← Chapters

လုန်ယွိကိုဦးညွှတ်ဂါရဝပြုသူ

Vol. 16 Ch. 215

လုန်ယွိကိုဦးညွှတ်ဂါရဝပြုသူ

Vol. 16 Ch. 215

အခန်း (၂၁၅) လုန်ယွိကိုဦးညွှတ်ဂါရဝပြုသူ

"ကြားပြီးပြီလား ၊ နဂါးမျိုးနွယ်တွေက တောင်ထွတ် (၉)ခုက အတော်ဆုံး တပည့်တွေကို စိန်ခေါ်မှာတဲ့"

ကျန်းလန် ခွန်လွန်တောင်စာကြည့်တိုက်သို့ ရောက်လာချိန်တွင် တပည့်များဆွေးနွေးနေသည့် အကြောင်းအရာများကို ကြားလိုက်ရသည်။

ကျန်းလန် ချက်ချင်းပင် ခြေလှမ်းများ ရပ်တန့်လိုက်ပြီး နားစွင့်လိုက်၏။ သတင်းအသစ်များကို သူ သိချင်မိသည်။

ခွန်လွန်တောင်ပြင်ပမှ သတင်းများနှင့် ကောလဟလများကို ဂိုဏ်းတူမောင်နှမများက အမြဲတမ်း ပြောဆိုဆွေးနွေးလေ့ ရှိကြသည်။ သူတို့က စုပေါင်းစကားပြောကြရင်း ပျက်သုဉ်းတစ်စပြင်လောကကြီး၏ အခြေအနေများကို သုံးသပ်ကြသည်။

ကျန်းလန်ကတော့ သူတို့လို မဟုတ်ပေ။

သူ၏အချိန်အများစုက ကျင့်ကြံခြင်းဖြင့်သာ အချိန်ကုန်လေ့ရှိပြီး တစ်ခါတစ်ရံ စိတ်ပြေလက်ပျောက် နဝမတောင်ထွတ်ကို သန့်ရှင်းရေးပြုလုပ်ခြင်းသာ ရှိသည်။

လက်ရှိတွင်တော့ ကျင့်ကြံခြင်းကို ခဏမျှရပ်နားထားသောကြောင့် ရှောင်ယွိကိုသာ အဖော်ပြုပေးဖြစ်သည်။ ရှောင်ယွိ အနားတွင်ရှိလျှင်တော့ တီတီတာတာ စကားသံလေးဘာလေး ကြားရသည်ပင်။

သို့သော် ရှောင်ယွိနှင့်အတူ ရှိနေရခြင်းက ငြိမ်းချမ်းခြင်းကို ထူးခြားစွာ ခံစားရစေပြီး မုန်းတီးစရာအခြေအနေမျိုး မဟုတ်ခဲ့ပေ။

တပည့်တစ်ယောက်က…

"ကျုပ်ကြားတာတော့ ခွန်လွန်တောင်က တောင်ထွတ် (၉)ခုက အတော်ဆုံးတပည့်တွေကို စိန်ခေါ်ဖို့အတွက် ပါရမီရှင် နဂါးကျင့်ကြံသူ (၉)ယောက် ခေါ်လာတယ်တဲ့ ၊ ပြီးတော့ သူတို့အားလုံးက အင်မော်တယ်တွေတဲ့နော်"

နောက်ထပ်တပည့်တစ်ယောက်က…

"အမှန်ပဲ ၊ သူတို့အကုန်လုံးက အင်မော်တယ်တွေတဲ့ ၊ အရင်တစ်ခေါက် နတ်လူသားမျိုးနွယ်တွေ လာပြီးစိန်ခေါ်တာနဲ့တော့ လုံးဝမတူနိုင်တဲ့အခြေအနေမျိုးပဲ"

