← Chapters

အပိုင်း ၄၈၉

Vol. 33 Ch. 489

အပိုင်း ၄၈၉

Vol. 33 Ch. 489

ဤကောင်လေး ပိန်သွားသည်ကို မြင်ရသည်မှာ လွယ်ကူသည်မဟုတ်။ သူမသည် ထိုကောင်လေး နောက်တစ်ကြိမ် ဝလာသည်ကို ကြည့်မနေနိုင်ပေ။

ဘာလဲ?

ထိုစကားကိုကြားသောအခါ ကောင်လေးသည် ချက်ချင်းပင် နိုးကြားသွားသည်။ သူ့ပါးစပ်သေးသေးလေးသည် အနည်းငယ်စူထော်နေပြီး မကျေမနပ်ဖြင့် ခေါင်းခါလိုက်သည်။ စားသောက်ပြီး၍ ဗိုက်ပြည့်သွားလျှင် ကောင်းမွန်စွာ အိပ်စက်သင့်သည် မဟုတ်ပါလား။ အဘယ်ကြောင့် လှုပ်ရှားနေရဦးမည်နည်း။ အပြစ်ကင်းစင်သော သွေးအလင်းသားရဲသည် လူသားတို့၏ တွေးခေါ်ပုံကို အမှန်တကယ် နားမလည်ကြောင်း ဖော်ပြနေသည်။

"ဟမ်"

မော့ချူးသည် မျက်လုံးများကို မှေးကျဥ်းလိုက်ပြီး ဘာမှမပြောပေ။ သူမ နှာခေါင်းရှုံ့လိုက်မိသည်။

ထို့နောက် အစပိုင်းတွင် ငြင်းဆန်နေခဲ့သော ဝိုင်းဝိုင်း သည် မတရားခံရသော အမူအရာဖြင့် မတ်တပ်ထရပ်ကာ ချူးလေးဆီသို့ ယိုင်နဲ့ယိုင်နဲ့ဖြင့် လျှောက်သွားသည်ကို တွေ့လိုက်ရသည်။

ဟင်း။ သူတို့၏ အနာဂတ် အစားအသောက်ဘဝအတွက် သူသည် သူ၏အစားအသောက် သိုလှောင်ရုံကို စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်နိုင်ပေ။

"အာ အာ..."

မော့ချူး ခြေထောက်ကွေးထားသည့်နားသို့ ရောက်သည်နှင့် ထိုကောင်လေးသည် ချိုမြိန်သော အပြုံးတစ်ခုကို ပြသလိုက်သည်။ သူသည် သူ၏လက်ဖဝါးနှစ်ဖက်ကို မော့ချူး ထံသို့ မြင့်မြင့်မြှောက်ထားပြီး ပွေ့ဖက်ခိုင်းရန် အခါအားလျော်စွာ ယမ်းပြနေသည်။

ဘေးတွင်ရပ်နေသော ချင်ယွဲ့၏ မျက်ဝန်းထဲတွင် အံ့ဩမှုအရိပ်အယောင်တစ်ခု ရှိနေသည်။ သို့သော်လည်း မော့ယန်မှာမူ ဤကောင်လေး၏ သိက္ခာမဲ့စွာ ချစ်စရာကောင်းအောင်လုပ်ပြနေသည်ကို မြင်နေကျဖြစ်နေလေပြီ။ သူသည် ခြေလှမ်းအနည်းငယ် လျှော့လျှောက်ရရန်အတွက် အမှန်တကယ်ပင် အားကုန်သုံးနေသည်။

မော့ချူးသည် ချစ်စရာကောင်းသော ကောင်လေးကို လျစ်လျူရှုလိုက်သည်။ သူမသည် လက်ညှိုးကိုထောင်ကာ ခါယမ်းပြပြီး ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

"ကိုယ့်ဘာသာကိုယ် လမ်းလျှောက်"

အကယ်၍ သူမက ဝိုင်းဝိုင်းကို ချီပြီးလမ်းလျှောက်လျှင် အဓိပ္ပာယ်ရှိတော့မည်မဟုတ်ပေ။

ချစ်စရာကောင်းအောင်လုပ်ပြသည့် အစီအစဉ် ပျက်သွားပြီး ကောင်လေး၏ မျက်နှာပေါ်မှ အပြုံးသည် ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ့အကြည့်သည် ဘေးရှိ မော့ယန်နှင့် အခြားသူများဆီသို့ ရောက်ရှိသွားပြီး ချက်ချင်း ဟန်ချက်ပျက်သွားသည်။

"ဝူးးးး ဝူးးးး..” သူတို့က ဘာလို့ ဒီမှာ အိပ်နေလို့ရပြီး ငါက လမ်းလျှောက်ရမှာလဲ?

