← Chapters

အပိုင်း ၄၆၂

Vol. 31 Ch. 462

အပိုင်း ၄၆၂

Vol. 31 Ch. 462

နောက်ဆုံးတွင် တစ်စုံတစ်ယောက်သည် တင်းမာသော အခြေအနေကို မခံနိုင်တော့ဘဲ ရုတ်တရက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ဘာလို့ မကူညီတာလဲ။ လက်တစ်ဖက်ဆန့်လိုက်သလို လွယ်လွယ်လေးပဲ မဟုတ်လား။”

သူ၏ မျက်လုံးထဲမှ ဒေါသမီးတောက်များသည် အရာဝတ္ထုအဖြစ် ပြောင်းလဲနိုင်မည်ဆိုလျှင် သူသည် နျဥ်ယွိယွမ်ကို ပြာကျအောင် မီးရှို့ပစ်ခဲ့လောက်ပြီပင်။

“ဟုတ်တယ်၊ ငါတို့က တစ်ဖွဲ့တည်းသားတွေ မဟုတ်ဘူးလား။ မင်း ငါတို့ကို ကူညီလိုက်တော့ရော ဘာဖြစ်မှာမို့လို့လဲ။”

“ဒီလိုအချိန်မှာ မင်း ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်ရတာလဲ။”

“ငါ ပြောထားမယ်၊ မင်း နောင်တစ်ချိန်မှာ ဝဋ်လည်လိမ့်မယ်။”

…

တောင်းပန်ခြင်း အရာမထင်သောအခါ သူတို့သည် ကျိန်ဆဲခြင်းများနှင့် ပြစ်တင်ရှုတ်ချခြင်းများသို့ ပြောင်းလဲသွားကြသည်။

သူတို့၏ မျက်နှာအမူအရာများသည် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားသည်။

အကယ်၍ နျဥ်ယွိယွမ်က သူတို့ကို လက်တစ်ဖက် မကမ်းခဲ့လျှင် သူသည် ဆိုးရွားလှသော ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့သကဲ့သို့ ဖြစ်နေသည်။

မော့ချူးက ခေါင်းစောင်းကာ မျက်ခုံးအနည်းငယ် ပင့်လိုက်သော်လည်း သူမ၏ ကြည်လင်သော မျက်လုံးများက အေးစက်မှုအနည်းငယ်ကို ပြသနေသည်။

“ဟက်ဟက်– လူယုတ်မာတွေက ကိုယ်ကျင့်တရားကို အကြောင်းပြပြီး ဖိအားပေးတာကို နောက်ဆုံးတော့ ငါ ကိုယ်တိုင်ကြုံဖူးသွားပြီ။”

မော့ချူး၏ အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားသော မိုးကြိုးသံကဲ့သို့ ဖြစ်နေသည်။

“နျဥ်ယွိယွမ်နဲ့ ငါက နင်တို့ကို မကယ်ခဲ့လို့လား။”

“စစ်ဆင်ရေးအားလုံးကို ငါတို့ပဲ ဦးဆောင်ခဲ့တာ။ နင်တို့က ဒီစူးစမ်းလေ့လာရေးမှာ ငါနဲ့ နျဥ်ယွိယွမ်ရဲ့ နာမည်တွေကို ဘာမှမပြောဘဲ ထည့်ခဲ့တာ မဟုတ်ဘူးလား။”

“ပြီးတော့ ငါတို့ ကြိုတင်သတိမပေးခဲ့ရင် နင်တို့ထဲက အများစုက အန်ယွမ်မြို့မှာ သေနှင့်နေလောက်ပြီ။ ဘာလို့ အခု ဒီမှာရပ်ပြီး ငါတို့ကို ဆဲဆိုနေကြသေးတာလဲ။”

