← Chapters

အပိုင်း ၄၇၂

Vol. 32 Ch. 472

အပိုင်း ၄၇၂

Vol. 32 Ch. 472

ဆယ်ရက်အတွင်း၌ အထူးစွမ်းအင် အသုံးပြုသူ ၁၂ ယောက်သည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့သည်။ ထိုအဖြစ်က လူတိုင်းကို ထူးဆန်းစွာ ကြက်သီးထစေလောက်သည်အထိ တိတ်ဆိတ်လွန်းနေခဲ့သည်။

ရှမိသားစုမှာ တိတ်ဆိတ်နေခဲ့သည်။ သို့သော်လည်း သူတို့သည် အိမ်ပတ်လည်တွင် အစောင့်များကို တစ်သုတ်ပြီးတစ်သုတ် ထပ်တိုးချထားခဲ့ရာ အိမ်ကြီးတစ်ခုလုံးမှာ ထိုးဖောက်ဝင်ရောက်၍ မရနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

ထိုသို့ဖြစ်သော်လည်း ရှကွမ်းနှင့် သားဖြစ်သူတို့၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုများမှာ များစွာ လျော့ပါးသွားခြင်းမရှိပေ။

ဘယ်လိုပဲဖြစ်ဖြစ် သေဆုံးသွားသူများမှာ အဆင့်မြင့်ပုဂ္ဂိုလ်အချို့ အပါအဝင် အထူးစွမ်းအင်ပိုင်ရှင် ဆယ့်နှစ်ယောက်တောင် ဖြစ်သည်! နျဥ်ယွိယွမ်က သူတို့ကို ကစားစရာကဲ့သို့ သဘောထားပြီး အလွန်လွယ်ကူစွာ သတ်ဖြတ်သွားခဲ့သည်! ဤအကြောင်းကို တွေးမိသောအခါ သူတို့၏ နှလုံးသားများမှာ ပြင်းထန်စွာ တုန်လှုပ်သွားရတော့သည်။

နောက်တစ်ယောက်က သူတို့များဖြစ်မလား။

ထိုအတွေးများဖြင့် သူတို့နှစ်ယောက်မှာ ညဘက်တွင် အိပ်မပျော်နိုင်ဘဲ စိတ်ကယောက်ကယက် ဖြစ်နေခဲ့ကြသည်။

အချိန်ကြာမြင့်စွာ စိတ်တင်းကြပ်ပြီး အိပ်ရေးပျက်တာကြောင့် သူတို့၏ ရုပ်သွင်မှာ နှစ်အနည်းငယ်မျှ အသက်ကြီးသွားသကဲ့သို့ ထင်ရသည်။ အထူးစွမ်းအင်အသုံးပြုသူတစ်ယောက် သေဆုံးသွားသည့် သတင်းကို ကြားရတိုင်း သူတို့၏ နှလုံးသားထဲမှ ထိတ်လန့်မှုမှာ ပိုမိုနက်ရှိုင်းလာခဲ့သည်။ ထိုသို့သော ပြင်းထန်သည့် ကြောက်ရွံ့ထိတ်လန့်မှုထဲမှာ ပိတ်မိနေသည့် သူတို့နှစ်ဦးမှာ ရူးမတတ်ပင် ဖြစ်နေခဲ့သည်။

မိနစ်တိုင်း၊ စက္ကန့်တိုင်းက အဆုံးမရှိသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်လာခဲ့သည်။

သူတို့နှစ်ယောက် ပြိုလဲတော့မည့်ဆဲဆဲမှာပင် နျဥ်ယွိယွမ်က ရုတ်တရက် ပေါ်လာခဲ့သည်။

သူတို့မျှော်လင့်ထားခဲ့သော လုပ်ကြံသတ်ဖြတ်မှု နည်းလမ်းအမျိုးမျိုးနှင့်မတူဘဲ သူက မော့ချူးကို အခြေစိုက်စခန်း၏ ဝင်ပေါက်မှတစ်ဆင့် တင့်တယ်ခန့်ညားသော အမူအရာဖြင့် ခေါ်ဆောင်လာခဲ့သည်။

အခြေစိုက်စခန်း၏ ဝင်ပေါက်ကို စောင့်ကြပ်နေသူများပင် အံ့အားသင့်သွားကြပြီး သူတို့ကို ထိုအတိုင်းပင် ဝင်ခွင့်ပြုလိုက်ကြသည်။

