အပိုင်း ၄၇၄
Vol. 32 Ch. 474
ဗွမ်း !
ကြီးမားသော ရေပက်သံနှစ်ခုမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။ အဖြူရောင် လှိုင်းလွှာများမှာ အလွှာလိုက် ထလာခဲ့သည်။
မြင်ကွင်းကို အကျယ်ချဲ့ ကြည့်လိုက်သောအခါ ကျောက်စိမ်းရောင် ပင်လယ်ပြင်ပေါ်တွင် ရှည်လျားနက်မှောင်၍ စိုစွတ်နေသော ဆံပင်များမှာ ဖြည်းညှင်းစွာ ယိမ်းနွဲ့နေပြီး လှပပြေပြစ်သော မျက်နှာလေးတစ်ခု ပေါ်ထွက်လာသည်။ သူမ၏ နှုတ်ခမ်းများမှာ နီရဲနေပြီး သွားများမှာ ဖြူဖွေးကာ မျက်လုံးများမှာ တောက်ပနေခဲ့သည်။
ဒါက…? မော့ချုးက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။
"ပေါ့ဟိုင်း ပင်လယ်"
ရှပ်ခနဲအသံနှင့်အတူ တိုတောင်းသော ယောကျာ်းအသံတစ်သံ ထွက်ပေါ်လာသည်။ နျဥ်ယွိယွမ်၏ ခန့်ညားပြီး ခိုင်မာသော မျက်နှာမှာ သူမဘေးနားရှိ ရေပြင်ပေါ်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ၏ နက်ရှိုင်းသော မျက်လုံးများမှာ တောက်ပနေခဲ့သည်။ သူ့ခေါင်းပေါ် တင်ကျန်နေသော ရေစက်များမှာ သူ၏ ထင်းရှားသော မေးရိုးတစ်လျှောက် လျှောကျသွားပြီး ယောကျာ်းပီသသော ဆွဲဆောင်မှု အရိပ်အယောင်တစ်ခုကို ပေါ်လွင်စေခဲ့သည်။
ပေါ့ဟိုင်း ပင်လယ်? __ မော့ချုး၏ မျက်နှာမှာ ကြောင်တောင်တောင် ဖြစ်နေဆဲဖြစ်သည်။
"ဒီနေရာက အဖွဲ့ချုပ်နဲ့ ဉာဏ်ပညာတိမ်တိုက်ဂလက်စီကြားက နယ်နိမိတ်မှာ ရှိနေတာ။ ကိုယ် အရင်တိုက်ပွဲတုန်းက ဒီနေရာအကြောင်း နားလည်ထားတယ်"
မော့ချုး၏ ကြောင်တောင်တောင်ဖြစ်နေသော ပုံစံကိုမြင်သောအခါ နျဥ်ယွိယွမ်၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် ကွေးတက်သွားတော့သည်။ ရေထဲတွင် ကိုယ်ကို ထိန်းထားရန် လက်များကို အသုံးပြုနေရသည်သာ မဟုတ်ပါက သူသည် ထိုကောင်မလေး၏ ဖြူဖွေးနူးညံ့သော ပါးပြင်လေးများကို ဆွဲညှစ်ရန် လက်ဆန့်ချင်မိသည်။ ဤပုံစံလေးမှာ အမှန်တကယ်ပင် အလွန်ချစ်စရာကောင်းလှသည်!
