← Chapters

ရှန်မိုအား ဂိုဏ်းခေါင်းဆောင်ငယ် ခန့်ခြင်း

Vol. 6 Ch. 77

ရှန်မိုအား ဂိုဏ်းခေါင်းဆောင်ငယ် ခန့်ခြင်း

Vol. 6 Ch. 77

“မို မင်း ခုနက ဘယ်ရောက်နေတာလဲ”

မူယုံးယွဲ့ ပြုံး၍ လှမ်းမေးလိုက်သည်။

ရှန်မို ဓားကို သိမ်းလိုက်ပြီး

“ဪ ဆရာမ… ခုနက ချင်းကန်တောင်မှာ နတ်ဆိုးသားကောင် သွားဖမ်းတာလေ။ မိုးကြိုးအရိပ်ဓားသိုင်းလည်း တတိယအဆင့်ကို နားလည်အောင် လုပ်နေတာ”

ထို့နောက် ကြောက်လန့်သည့် အမူအရာဖြင့်

“ဒါပေမဲ့ ကံမကောင်းပါဘူး။ ဘာမှ ထူးထူးခြားခြား မရလာတဲ့အပြင် ရုတ်တရက် ပေါ်လာတဲ့နေမင်းကြီးကြောင့် ဒဏ်ရာရတော့မလို့”

“မြန်မြန်သိပြီး ပြန်လာနိုင်တာ တော်သေးတယ်”

မူယုံးယွဲ့ စိုးရိမ်သွားပြီး

“ဘယ်ကို ထိခိုက်သွားတာလဲ”

ရှန်မို သူ့လက်မှ ဒဏ်ရာများကို ပြလိုက်သည်။

မူယုံးယွဲ့ စိတ်မကောင်းစွာ ကြည့်၍

“ကောင်းပါပြီ။ နားတော့လေ”

ရှန်မို ခေါင်းငြိမ့်ပြပြီးမှ သူ့ဆရာမချောချောလေး မျက်မှောင်ကြုတ်နေသေးသည်ကို တွေ့ပြီး

“ဆရာမ တစ်ခုခု မတင်မကျစရာ ရှိနေလို့လား”

မူယုံးယွဲ့ ပြုံးကာ

“မင်း သိသွားတာပဲ”

“ပြောပြလို့ရပါတယ်ဗျာ”

သူ ခေါင်းငြိမ့်ပြ၍

“မိုးကြိုးကျောက်နယ်မြေအကြောင်းပါ”

ထို့နောက် စုန်းချောင်ဖုန် အဖြစ်အပျက်ကို ပြန်ပြောပြကာ သက်ပြင်းလေး ချလိုက်သည်။

ရှန်မို ငြိမ်၍ စဉ်းစားနေလေ၏။

မူယုံးယွဲ့ပြုံးကာ

“မို မင်းရော ဘယ်လိုတွေးလဲ။ လွတ်လွတ်လပ်လပ် အကြံပေးပါ”

ရှန်မို ခေါင်းငြိမ့်ကာ

“ကျွန်တော့်အမြင်တော့ ဒါ မိုးကြိုးမီးတောက်ဂိုဏ်းနဲ့ လက်နက်ကြီးဂိုဏ်းတို့ ပေါင်းပြီး လှည့်စားနေတာပဲ”

“မိုးကြိုးမီးတောက် အပြင်ဂိုဏ်းအကြီးအကဲက အသိအမှတ်ပြုပြီးတာကို ဒီလိုဖြစ်နေတာက မဟုတ်ဘူးလေ”

“မိုးကြိုးမီးတောက်ဂိုဏ်းဘက်ကသာ အမိန့်ပေးလိုက်ရင် လက်နက်ကြီးဂိုဏ်း ဘာမှ မတတ်နိုင်ဘူး။ ဒါပေမဲ့ အခုက မဖယ်ပေးတဲ့အပြင် အကြီးအကဲစုန်းကိုပါ တိုက်ခိုက်လိုက်ကြသေးတယ်။ အဲ့တာရဲ့ ရည်ရွယ်ချက်က သိသာနေပြီပဲ”

ရှန်မိုမှ ဆက်၍

“မိုးကြိုးမီးတောက်ဂိုဏ်းကိုယ်တိုင်က ကျွန်တော်တို့ကို နယ်မြေလွှဲပေးဖို့ စိတ်ကူးမရှိဘူး”