"ဟုတ်တယ် ၊ နတ်လူသားမျိုးနွယ်တွေက ခွန်လွန်တောင်က ပါရမီရှင်တပည့်တွေ ခရီးထွက်သွားတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ရောက်လာတာလေ ၊ အခုကတော့ မတူဘူးဆိုတော့ ထူးခြားတဲ့စိန်ခေါ်ပွဲတွေ ဖြစ်လာမှာပဲ"

"ဒါပေမဲ့ ပြဿနာရှိတာက… ကျုပ်သိသလောက် နဝမတောင်ထွတ်မှာ အင်မော်တယ်တပည့် မရှိဘူး မဟုတ်လား"

"အမှန်ပဲ ၊ ကြည့်ရတာတော့ နဂါးတွေဘက်က ကျင့်ကြံခြင်းအဆင့် လျှော့ချပြီးတိုက်ခိုက်မယ်ထင်တယ်"

"နဝမတောင်ထွတ်မှ တပည့်ရော ရှိလို့လား ၊ ကျုပ် ဒီကိုရောက်တာ ဆယ်စုနှစ်နဲ့ချီနေပြီ ၊ တပည့်တစ်ယောက်မှ မတွေ့ဖူးဘူး"

စိတ်ဝင်စားစရာသတင်းမကြားရတော့သည့်အခါ ကျန်းလန် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

သူက လိုချင်သည့်စာအုပ်များ ရှာဖွေရန် စာကြည့်တိုက်သို့ ရောက်လာခြင်း ဖြစ်၏။

ခွန်လွန်တောင်စာကြည့်တိုက်က အထပ်ပေါင်းများစွာဖြင့် တည်ဆောက်ထားပြီး အလွန်မြင့်မားသည့် မျှော်စင်ကြီးအလား ဖြစ်သည်။

ဆက်ခံသူတစ်ပည့်တစ်ယောက်ဖြစ်သော ကျန်းလန်အနေဖြင့် စာအုပ်အများစုကို ဖတ်ရှုခွင့်ရှိ၏။ အချို့အထပ်များကတော့ ကျင့်ကြံခြင်းအဆင်ဖြင့် ကန့်သတ်ထားသည့်အတွက် သူ တက်ရောက်နိုင်ခြင်း မရှိပေ။

သူ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာသည်နှင့်အမျှ ထိုအထပ်များသို့ ဆက်တက်နိုင်မည် ဖြစ်၏။

ခွန်လွန်တောင်စာကြည့်တိုက်က နဝမတောင်ထွတ်မှ စာကြည့်တိုက်နှင့် များစွာခြားနားသည်။ နဝမတောင်ထွတ်တွင် သူ မဖတ်နိုင်သည့်စာအုပ်ဟူ၍ မရှိပေ။

အစပိုင်းတွင် ဆရာဖြစ်သူက ဖတ်သင့်သည့်စာအုပ်နှင် မဖတ်သင့်သည့်စာအုပ်များကို ခွဲခြားပြောပြပေးသည်။ တဖြည်းဖြည်းနှင့် သင့်တော်သည့်စာအုပ်များကို ရွေးခြယ်ဖတ်ရှုလာနိုင်ရန် လမ်းညွှန်ပေးသည်။

ကိုယ်မရောက်သေးသည့်အဆင့်ကို ကြိုတင်လေ့လာခြင်းက ကျင့်ကြံခြင်းကို အလွယ်တကူ ထိခိုင်စေနိုင်သည်ဟု ဆရာဖြစ်သူက သင်ပြပေးခဲ့သည်။ ကျန်းလန်ကလည်း ဆရာဖြစ်သူ၏ညွှန်ကြားချက်အတိုင်းလိုက်နာပြီး ကြိုတင်လေ့လာမှုများကို မပြုလုပ်ခဲ့ပေ။

စာကြည့်တိုက်တတိယထပ်သို့ရောက်သည့်အခါ ကျန်းလန်က လိုအပ်သည့်စာအုပ်များကို စတင်ရှာဖွေလိုက်သည်။

