← Chapters

အပိုင်း ၄၉၆

Vol. 34 Ch. 496

အပိုင်း ၄၉၆

Vol. 34 Ch. 496

ပထမဆုံးအကြိမ်အဖြစ် မော့ချူးက သူမ၏ တည်ရှိမှုသည် အခြားသူများအတွက် တစ်မျိုးတစ်ဖုံ အားပေးနိုင်သူ ဖြစ်သည့်အပြင် စံပြပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်နေသည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်သွားခဲ့သည်။

[ချူးလေး၊ အကောင်းဆုံးလုပ်ရမယ်နော်! တို့တွေက မင်းကို အမြဲတမ်း အားပေးနေမှာ!]

[ကံကောင်းခြင်း ကြယ်ပွင့်လေး၊ ကံကောင်းခြင်း ကြယ်ပွင့်လေး၊ အရမ်းမိုက်တယ်!]

[တို့တွေက မင်းကို ဒီနေရာမှာ အမြဲတမ်း စောင့်နေပြီးတော့ ကာကွယ်ပေးသွားမှာ!]

အမျိုးမျိုးသော အားပေးစကားသံများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး မော့ချူး၏ နားထဲတွင် ရှင်းလင်းစွာ ကြားနေရသည်။

ကောင်မလေးက သူမလက်သီးကို ဆုပ်လိုက်ပြီး သတ္တိမွေးလိုက်သည်။ သူမက ရှေ့သို့တိုးကာ သူမ၏လက်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော အမှတ်တရစာအုပ်ကို မြှောက်လိုက်ပြီး ပြောလိုက်သည်။

"ချူးလေး၊ ကျွန်… ကျွန်မလေ မင်းကို အမြဲတမ်း သဘောကျခဲ့တာ။ ဒါက ချူးလေးအတွက် ကျွန်မကိုယ်တိုင် အထူးလုပ်ထားတဲ့ အမှတ်တရစာအုပ်လေးပါ။ ချူးလေး လက်ခံပေးမယ်လို့ မျှော်လင့်ပါတယ်"

သူမက စိတ်လှုပ်ရှားနေသလား၊ စိုးရိမ်နေသလားတော့ မသိသော်လည်း ထိုကောင်မလေး၏ နှုတ်ခမ်းများက အနည်းငယ်တုန်ယင်နေပြီး မျက်တောင်များကလည်း ပုတ်ခတ်ပုတ်ခတ် ဖြစ်နေခဲ့သည်။

သူမရှေ့မှ အမှတ်တရစာအုပ်ကို ကြည့်ရင်း မော့ချူး အံ့အားသင့်သွားခဲ့သည်။ သူမက လက်လှမ်းကာ ယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

ထူထဲသော အမှတ်တရစာအုပ်ကို စေ့စေ့စပ်စပ် ပြုလုပ်ထားသည်။ ထိုစာအုပ်ထဲတွင် တစ်ပုံနှင့်တစ်ပုံ ထပ်နေတာ မရှိဘဲ မော့ချူး၏ ဓာတ်ပုံများဖြင့် ပြည့်နှက်နေသည်။

တကယ်တော့ မော့ချူးက လူအများရှေ့သို့ အကြိမ်များစွာ ထွက်ပေါ်ခဲ့ခြင်းမရှိပေ။ ဒီကောင်မလေးက သူမ၏ လက်တွေ့ဘဝရှိုးမှ ဓာတ်ပုံကိုပင် ရိုက်ကူးကာ ထည့်သွင်းထားခဲ့သည်။ သူမက ထိုအပေါ်တွင် အထူးတလည် စာလုံးအချို့ကိုပင် ထပ်ထည့်ထားခဲ့သေးသည်။ သူမ ဘယ်လောက်တောင် အားထုတ်ထားခဲ့သည်ကို မြင်နိုင်ပေသည်။

