အပိုင်း ၄၆၅
Vol. 31 Ch. 465
အခြားသူများသည်လည်း သူ၏ အော်သံကြောင့် ဆွဲဆောင်ခံရပြီး အလျင်အမြန် မေးခဲ့ကြသည်။
“ဘာဖြစ်တာလဲ။”
လန်လင်းသည် အချိန်အတော်ကြာအောင် ငုံ့ကြည့်ပြီးနောက် သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ခေါင်းမော့ကာ အံ့ဩတကြီး အော်ဟစ်လိုက်သည်။
“ငါး။ ရေထဲမှာ ငါးရှိတယ်ဟေ့။”
ခုနက သူ၏ ခြေထောက်ကို ကိုက်သွားသည်မှာ ငါးတစ်ကောင် ဖြစ်နိုင်သည်။ သေစမ်း။ အဲ့တာက သူ့ကို လန့်သေတော့မတတ် ဖြစ်သွားစေသည်။
'ဘာလဲ။ ငါးတွေရှိတယ်တဲ့။'
အိုဘုရားရေ။ လူတိုင်းသည် ဤသတင်းကို ကြားသောအခါ အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။
သေချာစဉ်းစားကြည့်လျှင် သူတို့သည် အသားမစားရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ယခုအခါ ‘ငါး’ ဆိုသော စကားလုံးကို ကြားရုံဖြင့် သူတို့၏ ပါးစပ်များသည် အလိုအလျောက် သွားရည်ကျလာသည်။
အနီးကပ်ကြည့်လိုက်သောအခါ စမ်းရေသည် အလွန်ကြည်လင်နေသည်ကို သူတို့ သိရှိသွားကြသည်။ သို့သော် အောက်တွင် ရွှံ့နှင့် ရေညှိပင်အချို့ရှိနေသည်။ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ရေသည် နောက်ကျိသွားလိမ့်မည်။ ငါးများ ခုန်ပျံနေလျှင်ပင် သူတို့ သတိထားမိမည် မဟုတ်ပေ။ အကယ်၍ ငါးတစ်ကောင်သည် မိုက်မဲစွာဖြင့် လန်လင်း၏ ခြေထောက်ကို မတိုက်မိခဲ့လျှင် သူတို့သည် ငါးများကို သတိပြုမိမည်မဟုတ်ပေ။
ရေသည် အနည်းငယ် ကြည်လင်လာသောအခါ လူတိုင်း၏ နှုတ်ခမ်းများသည် ပို၍ပင် ကွေးတက်သွားသည်။ 'ဟား။ ဒီငါးက မသေးဘူးပဲ။ သူတို့အတွက် ကောင်းကောင်းစားသောက်ဖို့ လုံလောက်တယ်။'
သို့ဖြစ်၍ လူတိုင်းသည် လက်သီးလက်မောင်းတန်းကာ သူတို့၏ ကျွမ်းကျင်မှုများကို ပြသရန် အသင့်ဖြစ်နေကြသည်။
ကံမကောင်းစွာဖြင့် လက်တွေ့ဘဝသည် ရက်စက်လှသည်။ နေ့တစ်ဝက်ခန့် ကြိုးစားပြီးနောက် မည်သူမျှ ငါးတစ်ကောင်မျှ မဖမ်းနိုင်ခဲ့ပေ။
ဤငါးများသည် မသေးသော်လည်း အလွန် လျင်မြန်ပြီး အဆီများလှသည်။ သူတို့၏ ခန္ဓာကိုယ်များသည် ချောကျိကျိဖြစ်ပြီး လှုပ်ရှားမှုများမှာ သန်မာသည်။ သူတို့ အကြိမ်ပေါင်းများစွာ လိုက်ဖမ်းခဲ့ပြီး နောက်ဆုံးတွင် တစ်ကောင်ဖမ်းမိသော်လည်း ငါးသည် အနည်းငယ် ရုန်းကန်ပြီး သူတို့ လက်ထဲမှ အောင်မြင်စွာ လွတ်မြောက်သွားခဲ့သည်။