သို့သော် ထိုအချိန်မှာပင် စာကြည့်တိုက်ထောင့်တစ်နေရာမှ စကားသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

"ကျုပ်ကြားတဲ့သတင်း သေချာတယ်ကွ ၊ နတ်လူသားမျိုးနွယ်တွေရဲ့ ပါရမီရှင်က ကောင်းကင်ဧကရာဇ်ကျမ်းစာကို အောင်မြင်အောင် ကျင့်ကြံနိုင်သွားပြီတဲ့ ၊ သူ့ခံစားချက်တွေလည်း အကုန်လုံးကင်းမဲ့သွားပြီ"

စာအုပ်များရှာဖွေနေသည့် ကျန်းလန်မှာ ချက်ချင်းပင် ရပ်တန့်သွား၏။

ထိုသူများက ပျက်သုဉ်းတစ်စပြင်လောကကြီးရှိ အခြားသောအင်အားစုများအကြောင်းကို ဆွေးနွေးနေကြသည် မဟုတ်ပါလား။

တပည့်များက ထိုကိစ္စများကိုဆွေးနွေးရာတွင် အလွန်စိတ်အားထက်သန်ကြသည်။

တပည့်တစ်ယောက်က…

"နှစ်တွေအများကြီးကြာတဲ့နောက် အဲဒီလူ အောင်မြင်သွားခဲ့ပြီပေါ့ ၊ ဒါနဲ့ မင်းက ဘယ်လိုလုပ်သိတာလဲ"

"ဝူထုန်တောင်နဲ့ နတ်လူသားမျိုးနွယ်တွေကြားမှာ မထင်မှတ်အောင်ကို တိုက်ပွဲတွေ ပြင်းထန်နေတာကွာ ၊ အဲဒီအချိန် ကောင်းကင်နဲ့ မြေပြင်ကြားမှာ ထူးဆန်းပြီးမူမမှန်တဲ့ကိစ္စတစ်ခု ဖြစ်သွားတာတဲ့ ၊ လှေကားတစ်ခု ပေါ်လာပြီး အဲဒီလှေကားထစ်ထိပ်ဆုံးမှာ ရပ်နေတဲ့လူတစ်ယောက်က သက်ရှိသတ္တဝါတွေအားလုံးကို ငုံ့ကြည့်နေတာတဲ့ကွာ"

"ဟုတ်တယ် ၊ ဝူထုန်တောင်မှာလည်း သဘာဝဖြစ်စဉ်တွေ ပြောင်းလဲသွားပြီး အဆုံးမရှိတဲ့ မီးတောက်တွေတွေ လောင်ကျွမ်းသွားတာတဲ့"

"တိုက်ပွဲတော့ ဘယ်လိုဖြစ်သွားလဲ ကျုပ်လည်း မသိဘူး"

"ပျက်သုဉ်းတစ်စပြင်လောကကြီးလည်း ဘာတွေဖြစ်နေလဲ မသိဘူး ၊ အင်အားကြီးအုပ်စုတွေက နေရာတိုင်းမှာ လှုပ်ရှားလာကြတယ် ၊ မှော်ဝိညာဉ်တောင်က မှော်ဆရာတွေလည်း ထွက်လာကြတယ်တဲ့ ၊ သူတို့က မရဏလောကက နတ်ဆိုးတွေကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်"

"ကျုပ်တို့ ခွန်လွန်တောင်လည်း ဘာတွေဖြစ်လာဦးမလဲ သိချင်လိုက်တာ"

ကျန်းလန် စကားများကို ဆက်နားမထောင်ဘဲ စာအုပ်များကိုသာ ရှာဖွေနေလိုက်သည်။

ပြင်ပလောကတွင် ပြဿနာ ဖြစ်နေလေသည်။ နေရာတိုင်းတွင် တိုက်ပွဲများဖြစ်နေလေရာ ပြင်ပလောကိသို့ သွားမည်ဆိုပါက အလွန်ပင် အန္တရယ်များလွန်း၏။

