မိုးကြိုးကျောက်နယ်မြေရရှိရန် နည်းလမ်း
Vol. 6 Ch. 78
အကြီးအကဲများ အချင်းချင်းကြည့်၍ အတွေးလွန်နေကြ၏။
အကြီးအကဲလီမှ စ၍
“သဘောတူပါတယ်။ ရှန်မို ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်သင့်နေတာ ကြာပါပြီ”
မူယုံးယွဲ့အား ထောက်ခံသောအခြားအကြီးအကဲများလည်း ချက်ချင်း အသံထွက်လာကြသည်။
“ကျွန်တော်တို့လည်း သဘောတူပါတယ်”
လျှိုယွမ်ဖုန် တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မူယုံးယွဲ့မှ ပြုံးလျက် ဖြတ်ပြောလေ၏။
“လက်ထောက်ခေါင်းဆောင်လျှို အရမ်းလောပြီး မကန့်ကွက်ပါနဲ့ဦး။ မိုးကြိုးကျောက်နယ်မြေအတွက် ဘယ်သူမှ အဖြေ သဲသဲကွဲကွဲ မရသေးဘူးမလား”
“မို… မင်းအမြင်ကို ပြောပြလိုက်ပါဦး”
လျှိုယွမ်ဖုန် နှာခေါင်းရှုံ့၍ ငြိမ်သွားသည်။
ရှန်မို ဦးညွှတ်နှုတ်ဆက်ပြီးနောက် သူ့အတွေးများအား ပြန်ပြောပြလိုက်၏။
သူ့စကားကိုကြားပြီးနောက် အကြီးအကဲများ အချိန်အတော်ကြာအောင် ငြိမ်နေကြသည်။
သူတို့အားလုံး မြုတေဖွဲ့စည်းခြင်းအဆင့်ဖြစ်ပြီး ရှန်မိုမှာ ခြေတည်အဆင့်သာ ရှိသေး၏။ ထို့ကြောင့် အတွေးအမြင်များမှာ ပို၍သာသင့်ပါသည်။
ရှန်မိုတစ်ယောက် အချိန်တိုအတွင်း ထိုသို့တွေးနိုင်သည်အား အံ့ဩနေကြ၏။
အကြီးအကဲလီမှပင် စ၍ချီးမွမ်းလိုက်သည်။
“ရှန်မို့ဉာဏ်ပညာနဲ့ သုံးသပ်ချက်တွေအရတော့ ကျွန်မအနေနဲ့ သူ ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်လာဖို့ ငြင်းစရာမရှိပါဘူး”
အခြားအကြီးအကဲများလည်း ခေါင်းငြိမ့်ထောက်ခံကြလေသည်။
“ဟုတ်ပါတယ်။ ခြေတည်အဆင့်နဲ့ တွေးခေါ်နိုင်တာ ကျွန်တော်တို့ထက် သာပါသေးတယ်”
မူယုံးယွဲ့ ခပ်အေးအေးပြုံး၍ လျှိုယွမ်ဖုန်အား ကြည့်ကာ
“လက်ထောက်ခေါင်းဆောင်လျှိုရော”
လျှိုယွမ်ဖုန် အေးစက်စက်ဖြင့်
“သူက အဖြေပြောနေတာမဟုတ်ဘဲ သုံးသပ်ချက် ပေးရုံလေ။ သဘောမတူဘူး”
ရှန်မို သူ့ကိုစိုက်ကြည့်၍
“ဒါဆို လက်ထောက်ခေါင်းဆောင်လျှိုက အဖြေရှိတာလား။ ပြောပြပေးပါဦးဗျ”
လျှိုယွမ်ဖုန် နှာခေါင်းရှုံ့လျက်
“ငါ့မှာလည်း နည်းလမ်း ရှိပါတယ်”
