို လွန်ခဲ့တဲ့ (၅) ရက်လောက်တည်းက စိုးမိုးနိုင်ပြီ။ အခုပဲ လူတွေခေါ်ပြီး အစောင့်သွားချမလို့”
သူ့အနောက်တွင် မြုတေဖွဲ့စည်းခြင်းအဆင့် အတွင်းဂိုဏ်းအကြီးအကဲ (၃) ဦးနှင့် အင်အားကြီး တပည့်အချို့ ပါလေ၏။
တပည့်အုပ်စုကို ဦးဆောင်သူမှာ ကျောက်ထင်၊ လောင်ရှန်နန်နှင့် ရှောင်ဖန်တို့ ဖြစ်သည်။
သူတို့အနောက်မှ တပည့်များမှာတော့ အနည်းဆုံး ခြေတည်အဆင့် ရှိကြ၏။
တပည့်များမှာ ရှန်မိုအား တလေးတစား နှုတ်ဆက်ကြလေသည်။
ရှန်မို ရှောင်ဖန်အား ဖျတ်ခနဲလှမ်းကြည့်၏။
[အမည်: ရှောင်ဖန်]
[အဆင့်: ခြေတည်အဆင့် အောင်မြင်မှုကြီး]
[လတ်တလောအခွင့်အရေး (၁): ယနေ့ မိုးကြိုးကျောက်နယ်မြေသို့ လိုက်သွားရင်း မိုးကြိုးဓာတ်ခြင်ဆီ (၂) ခုနှင့် အဆင့်နိမ့် မြေအဆင့် သိုင်းပညာ (၄) မျက်နှာဂိတ်ကို ရှာတွေ့မည်]
[လတ်တလောအခွင့်အရေး (၂): (၅) ရက်အကြာတွင် မိုးကြိုးကျောက်နယ်မြေ၌ ကျင့်ကြံနေစဉ် လျှို့ဝှက်ဂူထဲ ဝင်ရောက်၍ အဆင့် (၅) မိုးကြိုးဖား နတ်ဆိုးကျောက်မျက်နှင့် လက်နက်ကြီးကျောက်မျက် မွမ်းမံခြင်းကျင့်စဉ်ကို ရရှိမည်]
[လတ်တလောအခွင့်အရေး (၃): (၁၀) ရက်အကြာတွင် နယ်မြေတစ်ဝိုက် နတ်ဆိုးသားကောင်များ ရှင်းလင်းစဉ် ဝံပုလွေသိုက်ထဲမှ သွေးကြေးနီနှင့် အဆင့် (၃) နတ်ဆိုးကျောက်မျက် (၆) ခု ရရှိမည်]
[လတ်တလောအခွင့်အရေး (၄): တစ်လအကြာတွင် လျှိုယွမ်ဖုန်၏အမိန့်ဖြင့် နတ်ဓားဂိုဏ်းခေါင်းဆောင်၏ သမီး အူယန်ချန်းအား တွေ့ဆုံရန် ချင်ရှန်မြို့သို့ သွားမည်။ မိန်းကလေး ပေးသည့် ဆေးများကြောင့် ခြေတည်အဆင့်ထိပ်ဆုံး ရောက်ရှိမည်]
သူ ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်နေ၏။
ရှန်မို့အကြည့်ကြောင့် ရှောင်ဖန် ကြက်သီးထမိသော်လည်း ပြုံး၍သာ ဦးညွှတ်နှုတ်ဆက်ရလေသည်။
ရှန်မို သူ့ကိုဆက်မကြည့်တော့ဘဲ အကြီးအကဲလီဘက် လှည့်၍
“နယ်မြေပြန်ရတာက ထင်ထားတာထက် မြန်သားပဲ။ မိုးကြိုးမီးတောက်ဂိုဏ်းကရော ဘာတုံ့ပြန်သေးလဲ”
အကြီးအကဲလီ အားရပါးရ ရယ်မောကာ
“မင်းတွေးထားတဲ့အတိုင်းပဲ။ မိုးကြိုးမီးတောက်က အပြင်ဂိုဏ်းအကြီးအကဲကို ပြန်သွားပို့လိုက်တော့ သူတို့ မတတ်နိုင်ဘဲ ငြိမ်လိုက်ရတာပေါ့”
“လက်နက်ကြီးဂိုဏ်းကို နှင်ထုတ်နိုင်လို့တောင် ချီးကျူးနေသေးတယ်”
ရှန်မိုလည်း ရယ်မောမိ၏။
ကျောက်ထင်တို့မှာတော့ အံ့ဩမှင်တက်နေကြသည်။ ယခု မိုးကြိုးကျောက်နယ်မြေ စိုးမိုးရေးအစီအစဉ်တွင် ရှန်မိုလည်း ပါဝင်ခဲ့သည်လား။
“အကြီးအကဲလီ ကျွန်တော်လည်း အခြေအနေကို စိတ်ဝင်စားလို့ လိုက်ကြည့်ချင်တယ် ရလား”