ဤသည်က လူတိုင်းကို ဒေါသထွက်စေသည်။ 'ဟ၊ ဒါ ငါးတစ်ကောင်ပဲ မဟုတ်လား။ ငါ ဇွန်ဘီတွေ အများကြီး သတ်ခဲ့တာ၊ မင်းကို ဘာလို့ ကြောက်ရမှာလဲ။'
သို့ဖြင့် တိုက်ပွဲသည် နောက်တစ်ကြိမ် စတင်ခဲ့သော်လည်း နောက်ဆုံးတွင်မူ... အပြတ်အသတ် ရှုံးနိမ့်ခဲ့ရသည်။
အထူးသဖြင့် လန်လင်း အတွက် ဖြစ်သည်။ သူသည် ရေထဲသို့ အကြိမ်အနည်းငယ် ပြုတ်ကျပြီး တစ်ကိုယ်လုံး စိုရွှဲနေသော်လည်း ငါး၏ အမြီးကိုပင် မထိမိဘဲ သနားစရာကောင်းလှသည်။ သူသည် စိတ်ပျက်အားငယ်နေစဉ် နျဥ်ယွိယွမ်နှင့် လောင်ပိုင်တို့ လျှောက်လာနေသော ပုံရိပ်များကို မြင်တွေ့လိုက်ရသည်။ သူဘအကြည့်များက မထိန်းနိုင်ဘဲ တောက်ပလာသည်။
“လာ၊ လာ၊ ဒီမှာ ငါးတွေရှိတယ်။”
လောင်ပိုင်သည် ငယ်ရွယ်သော်လည်း အခြားသူများ၏ ကြွယ်ဝသော အတွေ့အကြုံကို မတွန်းလှန်နိုင်ပေ။ ငါးတစ်ကောင်ဖမ်းခြင်းသည် မိနစ်အနည်းငယ်အတွင်း ပြီးစီးနိုင်သော အရာမဟုတ်ပေ။ နျဥ်ယွိယွမ်သည် တစ်နှစ်ပတ်လုံး မှော်သားရဲများနှင့် ဆက်ဆံနေခဲ့ရာ ငါးငယ်တစ်ကောင်ကို မည်သို့ မဖမ်းနိုင်ဘဲ နေမည်နည်း။ သို့ဖြစ်၍ သူတို့သည် နျဥ်ယွိယွမ်နှင့် လောင်ပိုင်တို့ကို တွေ့ဆုံသည့်အချိန်တွင် စမ်းချောင်းထဲမှ ငါးများသည် ဒုက္ခရောက်ကြတော့သည်။
ငါးတို့သည် တစ်ကောင်ပြီးတစ်ကောင် ဖမ်းဆီးခံခဲ့ရသည်။ အစပိုင်းတွင် သူတို့သည် အကြိမ်အနည်းငယ် ခုန်ပျံရုန်းကန်ကြသေးသော်လည်း နောက်ပိုင်းတွင် သူတို့သည် ကံကြမ္မာကို လက်ခံလိုက်၍လား မသိ၊ များများစားစား မလှုပ်ရှားတော့ပေ။
သို့ဖြစ်၍ အဖွဲ့သည် အရသာရှိသော ငါးကင်ပွဲတည်ပြီး စားသုံးခဲ့ကြသည်။
အထူးသဖြင့် မော့ချူးကဲ့သို့ စားဖိုမှူးတစ်ဦးနှင့်မို့ အရသာသည် အလွန်ကောင်းမွန်လှသည်။ မွှေးကြိုင်ပြီး လတ်ဆတ်ကာ ငါးအသားသည် အလွန်နူးညံ့သည်။ သူတို့၏ လျှာကိုပင် မျိုချချင်လောက်အောင် အရသာရှိလှသည်။
အဖွဲ့သည် ဗိုက်ပြည့်အောင် စားသောက်ပြီး ကန်ဘေးပတ်လည်တွင် ပျော်ရွှင်စွာ စကားစမြည်ပြောဆိုနေကြသည်။
“လောင်ပိုင်၊ ဆက်ပြီး ကြွားစမ်းပါဦး။”