"ကျေးဇူးတင်ပါတယ်။ ငါ ဒါကို အရမ်းကြိုက်တယ်" မော့ချူးက အမှတ်တရစာအုပ်ကို သူမ၏ရင်ခွင်ထဲသို့ တင်းတင်းကျပ်ကျပ်ပွေ့ဖက်ရင်း ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

"တကယ်… တကယ်လား"

ကောင်မလေးက ရုတ်တရက် ခေါင်းမော့လာပြီး သူမ၏ မျက်လုံးများက အရောင်တောက်သွားခဲ့သည်။

မော့ချူးက ခေါင်းကို လေးနက်စွာ ညိတ်ပြလိုက်သည်။ "အင်း"

ဤသို့ဖြင့် ထိုကောင်မလေးက ပထမဆုံး စတင်လုပ်ဆောင်ခဲ့ပြီးနောက် အခြားသော ပရိသတ်များကလည်း လျင်မြန်စွာပင် လိုက်လံလုပ်ဆောင်ကြတော့သည်။ လက်ဆောင်များက လှိုင်းလုံးများပမာ တစ်ခုပြီးတစ်ခု ရောက်ရှိလာခဲ့ပြီး သူတို့သုံးယောက်ကိုပင် နစ်မြုပ်လုနီးပါး ဖြစ်သွားခဲ့သည်။

…

ဒီအင်တာဗျူးက သူမကို အမြဲတမ်း ဂရုစိုက်ပြီး ချစ်ခင်ခဲ့ကြသော လူအုပ်စုကြီးကို ဖန်သားပြင်ရှေ့မှနေ၍ 'ကျေးဇူးတင်ပါတယ်' ဟု ပြောကြားရန်အတွက် သူမအတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်နိုင်ပေသည်။

သုံးရက်ကြာပြီးနောက်။

အင်တာဗျူးအစီအစဉ်က တိုက်ရိုက်လိုက်ဖ်ထုတ်လွှင့်သည့်ပုံစံကိုပင် အသုံးပြုကာ တရားဝင်စတင်ခဲ့သည်။

ချင်ရှန့် လက်အောက်ရှိ ပြန်ကြားရေးဌာနက သတင်းကို အစောကြီးကတည်းက ထုတ်ပြန်ထားခဲ့ပြီးဖြစ်သည်။

မော့ချူး၏ ထင်ပေါ်ကျော်ကြားမှုနှင့်အတူ ဤအပိုင်း၏ ကြည့်ရှုနှုန်းအတွက် စိုးရိမ်စရာမလိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သူတို့၏ အိုင်ဒေါများကို အနီးကပ်မြင်တွေ့နိုင်ရန်အတွက် အွန်လိုင်းမှ တိုက်ရိုက်ကြည့်ရှုခွင့်လက်မှတ်များကို ဈေးကြီးပေးကာ ဝယ်ယူသူများပင် ရှိခဲ့သည်။ အဆုံးမှာတော့ ဘယ်သူကမှ ရောင်းဖို့ ဆန္ဒမရှိကြသည်မှာ ပြောစရာမလိုပေ။ အဓိပ္ပာယ်မရှိလိုက်တာ! လက်မှတ်ရဖို့ ဒီလောက်တောင် ကြိုးစားခဲ့ရတာကို ဘယ်သူက ရောင်းရလောက်အောင် တုံးအမှာလဲ?

တရားဝင်ထုတ်လွှင့်မှုမစတင်မီ နာရီဝက်ခန့် လိုသေးသော်လည်း အစီအစဉ်ကျင်းပရာ နေရာမှာတော့ လူအပြည့် ဖြစ်နေခဲ့ပြီဖြစ်သည်။ လူတိုင်းက မော့ချူး ထွက်လာမည်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေကြသည်။ သူတို့က အလွန်အမင်း စိတ်မရှည်ဖြစ်နေကြပြီး လက်ချိုးရေတွက်ကာ အချိန်ကို စောင့်မျှော်နေကြသည်။