"အရမ်းရိုးရှင်းပါတယ်” မော့ချူး၏ မျက်ဝန်းထဲမှ အပြုံးသည် ပို၍နက်ရှိုင်းလာသည်။ သူမက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ မင်းက သူတို့ထက် ပိုဝလို့ပဲ"

'ဟင့် ... ဟင့်! မင်း ငါ့ကို မချစ်တော့ဘူး။' ကောင်လေး၏ တောက်ပသော အနီရောင်မျက်လုံးများသည် ကွန်ပလိန်းတက်နေသည့် အကြည့်အချို့ကို ပစ်လွှတ်လိုက်သည်။ 'သူမက တကယ်ပဲ ငါဝလို့ ငါ့ကို မကျေမနပ်ဖြစ်နေတာ! '

“ကောင်းပြီ” မော့ချူးက ခေါင်းကို ညင်သာစွာခါယမ်းပြီး ရှေ့မှဦးဆောင်သွားခဲ့သည်။

" အစ်ကို၊ ညီမလေး ဒီကောင်လေးကို ဒီနားပတ်ဝန်းကျင်မှာ လမ်းခဏလျှောက်ဖို့ ခေါ်သွားလိုက်ဦးမယ်။ နာရီဝက်လောက်နေရင် ပြန်လာခဲ့မယ်။ အစ်ကိုတို့ ဒီမှာ ခဏနားနေနှင့်ကြ"

မော့ယန် ခေါင်းညိတ်လိုက်သည်။"အင်း"

ထို့ကြောင့် အရသာရှိသော အစားအစာများ၏ လွှမ်းမိုးမှုအောက်တွင် ပြောရေးဆိုခွင့်မရှိတော့သော ဝိုင်းဝိုင်း သည် မော့ချူးနောက်မှ တိတ်တဆိတ်သာ လိုက်ပါသွားတော့သည်။

အမျိုးသမီးတစ်ဦးနှင့် သားရဲတစ်ကောင်၏ ပုံရိပ်သည် အနည်းငယ် ဝေးကွာသွားသည်။ နောက်တွင်ထိုင်နေသော မော့ယန် သက်တောင့်သက်သာဖြင့် မျက်လုံးမှေးစင်းလိုက်သည်။ မှိန်ဖျော့သော နေရောင်ခြည်သည် သူ၏ခန့်ညားသော မျက်နှာပေါ်သို့ ကျရောက်နေပြီး သူတို့၏နေ့ရက်များသည် ရုတ်တရက် ပိုမိုကောင်းမွန်လာသကဲ့သို့ ခံစားလိုက်ရသည်...

...

"အာဝူးး အာဝူးးး..." မိနစ် ၂၀ ခန့် လမ်းလျှောက်ပြီးနောက်မှာပင် ထိုကောင်လေးသည် မနေနိုင်တော့ပေ။ သူသည် ဆက်တိုက် အော်ဟစ်လိုက်သော်လည်း မော့ချူး က အရေးမလုပ်ခဲ့ပေ။

ထိုကောင်လေးသည် မျက်လုံးလှန်ကာ ခုန်တက်ပြီး သူတို့နောက်သို့ လိုက်လာလိမ့်မည်ဟု မည်သူသိမည်နည်း။ မော့ချူး သူ့ရည်ရွယ်ချက်ကို နားမလည်နိုင်ခင်မှာပင် ဝိုင်းဝိုင်းသည် သူ၏လက်များကို ဆန့်တန်းကာ သူမ၏ ခြေထောက်တစ်ဖက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူသည် မော့ချူး၏ဆွဲခေါ်ရာနောက်သို့ ခြေလှမ်းအနည်းငယ် ပါသွားလေသည်။

တော်လိုက်တာ! သူမသည် ဝိုင်းဝိုင်းကို အရှုံးပေးရပေတော့မည်။

"အေးပါ၊ အချိန်လည်းတော်တော်ကြာပြီ၊ ပြန်ကြရအောင်..."