ထို့နောက် သူတို့နှစ်ဦး၏ ပေါ်ထွက်လာမှုက ချက်ချင်း စိတ်လှုပ်ရှားမှု လှိုင်းလုံးတစ်ခုကို ခေါ်ဆောင်လိုက်တော့သည်။

ယခင် နျဥ်ယွိယွမ် စဥ့်ကဲပြောင်းလဲသွားချိန်က မော့ချူးက ရှချန်းကို ခေါ်ဆောင်သွားသည့် မြင်ကွင်းကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်တွေ့ခဲ့ရသည်။ သို့သော် ယခုတစ်ဖန် ပြန်ကြည့်လိုက်သောအခါ နျဥ်ယွိယွမ်၏ ခိုင်မာပြတ်သားပြီး ခန့်ညားသော မျက်နှာကို ရှင်းလင်းစွာ မြင်တွေ့နိုင်လေသည်။ သူ့ထံတွင် ဖုတ်ကောင်တစ်ကောင်၏ တောင့်တင်း၍ လိမ်ကောက်နေသော ပုံစံမျိုး လုံးဝမရှိတော့ပေ။ လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်လာကြတော့သည်။

ယခင်က သူတို့သည် မော့ချူး၏ ကုသနိုင်စွမ်းအကြောင်းကိုသာ ကြားဖူးခဲ့ကြသည်။ သူမတွင် ထိုစွမ်းအင် အမှန်တကယ်ရှိမရှိကို မည်သူမျှမသိခဲ့ပေ။ သို့သော် ယခု နျဥ်ယွိယွမ်ကို ကြည့်လိုက်သောအခါ ဘာကို သံသယရှိစရာလိုတော့မည်နည်း။ ဒါက ထင်ရှားသော သက်သေပင်ဖြစ်သည်! ထို့နောက် သူတို့အားလုံးသည် လပေါင်းများစွာ အငတ်ထားခံရသော ဝံပုလွေများကဲ့သို့ မော့ချူးကို စိုက်ကြည့်နေကြတော့သည်။ သူတို့အားလုံး အရူးအမူးပင်။

အခြားသူများ၏ ပူလောင်သော အကြည့်များက ထိုသူနှစ်ယောက်အပေါ် များစွာ အနှောင့်အယှက် မဖြစ်စေခဲ့ပေ။

သူတို့သည် ဘေးချင်းယှဉ်ကာ လျှောက်လှမ်းလာကြသည်။ တစ်ယောက်မှာ လှပပြေပြစ်သော မျက်နှာသွင်ပြင်နှင့် တိတ်ဆိတ်ငြိမ်သက်သော စိတ်ထားရှိပြီး ကျန်တစ်ယောက်မှာမူ ခန့်ညား၍ လွှမ်းမိုးနိုင်စွမ်းရှိသည်။ သူတို့သည် အလွန်လိုက်ဖက်ညီသော အတွဲဖြစ်ပြီး လမ်းတစ်လျှောက်တွင် တော်တော်များများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။

ရှကွမ်းနှင့် သူ့သားဖြစ်သူတို့ သတင်းရ၍ အပြေးအလွှား ရောက်လာသောအခါ မော့ချူးနှင့် နျဥ်ယွိယွမ်တို့ လူအများ၏ ဝန်းရံခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသည်။ သူတို့၏ လူကြိုက်များမှုမှာ ၂၁ ရာစု၏ စူပါစတားများထက်ပင် ပို၍ကြီးမားနေသည်။

နျဥ်ယွိယွမ်၏ ထက်မြက်သော အာရုံခံနိုင်မှုက တစ်ဖက်လူ ရောက်ရှိလာသည်ကို လျင်မြန်စွာ အာရုံခံမိစေခဲ့သည်။ သူသည် ခေါင်းကို အနည်းငယ်မော့လိုက်ပြီး သူတို့၏ ဖြူဖျော့၍ မှင်သက်နေသော ပုံစံကို မြင်လိုက်ရသောအခါ သူ၏လှပသော နှုတ်ခမ်းများမှာ အနည်းငယ် ကွေးတက်သွားတော့သည်။ နောက်ဆုံးတော့ သူတို့ ရောက်လာခဲ့ပြီ!