မော့ချူးက ပေါ့ပါးသော လှောင်သံဖြင့် နိဂုံးချုပ်လိုက်သည်။ သူမ၏ မျက်လုံးများသည် မထီမဲ့မြင်ပြုမှုကို ရှင်းလင်းစွာ ပြသနေသည်။ အချို့သောလူများသည် အမြဲတစေ သူတစ်ပါး၏ သည်းခံမှုကို အားကိုးပြီး ဒါကို သူတို့၏ အရှက်မရှိသော အခွင့်အရေးအဖြစ် သဘောထားကြသည်။

လူတိုင်း ပြောစရာစကား ရှာမတွေ့ခဲ့ကြပေ။

အမှန်စင်စစ် သေချာစဉ်းစားကြည့်လျှင် နျဥ်ယွိယွမ်နှင့် မော့ချူးတို့သည် အလွန်အကျွံ လုပ်ပေးခဲ့ပြီးဖြစ်သည်။ အကယ်၍ ယခု သူတို့သည် ကယ်တင်ရန် လက်မကမ်းခဲ့လျှင်ပင် သူတို့တွင် ပြောစရာ စကားလုံးမရှိပေ…

ထပ်ပြီး ဒီ‌ သောက်ကျိုးနည်း ကောင်မ‌လေးပဲ။

တန့်ရှောင်၏ အကြည့်သည် မှောင်မိုက်သွားသည်။ သူသည် သူ၏ ကြီးမားသော အင်အားကို အသုံးပြု၍ လူတို့၏ နှလုံးသားကို လှုံ့ဆော်တိုင်း ဤမိန်းကလေးသည် ရေခဲရေဇလုံတစ်လုံးကဲ့သို့ ပေါ်လာတတ်သည်။ ‘ရှဲ’ ကနဲ အသံနှင့်အတူ သူမသည် သူတို့၏ ဒေါသကို အလွယ်တကူ ငြိမ်းသတ်ပစ်တတ်သည်။ လူတိုင်း၏ တောက်လောင်နေသော ဒေါသသည် ချက်ချင်း ငြိမ်းသွားပြီး မီးခိုးငွေ့ တစ်လိပ်နှစ်လိပ်သာ လေနှင့်အတူ လွင့်တက်သွားသည်။

ဒီခွေးမ၊ အမြဲတမ်း နျဥ်ယွိယွမ်ကို ကူညီပြီး ငါ့ကို ဆန့်ကျင်နေတာပဲ။

တန့်ရှောင်၏ မျက်လုံးများသည် အေးစက်သွားသည်။ ဖုတ်ကောင်ကို ချိန်ထားသော သေနတ်သည် တိတ်တဆိတ် လားရာပြောင်းသွားပြီး မော့ချူး၏ ဦးခေါင်းကို တည့်တည့် ချိန်လိုက်သည်။

သူ လက်ညှိုးညွှန်လိုက်သည်နှင့် ကျည်ဆန်သည် မော့ချူး၏ ဦးခေါင်းထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားလိမ့်မည်။ ကျည်ဆန်သည် တိုက်ရိုက်ပင် ထိုးဖောက်သွားပြီး သွေးများ ပန်းထွက်စေနိုင်သည်…

တန့်ရှောင်သည် ခေါင်းလှည့်ကာ သူ၏ဘေးမှ နျဥ်ယွိယွမ်ကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များသည် မထိန်းနိုင်ဘဲ အနည်းငယ် ကွေးတက်သွားသည်။ ထိုအချိန်ရောက်လျှင် သူလည်း နှလုံးသား ထိုးဖောက်ခံရတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်သင့်သည်။

ဘန်း–

ပေါ့ပါးသော အသံနှင့်အတူ ကျည်ဆန်သည် ထွက်သွားသည်…

တန့်ရှောင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားသည်။ သူသည် မယုံနိုင်စွာဖြင့် မျက်လုံးများ ကျယ်သွားပြီး ဖြည်းညင်းစွာ ခေါင်းငုံ့ကြည့်လိုက်သည်။ သူ၏ ရင်ဘတ်မှ သွေးထွက်နေသော သွေးပေါက်ငယ်တစ်ခုသည် အဆက်မပြတ် သွေးများ စီးကျနေသည်။ သွေးသည် မျက်စိကျိန်းလောက်အောင် နီရဲနေသည်။