အရက်မရှိသော်လည်း လူတိုင်းသည် စိတ်ဓာတ်တက်ကြွနေကြပြီး အထူးသဖြင့် လန်လင်းသည် မြင်းရိုင်းတစ်ကောင်နှင့် တူသည်။
“ဘယ်လို ဆိုင်ကလုန်းလဲ။ လေဆင်နှာမောင်းတစ်ခုပဲ မဟုတ်လား။ ငါတို့ မသိဘူးလို့ ထင်နေလား။ ကောင်းပြီ၊ မင်းက ငါ့အစ်မရှေ့မှာ ကြွားချင်နေတာ ငါသိတယ်၊ ဒါပေမဲ့ အဲ့ဒီလိုကြီးတော့ ကြွားလို့မရဘူးလေ။”
ထိုသို့ကြားသောအခါ လူတိုင်းသည် အားရပါးရ ရယ်မောကြပြီး လောင်ပိုင်၏ မျက်နှာသည်လည်း နီရဲသွားသည်။
“ဘာလဲ။ ငါအမှန်အတိုင်းပြောနေတာ။ အဲ့ဒါ လေဆင်နှာမောင်း လုံးဝမဟုတ်ဘူး။ မင်းတို့ လေဆင်နှာမောင်းက တစ်နေရာတည်းမှာ ရပ်နေတာ မြင်ဖူးလို့လား။”
“တော်ပြီ၊ လောင်ပိုင်၊ ဆက်မငြင်းနဲ့တော့။”
လန်လင်းသည် သူ့ကို လုံးဝမယုံကြည်ပေ။ သူသည် သူ့ပခုံးကို ပုတ်ကာ သူက ပိုပြီး သိတတ်နားလည်သကဲ့သို့ ပြုမူလိုက်သည်။
“မင်းပြောသမျှ အကုန်ဟုတ်တယ်၊ ဟုတ်ပြီလား။”
ဤသို့မြင်သောအခါ ကျန်သည့်သူများက ထပ်ရယ်မောကြသည်။ အလယ်တွင် ထိုင်နေသော နျဥ်ယွိယွမ်နှင့် မော့ချူးတို့သည် တစ်ချိန်တည်းတွင် လှည့်ကြည့်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
လေဟာနယ်ကွဲကြောင်းသည် တစ်နေရာတည်းတွင် ရပ်တန့်ကာ အရူးအမူးလည်ပတ်နေသော လေဝဲတစ်ခုနှင့် တူတတ်၏။
“လောင်ပိုင်၊ မင်းပြောတဲ့ ဆိုင်ကလုန်းက ဘယ်မှာလဲ။”
မော့ချူးသည် သူမ၏ နှလုံးသားထဲမှ စိတ်လှုပ်ရှားမှုကို ဖိနှိပ်ရင်း ညင်သာစွာ မေးလိုက်သည်။
“အာ။”
မော့ချူးနှင့် အခြားသူများက ဤအကြောင်းကို စိတ်ဝင်စားလိမ့်မည်ဟု မမျှော်လင့်ထားသကဲ့သို့ လောင်ပိုင်သည် ခေါင်းကို ပွတ်လိုက်သည်။
“အဲ့ဒါ စခန်းရဲ့ မြောက်ဘက်မှာ သိပ်မဝေးဘူး။”
“ငါ ဘာလို့ အရင်က မမြင်မိတာလဲ။”
နျဥ်ယွိယွမ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူ မော့ချူးကို ရှာဖွေနေစဉ်က လေဟာနယ်ကွဲကြောင်း၏ တည်နေရာကိုလည်း ဂရုစိုက်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူ ဘာမှမတွေ့ရှိခဲ့ပေ။
“အော်၊ ဒါဆို မင်း မတွေ့မိတာ ဖြစ်မှာပေါ့။”
လောင်ပိုင်သည် နားလည်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
“အဲ့ဒါက တကယ်ကို လျှို့ဝှက်ဆန်းကြယ်တယ်။ တစ်လမှာ တစ်ကြိမ်ပဲ ပေါ်လာတာ။ အဲ့ဒီနောက်မှာ ပျောက်သွားရော။”