မူယုံးယွဲ့ ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေ၏။

သူလည်း ထိုသို့ တွေးမိပါသည်။

သို့သော် ရှန်မို၏ လျင်မြန်စွာ သိတတ်မှုကြောင့် အံ့ဩသွားမိသည်။

“ဒါဆို ဘယ်လိုလုပ်ချင်လဲ”

မူယုံးယွဲ့ ပြုံးကာ မေး၏။

ရှန်မို သူ့ကို စစ်ဆေးနေမှန်း နားလည်ပါသည်။

“ဆရာမ ကျွန်တော်တို့ ချင်းရွှမ်ဂိုဏ်းနဲ့ လက်နက်ကြီးဂိုဏ်းမှာ ဘယ်သူက ပိုအင်အားကြီးလဲ”

မူယုံးယွဲ့ ခဏစဉ်းစား၍

“လက်နက်ကြီးဂိုဏ်းရဲ့ နည်းပညာနဲ့ သိုင်းစွမ်းရည်ကတော့ အဲ့လောက် မဟုတ်ဘူး။ ဒါပေမဲ့ ဝင်ပေါက်ဖန်တီးတာတွေ၊ စိတ်ဝိညာဉ်လက်နက်တွေမှာတော့ မြုတေဖွဲ့စည်းခြင်း ကျင့်ကြံသူတွေကို ဆွဲဆောင်နိုင်တယ်”

“ပြောရရင် သူတို့လည်း သစ္စာရှိတာတော့ မဟုတ်ပါဘူး…ပြဿနာရှိလာရင် သူတို့ အရင် ထွက်ပြေးမှာ”

“မြုတေဖွဲ့စည်းခြင်းကျင့်ကြံသူ အရေအတွက်နဲ့ ယှဉ်ရင်တော့ လက်နက်ကြီးဂိုဏ်းက ပိုအင်အားကြီးတာပေါ့။ ဒါပေမဲ့ ကျင့်ကြံသူတွေရဲ့ အင်အားနဲ့ဆိုရင်တော့ ငါတို့ချင်းရွှမ်ဂိုဏ်းက သာတာပေါ့”

ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့်

“အဲ့ဒါဆို တူသလောက်ပါပဲ။ ဘယ်ဘက်ကမှ မပိုလောက်ပါဘူး”

“စိုးရိမ်တာက (၂) ခုတော့ ရှိတယ်။ ပထမက တခြား အနီးအနားဂိုဏ်းတွေ ဝင်ပါမှာ”

“ဒုတိယက မိုးကြိုးမီးတောက်ဂိုဏ်းကိုယ်တိုင် ပါလာမှာကိုပဲ”

မူယုံးယွဲ့ စိတ်ဝင်တစား နားထောင်နေ၏။

“ဆက်ပြောပါဦး”

ရှန်မိုမှ

“ကျွန်တော့်အမြင်တော့ တခြားဂိုဏ်းတွေက ပေါ်တင်တော့ ဝင်ပါရဲမှာ မဟုတ်ဘူး”

“ဒါ ပြိုင်ပွဲမှာ မိုးကြိုးကျောက်နယ်မြေကို ဆုအဖြစ် သေချာပေးထားတာလေ။ ဂုဏ်သိက္ခာနဲ့ ဆိုင်နေတာကိုး”

“လင်းရှီဂိုဏ်းနဲ့ ဖေးရှောင်ဂိုဏ်းကတော့ နတ်ရေစင်ဂိုဏ်းရဲ့ လက်အောက်ခံတွေဆိုတော့ ကျွန်တော်တို့ ပင်ပန်းမယ်ဆိုရင် သဘောကျမှာပဲ”

“တိုက်ပွဲကြာလေ အားကုန် လူပန်းပြီး အရင်းအမြစ်တွေ ဆုံးရှုံးမှာလေ”

သူ နောက်ဆုံးမှ ပြုံး၍

“ဆရာမ ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

ထိုအချိန်တွင် မူယုံးယွဲ့၏ မျက်မှောင်ကြုတ်မှု လုံးဝ ပျောက်ကွယ်သွားလေပြီ။

“ကောင်းတယ်… ပြောသွားတာ အမှန်ပဲ”

“လာ အကြီးအကဲတွေနဲ့ အစည်းအဝေးကို လိုက်ခဲ့လိုက်”