နောက်ဆုံးတွင်တော့ ည ၈ နာရီတိတိသို့ ရောက်ရှိလာခဲ့သည်။

အစီအစဉ်က အချိန် တိကျစွာ စတင်ခဲ့သည်။

အစီအစဉ်တင်ဆက်သူ မာ့ခ်က စင်မြင့်ထက်သို့ ပထမဆုံး တက်ရောက်လာခဲ့သည်။

သူ၏ ချောမောသော မျက်နှာသွင်ပြင်နှင့် ထူးကဲသော စင်မြင့်ထက်မှ အရှိန်အဝါတို့ကြောင့် လူအများက သူ့အပေါ် ကောင်းသော ထင်မြင်ချက်များ ရရှိရန် အလွန်လွယ်ကူပေသည်။

သို့သော်လည်း သူ့မျက်နှာကိုသာ အားကိုးရုံဖြင့် ဤနာမည်ကြီး အင်တာဗျူးအစီအစဉ်၏ အစီအစဉ်တင်ဆက်သူ ဖြစ်လာရန်မှာ မဖြစ်နိုင်ပေ။

မာ့ခ်၏ အစီအစဉ်တင်ဆက်ဟန်က အမြဲတမ်း ထူးခြားသည်။ သူက အများအားဖြင့် ဇာတ်ညွှန်းမပါဘဲ ပြောလေ့ရှိပြီး သူအာရုံစိုက်သောအရာမှာ မေးခွန်းနှင့်အဖြေများသာ ဖြစ်သည်။ သူ၏ ဟာသနှောသော်လည်း ထက်မြက်သော စကားပြောဆိုမှုပုံစံက သူ့အား အတော်လေး လူကြိုက်များစေခဲ့ပြီး သူ၏ ပရိသတ်များမှာ B အဆင့် အနုပညာရှင်တစ်ဦးနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

"အားလုံးပဲ ကောင်းသော ညနေခင်းလေပါ"

ကင်မရာကို တည့်တည့်ကြည့်လိုက်ပြီး မာ့ခ် က နောက်သလို ပြောင်သလို မျက်တောင်တစ်ချက်ခတ်လိုက်သည်။ သူ၏ subwoofer ကဲ့သို့ နက်ရှိုင်းသော အသံမှာ ချင်ရှန့်၏ အသံနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။

( Subwoofer – bass အသံ / အနိမ့်သံ အားကောင်းအောင် လုပ်ပေးတဲ့ စပီကာ )

သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားပြီး သူက အကြောင်းအရာကို တန်းစတင်လိုက်သည်။

"‘ဝက်ဝက်ကွဲ ကာရိုက်တာ’ ကနေ အားလုံးကို ကြိုဆိုပါတယ်။ ကျွန်တော်က မာ့ခ် ပါ"

"ဒီတစ်ပိုင်းရဲ့ အင်တာဗျူးဧည့်သည်နဲ့တော့ လူတိုင်းက ရင်းနှီးပြီးသားဖြစ်မှာပါ။ သူမကတော့…"

"မော့ချူး!"

"ချူးလေး!"

"မော့ချူး၊ ကံကောင်းခြင်း ကြယ်ပွင့်လေး!"

မာ့ခ် စကားမဆုံးမီမှာပင် သူ့အောက်မှ အရူးအမူးဖြစ်နေသော ပရိသတ်များက အော်ဟစ်ကြွေးကြော်လာကြသည်။ ပွက်ပွက်ဆူနေသော အသံများက အစီအစဉ်ကျင်းပရာနေရာတစ်ခုလုံးကို ပြည့်နှက်သွားစေခဲ့သည်။ မော့ချူး ဘယ်လောက်တောင် လူကြိုက်များကြောင်း ပြောပြရန်အတွက် ထိုအသံများကပင် လုံလောက်နေခဲ့သည်။

လူတိုင်း၏ စိတ်အားထက်သန်သော တုံ့ပြန်မှုကိုမြင်လျှင် မာ့ခ်က အားလုံးကို သိနေသည့်အပြုံးဖြင့် ပြုံးလိုက်သည်။

"ဟုတ်ပါတယ်"

"ဒီတစ်ခေါက် ကျွန်တော်တို့ ဖိတ်ကြားထားတဲ့ ဧည့်သည်ကတော့ .. မော့ချူးပါပဲ!"

သူစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဘေးဘက်ရှိ ကန့်လန့်ကာကို ဆွဲဖွင့်လိုက်ပြီး မော့ချူးက ခပ်ဖျော့ဖျော့အပြုံးဖြင့် လျှောက်လှမ်းဝင်ရောက်လာခဲ့သည်။

သူမက ယနေ့တွင် အဝါရောင်ဖျော့ဖျော့ ဂါဝန်ရှည်တစ်ထည်ကို ဝတ်ဆင်ထားသည်။ ရိုးရှင်းပြီး ပေါ်လွင်သော ဒီဇိုင်းက သူမ၏ ကျော့ရှင်းသော ခန္ဓာကိုယ်ကို ပေါ်လွင်စေသည်။ သူမ၏ မျက်နှာပေါ်တွင် မိတ်ကပ်အပါးစားသာ ရှိနေသော်လည်း သူမက ကျက်သရေရှိပြီး သန့်ရှင်းနေကာ သဘာဝဆန်သောအသွင်ကို ဆောင်နေသည်။

သူမ၏ အိုင်ဒေါက သူမနှင့် မီတာအနည်းငယ်အကွာမှာသာ ရှိနေပြီး ပရိသတ်အားလုံးမှာ စိတ်ကြွဆေးများ ထိုးသွင်းခံထားရသကဲ့သို့ပင်။ သူတို့က စိတ်လှုပ်ရှားပြီး အရူးအမူးဖြစ်နေကြကာ အားပေးသံများကလည်း ပိုမိုကျယ်လောင်လာခဲ့သည်။

"ချူးလေး၊ ဒီဘက်ကို ကြည့်!"

"မော့ချူး၊ ငါ နင့်ကိုချစ်တယ်!"

"အမ်မာ၊ ငါ့ မိန်းမက ဒီနေ့လည်း အရမ်းလှနေတာပဲ!"

…

လူတိုင်းက သူမကို အလွန်ချစ်ခင်ကြသည်ကို မြင်သောအခါ မော့ချူး၏ စိတ်လှုပ်ရှားမှုက အနည်းငယ်လျော့ပါးသွားခဲ့သည်။ သူမက စင်မြင့်အလယ်သို့ လျှောက်သွားကာ အနည်းငယ် ခေါင်းညွှတ်အရိုအသေပေးလိုက်သည်။ "အားလုံးပဲ ကောင်းသောနေ့ပါ"

"လာပါ၊ ကျေးဇူးပြုပြီး ထိုင်ပါ"

စင်မြင့်အလယ်တွင် တစ်ယောက်ထိုင် ဆိုဖာနှစ်လုံးရှိနေသည်။ မာ့ခ်က လူကြီးလူကောင်းဆန်စွာ လက်ပြလိုက်ပြီး မော့ချူး ထိုင်ပြီးမှသာ သူကိုယ်တိုင်လည်း ထိုင်ချလိုက်သည်။

"ဒါက ချူးလေး အတွက် ဒီလိုအင်တာဗျူးအစီအစဉ်မျိုးမှာ ပထမဆုံးအကြိမ် ပါဝင်တာဖြစ်မှာနော်၊ ဟုတ်တယ်မလား? စိတ်လှုပ်ရှားနေလား?"