အကယ်၍ သူတို့သည် ထိုနေရာတွင် တာဝန်များ မထမ်းဆောင်ခဲ့လျှင် နှစ်လနီးပါး ကြာပြီးနောက် သူသည် ဒါကို ရှာဖွေတွေ့ရှိဦးမည် မဟုတ်ပေ။
မော့ချူးသည် သူမ၏ ခေါင်းကို အလျင်အမြန် ရွှေ့လိုက်သည်။
“ဒါဆို နောက်ဆုံးတစ်ခေါက် နင်တို့ အဲ့ဒါကို ဘယ်တုန်းက တွေ့ခဲ့တာလဲ။”
လောင်ပိုင်သည် ပြန်မှတ်မိဖို့ ကြိုးစားရင်း မျက်လုံးများကို မှေးလိုက်သည်။
“အင်း... လတစ်လရဲ့ ၂၀ရက်မြောက်နေ့လောက် ဖြစ်မယ်။”
ယနေ့သည် ၃ ရက်နေ့ဖြစ်သည်။ မော့ချူးနှင့် နျဥ်ယွိယွမ်တို့၏ အကြည့်များသည် ဆုံသွားပြီး သူတို့၏ အကြည့်များထဲရှိ စိတ်လှုပ်ရှားမှုများက မထိန်းနိုင်ဘဲ တက်လာသည်။
အကယ်၍ လောင်ပိုင် ပြောသော ဆိုင်ကလုန်းသည် အမှန်တကယ် လေဟာနယ်ကွဲကြောင်းဖြစ်ပါက သူတို့ မကြာမီ ပြန်သွားနိုင်လိမ့်မည်။
ထိုသို့သော အတွေးဖြင့် သူတို့သည် ငါးရက်အတွင်း ပြန်သွားရန် ဖိအားပေးခြင်းခံခဲ့ရသည်။
အယ်လ်ဘာတိုမြို့စခန်း၏ ဂိတ်တံခါးကို မြင်လိုက်ရသောအခါ လန်လင်းနှင့် အခြားသူများသည် သေခါနီး ယုန်များကဲ့သို့ပင် ဖြစ်နေကြသည်။ သူတို့၏ လျှာများထွက်ကျနေပြီး မောပန်းလွန်း၍ အသက်မရှူနိုင်ဘဲ ဖြစ်နေကြသည်။ ငါတို့ကို သတ်မလို့ကြံနေတာလား။
လမ်းတစ်လျှောက်လုံးတွင် နျဥ်ယွိယွမ်သည် စိတ်ကြွဆေးတစ်မျိုးမျိုး ထိုးသွင်းခံထားရခြင်း ရှိ၊ မရှိ မသိနိုင်ပေ။ သူသည် အရှိန်ကုန် လီဗာကို နင်းထားရာ ကားသည် လေပေါ်သို့ ပျံတက်တော့မည့်အတိုင်းပင်။
အစပိုင်းတွင် အမဲလိုက်တပ်ဖွဲ့ဝင်များသည် နောက်မှကြည့်နေရင်း သူတို့အတွက် စိုးရိမ်နေကြသေးသည်။ နောက်ပိုင်းတွင်မူ သူတို့သည် စိတ်လှုပ်ရှားလာကြပြီး ပြိုင်ပွဲတစ်ခုကဲ့သို့ အတူတူ မောင်းနှင်လာကြတော့သည်။
ဤအရသာကို မြည်းစမ်းပြီးနောက်တွင်မှ လူအများအပြားသည် အဘယ်ကြောင့် ပြိုင်ကားမောင်းခြင်းကို နှစ်သက်ကြသည်ကို နောက်ဆုံးတွင် နားလည်သွားကြသည်။ ကား၏ အမြန်နှုန်း မြင့်တက်လာသောအခါ၊ ထို စိတ်ကြွဟော်မုန့်များ ထွက်လာသည့် ခံစားမှု၊ နှလုံးခုန်သံနှင့် နား နားမှ တိုက်ခတ်သွားသော လေပြေ၏ ခံစားမှုသည် စိတ်လှုပ်ရှားဖွယ်ရာ ခံစားမှုတစ်ခုပင်။