သူက အစစ်အမှန်အင်မော်တယ်အဆင့်မျှသာ ရှိသေးရာ သတိတစ်ချက်လွတ်သည်နှင့် အရိုးစုဖြစ်သွားနိုင်၏။

"နတ်လူသားမျိုးနွယ်တွေက သူတို့ရဲ့ ပါရမီရှင်တပည့်ကို ခံစားချက်ကင်းမဲ့တဲ့အဆင့်ရောက်အောင်တက်လှမ်းဖို့ ကူညီပေးခဲ့တာပဲ ၊ ကြည့်ရတာ အရေးကြီးတဲ့အချိန်ရောက်နေတာဆိုတော့ သူတို့ ငါ့အပေါ် အာရုံစိုက်တာ တဖြည်းဖြည်း နည်းပါးသွားလောက်တယ်"

"ဒါပေမဲ့ ပြောလို့တော့မရဘူး ၊ အဲဒီ ပါရမီရှင်က ခံစားချက်တွေပျောက်ကွယ်သွားပြီဆိုတော့ ငါ့ဘက်လှည့်လာမှာလည်း စိတ်ပူရတယ်"

လက်ရှိ နတ်လူသားမျိုးနွယ်များ၏ အရှိန်အဟုန်ဖြင့်ဆိုလျှင် သူတို့က ခွန်လွန်တောင်ကို သိပ်ပြီး အရေးမစိုက်တော့ဟန် ရှိသည်။

သို့သော် သူ့ကိုရော လူများစေလွှတ်ပြီး စောင့်ကြည့်ခြင်း ရှိ မရှိဆိုသည်ကို ကျန်းလန် သိချင်မိသေးသည်။

ယခုကာလအတွင်း အင်အားကြီးအုပ်စုများကြား ထိပ်တိုက်တွေ့ဆုံမှုများ ရှိခဲ့သည်။ ခွန်လွန်တောင်ရှိရာ အနောက်ဘက်စွန့်ပစ်နယ်မြေတွင်လည်း မည်သို့သော အင်အားကြီးအုပ်စုများ ရှိနေနိုင်ပါသနည်း။

ကျန်းလန် ခေါင်းခါယမ်းလိုက်ပြီး အတွေးများကို ဖယ်ထုတ်လိုက်သည်။ သူအများကြီး လျှောက်တွေးနေမိသည်ပဲ ဖြစ်၏။

ပျက်သုဉ်းတစ်စပြင်လောကကြီးတွင် သူနေထိုင်ရာ နဝမတောင်ထွတ်ထက်ပိုမိုအန္တရယ်ကင်းသည့်နေရာ မရှိပေ။

လက်ရှိ သူလုပ်ရမည်မှာ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိရန် ဖြစ်သည်။

ထို့နောက် အင်မော်တယ်အဆင့်များနှင့်ပတ်သက်သည့်စာအုပ်များကို စတင်ရှာဖွေဖတ်ရှုတော့၏။

နာရီအနည်းငယ်ကြာပြီးနောက် ကျန်းလန် စာကြည့်တိုက်ထဲမှ ပြန်ထွက်လာသည်။

"လူသားအင်မော်တယ်တစ်ပါး အင်မော်တယ်ခန္ဓာရရှိပြီဆိုတာနဲ့ အစစ်အမှန်အင်မော်တယ် ဖြစ်လာမယ်"

"အစစ်အမှန်အင်မော်တယ်က မိုးနဲ့မြေတာအိုသဘောတရားကို နားလည်ပြီဆိုရင် စမ်းသပ်ခံရခြင်းကိုရင် ထပ်ပြီးရင်ဆိုင်ရမယ် ၊ အဲဒီနောက် မိုးကောင်းကင်အင်မော်တယ် ဖြစ်လာမယ်"