ထိုအချိန်တွင်ပင် မော့ချူး ဘေးရှိ လမ်းကြမ်းမောင်းကား၏ နောက်ကြည့်မှန်သည် ကျည်ဆန်ထိမှန်ကာ ရုတ်တရက် ကွဲကြေသွားပြီး အစအနများသည် မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။သူ ခေါင်းလှည့်ကြည့်လိုက်သောအခါ နျဥ်ယွိယွမ်၏ မျက်လုံးများသည် ရုတ်တရက် မှောင်မိုက်သွားသည်။ တန့်ရှောင်သည် ဤတစ်ချက်ကို မူလက ချူးလေးကို ချိန်ရွယ်ခဲ့သည်ကို သူ သံသယမရှိပေ။ သို့သော် သူက ဦးစွာ အပစ်ခံလိုက်ရပြီး သူ၏လက်သည် နေရာလွဲသွားသောကြောင့် လမ်းကြမ်းမောင်းကား၏ နောက်ကြည့်မှန်ကို ထိမှန်သွားခြင်း ဖြစ်သည်။

ဤလူကို အရှင်မထားနိုင်ပေ။

သူသည် နျဥ်ယွိယွမ်၏ ပင်လယ်နက်ကဲ့သို့သော အကြည့်ကို သတိမပြုမိပေ။ တန့်ရှောင်၏ ထုံထိုင်းနေသော အကြည့်သည် သူ၏ သွေးထွက်နေသော ရင်ဘတ်မှ အပေါ်သို့ ရွေ့သွားသည်။ ပုံရိပ်တစ်ခုသည် သူ၏ မြင်ကွင်းထဲသို့ ချက်ချင်း ပေါ်လာသည်။

သူ၏ မျက်ဆံများ ကျယ်သွားပြီး အသံမပေါက်တပေါက်ဖြင့် အော်ဟစ်လိုက်သည်။

“အား–”

တန့်ရှောင်သည် မသိစိတ်ဖြင့် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး မယုံနိုင်စွာဖြင့် ခေါင်းခါလိုက်သည်။ ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤလူသည် ဖုတ်ကောင်အဖြစ်သို့ ပြောင်းသွားခဲ့သည် မဟုတ်ပါလား။ သူသည် ဤနေရာတွင် မည်သို့ ပေါ်လာနိုင်မည်နည်း။ ထို့အပြင် သူသည် မည်သည့်ဒဏ်ရာမှ မရရှိသကဲ့သို့ ဖြစ်နေသည်။

မလှမ်းမကမ်းမှ ရင်းနှီးသော ပုံရိပ်ကို ကြည့်ရင်း လန်လင်း၏ မျက်လုံးများသည် ဝမ်းမြောက်မှုဖြင့် ပြည့်နှက်နေသည်။ သူသည် သူ၏ မျက်လုံးများကို မယုံနိုင်အောင် ဖြစ်နေသည်။

“လောင်ပိုင်!”

မှန်ပေသည်။ ဤမုတ်ဆိတ်မွေးနှင့် လူနှင့် သူ၏ သန်မာသော ခန္ဓာကိုယ်မှာ သူတို့နှင့်အတူ အသက်စွန့်ခဲ့သော ညီအစ်ကိုဖြစ်သည်။

ဤအောင်ပွဲခံ အော်ဟစ်သံသည် လူတိုင်းကို သတိပြန်ဝင်လာစေသည်။ ဒါသည် သူတို့ရှေ့မှ မြင်ကွင်းသည် အမှန်တကယ်ဖြစ်ကြောင်း သူတို့ကို သိရှိစေသည်။

လောင်ပိုင်… ဤလူသည် အမှန်တကယ် ပြန်လာခဲ့ပြီဖြစ်သည်။

'မဟုတ်ဘူး။ ဘယ်လို… ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။'