“ပြဿနာဖြစ်မှာကို ရှောင်ရမှာပေါ့။ လက်နက်ကြီးဂိုဏ်းနဲ့ တိုက်ရိုက်တွေ့လို့ မဖြစ်ဘူး”
“လက်နက်ကြီးဂိုဏ်းက ကျွန်တော်တို့ထက် အင်အားကြီးတယ်လေ။ ထိပ်တိုက်သွားတွေ့ရင် အရမ်း ထိခိုက်လိမ့်မယ်။ နောက်ပြီး ဂိုဏ်းအချင်းချင်း စစ်ပွဲစတဲ့အခါမှာလည်း တခြားဂိုဏ်းတွေရဲ့ ပစ်မှတ်ဖြစ်သွားမယ်”
“ကျွန်တော်တို့ လုပ်နိုင်တာက ရွှမ်ကျန်းရဲ့ ထိပ်တန်း (၅) ဂိုဏ်းကို ဒီအကြောင်း တင်ပြဖို့ပဲ။ အဓိကကတော့ နတ်ဓားဂိုဏ်းပေါ့”
“နတ်ဓားဂိုဏ်းက အားလုံးရဲ့ခေါင်းဆောင်ဆိုတော့ တရားမျှတအောင် လုပ်ပေးပါလိမ့်မယ်။ အဲ့အခါ လက်နက်ကြီးဂိုဏ်းလည်း အလိုလို နောက်ဆုတ်ရမှာပေါ့”
သူ့စကားကိုလည်း အကြီးအကဲအချို့ ထောက်ခံကြလေသည်။
တိုက်ခိုက်ခြင်းမှာ အန္တရာယ်များပါသည်။
ရှန်မို ပြုံး၍
“လက်ထောက်ခေါင်းဆောင်လျှိုရဲ့ နည်းလမ်းက အသုံးဝင်မယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာ မဟုတ်သေးဘူး”
လျှိုယွမ်ဖုန် မျက်နှာပျက်သွားပြီး
“ဘာကွ”
ရှန်မိုမှ
“ကျွန်တော့်မှာ ထောက်ပြစရာ (၂) ချက်ရှိတယ်။ တစ်ခုက နတ်ဓားဂိုဏ်းက ရွှမ်ကျန်းဒေသရဲ့ ခေါင်းဆောင်မို့လို့ဆိုပြီး တရားမျှတအောင် ဆောင်ရွက်ပေးမယ်လို့ ဘယ်သူပြောနိုင်လဲ”
“ပြိုင်ပွဲ တတိယအကျော့မှာတုန်းက မတွေ့ဘူးလား။ ကျောက်ချင်းကန်ကို ဓာတ်လုံးတွေ ပေါ်တင် ပေးလိုက်တာပဲ။ အဲ့ဒါနဲ့များ ယုံနေသေးတာလား”
“နောက်တစ်ချက်က လက်နက်ကြီးဂိုဏ်းက မိုးကြိုးမီးတောက်ဂိုဏ်းရဲ့ နောက်လိုက်ပဲ။ နတ်ဓားဂိုဏ်းတစ်ခုတည်းရဲ့ အမိန့်နဲ့ အလုပ်ဖြစ်မယ် ထင်လို့လား။ ဒီအတိုင်း ထိုင်စောင့်နေရင်း ဘာမှ မရဘဲ ဖြစ်သွားနိုင်တယ်”
ရှန်မို တိုက်ရိုက်သာ ဝေဖန်လိုက်၏။
“လက်ထောက်ခေါင်းဆောင်လျှိုရဲ့နည်းလမ်းက အသုံးဝင်မယ်ထင်ရပေမဲ့ ဂိုဏ်းကိုတောင် ပိုဒုက္ခရောက်စေနိုင်တာပဲ”
လျှိုယွမ်ဖုန် ဒေါသထွက်လျက် မျက်လုံးကြီးပြူးကာ
“မင်း…”
အခြားအကြီးအကဲများလည်း နားထောင်ရင်း ရှုပ်ထွေးလာသည်။
အကြီးအကဲလီတို့မှာတော့ ရှန်မို့စကားကို လက်ခံကြ၏။
လျှိုယွမ်ဖုန် ဒေါသထွက်လွန်း၍ ရယ်မောကာ
“ကောင်းပြီလေ။ မင်းက ငါပြောတာ မဟုတ်ဘူးဆိုတော့ မင်းရဲ့ ထိရောက်တဲ့နည်းလမ်း ပြောကြည့်ပါဦး”