သူတို့ အများအားဖြင့် စကားစမြည်ပြောနေကြသကဲ့သို့ပင် မာ့ခ်က ခပ်ဖျော့ဖျော့အပြုံးဖြင့် စတင်ပြောလိုက်သည်။ သူတို့က အိမ်တွင် စကားစမြည် ပြောနေကြသကဲ့သို့ပင်။

"နည်းနည်းပါ"

မော့ချူးက ရိုးသားစွာ ခေါင်းညိတ်လိုက်သည်။ သူမ၏ မျက်နှာလေးက အနည်းငယ် တင်းမာနေပြီး သူမ၏ စကားများပင်လျှင် အလွန်တည်ကြည်နေပုံရသည်။

သူမက ယခင်က လက်တွေ့ဘဝရှိုး တစ်ခုတွင်သာ ပါဝင်ခဲ့ဖူးသည်။ ထိုအချိန်က သူမက သူမ၏ တာဝန်ကို ပြီးမြောက်အောင်သာ အာရုံစိုက်ခဲ့ပြီး ပရိသတ်လည်း မရှိခဲ့ပေ။ ထို့ကြောင့် သူမ စိတ်လှုပ်ရှားခြင်း ရှိ၊ မရှိ ဆိုသည်မှာ မေးခွန်းထုတ်စရာပင် မလိုခဲ့ပေ။

သို့သော်လည်း ဤအခိုက်အတန့်တွင်တော့ မတူညီတော့ပေ။ သူမ၏ အကြည့်များ ကျရောက်ရာ နေရာတိုင်းတွင် သူမအား အထင်တကြီးဖြင့် ကြည့်ရှုနေသော လူများရှိနေသည်။ ကင်မရာများကလည်း တစ်လုံးပြီးတစ်လုံး သူမအပေါ်သို့သာ အာရုံစိုက်ထားကြသည်…

မော့ချူး၏ အနည်းငယ်တောင့်တင်းနေသော အမူအရာကို ကြည့်ရင်း မာ့ခ်က မရယ်ဘဲမနေနိုင်တော့ဘဲ အကြောင်းအရာအသစ်တစ်ခုကို စတင်လိုက်သည်။

"ချူးလေးက စိတ်ဝိညာဥ်အစားအစာကြောင့် နာမည်ကြီးတာပေါ့။ အဲ့ဒီတုန်းက ဆိုင်ပိုင်ရှင် ‘ချုပ်ခြယ်တတ်တဲ့ ဝိုင်းဝိုင်း’ ဆိုတာ လူကြိုက်များနေတဲ့ စာရင်း ရဲ့ ထိပ်ဆုံးကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးတယ်။ အစကတည်းက စိတ်ဝိညာဥ်အစားအစာ လုပ်ဖို့ စိတ်ကူးကို ချူးလေး ဘယ်လိုရခဲ့တာလဲ?"

မာ့ခ်က အလွန်အမင်း ထောက်ထားစာနာတတ်သူဖြစ်သည်။ သူ စတင်မေးမြန်းလိုက်သော အကြောင်းအရာများက မော့ချူးအတွက် အလွန်ရင်းနှီးနေသော အကြောင်းအရာများဖြစ်ရာ သူမ၏နှလုံးသားထဲမှ တင်းမာမှုကို များစွာလျော့ပါးစေခဲ့သည်။ "တကယ်တော့… ကျွန်မမှာ ရွေးချယ်စရာမရှိခဲ့လို့ပါ"

အိုး?

သူမ ဤသို့ပြောလိုက်သောအခါ လူတိုင်းက အံ့အားသင့်မနေဘဲ မနေနိုင်တော့ပေ။ မော့ချူးက ထိုကဲ့သို့သော အဖြေမျိုးပေးလိမ့်မည်ဟု သူတို့ မည်သည့်အခါကမှ မမျှော်လင့်ထားခဲ့ကြပေ။

မေးခွန်းမေးခဲ့သော မာ့ခ်ပင်လျှင် အနည်းငယ် မှင်သက်သွားခဲ့ရသည်။

ဤမေးခွန်းကို မမေးမီ သူ့စိတ်ထဲတွင် မော့ချူး ပေးနိုင်သော အဖြေအချို့ဖြစ်သည့် 'ရုတ်တရက် အတွေးအခေါ်တစ်ခု လင်းလက်သွားခြင်း' သို့မဟုတ် 'မတော်တဆ အောင်မြင်သွားခြင်း' ကဲ့သို့သော အဖြေများကို ကြိုတင်ရေးဆွဲထားခဲ့သည်။

သို့သော်လည်း သူက ချူးလေးက ကွဲပြားသောလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး မမျှော်လင့်ထားသော အဖြေတစ်ခုကို ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

"ရွေးချယ်စရာမရှိဘူး ဟုတ်လား? ဘာကိုဆိုလိုတာလဲ?"