သို့သော် ပြဿနာမှာ ငါးရက်လုံးလုံး ကားမောင်းခြင်းကို မည်သူမျှ မခံနိုင်ခြင်းပင်ဖြစ်သည်။
စခန်းထဲသို့ ဝင်ရောက်ပြီးနောက် သူတို့သည် ကားပေါ်မှဆင်းကာ မြေကြီးပေါ်သို့ ခိုင်ခိုင်မာမာ ခြေချလိုက်ကြသည်။ ထိုအခါမှသာ လူတိုင်းသည် ဖော်မပြနိုင်သော ငြိမ်းချမ်းမှုကို ခံစားလိုက်ရသည်။
တစ်ဖက်တွင်မူ စခန်းထဲသို့ ဝင်သည်နှင့် တစ်ပြိုင်နက် သူတို့၏ လှုပ်ရှားမှုများကို ရှမိသားစုမှ ချက်ချင်း ထိန်းချုပ်လိုက်သည်။
ရှကွမ်းသည် အောက်တွင်ရပ်နေသော သူ့သားကို ကြည့်လိုက်ပြီး အထက်လူကြီးများက ယခုလေးတင် တင်ပြလာသော အခြေအနေကို ပြန်တွေးမိသည်။ သူသည် ရင်ထဲတွင် စူးရှသော နာကျင်မှုကို မခံစားဘဲ မနေနိုင်တော့ပေ။ အထူးစွမ်းရည်ရှင်အဖွဲ့ ခြောက်ဖွဲ့၊ အထူးစွမ်းရည်ရှင်အဖွဲ့ ခြောက်ဖွဲ့လုံးပင် ဖြစ်သည်။ အန်ယွမ်မြို့တွင် စစ်ဆင်ရေးတစ်ခုတည်းဖြင့် သူတို့ကို လုံးဝဥဿုံ ဖျက်ဆီးပစ်လိုက်သည်။
သူ့ရင်ထဲတွင် မည်သို့ နာကျင်မှု မရှိဘဲ နေနိုင်မည်နည်း။ ယခုအချိန်တွင် သူ့နှလုံးသားသည် သွေးများ ယိုစီးနေသည်။
အထူးသဖြင့် ဤခေတ်ကြီးထဲတွင် အရည်အချင်းရှိသူများသည် အမြဲတမ်း တန်ဖိုးမဖြတ်နိုင်ကြောင်း သိထားရမည်။
အထူးစွမ်းရည်ရှင်များမရှိလျှင် မည်သူက အရင်းအမြစ်များကို လှည့်ပတ်ရှာဖွေမည်နည်း။ အထူးစွမ်းရည်ရှင်များမရှိလျှင် မည်သူက ဖုတ်ကောင်အမြောက်အမြားကို ခုခံမည်နည်း။ အချိန်ရလျှင်၊ စခန်း တစ်ခုရှိ အထူးစွမ်းရည်ရှင် အရေအတွက်နှင့် အရည်အသွေးသည် စခန်း၏ အင်အားကို တိုက်ရိုက် ကိုယ်စားပြုသည်။
ရှကွမ်းသည် စိတ်မထိန်းနိုင်တော့ပေ။ သူသည် စားပွဲပေါ်သို့ လက်ဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်ရာ လက်ဖက်ရည်ခွက်သည် တုန်ခါသွားသည်။
"အရင်တုန်းက မင်း ငါ့ကို ဘာပြောခဲ့လဲ"
"အဲ့တုန်းက မင်း နျဥ်ယွိယွမ်ကို ခေါင်းဆောင်အဖြစ်ထားရင် ဒီအဖွဲ့တွေ ဘာပြဿနာမှရှိမှာမဟုတ်ဘဲ အစားအသောက်နဲ့ လက်နက်တွေ ပြန်ယူလာနိုင်မယ်လို့ ငါ့ကို ကျိန်ဆိုပြီး ကတိပေးခဲ့တယ်လေ။ အခုတော့ ငါတို့ စခန်းက လူဘယ်လောက်တောင် ဆုံးရှုံးသွားပြီလဲ ကြည့်စမ်းပါဦး…"