ရှန်မို တည်ငြိမ်စွာပြုံး၍
“ကျွန်တော့်အကြံကတော့ အင်အားမြန်မြန်စုပြီး လက်နက်ကြီးဂိုဏ်းက မပြင်ဆင်ရသေးတဲ့အချိန် မြန်မြန် တိုက်ခိုက်လိုက်တာပဲ။ မိုးကြိုးနယ်မြေထဲက မိုးကြိုးမီးတောက် အပြင်ဂိုဏ်းအကြီးအကဲကလွဲရင် အားလုံး သတ်ပစ်မှာပေါ့”
“လူရှေ့မှာတော့ လက်နက်ကြီးဂိုဏ်းက မိုးကြိုးကျောက်နယ်မြေကို အပိုင်စီးပြီး အပြင်ဂိုဏ်းအကြီးအကဲကိုလည်း ဓားစာခံလုပ်ထားတယ်လို့ ပြောမယ်။ ကျွန်တော်တို့ ချင်းရွှမ်ဂိုဏ်းက နယ်မြေပြန်ယူရင်း အကြီးအကဲကို ကယ်လိုက်တယ်ပေါ့”
“ဒီလိုနည်းနဲ့ဆို မိုးကြိုးမီးတောက်ဂိုဏ်းလည်း မတတ်နိုင်ဘဲ လက်ခံရမှာ”
မူယုံးယွဲ့ မျက်လုံးအရောင်လက်၍
“တော်လိုက်တာ။ ကောင်းတယ်”
အခြားအကြီးအကဲများလည်း လက်ခုပ်တီး၍ ထောက်ခံကြသည်။
“လက်ထောက်ခေါင်းဆောင်လျှို ရှန်မိုက ထိရောက်တဲ့အဖြေ ပေးပြီးပြီနော်။ ကန့်ကွက်ဦးမှာလား”
လျှိုယွမ်ဖုန် အံကြိတ်လျက်
“ဒါပေါ့။ စည်းမျဉ်းအတိအကျရယ်လို့ မဟုတ်ပေမဲ့ ရိုးရာအရ ဂိုဏ်းခေါင်းဆောင်ငယ်ခန့်ဖို့ အနည်းဆုံး မြုတေဖွဲ့စည်းခြင်းအဆင့် ရှိရမယ်။ မဟုတ်ရင် လေးစားမှု မခံထိုက်ဘူး”
ထိုစဉ် သူ့ဘက်မှ ထောက်ခံသူများလည်း ဝင်၍
“ဟုတ်တယ်။ လက်ထောက်ခေါင်းဆောင်လျှို ပြောတာ မှန်တယ်။ ရှန်မို ရွှေအမြုတေ ဖွဲ့စည်းနိုင်မှ ဒီကိစ္စကို ဆက်ပြောတာပေါ့”
“ရှန်မိုက အရည်အချင်းရှိတာတော့ မှန်ပေမဲ့ အဆင့်မြင့်အောင်တော့ စောင့်သင့်တယ်”
“မှန်ပါတယ်”
မျက်စိတစ်မှိတ်အတွင်း ထောက်ခံသူနှင့် ကန့်ကွက်သူများ ကွဲကွဲပြားပြား ပေါ်လာ၏။
မဲမှာ (၅) ခုစီ ဖြစ်နေသည်။
စုန်းချောင်ဖုန်နှင့် အကြီးအကဲတစ်ဦး၏မဲသာ ကျန်တော့၏။
မူယုံးယွဲ့ စုန်းချောင်ဖုန်ကို လှည့်ကြည့်၍
“အကြီးအကဲစုန်းရော ဘယ်လိုမြင်လဲ”
ထိုအခါ အခြားအကြီးအကဲများပါ မျှော်လင့်တကြီးဖြင့် လှမ်းကြည့်ကြ၏။
စုန်းချောင်ဖုန် ရုတ်တရက် မူယုံးယွဲ့အား ဦးညွှတ်ကာ
“ရှန်မိုက ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် သင့်တော်ပါတယ်”
သူ့ဘေးမှ အကြီးအကဲကလည်း