"မိုးကောင်းကင်အင်မော်တယ်ဖြစ်လာပြီးရင် မိုးကောင်းကင်တာအိုလမ်းစဉ်က အသိအမှတ်ပြုတဲ့အထိ ထပ်ပြီး ကျင့်ကြံနိုင်မယ်ဆိုရင် တာ့လော်အင်မော်တယ်ဖြစ်လာမယ်"

"တာ့လော်အင်မော်တယ်တစ်ပါးက ကိုယ်ပိုင်တာအိုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ပြီဆိုရင်တော့ တာအို အင်မော်တယ် ဖြစ်လာမယ်"

ဤသည်က ယနေ့ ကျန်းလန် ဖတ်ရှုခဲ့သည့် အကြောင်းအရာများအားလုံး၏ အနှစ်ချုပ်ဖြစ်သည်။ ဤသို့ကောက်ချက်ချနိုင်ရန် ကျန်းလန် စာအုပ်ပေါင်းများစွာကို ဖတ်ရှုခဲ့ရသည်။

ထို့ကြောင့် အမှားအယွင်းတော့ ရှိနိုင်မည် မထင်ပေ။ သို့ပေသိ စာအုပ်ထဲတွင်သာ ရေးသားထားခြင်းဖြစ်လေရာ အမှန်တကယ် ဟုတ် မဟုတ်ကတော့ အာမမခံနိုင်ပေ။

"အင်မော်တယ်တစ်ယောက်ရဲ့ အထွတ်ထိပ်အဆင့်ကတော့ တာအိုအင်မော်တယ်ပဲ ၊ ဒါပေမဲ့ ဆရာက ဘယ်အဆင့်မှာ ရှိတာလဲ မသိဘူး"

ကျန်းလန် တွေးလိုက်သည်။

ယခုဆိုလျှင် ကျန်းလန်က အင်မော်တယ်ခန္ဓာကို ရရှိထားပြီး အစစ်အမှန်အင်မော်တယ် ဖြစ်လာပြီ ဖြစ်သည်။

အစစ်အမှန်အင်မော်တယ်တန်ခိုးစွမ်းအားကို အမှန်တရားမျက်လုံဖြင့် ပေါင်းစပ်လိုက်ပါက မိုးကောင်းကင်အင်မော်တယ်အဆင့်ကိုပင် ထိုးဖောက်သိမြင်နိုင်စွမ်း ရှိ၏။

သို့ပေသိ ယခုအချိန်ထိ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက် သိမြင်နိုင်ခြင်း မရှိသေးပေ။ သို့ဖြစ်ရာ ဆရာဖြစ်သူမှာ မိုးကောင်းကင်အင်မော်တယ်အဆင့်၏ အထက်တွင် ရှိနိုင်သည်။

မိုးကောင်းကင်အင်မော်တယ်၏အထက်တွင် တာ့လော်အင်မော်တယ်နှင့် တာအိုအင်မော်တယ်တို့သာ ရှိတော့သည်။

လက်ရှိတွင် ကျန်းလန်က ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းအဆင့်ကို အတည်မပြုနိုင်သေးသော်လည်း မိုးကောင်းကင်အင်မော်တယ်ဖြစ်လာသည့်တစ်နေ့တွင်တော့ အဖြေသိရပေမည်။

မိုးကောင်းကင်အင်မော်တယ်အဆင့်ရောက်သည့်အခါ ဆရာဖြစ်သူ၏ ကျင့်ကြံခြင်းဆင့်ကို သိနိုင်မည်ဆိုလျှင် ဆရာက တာ့လော်အင်မော်တယ် ဖြစ်ပေလိမ့်မည်။ မဟုတ်ပါက ဆရာက တာအိုအင်မော်တယ် ဖြစ်ရမည်ပင်။