မော့ချုးမှာ နျဥ်ယွိယွမ်၏ အတွေးများကို သတိမပြုမိဘဲ အဝေးရှိ ကမ်းရိုးတန်းဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။
သူမ မျက်မှောင်ကြုတ်လိုက်သည်။ သူမတို့၏ ကံက အမှန်တကယ်ပင် ဆိုးလွန်းလှသည်! သူတို့သည် ပင်လယ်အလယ်ကို ကျလာခဲ့သည်။ သူမတို့သည် လက်များကိုသာ အားကိုး၍ ကူးခတ်သွားမည်ဆိုလျှင် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် ကြာမြင့်နိုင်သည်။
"မောင်းနှင်ခြင်းယာဥ်ကို သုံးပြီးသွားရင် နှစ်နာရီထက် ပိုမကြာလောက်ဘူး"
မောင်းနှင်ခြင်းယာဥ်သည် မြေပြင်ပေါ်တွင်သာ မောင်းနှင်နိုင်သည်မဟုတ်ဘဲ ပင်လယ်ရေမျက်နှာပြင်အထက်တွင် ပျံဝဲနေသော လေယပ်တစ်ခုကို ဖွဲ့စည်းရန် သူ့ကိုယ်ပိုင်လေစီးကြောင်းကို အသုံးပြုနိုင်သည်။ သူ၏အမြန်နှုန်းမှာလည်း မနှေးလှပေ။
ဒါကိုကြားသောအခါ မော့ချုးက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး တောက်ပသော မျက်လုံးများဖြင့် နျဥ်ယွိယွမ်ကို စိုက်ကြည့်လိုက်သည်။ သူက ကျေနပ်စွာ ခပ်ဟဟရယ်လိုက်သည်။ နျဥ်ယွိယွမ်က သူ့လက်ကောက်ဝတ်ကို ထိရန် လက်ဆန့်လိုက်သော်လည်း သူ၏ ခန့်ညားသော မျက်နှာမှာ ရှားရှားပါးပါး တောင့်တင်းသွားတော့သည်! 'ဖာ့ခ်! ဒါက တကယ်ပဲ…'
"ဘာဖြစ်လို့လဲ"
နျဥ်ယွိယွမ်မှာ တည်ငြိမ်သော အမူအရာကို ဆက်လက်ထိန်းထားနိုင်သော်လည်း သူ၏ပါးစပ်မှ ထွက်လာသော စကားများမှာ စိတ်ပျက်မှုအရိပ်အယောင်များ ပါဝင်နေခဲ့သည်။
"ခလုတ်ခုံက… လေဟာနယ်ကွဲကြောင်းကြောင့် ကြေမွသွားပုံပဲ"
'ဖာ့ခ်! ဘယ်လိုတောင် အချိန်ကိုက်ဆိုးရွားမှုမျိုးလဲ… သူ မော့ချုး ရှေ့တွင် အစွမ်းပြရန် အခွင့်အရေးရခါမှ နောက်ဆုံးတွင် ဒီလိုမျိုး မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရတာလား။ သေစမ်း!'
နျဥ်ယွိယွမ်က သူ အဖွဲ့ချုပ်သို့ ပြန်ရောက်ပြီးနောက် ပထမဆုံးလုပ်မည့်အရာမှာ ခလုတ်ခုံ ၏ ထုတ်လုပ်ရေးလုပ်ငန်းကို တင်းတင်းကျပ်ကျပ် ကြီးကြပ်ရန် အမိန့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ ဒါက ဘယ်လိုဟာမျိုးလဲ။ အရည်အသွေးက ဘယ်လိုလုပ် ဒီလောက်ညံ့ဖျင်းနိုင်ရတာလဲ။
အပြစ်မရှိသော ခလုတ်ခုံ ထုတ်လုပ်သူမှာ မတရားခံရသည်ဟု ခံစားလိုက်ရသည်။ ခလုတ်ခုံမှာ လေဟာနယ်ကွဲကြောင်းကြောင့် ကြေမွသွားသည်ကိုပင် အရည်အသွေးညံ့ဖျင်းသည်ဟု အပြစ်တင်နေသေးသည်လား။ တကယ်ကို အကျိုးသင့်အကြောင်းသင့်မရှိတဲ့သူပဲ!
မော့ချုး၏ ခလုတ်ခုံမှာမူ ပကတိအတိုင်းရှိနေသော်လည်း ထိုအထဲတွင် မောင်းနှင်ခြင်းယာဥ် မရှိပေ!
သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အားကိုးရာမဲ့သလို ခံစားလိုက်ရသည်။
မော့ချုး သက်ပြင်းချလိုက်မိသည်။ သူမ ဘာမှမပြောနိုင်မီမှာပင် မျက်နှာအမူအရာ ပြောင်းလဲသွားသော နျဥ်ယွိယွမ်က သူမကို သူ့နောက်သို့ ဆွဲခေါ်လိုက်သည်!
သူ့အပြုအမူများမှာ အလွန်လျင်မြန်ပြီး ပြင်းထန်လှသည်။ မော့ချုးမှာ သူမ၏ အမြင်အာရုံများ ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး သူမရှေ့မှ မြင်ကွင်းမှာ ပြောင်းလဲသွားသည်။ သူမ မတုံ့ပြန်နိုင်မီမှာပင် မှော်သားရဲတစ်ကောင်မှာသာရှိသော ညည်းညူသံကို ကြားလိုက်ရသည်။
ရှေ့တွင်ရှိနေသော နျဥ်ယွိယွမ်မှာ မျက်ခုံးအနည်းငယ် တွန့်သွားမိသည်။ သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး သတိထားဟန်တစ်ခု ပေါ်လာခဲ့သည်။ ဒီပင်လယ်ဧရိယာမှာ မှော်သားရဲတွေ အများကြီးရှိနေသေးတာကို သူ ဘယ်လိုလုပ် မေ့နေနိုင်ရတာလဲ။ သူ တကယ်ပဲ အမှားလုပ်မိပြီ!
"အိုး အိုး –"
ချိုတပ်လင်းပိုင်၏ စိတ်အခြေအနေမှာ နျဥ်ယွိယွမ်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။
သူ၏ ကျဉ်းမြောင်းသော မျက်လုံးများမှာ လှည့်လည်နေပြီး သူ့ရှေ့မှ လူနှစ်ယောက်ကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။ သူ၏ ပါးစပ်ထောင့်မှ တံတွေးများမှာ ပင်လယ်ရေထဲသို့ တစ်စက်ပြီးတစ်စက် ကျဆင်းနေခဲ့သည်။
အိုက်ယား! ဒီလောက်မွှေးကြိုင်တဲ့ အနံ့ကို မရတာ တကယ်ကြာပြီ! ဒီနေ့ တကယ်ကံကောင်းတာပဲ။ အခုတော့ အစားအစာက သူ့အလိုလို ရောက်လာခဲ့ပြီ။
မှန်ပေသည်၊ ပင်လယ်ထဲမှ မှော်သားရဲများသည် ကုန်းပေါ်ရှိ သားရဲများနှင့် သိပ်မတူပေ။
သူတို့အများစုမှာ ကိုယ်ပိုင်ပင်လယ်ဧရိယာတွင် နေထိုင်ကြသည်။ သူတို့၏ ပင်လယ်ဧရိယာတွင် ပေါ်လာသော မည်သည့်အစားအစာကိုမဆို အခြားပင်လယ်သားရဲများက ထိတွေ့ခွင့်မရှိပေ။ သို့မဟုတ်ပါက ပြဿာနအကြီးကြီးတစ်ခု လွယ်လွယ်ကူကူ ဖြစ်သွားနိုင်သည်။
သေချာပေါက် သူတို့၏ ပင်လယ်ဧရိယာကို ပိုင်းခြားခြင်းမှာလည်း သူတို့၏ အင်အားအပေါ်မူတည်၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ အစွမ်းထက်သော ပင်လယ်သားရဲများမှာ ပိုမိုကြီးမားကျယ်ပြန့်သော ဧရိယာကို ပိုင်ဆိုင်လေ့ရှိသည်။
ဤ ချိုတပ်လင်းပိုင်မှာ ထူးချွန်သော သားရဲများထဲမှ တစ်ကောင်ဖြစ်သည်။
သူ၏ ကြီးမားသော ကိုယ်ခန္ဓာနှင့် သူနှင့် တိုက်ရိုက်အချိုးမကျသော လျင်မြန်ဖျတ်လတ်မှုကို ကြည့်ရုံဖြင့် တစ်စုံတစ်ရာကို မြင်နိုင်သည်။
နျဥ်ယွိယွမ်၏ လျင်မြန်သော တုံ့ပြန်မှုသာ မရှိခဲ့ပါက သူတို့သည် ဤအချိန်တွင် သူ၏ ဝါးမျိုခြင်းကို ခံရပြီး အစာအိမ်အက်ဆစ်ဖြင့် ချေဖျက်ခံနေရလောက်ပြီ!