ထိုအခိုက်အတန့်တွင်၊ သူ၏ရင်ဘတ်မှ စူးရှသောနာကျင်မှုသည် တန့်ရှောင်၏ နှလုံးသားထဲသို့ ဒီရေလှိုင်းကဲ့သို့ တိုးဝင်လာသော ထိတ်လန့်မှုကို မတားဆီးနိုင်ခဲ့ပေ။

သူသည် သွေးများစွာ ဆုံးရှုံးခဲ့ပြီး သူ၏အမြင်အာရုံသည် အနည်းငယ် ဝေဝါးနေသော်လည်း ထိုလူ၏ စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများကို မြင်နေရဆဲဖြစ်သည်။ လောင်ပိုင်သည် တောင့်တင်းသော ဖုတ်ကောင်ပုံစံမဟုတ်ဘဲ ဖြောင့်မတ်သော ခန္ဓာကိုယ်ရှိသည်။ သူသည် ဖုတ်ကောင်၏ ထူးဆန်းသော ဖြူဖျော့သော မျက်နှာလည်း မရှိပေ — သူသည် ရှင်းလင်းစွာပင် သာမန်လူတစ်ယောက်ဖြစ်သည်။

သို့သော် တန့်ရှောင်၏ မျက်လုံးများသည် မယုံနိုင်စွာဖြင့် ရုတ်တရက် ကျယ်သွားသည်။ သူ့မျက်စိဖြင့် ကိုယ်တိုင် ထိုသူဗီဇပြောင်းသွားသည်ကို မြင်ခဲ့သည်။ ယခု သူသည် ရုတ်တရက် မည်သို့ သာမန်ပြန်ဖြစ်သွားနိုင်မည်နည်း။ ဒါမဖြစ်နိုင်ပေ။

လန်ဝေသည်လည်း တစ်ခဏတာ မှင်သက်သွားသော်ငြား သူမ၏ မျက်လုံးထဲမှ ပျော်ရွှင်မှုသည် လျှံကျနေသည်။

“လောင်ပိုင်?”

လောင်ပိုင်က နှုတ်ခမ်းကို အနည်းငယ် ကွေးလိုက်သော်လည်း သူ၏အသံမှာ အနည်းငယ် ရှတနေသည်။

“ဟုတ်တယ်၊ ငါပြန်လာပြီ။”

သူသည် ဖုတ်ကောင်အဖြစ် မပြောင်းလဲသွားခဲ့ပေ။ သူ အသက်ရှင်နေသည်။

သူ၏စကားများသည် လူတိုင်း၏ နားထဲတွင် မိုးကြိုးပစ်သံကဲ့သို့ ဖြစ်နေသည်။

ဗီဇပြောင်းသွားသော လူတစ်ယောက်သည် မည်သို့ လုံးဝ ပြန်လည်ကောင်းမွန်လာနိုင်မည်နည်း။ သူတို့ရှေ့တွင် လောင်ပိုင်ကို မြင်နေရသော်လည်း သူတို့သည် ယုံကြည်နိုင်ခြင်း မရှိသေးပေ။

တောက်၊ တောက်၊ တောက်…

တောက်ပသော အနီရောင်သွေးများသည် အရသာရှိသော အစာကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မရေမတွက်နိုင်သော ဖုတ်ကောင်များကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ တန့်ရှောင်သည် သူ၏ထိတ်လန့်မှုမှ မသက်သာမီတွင် သူသည် ဖုတ်ကောင်များစွာ၏ ဝန်းရံခြင်းကို ခံလိုက်ရသည်။

ဝမ်းနည်းဖွယ် အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

“အား!”