တာအိုအင်မော်တယ်အထက်တွင်တော့ မည်သည့်အဆင့်ရှိသည်လဲ ကျန်းလန် မသိတော့ပေ။

သူတော်စင်အဆင့် ဖြစ်ကောင်းဖြစ်နိုင်၏။

ထိုအဆင့်က သူရောက်ရှိလိုသည့် ဦးတည်ရာ ဖြစ်သည်။

သူသာ သူတော်စင်တစ်ပါးဖြစ်လာပြီဆိုလျှင် နဝမတောင်ထွတ်မှ တာဝန်များကို လွှဲပြောင်းယူနိုင်ပြီး ဆရာဖြစ်သူသည်လည်း အနားယူနိုင်မည် ဖြစ်သည်။

နဝမတောင်ထွတ်မှ အကြီးဆုံးတပည့်အနေဖြင့် ငရဲတံခါးကိုစောင့်ရှောက်ရမည့်တာဝန်ကို လက်လွှဲယူရမည်ပင်။

နဝမတောင်ထွတ်သို့ပြန်ရောက်သည်နှင့် ကျန်းလန် နဂါးသုတ်သင်ဓားသိုင်းကို အချိန် (၁)လ လေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

အစစ်အမှန်အင်တော်တယ် ဖြစ်လာပြီးနောက်ပိုင်း ကျင့်ကြံခြင်းအဆင့်တက်ရန်က ခက်ခဲသွားခဲ့သည်။

ပါရမီရှင်တစ်ယောက်၏ အရှိန်အဟုန်ဖြင့်ဆိုလျှင်တောင်မှ အစစ်အမှန်အင်မော်တယ်မှ မိုးကောင်းကင်အင်မော်တယ်ဖြစ်လာရန် နှစ်ပေါင်းတစ်ထောင်ခန့် အချိန်လိုအပ်မည် ဖြစ်သည်။

နှစ်ပေါင်းတစ်ထောင်ဆိုသည်က ကျင့်ကြံခြင်းအတွက် အချိန်တစ်ခုသာဖြစ်ပြီး မိုးနဲ့မြေတာအိုအနှစ်သာရကို နားလည်ရန်လည်း လိုအပ်သေး၏။

ထိုအဆင့်တွင် ဉာဏ်အလင်းပွင့်ခြင်းက ဘဝတစ်ခုလုံး စွဲမြဲသွားမည် ဖြစ်၏။ သို့ဖြစ်ရာ အချိန်ခဏလေးဖြင့် အဘယ်မှာ နားလည်နိုင်ပါမည်နည်း ။

တာအိုကိုနားလည်ရန် ရှေးဟောင်းစာအုပ်များစွာကို ရှာဖွေဖတ်ရှုရန်လည်း လိုအပ်သည်။

စနစ်တွင်မှတ်ပုံတင်ခြင်းမှ ကျင့်ကြံခြင်းနှင့်ပတ်သက်သည့် ဆေးလုံးများသာ ရလေ့ရှိသည်။ သို့ဖြစ်ရာ လက်ရှိတွင်တော့ တာအိုကိုနားလည်ရန် လက်လှမ်းမီသည့်အရာ မရှိသေးပေ။

တာအိုကိုနားလည်ခြင်းနှင့် အနီးစပ်ဆုံးဆို၍ တာအိုနားလည်ခြင်းလက်ဖက်ခြောက်လေး အနည်းငယ်သာ သူ့တွင် ရှိ၏။

"ဟမ်…"

ကျန်းလန် ခြံဝန်းထဲဝင်လာသည်နှင့် သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို ဆေးရည်များလောင်းပေးရန် ဟန်ပြင်နေသည့် ချောမောလှပလွန်းသော မိန်းမပျိုလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူမက ခါတိုင်းအချိန်နှင့်မတူဘဲ သာမန်ရိုးရှင်းသည့်အဝတ်အစားလေးများကို ဝတ်ဆင်ထားသည့် ရှောင်ယွိပင် ဖြစ်သည်။

ယနေ့ သူမက သာမန်အဝတ်အစားများကိုသာ ဝတ်ဆင်ထားပြီး စည်းနှောင်ထားခြင်းမရှိသည့် ဆံနွယ်များက ခါးထိအောင် ဝဲပျံကျလို့နေသည်။