သူ၏ အစားအစာကို ဂရုတစိုက်စစ်ဆေးနေစဉ်တွင် လင်းပိုင်၏ မျက်လုံးများမှာ ပို၍ပင် တောက်ပလာသည်!
အရသာရှိလိုက်တာ! ဒီလူနှစ်ယောက်ရဲ့ အရသာက လုံးဝကို ကောင်းမှာပဲ!
ပေါ့ဟိုင်းပင်လယ်၏ ထူးခြားသည့် တည်နေရာကြောင့် အထူးစွမ်းအင် အသုံးပြုသူများမှာ ဤနေရာတွင် ရှားရှားပါးပါးသာ ပေါ်လာလေ့ရှိသည်။ ပုံမှန်အားဖြင့် ဆယ်ရက် သို့မဟုတ် လဝက်အတွင်း တစ်ယောက်ပင် ရှိမည်မဟုတ်ပေ။ ဤအချိန်တွင် မော့ချုးနှင့် နျဥ်ယွိယွမ် တို့၏ ပေါ်ပေါက်လာမှုမှာ စားသောက်ပွဲကြီးတစ်ခုဟု မှတ်ယူနိုင်သည်။
ဝှစ်! ချိုတပ်လင်းပိုင်မှာ ရုတ်တရက် တိုက်ခိုက်လာသည်။
သူ၏ သွေးစွန်းနေသော ပါးစပ်မှာ ရုတ်တရက် ပွင့်လာပြီး အလွန်ထက်ရှသော သွားများမှာ လူများကို ကြက်သီးထစေသည်။ ရေစီးကြောင်းတစ်လိုင်းမှာ ရေပန်းကဲ့သို့ ထွက်ပေါ်လာသည်။ ထိုရေပန်းမှာ အလိုအလျောက် ရေပန်းတစ်ခုနှင့် ဘာမှမခြားနားပေ။
သို့သော် ဤရေပန်း၏ စွမ်းအားကို လျှော့တွက်၍မရပေ!
နျဥ်ယွိယွမ်၏ တုံ့ပြန်မှုမှာ အလွန်လျင်မြန်သည်။ ချိုတပ်လင်းပိုင် ပါးစပ်ဖွင့်လိုက်သောအခါ သူသည် သူ၏ အထူးစွမ်းအင်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ ပုစဉ်းတောင်ပံကဲ့သို့ ပါးလွှာသော လေကာတစ်ထပ်က သူတို့နှစ်ဦးကို ကာကွယ်ပေးပြီး ဤရေစီးကြောင်းလှိုင်းကို ခိုင်မာစွာ တားဆီးထားလိုက်သည်။
အခြားတစ်ဖက်တွင်မူ ပင်လယ်ရေမျက်နှာပြင်အောက်ရှိ ပုစွန်ငယ်များနှင့် ငါးငယ်များမှာမူ ပိုမိုသနားစရာကောင်းသော အခြေအနေတွင် ရှိနေသည်။ ရေပန်းကဲ့သို့သော ရေစီးကြောင်းမှာ သူတို့၏ ကိုယ်ပေါ်သို့ စီးကျလာပြီး ပြင်းအားမြင့် ဆာလဖျူရစ်အက်ဆစ် တစ်ပုလင်း လောင်းချလိုက်သကဲ့သို့ ဖြစ်နေသည်။ သူတို့၏ တစ်ကိုယ်လုံးမှာ ပွက်ပွက်ဆူသည်အထိ တိုက်စားခံရပြီး မကြာမီပင် သူတို့၏ ဝမ်းဗိုက်များမှာ လန်တက်လာကာ သနားစဖွယ် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် ပေါလောပေါ်နေတော့သည်။
ဤစွမ်းအားက မော့ချုးကို တုန်လှုပ်စေခဲ့သည်!