သူသည် အောက်သို့ငုံ့ကြည့်လိုက်ရာ တန့်ရှောင်၏ ညာလက်ကို သေလုမျောပါး ဖုတ်ကောင်တစ်ကောင်က ကိုက်လိုက်သည်ကို တွေ့လိုက်ရသည်။ ဒဏ်ရာမှ သွေးများသည် ပို၍ပြင်းထန်စွာ စီးထွက်လာပြီး ပြင်းထန်သော သွေးနံ့သည် ချက်ချင်း ပျံ့နှံ့သွားသည်။ နောက်ထပ် ဖုတ်ကောင်တစ်ကောင်က သူ၏ခြေထောက်ကို ကိုက်လိုက်သည်။

တန့်ရှောင် မှင်တက်သွားသည်။ သူသည် သူ၏မျက်လုံးများကိုပင် မလှုပ်ရှားနိုင်တော့ပေ… သူ ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။ ဤအတွေးသည် သူ၏စိတ်ထဲသို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် အခြားဖုတ်ကောင်များသည် သူ့ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများကို လျင်မြန်စွာ သိမ်းပိုက်လိုက်ပြီး သူ့ကို တင်းကျပ်စွာ ဝန်းရံလိုက်ကြသည်။

ဘေးမှကြည့်လျှင် တန့်ရှောင်၏ ပုံသဏ္ဌာန်ကိုပင် မမြင်ရတော့ပေ။ သူသည် ဖုတ်ကောင်အုပ်ထဲတွင် နစ်မြုပ်သွားခဲ့ပြီး လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေသော ကြွပ်ရွသော ဝါးစားသံများသာ ကျန်ရစ်ခဲ့သည်။ ထိုအသံများက သူတို့၏နှလုံးသားများကိုပင် တုန်လှုပ်စေသည်။

သူ ဖုတ်ကောင်ကိုက်ခံရသော လောင်ပိုင်ကို စွန့်ပစ်ခဲ့သကဲ့သို့ သူသည်လည်း သူ့အသင်းဖော်များ၏ စွန့်ပစ်ခြင်းကို ခံခဲ့ရသည်။

ပထမဆုံး ဖုတ်ကောင်က သူ့ကို ကိုက်လိုက်သောအခါ သူတို့အားလုံးသည် တန့်ရှောင်က သူတို့ကို ထိမိမည်ကို ကြောက်ရွံ့ကာ အဝေးတွင် နေကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် သူ၏အနီးသို့ မကပ်ရဲကြပေ။ သူတို့သည် သူ့ကို ဖုတ်ကောင်များ ပိုဆွဲဆောင်ရန် အသားဒိုင်းတစ်ခုအဖြစ်ပင် မသိမသာ အသုံးချခဲ့ကြသည်။

တန့်ရှောင်သည် ဖုတ်ကောင်များ၏ စားသောက်ခြင်းကို ခံနေရသည်ကို မြင်သောအခါ နျဥ်ယွိယွမ်သည် မကျေမနပ်ဖြစ်နေဆဲဖြစ်သည်။

“ဟွန်း၊ မင်း ကံကောင်းသွားတယ်။”

အကယ်၍ သူတတ်နိုင်လျှင် သူသည် တန့်ရှောင်၏ အလောင်းကို ထုတ်ယူပြီး ထပ်မံရိုက်နှက်မိလိမ့်မည်။ သေချာပေါက် အကယ်၍ သူ့တွင် အလောင်းတစ်ခု ရှိနေသေးလျှင်ပေါ့။

တန့်ရှောင် သေဆုံးသွားသည်။

သွေးများသည် မြေပြင်ကို ဖုံးလွှမ်းသွားကာ သူ၏အရိုးများနှင့် အသားများပင် ဖုတ်ကောင်များ၏ ကိုက်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ဤဖုတ်ကောင်များသည် အန်ယွမ် မြို့တွင် အချိန်အတော်ကြာ ဆာလောင်နေခဲ့ကြသည်။ ယခု သူတို့သည် သူ၏အသားနှင့်သွေးတစ်စက်မကျန်ကို စားသုံးလိုကြသည်။

မော့ချူးသည် နျဥ်ယွိယွမ် ဘေးတွင်ရပ်ကာ ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။

သူသည် လောင်ပိုင်ကို သေနတ်ဖြင့် ပစ်သတ်ချင်ခဲ့သော်လည်း အဆုံးတွင် လောင်ပိုင်က သူ့ကို သေနတ်ဖြင့် ပစ်သတ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ မျှော်လင့်ထားသည့်အတိုင်းပင် ဝဋ်လည်ခြင်းက ကြောက်စရာကောင်းလှသည်။