မှန်ပေသည်၊ စားနပ်ရိက္ခာ အမြောက်အမြားကို ပြန်လည်ယူဆောင်လာခဲ့သည်။ သို့သော် အထူးစွမ်းရည်ရှင်အဖွဲ့ ခြောက်ဖွဲ့၏ တန်ဖိုးကို စဉ်းစားမိသောအခါ ရှကွမ်းသည် ရင်ထဲတွင် နာကျင်မှုကို ခံစားလိုက်ရသည်။
ရှချန်းသည် တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထိုသည်ကိုမြင်သောအခါ ရှကွမ်းသည် နောက်ထပ်ဘာမှမပြောတော့ပေ။ အဆုံးတွင် သူသည် ရှချန်းအား လက်ကိုဝှေ့ယမ်းပြလိုက်ပြီး အနည်းငယ် စိတ်ဓာတ်ကျသော လေသံဖြင့် ပြောလိုက်သည်။
“ထားလိုက်တော့။ ငါ ဒါကို သေချာ မစဥ်းစားလိုက်မိတာ၊ မင်း .. မင်းထွက်သွားတော့”
ပြောရလျှင် သူသည် အကူအညီမဲ့နေသည်ဟု ခံစားရသည်။ သူတို့ စခန်းသည် သတင်းကို အရင်ရရှိခဲ့ပြီး အရင်ဆုံးလှုပ်ရှားခဲ့သည်။ အန်ယွမ်မြို့ရှိ အရင်းအမြစ်များကို အောင်မြင်စွာ ရယူနိုင်သမျှ ကာလပတ်လုံး သူတို့ စခန်း၏ အဆင့်အတန်းသည် အလွန်မြင့်တက်လာမည်ဖြစ်ပြီး သူတို့၏ အခွင့်အာဏာသည် ပို၍ပင် အားကောင်းလာမည်ဖြစ်သည်။ သို့သော် ယခုမူကား အခြေအနေသည် ပြောင်းပြန်ဖြစ်သွားခဲ့သည်။ အဆင့်အတန်းမြင့်တက်ခြင်းကို မဆိုထားနှင့်၊ သူတို့၏ မူလဂုဏ်သတင်း ကို ထိန်းသိမ်းထားနိုင်ခြင်းသည်ပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။
ရှကွမ်းသည် သက်ပြင်းချလိုက်ပြီး ရှချန်း၏ နောက်ကျော တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်နေခဲ့သည်။ သူသည် မျက်မှောင်ကြုတ်ကာ မည်သို့ပြန်လည် ပြုပြင်ရမည်ကို ဂရုတစိုက် စဉ်းစားခြင်းမပြုဘဲ မနေနိုင်တော့ပေ။
အခန်းထဲမှ ထွက်လာသည့်တိုင်အောင် ရှချန်းသည် ခေါင်းကို အနည်းငယ် မော့ထားသည်။ သူ့မျက်နှာသည် အေးစက်မှုများနှင့် ပြည့်နှက်နေပြီး အထူးသဖြင့် သူ့မျက်လုံးများသည် မကောင်းသော ရည်ရွယ်ချက်များနှင့် ပြည့်နှက်နေသည်။
နျဥ်ယွိယွမ်သည် အခြား အထူးစွမ်းရည်ရှင်အဖွဲ့များကို မျက်ကွယ်ပြုလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထိုသို့သာ မဟုတ်ပါက သူတို့ စခန်းသည် ဤမျှလောက် ကြီးမားသော ဆုံးရှုံးမှုကို ခံစားရမည်မဟုတ်ပေ။
အားလုံးသည် ထိုကောင်လေး၏ အမှားကြောင့်သာ ဖြစ်သည်။ ဤသို့တွေးမိသောအခါ ရှချန်း၏ အကြည့်များသည်လည်း ပိုပြင်းထန်လာခဲ့သည်။ သူ စခန်း၏ ဝင်ပေါက်ဆီသို့ တန်းလျှောက်သွားလိုက်သည်။