ချိုတပ်လင်းပိုင်မှာလည်း သူတို့နှစ်ဦးသည် ဤတိုက်စားနိုင်သော ရေလှိုင်းကို အောင်မြင်စွာ တားဆီးနိုင်လိမ့်မည်ဟု မျှော်လင့်ထားပုံမရပေ။ သူ၏ သနားစရာကောင်းလောက်အောင် သေးငယ်သော မျက်လုံးများမှာ သူ၏ ကြမ်းကြုတ်မှုနှင့် တန်ခိုးအာဏာကို ပြသလိုသည့်အလား အစွမ်းကုန် ကျယ်လာခဲ့သည်။ သို့သော် အကျိုးသက်ရောက်မှုမှာ သနားစရာကောင်းလောက်အောင် သေးငယ်သည် — သူ၏ မျက်လုံးများမှာ မမြင်နိုင်လောက်အောင် သေးငယ်နေဆဲပင်။
"ဟီးဟီး "
အကြောင်းရင်းတစ်စုံတစ်ရာကြောင့် မော့ချုး၏ မျက်လုံးထောင့်များမှာ ကွေးညွတ်သွားပြီး သူမက ညင်သာစွာ ရယ်မောလိုက်သည်။
ဤပင်လယ်သားရဲမှာ မော့ချုး၏ လှောင်ပြောင်မှုကို နားလည်သွားဟန်ဖြင့် သူ့ပါးစပ်ကြီးကို ဖွင့်ကာ ကိုက်ချလိုက်သည်။
ရေချိုးဇလုံလောက်ကြီးမားသော ထိုမျက်နှာမှာ ရုတ်တရက် နီးကပ်လာသည်။ သူက ပါးစပ်ဖွင့်လိုက်ပြီး အလွန်ထက်မြက်သော သွားများဖြင့် သူတို့၏ ကိုယ်ပေါ်ရှိ လေဓာတ်ကာကို အတင်းအကျပ် ကိုက်ဖြတ်လိုသည့်အလား ပြင်းထန်စွာ ကိုက်ချလိုက်သည်!
နည်းလမ်းမှာ အလွန်ကြမ်းတမ်းသော်လည်း အကျိုးသက်ရောက်မှုမှာ အလွန်တိုက်ရိုက်ဆန်သည်။
တိုက်စားနိုင်သောရေကြောင့်ပင် မလှုပ်ခတ်ခဲ့သော လေဓာတ်ကာမှာ ချက်ချင်းပင် ပြင်းထန်စွာ ထိခိုက်သွားရပြီး အကြိမ်အနည်းငယ် ပြန်ကန်ထွက်သွားစေသည်။
နျဥ်ယွိယွမ်၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားပြီး သူ့လက်ထဲမှ အထူးစွမ်းအင်ထုတ်လွှတ်မှုကို အလျင်အမြန် တိုးမြှင့်လိုက်ရာ ကာကွယ်ရေးမှာ အကြိမ်အနည်းငယ် ပိုမိုအားကောင်းလာခဲ့သည်။
သို့သော် ဤ ချိုတပ်လင်းပိုင်မှာ ယုံကြည်ပုံမရပေ။ သူသည် ဘယ်ဘက်ကို တစ်ချက်၊ ညာဘက်ကို တစ်ချက် ကိုက်ချနေသည်။ ကိုက်၍မရနိုင်မှန်း ရှင်းရှင်းလင်းလင်း သိသော်လည်း သူသည် ဆက်ကြိုးစားနေဆဲပင်။
ရလဒ်အနေဖြင့် ဤပင်လယ်သားရဲ နောက်ဆုတ်သွားရန် စောင့်ဆိုင်းနေသော သူတို့၏ မျှော်လင့်ချက်များမှာ လုံးဝ ပျက်စီးသွားတော့သည်။
နျဥ်ယွိယွမ်နှင့် မော့ချုးတို့မှာလည်း သူတို့သည် သူနှင့် ခံနိုင်ရည်ကို အမှန်တကယ် ယှဉ်ပြိုင်မည်ဆိုလျှင် သူတို့နှစ်ဦးတွင် အနိုင်ရရန် အခွင့်အရေးမရှိကြောင်း ရှင်းရှင်းလင်းလင်း သိထားကြသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့၏ အထူးစွမ်းအင်များမှာ အရင်ကုန်သွားမည်ဖြစ်သည်။ သူတို့သည် ဤ ချိုတပ်လင်းပိုင် သားရဲ၏ ထက်ရှသော သွားများအောက် သားကောင်များဖြစ်သွားလိမ့်မည်!