ရှန်မို ပြုံး၍

“ဂိုဏ်းစည်းမျဉ်းအရ တပည့်အစစ်ဆိုရင်တောင် အစည်းအဝေးထဲ မနေရဘူးမလား”

မူယုံးယွဲ့ ကျေနပ်စွာကြည့်၍

“မင်းက တပည့်အစစ်တင်မှ မဟုတ်တော့တာ။ အခုကစပြီး ဂိုဏ်းခေါင်းဆောင်ငယ် ဖြစ်ပြီ။ မင်း ခုနက ပြောခဲ့တာတွေက လျှိုယွမ်ဖုန်တို့တောင် မပြောနိုင်ဘူး”

ရှန်မို အလွန် စိတ်လှုပ်ရှားသွား၏။

ဂိုဏ်းခေါင်းဆောင်ငယ်။

ထိုရာထူးမှာ ဂိုဏ်းထဲတွင် အလွန်ဂုဏ်သိက္ခာကြီးသော အခြေအနေဖြစ်၏။

အခြားမတော်တဆမရှိလျှင် ဂိုဏ်းခေါင်းဆောင် သေချာပေါက်ဖြစ်လာမည့် ခြေလှမ်းဖြစ်သည်။

ဂိုဏ်းတွင် သေရေးရှင်ရေး ရှိလျှင်ပင် အားလုံး ဂိုဏ်းခေါင်းဆောင်ငယ်ကို ကာကွယ်ရ၏။ သူ လုံးဝ သေ၍ မဖြစ်ပေ။

မဟုတ်လျှင် ဂိုဏ်းစည်းမျဉ်းကို ချိုးဖောက်ခြင်းပင်။

ရှန်မို တစ်ချိန်ချိန် ထိုအခြေအနေမျိုး ရောက်လာမည်ဟု တွေးထားသော်လည်း အလွန် မြန်ဆန်လွန်းနေသည်။

“ဟုတ်ကဲ့ပါ ကျွန်တော် လိုက်နာပါ့မယ်”

ရှန်မို ခေါင်းငြိမ့်ပြလိုက်သည်။

မူယုံးယွဲ့မှာ ကျေနပ်စွာကြည့်ရင်း သူ့လက်သွယ်သွယ်လေးကို ဆန့်ထုတ်ပေး၏။

ထို့နောက် နှစ်ယောက်သား အစည်းအဝေးခန်းမကြီး ရှိရာသို့ ထွက်လာခဲ့လေသည်။

အကြီးအကဲများ ကြို၍ စောင့်ဆိုင်းလျက် ရှိကြ၏။

မူယုံးယွဲ့နှင့် ရှန်မိုတို့ အခန်းထဲ ဝင်ပြီးသည်နှင့် တံခါးကြီး ဖြည်းညင်းစွာ ပိတ်သွားလေသည်။

ဘုံး!

အပြင်မှတပည့်များမှာတော့ အိပ်မက်မက်နေသည့်နှယ် အံ့ဩမှင်တက်၍ ကျန်ခဲ့၏။

“စီနီယာရှန်… အခန်းထဲ ဝင်သွားတာ တွေ့လိုက်ကြလား။ နေရာမှာတောင် ဝင်ထိုင်နေသေးတယ်။ ဒီလိုအစည်းအဝေးက အကြီးအကဲတွေပဲ ဝင်ခွင့်ရှိတာ မဟုတ်ဘူးလား”

“သိသာနေတာပဲ။ စီနီယာရှန်က ခေါင်းဆောင်ရဲ့သီးသန့်တပည့်၊ မီးတောက်မင်းသား၊ ဂိုဏ်းတစ်ရာစုဝေးပွဲမှာ ပထမရခဲ့တဲ့သူလေ။ အစည်းအဝေး ဝင်တက်တာ ဘာထူးဆန်းလို့လဲ”

“ဟုတ်တယ်နော်။ တစ်ချိန်ကျရင် သေချာပေါက် ဂိုဏ်းခေါင်းဆောင် ဖြစ်လာမှာပဲ။ အခုလည်း ဂိုဏ်းခေါင်းဆောင်ငယ်ဖြစ်အောင် ပျိုးထောင်ပေးနေတာ ထင်တယ်”

“ဘာပဲဖြစ်ဖြစ် အကြီးအကဲအစည်းအဝေးမှာ ဝင်တက်ခွင့်ရတဲ့တပည့်က ဒါ ပထမဆုံးပဲ”