မော့ချူး စကားမဆုံးခင်မှာပင် ဝိုင်းဝိုင်း၏ အမူအရာသည် ရုတ်တရက် အေးစက်သွားသည်။ သူ့ကိုယ်ပေါ်မှ အမွေးအမှင်များအားလုံး ထောင်ထလာသည်။ သူ၏တောက်ပသော အနီရောင်မျက်လုံးများသည် ညာဘက်သို့ စူးစိုက်ကြည့်နေသည်။

မော့ချူး၏ အမူအရာ တောင့်တင်းသွားပြီး သူမမျက်နှာအမူအရာသည်လည်း ရုတ်ခြည်းပြောင်းလဲသွားသည်။ သူမသည် ဝိုင်းဝိုင်းကို ပွေ့ချီရန် ကိုယ်ကိုကိုင်းလိုက်ပြီး မသိစိတ်ဖြင့် နောက်သို့ဆုတ်လိုက်သည်။

သို့သော်... နောက်ကျသွားခဲ့ပြီ။

မော့ချူး နောက်တစ်ကြိမ် ခေါင်းမော့ကြည့်လိုက်သောအခါ ဧရာမ သတ္တဝါကြီးတစ်ကောင်သည် သူမ မျက်စိရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သည်။ မက်ချာ၏ လက်မောင်းများသည် ပုံမှန်မဟုတ်ဘဲ လျင်မြန်လှသည်။ ရွှေရောင်ဆေးသုတ်ထားသော လက်မောင်းများသည် မြေကြီးကို ညင်သာစွာ ခေါက်လိုက်ရုံဖြင့် ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခု ချက်ချင်းဖြစ်ပေါ်သွားသည်။ ထိုစွမ်းအားကို လျှော့တွက်၍မရနိုင်ပေ။

သောက်ကျိုးနည်း။

မော့ချူး နှုတ်ခမ်းကိုကိုက်လိုက်သည်... အဘယ်ကြောင့် မက်ချာတစ်စီးက ဤနေရာတွင် ပေါ်လာရသနည်း။ ဤအသွင်အပြင်အရဆိုလျှင် ဒီသူသည် အဖွဲ့ချုပ်ဘက်မှ တစ်စုံတစ်ယောက် မဟုတ်သည်မှာ သေချာသည်။

ဘေးဘက်ကို အနီးကပ်ကြည့်လိုက်သောအခါမှသာ မော့ချူးသည် သူမနှင့် ဝိုင်းဝိုင်းတို့ မှော်ဒေသ၏ နယ်နိမိတ်မှ အမှန်တကယ် ထွက်ခွာလာခဲ့သည်ကို စိတ်ပျက်စွာဖြင့် သိရှိသွားသည်။ မှော်ဒေသ၏ အထူးသံလိုက်စက်ကွင်းမှ ထွက်ခွာလာပြီးနောက် သူမတို့သည် မက်ချာတို့၏ နယ်မြေသို့ ရောက်ရှိသွားခဲ့သည်။

သို့သော်လည်း အရှုံးပေးခြင်းသည် သူမ၏ စတိုင်မဟုတ်ပေ။

မော့ချူး၏ အကြည့်သည် အနည်းငယ်စူးရှသွားပြီး သူမသည် တိုက်ခိုက်ရန် အစပြုလိုက်သည်။

သူမ လက်ထဲမှ အထူးစွမ်းရည်ကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ ထက်ရှသော အလင်းတန်းဓားသွားများသည် မက်ချာကို ထိမှန်ကာ 'ချွင်' ဟူသောအသံကို ဖြစ်ပေါ်စေသည်။ သို့သော် အနီးကပ်ကြည့်လိုက်လျှင် မော့ချူး၏ ဆက်တိုက် တိုက်ခိုက်မှုများသည် မက်ချာ၏ မျက်နှာပြင်ကို အနည်းငယ်သာ ခြစ်မိစေခဲ့သည်။

ဘေးတွင်ရှိသော ဝိုင်းဝိုင်းသည်လည်း အလွန်ပင် ပါးနပ်သည်။ ထိုမြင်ကွင်းကိုမြင်သောအခါ သူသည် ချက်ချင်း သူ့မူလပုံစံသို့ ပြောင်းလဲလိုက်သည်။ သူ၏ထက်ရှသော လက်သည်းများသည် မက်ချာ၏ အပြင်ဘက်အခွံကို ပြင်းထန်စွာ ကုတ်ခြစ်လိုက်သည်။ သူသည် သူ၏ချွန်ထက်သော သွားများကိုပင် အသုံးပြုခဲ့သော်လည်း သတ္တုကို အနည်းငယ်အတွင်းသို့ ချိုင့်ဝင်သွားစေရန်သာ စွမ်းဆောင်နိုင်ခဲ့သည်။

ဖာ့ခ်!