နှစ်ဖက်လုံး၏ အကြည့်များ ဆုံမိသွားကြပြီး တိတ်ဆိတ်ငြိမ်သက်နေသော အငွေ့အသက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စောနက သက်ဝင်လှုပ်ရှားနေသော ပတ်ဝန်းကျင်မှာ ချက်ချင်း အေးခဲသွားတော့သည်။

လေထုထဲတွင် တင်းမာမှု အရိပ်အယောင်များ ထွက်ပေါ်နေခဲ့သည်။ နျဥ်ယွိယွမ်နှင့် မော့ချူးတို့ဘက်တွင် လူနှစ်ယောက်သာရှိသော်လည်း ရှကွမ်း၏ ဘက်တွင် ရှစ်ယောက်၊ ကိုးယောက်ခန့် ရှိနေသည်။ အရှိန်အဝါအရ သူတို့သည် အသာစီးမရသည့်အပြင် ပြိုင်ဘက်များကို ဖိနှိပ်ထားပုံပင် ပေါက်နေသည်။ သူတို့ကို လျှော့တွက်၍မရပေ။

ရှကွမ်းက ဦးစွာစကားစလိုက်သည်။"မင်း လုံးဝ ပြန်ကောင်းသွားပြီလား"

အသက်ကြီးလေ ဉာဏ်ရှိလေပင်။ ရှကွမ်း၏ နှစ်ပေါင်းများစွာ အတွေ့အကြုံများက သူ၏မျက်လုံးများကို ထက်မြက်စေရန် လေ့ကျင့်ပေးခဲ့ပြီးဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် နျဥ်ယွိယွမ်၏ အရှိန်အဝါမှာ လွန်ခဲ့သော လဝက်ခန့်ကထက်ပင် ပို၍ အားကောင်းနေသည်ကို အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ထိုသို့သော တည်ငြိမ်နေသည့် အရှိန်အဝါမျိုးက ပေါ်ပေါ်ထင်ထင်ပြသခြင်းထက်ပင် ပို၍ ကြောက်စရာကောင်းလှသည်။

နျဥ်ယွိယွမ်က ခေါင်းကိုအသာငြိမ့်ပြလိုက်သည်။ "အင်း"

"ဒါဆို ကောင်းတာပေါ့"

ရှကွမ်းက အပေါ်ယံတွင် ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် ကြိုးစားနေဆဲဖြစ်သော်လည်း နျဥ်ယွိယွမ်၏ နောက်ထွက်လာမည့် စကားများက ထိုအပေါ်ယံငြိမ်းချမ်းရေးကို ရိုက်ချိုးပစ်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"ကောင်းတယ် ဟုတ်လား။ ဟမ့်! ဘာကောင်းတာရှိလို့လဲ။ ကျုပ်တော့ ဒါကို ထူးဆန်းတယ်လို့ ထင်တယ်။ ဒီစစ်ဆင်ရေးမှာ ကျုပ် ဖုတ်ကောင်အကိုက်လည်း မခံခဲ့ရဘူး။ ဒီဖောက်ပြန်ပြောင်းလဲမှုက ဘယ်ကနေ ဘယ်လိုဖြစ်လာတာလဲ။ ခင်ဗျားတို့ ရှ မိသားစုက ကျုပ်ကို ရှင်းပြသင့်တယ် မဟုတ်ဘူးလား။"

နျဥ်ယွိယွမ်က မျက်ခုံးပင့်လိုက်ပြီး သူ့မျက်နှာမှာ ရုတ်တရက် မည်းမှောင်သွားသည်။

နျဥ်ယွိယွမ်၏ စူးရှသော မျက်လုံးများနှင့် ရင်ဆိုင်ရသောအခါ ရှချန်း၏ အင်္ကျီလက်အောက်မှ လက်များမှာ တုန်ယင်နေခဲ့သည်။

ရှကွမ်း၏ မျက်နှာအမူအရာမှာမူ ပြောင်းလဲမသွားပေ။ အရင်အတိုင်းပင် ဖြစ်သည်။ နျဥ်ယွိယွမ်ဆီတွင် သက်သေမရှိသောကြောင့် ဘာပြောပြော အသုံးမဝင်ပေ။ သူသည် အပြစ်ကင်းစင်ဟန်ဖြင့် မျက်မှောင်ပင် ကုတ်လိုက်သေးသည်။ "ဟမ်... ငါတို့က ဘယ်လိုလုပ်သိမှာလဲ"