“ကျွန်တော်ရောပါပဲ”
လျှိုယွမ်ဖုန် မျက်မှောင်ကြုတ်လျက် နှာခေါင်းရှုံ့လိုက်သည်။
မူယုံးယွဲ့ ကျေနပ်စွာဖြင့်
“ကောင်းပါပြီ။ ဒါဆိုရင် (၇) မဲ (၅) မဲနဲ့ အဆိုတင်သွင်းမှု အောင်မြင်ပါပြီ”
“အစည်းအဝေးပြီးတာနဲ့ တစ်ဂိုဏ်းလုံးကို စကြေညာပါမယ်။ ပြီးတော့ ဂိုဏ်းခေါင်းဆောင်ငယ်ရဲ့ အဆိုပြုချက်အတိုင်း စဆောင်ရွက်ဖို့ မြန်မြန် ပြင်ပါမယ်”
“ဟုတ်ကဲ့ပါ”
“မို ပြန်ပြီး သွားကျင့်ကြံတော့လေ။ ကျန်တာ ဆက်လုပ်လိုက်မယ်”
“ဟုတ်ကဲ့ အဲ့ဒါဆို ပြန်လိုက်ပါဦးမယ်နော်”
ရှန်မို ဦးညွှတ်နှုတ်ဆက်ကာ ထွက်သွား၏။
ရှန်မို ထွက်လာသောအခါ တပည့်များ လေးစားအားကျစွာ ကြည့်နေသည်။
ထို့နောက် မကြာမီ အခန်းတံခါးလည်း ပွင့်လာသည်။
မူယုံးယွဲ့မှ
“ဒီနေ့ အရေးတကြီး ကြေညာစရာ ရှိပါတယ်။ တပည့် ရှန်မိုကို ထူးချွန်လွန်းတဲ့ အရည်အချင်း၊ အင်အားတွေနဲ့ ဂိုဏ်းအတွက် ဂုဏ်ဆောင်ပေးမှုတွေကြောင့် ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် သတ်မှတ်ကြောင်း အကြီးအကဲတွေနဲ့ တိုင်ပင်ဆုံးဖြတ်ပြီးပါပြီ”
“ဒါကြောင့် ဒီနေ့ကစပြီး ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် ခေါ်ဝေါ်ပြီး လေးလေးစားစား ပြုမူကြပါ”
တပည့်များအားလုံး ထိတ်လန့်သွားကြသည်။
ဤမျှမြန်မြန် ရွေးလိုက်မည်ဟု မထင်ထားကြချေ။
ကျောက်ထင်တို့အဖွဲ့အသံသာ ထင်း၍ အရင်ထွက်လာသည်။
“ဟုတ်ကဲ့ပါ”
ထိုအခါမှ အခြားတပည့်များလည်း သတိပြန်ဝင်လာကြ၏။
ကျောက်ရူ မျက်လုံးလေးများ တောက်လျက်
“စီနီယာရှန်က အပြင်ဂိုဏ်းတပည့်ကနေ တဖြည်းဖြည်း တိုးတက်လာတာ အချိန်ဘယ်လောက် ရှိသေးလို့လဲ”
ကျောက်ထင် သက်ပြင်းချ၍
“(၆) လတောင် မပြည့်သေးဘူးလေ”
လောင်ရှန်နန် ခေါင်းကုတ်ကာ
“ရှန်မို့မှာ ကောင်းကင်အဆင့်ခန္ဓာကိုယ်ရှိတယ် ပြောတယ်။ အဲ့တာကြောင့်မဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်မြန်မြန် အဆင့်တက်မှာလဲ”
“တိုးတိုးနေစမ်းပါ။ ခေါင်းဆောင် ဖွင့်မပြောမချင်း မသိချင်ယောင်ဆောင်ရမယ်လေ”
ကျောက်ထင် ခပ်တိုးတိုးပြော၏။
“အင်းပါ”
လောင်ရှန်နန် ခေါင်းငြိမ့်ပြလိုက်လေသည်။