သူတို့နှစ်ဦးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ နှလုံးသားထဲတွင် လျှို့ဝှက်စွာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်။
ချိုတပ်လင်းပိုင် သားရဲ အနောက်ဆုန်ကာ နားနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူတို့သည် အကာအကွယ်ကို ရုတ်တရက် ဖယ်ရှားလိုက်ပြီး သူတို့၏ အထူးစွမ်းအင်များကို သူ့ထံသို့ အလုံးအရင်းဖြင့် ပစ်လွှတ်လိုက်ကြသည်!
သူကို မသတ်နိုင်လျှင်တောင် အလဲထိုးပစ်မည်!
မျှော်လင့်ထားသည့်အတိုင်းပင် သူတို့နှစ်ဦး၏ ဤလှုပ်ရှားမှုမှာ လင်းပိုင်သားရဲကို အငိုက်ဖမ်းမိပြီး ကြီးမားစွာ နစ်နာစေခဲ့သည်။
သူ၏ ဦးခေါင်းနှင့် မျက်နှာကို ထိမှန်သွားသော အထူးစွမ်းအင်မှာ သူ၏ မျက်နှာတွင် သွေးစွန်းနေသော အမှတ်အသားများစွာကို ချန်ထားခဲ့သည်။ သွေးအလိမ်းလိမ်းဖြစ်နေသည်ကို ကြည့်ရုံဖြင့် သူမှာ သနားစရာကောင်းလှသည်။
လင်းပိုင်သားရဲမှာလည်း အနည်းငယ် ကြောင်သွားသည်။
သူ၏ ခုခံကာကွယ်မှုစွမ်းရည်မှာ အလှကြည့်ဖို့ သက်သက်မဟုတ်ပေ။ သူ၏ ထူထဲသော အရေပြားနှင့် ထူထဲသော အသားများမှာ သူအတွက် အထူးထားသည်ကို ခန့်မှန်းနိုင်သည်။
အမှန်တကယ်တော့ သာမန်အထူးစွမ်းအင် အသုံးပြုသူများ၏ အထူးစွမ်းအင်တိုက်ခိုက်မှုများမှာ သူကို လုံးဝမထိခိုက်နိုင်ပေ။ ထို့ကြောင့် အထူးစွမ်းအင်များ အစုလိုက်အပြုံလိုက် ပစ်လွှတ်လာလျှင်ပင် သူသည် များစွာဂရုမစိုက်ပေ။
သို့သော် မော့ချုးနှင့် နျဥ်ယွိယွမ်တို့သည် သာမန်အထူးစွမ်းအင် အသုံးပြုသူများမို့လို့လား။
မဟုတ်သည်မှာ သိသာလှသည်။
ချိုတပ်လင်းပိုင်မှာ သနားစရာကောင်းလှသည်။ သူ့မှာ ဒဏ်ရာရရုံသာမက သူ၏ မျက်နှာမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေသည်။