ရိုးရှင်းသော စကားတစ်ခွန်း။ ရိုးရှင်းသော စကားတစ်ခွန်းလေးဖြင့်ပင် သူသည် တာဝန်ကို လုံးဝရှောင်လွှဲလိုက်တော့သည်။

"ဟုတ်လို့လား?” မော့ချူးက မပြုံးဘဲ မနေနိုင်တော့ပေ။ သူမ၏ တောက်ပသော မျက်လုံးများကို အနည်းငယ် ပင့်လိုက်ပြီး သူမက မေးလိုက်သည်။ “ဒါဆို ဒါက ဘာလဲ?"

သူမ၏ လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူမ၏ သွယ်လျသော လက်ဖဝါးထဲတွင် ကြည်လင်သော စမ်းသပ်ပြွန်အရည်တစ်ပုလင်းကို ကိုင်ထားသည်ကို တွေ့လိုက်ရသည်။

လွန်ခဲ့သော ဆယ်ရက်အတွင်း နျဥ်ယွိယွမ်သည် သူ့အစွမ်းကိုပြသရန် အထူးစွမ်းအင် အသုံးပြုသူအချို့ကို အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းမဟုတ်ပေ။

သေချာပေါက် သူတို့ သတ်ဖြတ်ခဲ့သောသူများမှာ နာမည်ဆိုးရှိသူများဖြစ်သည်။ ထိုသူ အများစုမှာ သာမန်လူများကို အနိုင်ကျင့်ပြီး ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။ ထိုသို့ပြုလုပ်ခဲ့လျှင်ပင် သူတို့သည် အပြစ်ရှိသည်ဟု ခံစားရမည်မဟုတ်ပေ။

ပိုအရေးကြီးသည်မှာ နျဥ်ယွိယွမ် သူတို့၏ ထောင်ချောက်ထဲသို့ ကျရောက်သွားရသည့် အကြောင်းရင်းကို သူတို့ရှာဖွေတွေ့ရှိခဲ့ခြင်းပင်ဖြစ်သည်။ အကြောင်းမှာ ဤသန့်စင်ထားသော ဖုတ်ကောင်ဗိုင်းရပ်စ်တစ်ပုလင်းကြောင့် ဖြစ်သည်။

ဤအကြောင်းကို ပြောရလျှင် ရှချန်းမှာ အမှန်တကယ်ပင် မနှမြောတတ်ခဲ့ပေ။

ဤဖုတ်ကောင်ဗိုင်းရပ်စ် သန့်စင်ဆေးရည်ပုလင်းမှာ တစ်မီလီလီတာပင် မပြည့်ချေ။ နျဥ်ယွိယွမ်ကို ရင်ဆိုင်ရန်အတွက် သူသည် ထိုအထဲမှ သုံးပုံတစ်ပုံကို အသုံးပြုခဲ့ရသည်။ သူက အမှန်တကယ်ကို ကြိုးပမ်းအားထုတ်ခဲ့သည်ပင်။

မော့ချူး၏ လက်ထဲမှ ကြည်လင်သော စမ်းသပ်ပြွန်ကိုမြင်သောအခါ အမြဲတမ်း တည်ငြိမ်နေတတ်သော ရှကွမ်းပင်လျှင် မျက်နှာ တင်းမာသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိတော့သည်။

"ဘာလဲ။ မမှတ်မိဘူးလား။” မော့ချူးက ခပ်ဟဟရယ်မောလိုက်ပြီး သူမ၏ ကြည်လင်သော အသံမှာ အခြေစိုက်စခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ “ဒါ နင်တို့ သန့်စင်ထားတဲ့ ဖုတ်ကောင်ဗိုင်းရပ်စ် မဟုတ်ဘူးလား။"

"နျဥ်ယွိယွမ် သောက်တဲ့ရေထဲကို နင်တို့ ထည့်မထားခဲ့ဘူးဆိုရင် သူက ဘာလို့ ရုတ်တရက် မျိုးဗီဇပြောင်းသွားရမှာလဲ။"