သူမသည်ကား ငယ်ရွယ်မှုအငွေ့အသက်များနှင့် ပြည့်နက်နေသည့် မိန်းကလေးငယ်လေးတစ်ယောက်ပမာပင် ဖြစ်သည်။

အရွယ်ရောက်ပြီးသူ လုန်ယွိကို ယခုလိုပုံစံမျိုးဖြင့် တွေ့မြင်ရသည်မှာ အမှန်တကယ် အံ့သြစရာပင်။ ရှောင်ယွိက မိန်းကလေးများတွင်ရှိသင့်သည့် အမို့အမောက်များထင်ပေါ်ခြင်းမရှိသေးပဲ ပြားချပ်ချပ်မျှသာ ရှိသည်။

သို့သော် အရွယ်ရောက်ပြီးသူ လုန်ယွိကတော့ မိန်းကလေးတို့တွင်ရှိသင့်သည့် အမို့အမောက်အရှိုက်အဝန်းတို့ ပြည့်စုံစွာဖြင့် အလွန်ပင် မျက်စိကိုဖမ်းစားနိုင်ကာ ဆွဲဆောင်မှုရှိလွန်းလှ၏။

ရှောင်ယွိမှ လုန်ယွိအဖြစ်ပြောင်းလဲသွားသည်ကို ကိုယ်တိုင်မျက်စိဖြင့်တွေ့မြင်ထားခြင်း မရှိပါက ကျန်းလန် ယုံကြည်နိုင်မည် မဟုတ်ပေ။

ကျန်းလန်ကိုတွေ့သည်နှင့် ရှောင်ယွိက နှုတ်ဆက်စကားဆိုလိုက်သည်။

"ဂိုဏ်းတူမောင်လေး ပြန်လာပြီလား"

ပြီးနောက် သူမက သစ်သားဓားလေးကို ကျန်းလန်ထံကမ်းပေးလိုက်သည်။

"ရော့…"

သစ်သားဓားလေးအတွင်းတွင် နဂါးသုတ်သင်ဓားဝိညာဉ် ပျောက်ကွယ်နေပြီ ဖြစ်သည်။ ကျန်းလန်က အရင်ကလို ဓားဝိညာဉ်ကို (၃)နှစ်ကြာရှည်ခံအောင် ထည့်သွင်းမပေးတော့ဘဲ (၁)နှစ်မျှခံရန်သာ ထည့်သွင်းပေးလေ့ရှိသည်။

အဘယ့်ကြောင့် ထိုသို့ပြုလုပ်ရသည်ကို ကျန်းလန်ကလည်း ရှင်းမပြသလို ရှောင်ယွိကလည်း မေးမြန်းခြင်း မရှိခဲ့ပေ။

သူတို့ (၂)ယောက်ကြားတွင် ယခင်ကလို အပေးအယူများ မရှိကြတော့ပေ။

"ဂိုဏ်းတူအစ်မ ၊ အဲဒါလေးတွေကို ဘာရည်တွေလောင်းပေးထားတာလဲ"

ကျန်းလန်က သစ်သားဓားလေးကို ယူလိုက်ရင်း ရှောင်ယွိလက်ထဲမှ အနီရောင်တောက်ပနေသည့် ဆေးပုလင်းကို လှမ်းကြည့်ရင်း မေးလိုက်သည်။

ရှောင်ယွိက အနီရောင်ဆေးရည်များကို သားရဲဥလေးနှင့် ရေသဖန်းပင်လေးကို လောင်းပေးရန် ပြင်ဆင်နေ၏။

သာမန်ဝိညာဉ်ဆေးရည်များက ရေကဲ့သို့ ကြည်လင်လေသည်။ ကျန်းလန်က ပြဒါးဆေးလုံးများကြိတ်ချေထည့်လိုက်သည့်အခါ ဆေးရည်များက နို့နှစ်ရောင်အဖြစ် ပြောင်းလဲသွားသည်။