ရှန်မိုပြုံး၍ မေးလိုက်၏။
“ရတာပေါ့ကွယ်။ ခေါင်းဆောင်နဲ့ တခြားအကြီးအကဲတွေ နယ်မြေမှာ အကာအကွယ် အကုန်ချပြီးပြီ။ ဘေးကင်းပါတယ်”
ဤသို့ဖြင့် ရှန်မိုလည်း အတူလိုက်ပါလာခဲ့သည်။
အစပိုင်းတွင်တော့ ရှန်မို၏ ရာထူးအသစ်ကြောင့် ဝေးကွာသွားမည်လားဟု စိုးရိမ်မိသော်လည်း အရင်လို ရင်းနှီးစွာ ရှိနေပါသည်။
ထိုအခါမှ ကျောက်ထင်တို့ စိတ်အေးသွားကြ၏။
အဖွဲ့လိုက် ပျော်ရွှင်ရယ်မောကာ စကားတပြောပြောဖြင့် သွားကြလေသည်။
ချင်းရွှမ်ဂိုဏ်း တောင်တန်းဂိတ်မှာ ချင်းကန်တောင်၏ တောင်ဘက်စောင်းတွင်ရှိပြီး မိုးကြိုးကျောက်နယ်မြေမှာ အရှေ့ဘက်တွင် ရှိသည်။
ထိုအရှေ့ခပ်လှမ်းလှမ်း၌ လက်နက်ကြီးဂိုဏ်းရှိသောကြောင့် နယ်မြေကို ချင်းရွှမ်ထက် ပိုနီးလေ၏။
သို့ဖြစ်၍ အတွင်းဂိုဏ်းအကြီးအကဲ (၄) ဦးနှင့် တပည့်များကို အစောင့်ချရန် အရေးကြီးပါသည်။
မကြာမီ အကြီးအကဲလီဦးဆောင်သော အဖွဲ့မှာ ချင်းကန်တောင်ဘက်ပိုင်းသို့ ရောက်လာကြသည်။
လမ်းတစ်လျှောက်တွင် ပြင်ပကျင့်ကြံသူများကို တွေ့ရသော်လည်း သူတို့ကို ချင်းရွှမ်ဂိုဏ်းမှဟု သိပြီး လေးလေးစားစား ဖယ်ပေးကြ၏။
တပည့်များမှာ နယ်မြေကြီးကို အံ့ဩကြည်နူးစွာ ငေးကြည့်နေကြသည်။
အကြီးအကဲလီမှ ဂိတ်ပေါက်ရောက်သောအခါ အထဲကို လှမ်းအော်လိုက်သည်။
“ကျွန်မ ရောက်ပါပြီ။ ဂိုဏ်းခေါင်းဆောင်ငယ်လည်း ပါလာတယ်။ တာဝန်လဲကြရအောင်”
ဂိတ်တံခါးကြီး ချက်ချင်း ပွင့်လာ၏။
အကြီးအကဲ (၂) ဦး နှုတ်ဆက်ရန် ထွက်လာသောအခါ မျက်နှာတွင် အလွန်ပင်ပန်း နွမ်းနယ်နေသည်ကို တွေ့ရသည်။
သူတို့ ရက်ပေါင်းများစွာ နေ့ရောညပါ စောင့်ကြပ်နေရ၍ ပြိုင်းနေပုံ ရ၏။
“နောက်ဆုံးတော့ ဂိုဏ်းခေါင်းဆောင်ငယ် ရောက်လာပြီပဲ”
မျက်ကွင်းများ ချိုင့်နေသော အကြီးအကဲမှ အားလျော့ဖျော့တော့၍ နှုတ်ဆက်သည်။
ဂိုဏ်းခေါင်းဆောင်ငယ်ဟူသော ရာထူးမှာ ဂိုဏ်းတွင် ဒုတိယအမြင့်ဆုံး ဖြစ်လေသည်။
ရှန်မို ခေါင်းငြိမ့်ပြ၍
“ကျွန်တော်တို့ တာဝန်လဲဖို့ လာတာပါ။ ဂိုဏ်းကို ပြန်ပြီး နားတော့လေ”
“ကောင်းပါပြီ”
အကြီးအကဲ (၂) ဦး စိတ်အေး၍ သက်ပြင်းချလိုက်သည်။
ထို့နောက် အကြီးအကဲလီနှင့် ရှန်မိုတို့ တာဝန်စထမ်းဆောင်တော့၏။
“ဘာ လူမလောက်ဘူးလား”
ရှန်မို နယ်မြေထဲသွားရန် ပြင်စဉ် အကြီးအကဲလီ၏အသံကို ကြားလိုက်သည်။
မျက်ကွင်းညိုဖြင့် အကြီးအကဲမှ
“ဟုတ်ပါတယ်။ ကုဖုန်ကခေါ်လာတဲ့ အလုပ်သမားတွေ လမ်းမှာ လက်နက်ကြီးဂိုဏ်းကနေ တိုက်ခိုက်ခံရလို့။ (၁၂) ယောက်ပဲ ကျန်ပါတယ်”
သူ့အသံမှာ အက်ကွဲ၍ စိတ်မကောင်းဖြစ်မှန်း သိသာလှသည်။