ဒီဟာကြီးကို ဘာသားနဲ့လုပ်ထားတာလဲ? ဘယ်လိုလုပ် ဒီလောက် မာကြောနေရတာလဲ?

ဝိုင်းဝိုင်း၏ စွမ်းအားမှာ ပြောစရာမလိုအောင်ပင် သိသာထင်ရှားသော်လည်း သူပင်လျှင် ဒီသတ္တုတုံးကြီးကို ဘာမှမလုပ်နိုင်ခဲ့ပေ။ ထိုရက်စက်သော အဖြစ်မှန်သည် မော့ချူး၏ နှလုံးခုန်နှုန်းကို ရပ်သွားစေသည်။

ယခုမှသာ သူမသည် ကြယ်တာရာကြားစစ်ပွဲတွင် အဘယ်ကြောင့် ဒီကောင်ကြီးသည် အဓိကအင်အားဖြစ်ရသည်ကို အမှန်တကယ် နားလည်သွားသည်။ မာကျောမှုတစ်ခုတည်းနှင့်ပင် လူကို ရူးသွားစေရန် လုံလောက်နေသည် မဟုတ်ပါလား။

"ကပ္ပတိန်၊ ဒီတစ်ယောက်က အရမ်းရယ်ရတယ်လို့ မထင်ဘူးလား။ သူ့ရဲ့ အထူးစွမ်းရည်နဲ့ ကျွန်တော်တို့ကို တိုက်ခိုက်ဖို့တောင် ပြင်ဆင်လာသေးတယ်။ သူက ကျွန်တော်တို့ရဲ့ မက်ချာတွေကို တို့ဟူးနဲ့လုပ်ထားတယ်လို့ တကယ်ထင်နေတာလား။ ဒါပေမဲ့ အခုချိန်မှာ အဖွဲ့ချုပ်က ဘယ်အမျိုးသမီးမှ စစ်တပ်ထဲဝင်ဖို့ ဆန္ဒရှိသေးလို့လား။ ကျွန်တော် ဒါကို ပထမဆုံးအကြိမ် ကြားဖူးတာပဲ" ထိုမက်ချာအခန်းအတွင်းတွင် လူတစ်ယောက်သည် သက်ဆိုင်ရာဒေတာများကို တိကျစွာ ထိန်းချုပ်နေသည်။ သို့သော်လည်း သူသည် စကားပြောခြင်းကို မရပ်တန့်ခဲ့ပေ။

အဖွဲ့ချုပ်ဖြစ်စေ၊ ဉာဏ်ပညာတိမ်တိုက် ဂလက်စီဖြစ်စေ၊ သို့မဟုတ် အခြား ဂလက်ဆီများတွင်ဖြစ်စေ အမျိုးသမီးဦးရေအချိုးမှာ မြင့်မားသည်ဟု မဆိုနိုင်ပေ။ ဤအချက်ကြောင့်ပင် အမျိုးသမီးအများစုသည် အလွန်အမင်း အလိုလိုက်ခံထားရသည်။ အဘယ်ကြောင့် သူတို့သည် ဤမျှအန္တရာယ်များသော နေရာတွင် ပါဝင်ရန် ဆန္ဒရှိမည်နည်း။

သူ့ဘေးမှလူသည် လက်ပိုက်ထားပြီး ဘာမှမပြောပေ။ သူသည် မော့ချူးနှင့် သူမဘေးမှ သွေးအလင်းသားရဲ ကိုသာ စိုက်ကြည့်နေသည်... စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ့ ပါးစပ်ကို အနည်းငယ်ဖွင့်ဟလိုက်သည်။ "အရင်တုန်းက လန်ဟန်ပြောတာ နျဥ်ယွိယွမ်ပြန်ရောက်လာပြီဆို ဟုတ်လား"

"ဟုတ်တယ်" ထိုလူက ခေါင်းညိတ်လိုက်သည်။

သူ့လက်များ၏ လှုပ်ရှားမှုသည် အရိပ်များကဲ့သို့ လျင်မြန်စွာ လှည့်ပတ်နေဆဲဖြစ်သည်။ သူသည် မက်ချာ၏ လက်မောင်းကို လျင်မြန်စွာ မြှောက်လိုက်သည်။ ယခု သူသည် ညင်သာစွာ ဖိချလိုက်ရုံဖြင့် ဒီမိန်းကလေးငယ်သည် ပြင်းထန်စွာ ဒဏ်ရာရသွားပေလိမ့်မည်။