ယခု ရှောင်ယွိလောင်းနေသည့် ဆေးရည်များက အနီရောင်တောက်ပနေလေရာ ထူးခြားသည့်ဆေးဝါးတစ်ခု ပေါင်းစပ်ထားသည်မှာ ထင်ရှားသည်။

ရှောင်ယွိက လေးနက်သည့်မျက်နှာထားဖြင့်…

"ဒါ ရေနက်သန္တာကျောက်ကို အရည်ဖျော်ထားတာလေ ၊ အပင်တွေအတွက်အရမ်းကောင်းတယ်လို့ ကြားဖူးလို့ သားရဲဥလေးနဲ့ ရေသဖန်းပင်လေးကို လောင်းပေးမလို့"

"ရေနက်သန္တာကျောက် ဟုတ်လား"

ကျန်းလန်က သိချင်စိတ်ဖြင့်မေးလိုက်သည်။

ထိုပစ္စည်းက တန်ဖိုးကြီးသည့် ရှားပါးပစ္စည်းမဟုတ်သော်လည်း အထားခံသည့် ပစ္စည်းတစ်ခု မဟုတ်ပေ။ အရင်က ရှောင်ယွိထံတွင် ထိုသို့သောပစ္စည်းမျိုး မရှိခဲ့သည်မှာ သေချာသည်။

ရှောင်ယွိက ခဏမျှ တုံ့ဆိုင်းနေပြီးမှ…

"ဒီမနက်ပဲ မောင်လေးက တွေ့ချင်တယ်ဆိုတာနဲ့... ကျွန်မ သူ့ကိုသွားတွေ့တာ"

ရှောင်ယွိက ခဏတုံ့ဆိုင်းနေပြီးမှ ဆက်ပြောသည်။

"အဲဒါ သူက ကျွန်မအတွက် လက်ဆောင်ယူခဲ့ဖို့ မေ့သွားလို့ဆိုပြီး သူ့ရှိတဲ့ပစ္စည်းတွေ အကုန်ထုတ်ပြီး ကျွန်မကြိုက်တာ ရွေးယူခိုင်းတယ်လေ၊ ဒါနဲ့ ကျွန်မ ဒီသန္တာကျောက်လေး ယူလိုက်တာ ၊ အင်း… ကျွန်မလည်း သူ့ကို ဘာလက်ဆောင်ပြန်ပေးရင် ကောင်းမလဲမသိဘူးနော်"

လုန်ယွိက နဂါးမျိုးနွယ်မှ မင်းသမီးတစ်ပါး ဖြစ်သော်လည်း အင်မော်တယ်အဖြစ်မွေးဖွားလာသည့် မောင်ငယ်လေးနှင့်တော့ ယှဉ်ပြိုင်နိုင်စွမ်း မရှိပေ။

အစပိုင်းတွင် မောင်ငယ်လေး မွေးဖွားလာခြင်းက သူမကိုဒုက္ခရောက်စေမည်ဟု ထင်ခဲ့မိသော်လည်း တကယ်တမ်းတွင် မည်သည့်ပြဿနာမှ ဖြစ်မလာခဲ့ပေ။

မောင်ငယ်လေးက သူမနှင့် ပတမဆုံးတွေ့ဆုံစဉ်ကပင် အစ်မအဖြစ် အသိအမှတ်ပြုကာ ဦးညွှတ်ဂါရဝပြုခဲ့လေသည်။ သူ့ကိုကြည့်ရသည်မှာ သူမကို အစ်မတော်ရသည်ကိုပင် ဝမ်းသာပျော်ရွှင်နေဟန်ပင်။

ထိုအချက်က အလွန်မှ ထူးဆန်းလှသည်ဟု လုန်ယွိတွေးနေခဲ့မိလေသည်။

All Chapters