ထိုသို့ပြောပြီးနောက် မော့ချူး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်လာသည်။ သူမထံတွင် အလင်းစွမ်းအင်သာမရှိခဲ့ပါက နျဥ်ယွိယွမ်မှာ အမှန်တကယ်ပင် ဖုတ်ကောင်ဖြစ်သွားနိုင်ခဲ့သည်! သူတို့နှင့် ဤကိစ္စက မပြီးသေးပေ။

မော့ချူး၏ စကားများအပြီးတွင် လူအုပ်ကြီးမှာ နှစ်စက္ကန့်၊ သုံးစက္ကန့်ခန့် တိတ်ဆိတ်သွားပြီးနောက် ပေါက်ကွဲထွက်သွားတော့သည်။

အထူးစွမ်းအင်ပိုင်ရှင်များ၊ အထူးသဖြင့် ရှမိသားစုဝင်များကို စိုက်ကြည့်နေကြသူများ၏ မျက်နှာများတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ရှမိသားစုသည် နျဥ်ယွိယွမ်ကို မနှစ်သက်သောကြောင့် သူတို့သည် နျဥ်ယွိယွမ်ကို ဖုတ်ကောင်ဗိုင်းရပ်စ်ဖြင့် ကူးစက်စေခဲ့သည်။ တစ်နေ့နေ့တွင် ရှ မိသားစုက သူတို့ကို မနှစ်သက်တော့ရင်ရော။ သူတို့ကိုလည်း ဖုတ်ကောင်အဖြစ် ပြောင်းလဲပစ်မည်လား။

ဤသို့တွေးမိသောအခါ လူတိုင်း၏ နှလုံးသားထဲ အေးစက်သွားကြသည်။

မည်သူမျှ သူတို့၏ အသက်ကို အချိန်မရွေး၊ နေရာမရွေး အခြားသူများ၏ လက်ထဲသို့ ထည့်ထားလိုမည်မဟုတ်ပေ။ အကယ်၍ သူတို့က သေစေလိုလျှင် တစ်ခါတည်း သတ်ပစ်နိုင်သည်! ထို အချိန်မှာ အသက်ရှင်နေရခြင်းလို့ရော ဘာအဓိပ္ပာယ်ရှိမည်နည်း။

ရှကွမ်းသည် လူတိုင်း၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို သဘာဝအတိုင်း သတိပြုမိပြီး သူ့မျက်လုံးများမှာ မည်းမှောင်သွားတော့သည်။

နျဥ်ယွိယွမ်နှင့် မော့ချူးတို့သည် ဤလှည့်ကွက်ကို ရက်စက်စွာ အသုံးပြုခဲ့သည်။

စကားအနည်းငယ်ဖြင့်ပင် အခြေစိုက်စခန်း၏ အထူးစွမ်းအင် အသုံးပြုသူများအားလုံးကို ရှ မိသားစုအပေါ်မှ စိတ်ပြောင်းသွားစေခဲ့သည်။

အခြေစိုက်စခန်း၏ အထူးစွမ်းအင်ပိုင်ရှင်များက ရှ မိသားစုကို အာရုံမစိုက်တော့သည်နှင့်တစ်ပြိုင်နက် သူတို့သည် ခေါင်းဆောင်နေရာကို ဆက်ထိန်းထားနိုင်ပါဦးမည်လော။ ပိုမိုနက်ရှိုင်းစွာ တွေးကြည့်ပါက အထူးစွမ်းအင်ပိုင်ရှင်များ၏ တည်ငြိမ်မှုမရှိဘဲ သူတို့၏ မြို့ A ရှိ အခြေစိုက်စခန်းသည် ဆက်ရှင်သန်နိုင်ပါဦးမည်လား။

နျဥ်ယွိယွမ်၏ တိုက်ခိုက်မှုမှာ သူတို့၏ အခြေခံအုတ်မြစ်ကို ဖျက်ဆီးရန် အသင့်ဖြစ်နေခဲ့သည်။

ရှကွမ်းက လျှို့ဝှက်စွာ အံကြိတ်လိုက်သော်လည်း အပေါ်ယံတွင်မူ ခန့်ညားသော အမူအရာဖြင့် နားလည်သဘောပေါက်ဟန် ခေါင်းညိတ်ပြလိုက်သည်။

All Chapters