“ဟင်းဟင်း ဂိုဏ်းတစ်ရာစုဝေးပွဲမှာ ပထမရတာလည်း ချင်းရွှမ်ဂိုဏ်းအတွက် ပထမဆုံးပဲ”

တပည့်များအချင်းချင်း ပြောဆိုရင်း ရှန်မိုအား ပိုလေးစားအားကျလာကြသည်။

ထိုလူအုပ်ထဲတွင် ကျောက်ထင်၊ လောင်ရှန်နန်နှင့် ကျောက်ရူတို့လည်း ရှိနေ၏။

ကျောက်ထင် သက်ပြင်းချ၍ ခပ်တိုးတိုးပြောလေသည်။

“ရူလေး နောက်ဆို စီနီယာရှန်နဲ့ စကားပြောတဲ့အခါ လေးလေးစားစားပြောဖို့ မမေ့နဲ့နော်”

“လောင်ရှန်နန် မင်းရောပဲ”

လောင်ရှန်နန် ခေါင်းကုတ်၍

“ရှန်မိုက သဘောကောင်းပါတယ်။ အဲ့လိုလုပ်ဖို့ လိုလို့လား”

ကျောက်ရူလည်း ခေါင်းငြိမ့်ပြ၏။

ကျောက်ထင်မှာတော့ ခေါင်းယမ်းကာ

“တချို့တပည့်တွေပြောတာ မှန်တယ်။ ရှန်မိုက ခေါင်းဆောင်ကိုယ်တိုင် ပျိုးထောင်ပေးနေတဲ့ အောင်မြင်သူပဲ။ ကိုယ့်အချင်းချင်းရှိတဲ့အချိန်တော့ ပေါ့ပေါ့ပါးပါးနေလို့ရပေမဲ့ လူရှေ့သူရှေ့ဆိုရင် ဂရုစိုက်ပြီး တလေးတစား ဆက်ဆံရမယ်။ မဟုတ်ရင် ဂိုဏိးခေါင်းဆောင်ငယ်ရဲ့ ဂုဏ်သိက္ခာ ထိခိုက်နိုင်တယ်”

ကျောက်ရူ သူ့ကို ငေးကြည့်၍

“ဟုတ်ကဲ့ နားလည်ပါပြီ”

အစည်းအဝေးခန်းထဲတွင်။

ရှန်မို့နေရာမှာ မူယုံးယွဲ့၏ ညာဘက်ဘေး၌ ဖြစ်၏။

ပုံမှန်အားဖြင့် ဂိုဏ်းခေါင်းဆောင်ဘေးခုံများမှာ လက်ထောက်ခေါင်းဆောင်၊ အကြီးအကဲချုပ်နှင့် ဂိုဏ်းခေါင်းဆောင်ငယ်တို့အတွက် ဖြစ်လေသည်။

ထို့ကြောင့် မူယုံးယွဲ့ရည်ရွယ်ချက်မှာ ထင်ရှားလှ၏။

“ခေါင်းဆောင် ရှန်မိုက တပည့်အစစ်အဆင့်ပဲ ရှိသေးတာလေ။ ခေါင်းဆောင်ရဲ့ သီးသန့်တပည့် ဆိုရင်တောင် အစည်းအဝေးမှာတော့ ဝင်မပါသင့်ဘူး”

လျှိုယွမ်ဖုန်မှ ရုတ်တရက် စပြော၏။

မူယုံးယွဲ့ တည်ငြိမ်စွာဖြင့်

“ကျွန်မလည်း အဲ့အကြောင်းပဲ ပြောချင်တာ။ ရှန်မိုက ခြေတည်အဆင့်ထိပ်ဆုံးရောက်နေပြီး ဂိုဏ်းတစ်ရာ စုဝေးပွဲမှာလည်း ချင်းရွှမ်ဂိုဏ်းရဲ့ဂုဏ်ကို ဆောင်နိုင်ခဲ့တယ်။ အဲ့တာကြောင့် ဒီနေ့ကစပြီး ဂိုဏ်းခေါင်းဆောင်ငယ်အဖြစ် သတ်မှတ်ပါတယ်”

ထို့နောက် တစ်ခန်းလုံးကို ဝေ့ဝဲကြည့်ကာ

“အကြီးအကဲတို့ ထောက်ခံလား ကန့်ကွက်လား ပြောပေးပါ”

All Chapters