သူမ၏ အသက်စွမ်းအင် ၄၀ ရာခိုင်နှုန်းထက်ပို၍ ဆုံးရှုံးသွားသည်နှင့်တစ်ပြိုင်နက် သူမသည် သေဆုံးသည်ဟု သတ်မှတ်ခံရပြီး ဤစစ်ရေးလေ့ကျင့်မှုမှ ထွက်ခွာရမည်ဖြစ်သည်။

သူသည် ဒီထိန်းချုပ်မှုအတိုင်းအတာကို အလွန်ကောင်းမွန်စွာ အမြဲထိန်းချုပ်နိုင်ခဲ့သည်။

"စောင့်ဦး! ” သူ့ဘေးတွင် ထိုင်နေသောလူသည် နှုတ်ခမ်းကိုကွေးလိုက်ပြီး သူ့မျက်လုံးများသည်လည်း ရုတ်တရက် တောက်ပလာသည်။ “သူ့ကို မထိခိုက်စေနဲ့။ ဒီတစ်ယောက်က ငါတို့အတွက် အတော်လေး အသုံးဝင်လာနိုင်တယ်"

“ဟမ်”ထိန်းချုပ်ခုံတွင် ထိုင်နေသော လူငယ်က ကြောင်အသွားသည်။ သူသည် နောက်ထပ်မေးခွန်းများ မမေးတော့ဘဲ ချက်ချင်း ညွှန်ကြားချက်များကို လိုက်နာလိုက်သည်။

"နားလည်ပါပြီ ကပ္ပတိန်"

သူ့လက်ချောင်းများသည် ထိန်းချုပ်ခလုတ်ခုံပေါ်တွင် အပေါ်အောက် ပျံဝဲနေသည်။

လိပ်ခွံကဲ့သို့ ကြီးမားသော မက်ချာတစ်ခုနှင့် ရင်ဆိုင်ရသောအခါ မော့ချူးသည် အမှန်တကယ် ခုခံနိုင်စွမ်း မရှိခဲ့ပေ။

သူမသည် ထွက်ပြေးချင်သော်လည်း မီတာအနည်းငယ်အကွာသို့ ပြေးသွားသည်နှင့် မက်ချာ၏ လက်မောင်းသည် ကိုယ်ထည်ပြောင်းလဲနိုင်သော စက်ရုပ်ကဲ့သို့ ရုတ်တရက် မီတာအနည်းငယ် ရှည်ထွက်လာသည်။

ထို့နောက် ထိုတုပပြုလုပ်ထားသော လက်ချောင်းဖြင့် ညင်သာစွာ ညှပ်လိုက်သည်နှင့် မော့ချူးသည် အခြားသူလက်ထဲတွင် ကိုင်ထားသော ကြက်တစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ သူမတွင် ပြန်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိတော့ပေ။

ဒါသည် မော့ချူး အတွက် ပထမဆုံးအကြိမ် ဤမျှလောက် စိတ်ဓာတ်ကျစရာကောင်းသည့် အခြေအနေဖြစ်ပေသည်။

"အူး...” ဝိုင်းဝိုင်းသည်လည်း အလွန်အမင်း ဒေါသထွက်နေသည်။

'မင်း ငါ့ဆီကနေ သူ့ကို လုယူရဲတယ်ပေါ့၊ မင်းတို့အားလုံးကို ငါသတ်ပစ်မယ်ဆိုတာ ယုံလား!'

ချူးလေးသည် သူ့မျက်စိရှေ့တွင် လုယူခံလိုက်ရသည်ကို မြင်သောအခါ သူသည် အရသာရှိသော အစားအစာတစ်ပုံ လွင့်မျောသွားသည်ကို မြင်ရသကဲ့သို့ပင်။ သူသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဤဧရာမသတ္တုတုံးကြီးကို သူ့လက်သည်းများနှင့် သွားများဖြင့် အပြင်းအထန် ကိုက်ဖြတ်ရန် ကြိုးစားလိုက်သည်။

ရလဒ်အနေဖြင့် မူလက ပြန့်ပြူးညီညာသော လူပုံသဏ္ဌာန်ရှိသည့် မက်ချာသည် ဝိုင်းဝိုင်း၏ ကိုက်ဖြတ်မှုကြောင့် မညီမညာဖြစ်သွားသော်လည်း ကံမကောင်းစွာဖြင့် မာကျောနေဆဲပင် ဖြစ်သည်။