ပြင်းထန်သော သွေးနံ့သည် ဖုတ်ကောင်များ၏ စိတ်အားထက်သန်မှုကို နှိုးဆွခဲ့ပြီး သူတို့အားလုံးသည် ပို၍ပို၍ ရူးသွပ်လာကြသည်။ ရလဒ်အနေဖြင့် အခြားအဖွဲ့သားများလည်း ဒုက္ခရောက်ကြသည်။ သူတို့သည် ကျိန်ဆဲရန် အချိန်မရှိဘဲ သူတို့ရှေ့မှ ဖုတ်ကောင်များနှင့်သာ ရုန်းကန်နေကြရသည်။

သူတို့ထဲတွင် ကျားဖြူ အဖွဲ့သည် အထိခိုက်ဆုံးဖြစ်သည်။

သူတို့သည် တန့်ရှောင်ကို အားကိုးထောက်ခံနေခဲ့ကြသည်။ ယခု တန့်ရှောင် သေဆုံးသွားသောအခါ ကျားဖြူ အဖွဲ့တစ်ခုလုံးသည် ခေါင်းမပါသော ယင်ကောင်အုပ်ကဲ့သို့ ဖြစ်သွားပြီး ဖုတ်ကောင်များ၏ လူစုခွဲခြင်းကို ချက်ချင်း ခံလိုက်ရသည်။

ကျန်ရှိသော လူအနည်းငယ်သည် ကြာရှည်စွာ မခုခံနိုင်ခဲ့ကြပေ။ မကြာမီပင် သူတို့သည် ဖုတ်ကောင်များ၏ တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။ ဝမ်းနည်းဖွယ် အော်ဟစ်သံများသည် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေသည်။

အခြားတစ်ဖက်တွင်မူ လောင်ပိုင်သည် တိုက်ပွဲတွင် ပါဝင်လာသည်။

သူသည် သတ္တုစွမ်းအင်အသုံးပြုသူဖြစ်သည်။ သူ၏ လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော ချွန်ထက်သည့် သတ္တုပြားများသည် ဖုတ်ကောင်များ၏ လည်ပင်းကို ထိုးစိုက်သွားသည်။ သူသည် ဖုတ်ကောင်အုပ်ကြီးတစ်အုပ်ကို အပြီးသတ်ရန် အချိန်အတော်ကြာ မယူလိုက်ရဘဲ အမဲလိုက် အဖွဲ့ဝင်များနှင့် အောင်မြင်စွာ ပြန်လည်ပေါင်းစည်းနိုင်ခဲ့သည်။

သူတို့သည် ကျောချင်းကပ်လျက် အုပ်စုတစ်ခု ဖွဲ့လိုက်ကြသည်။ သူတို့နောက်မှ သေဆုံးပြီး ပြန်လည်ရှင်သန်လာသော ရဲဘော်ရဲဘက်ကို ကြည့်ရင်း သူတို့၏မျက်လုံးများသည် နီရဲလာကြသည်။ သို့သော် လက်ရှိတင်းမာသော အခြေအနေကြောင့် သူတို့သည် သူတို့၏ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ထားရုံသာ တတ်နိုင်ကြသည်။

သို့သော် လောင်ပိုင်၏ ချောမွေ့သော ပြန်လာခြင်းသည် အမဲလိုက် အဖွဲ့ဝင်များကို စိတ်ဓာတ်ခွန်အားတစ်ခု ပေးခဲ့သည်မှာ ရှင်းလင်း၏။ မကြာမီပင် သူတို့သည် ဖုတ်ကောင်းများ၏ ဝန်းရံမှုမှ အောင်မြင်စွာ ဖောက်ထွက်ပြီး သူတို့၏ ကားများဆီသို့ ပြန်သွားနိုင်ခဲ့ကြသည်။

“ကောင်းပြီ၊ အချိန်တန်ပြီ။ သွားကြရအောင်။”

All Chapters