"ဟ၊ ငါ့ရဲ့ မက်ချာ" လူငယ်လေးသည် ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်သည်။ စစ်သည်တော်တိုင်းအတွက် သူတို့၏ မက်ချာသည် သူတို့၏ အနီးစပ်ဆုံးအဖော်ဖြစ်သည်။ သူ့အဖော်သည် ထိုမှော်သားရဲ၏ ဖျက်ဆီးခြင်းကို ခံနေရသည်ကို မြင်သောအခါ ထိုသူ၏နှလုံးသည် သွေးစိမ်းရှင်ရှင် ထွက်မတတ်ပင်။

"တော်ပြီ၊ ချက်ချင်းပြန်ကြရအောင်" သူ့ဘေးမှလူသည် ထိုင်ခုံအစွန်းကို ခေါက်လိုက်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်သည်။

ဒါက သူ့မူလအစီအစဉ်မဟုတ်သော်လည်း ဒီအမျိုးသမီးနှင့်ဆို သူတို့၏ခရီးစဉ်သည် တန်သွားပြီဖြစ်သည်။ သို့သော်လည်း သူတို့ ဆက်လက်ကြန့်ကြာနေပါက သူတို့ကို တွေ့သွားနိုင်သည်မှာ မလွဲဧကန်ပင်။ ဘယ်လိုပဲဖြစ်ဖြစ် ဤနယ်မြေသည် အဖွဲ့ချုပ်မှ သတ်မှတ်ထားသော နယ်မြေဖြစ်နေသေးသည် မဟုတ်ပါလား။

"ဒါဆို ဒီမှော်သားရဲကိုရော ဘယ်လိုလုပ်မလဲ"

လူငယ်လေးက ခါးသက်သော အပြုံးဖြင့် မေးလိုက်သည်။ သူ့မျက်လုံးများသည် အောက်မှ သွေးအလင်းသားရဲကို စိုက်ကြည့်နေရင်း ကူကယ်ရာမဲ့မှုများဖြင့် ပြည့်နှက်နေသည်။

ထိုသောက်ကျိုးနည်း မှော်သားရဲသည် မက်ချာ၏ ခြေထောက်ကို တင်းတင်းကြပ်ကြပ် တွယ်ကပ်ထားသည်။ သူ မည်မျှပင် ခါထုတ်ရန် ကြိုးစားစေကာမူ သူ မခါထုတ်နိုင်ခဲ့ပေ။ သူသည် ဒီ့ထက်ပို၍ မကျေမနပ်ဖြစ်စရာ မရှိနိုင်တော့ပေ။ သူသည် A-အဆင့်ရှိသော မောင်းနှင်သူတစ်ဦးဖြစ်သော်လည်း မှော်သားရဲတစ်ကောင်၏ နှောင့်ယှက်ခြင်းကို ခံနေရသည်။ ဤအကြောင်းကို အခြားသူများကို ပြောပြလျှင် သူသည် အခြားသူများ၏ လှောင်ပြောင်ခြင်းကို ခံရလိမ့်မည်။

ထိုလူသည် မျက်မှောင်ကြုတ်ကာ အေးစက်စွာ ပြောလိုက်သည်။ "ထားလိုက်တော့။ မင်း သူ့ကို မခါထုတ်နိုင်ရင် အတူတူခေါ်သွားလိုက်"

ယခုအချိန်တွင် အရေးကြီးဆုံးအရာမှာ လျင်မြန်စွာ ထွက်ခွာသွားရန်ဖြစ်သည်။

"ဟုတ်ကဲ့"

လူငယ်လေးက ခေါင်းညိတ်လိုက်ပြီး ထိန်းချုပ်ခလုတ်ခုံပေါ်တွင် ချက်ချင်း လှုပ်ရှားလိုက်သည်။ ထို့နောက် လေးလံသော မက်ချာသည် လေထဲသို့ ပေါ့ပါးစွာ ခုန်တက်သွားသည်ကို ကြည့်လိုက်သည်။ သူ၏နောက်တွင် တွန်းကန်အားပေးသည့် ကိရိယာတစ်ခု ဖြည်းညင်းစွာ စတင်လည်ပတ်လာပြီး လုံလောက်သော စွမ်းအားကို ပေးအပ်ကာ ရှေ့သို့ လျင်မြန်စွာ ပျံသန်းသွားသည်။

ဒီလိုဖြင့် နေ့ခင်းကြောင်တောင်တွင် မော့ချူးနှင့် ဝိုင်းဝိုင်းတို့သည် ဤသို့ပင် ပြန်ပေးဆွဲခံလိုက်ရတော့သည်။

All Chapters