မော့ချူးက ပြုံးလိုက်သည်။ "ကျွန်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက တော်တော်လေးထူးခြားတယ်။ အစားအစာတော်တော်များများနဲ့ ဓာတ်မတည့်တာကြောင့် စားလို့မရဘူးလေ။ အဆုံးမှာတော့ စိတ်ဝိညာဥ်အစားအစာကို တီထွင်ဖြစ်သွားတာပါပဲ"

ဤသို့ကြားလျှင် မာ့ခ်က ရုတ်တရက် သဘောပေါက်နားလည်သွားခဲ့သည်။

"ဓာတ်မတည့်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ဟုတ်လား?"

"အရင် လက်တွေ့ဘဝရှိုး မှာ မင်းတွေ့ခဲ့တဲ့ အစားအစာတွေကို မင်းရဲ့အသင်းဖော်တွေကို ပေးခဲ့တာ အံ့ဩစရာမရှိတော့ဘူး။ ဒါကြောင့်ကိုး"

အစပိုင်းတွင် သူက ဤကောင်မလေးကို ကြွားဝါသူတစ်ယောက်ဟုပင် ထင်ခဲ့သည်။ သို့သော်လည်း မော့ချူးနှင့် ပတ်သက်သော အဖြစ်အပျက်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီးနောက် သူက မော့ချူး အပေါ်ထားသော သူ့အမြင်ကို ပြောင်းလဲခဲ့သည်။ အထူးသဖြင့် ယနေ့ သူမနှင့် တွေ့ဆုံသောအခါ ဒီကောင်မလေးက အလွန်သန့်ရှင်းစင်ကြယ်သည်ဟု သူခံစားမိခဲ့သည်။

မာ့ခ်က ဤအသိုင်းအဝိုင်းတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သူဖြစ်သည်။ သို့မဟုတ်လျှင် သူက သူ့လက်ရှိနေရာကို ဤမျှလွယ်ကူစွာ ရောက်ရှိနိုင်မည်မဟုတ်ပေ။ လူကဲခတ်ရာတွင် သူ့အကဲဖြတ်မှုက ၁၀၀% တိကျမှုမရှိသော်လည်း အတော်လေးတော့ နီးစပ်ပေသည်။

"ဒါဆိုရင် နောက်ကျရင် မင်းရဲ့အရည်အချင်းတွေကို တို့တွေကို ပြကြည့်ပါလား?"

မာ့ခ်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။ "ကျွန်တော်က စိတ်ဝိညာဥ်အစားအစာရဲ့ သစ္စာရှိတဲ့ အားပေးသူတစ်ယောက်ပါ!"

"ကောင်းပါပြီ"

မော့ချူးက ငြင်းဆိုခြင်းမရှိပေ။ သူမက ပြုံးလျက် သဘောတူလိုက်ရာ မာ့ခ်ကို စိတ်ကျေနပ်မှုရရှိစေခဲ့သည်။

ဤအချိန်တွင် မာ့ခ် ပင်လျှင် စိတ်လှုပ်ရှားမနေဘဲ မနေနိုင်တော့ပေ။

"နောက်လကျရင် ရောင်းချမှုတွေ ပြန်စတော့မယ်လို့ မင်းရဲ့ မက်ဆေ့ချ် မှာ တွေ့လိုက်တယ်။ အဲ့ဒါ တကယ်လား?"

"စိတ်ဝိညာဥ်အစားအစာ အသစ်တွေရော ရှိသေးလား? တို့တွေကို အရင်ဆုံး ပြောပြလို့ရမလား?"

"ရပါတယ်" မော့ချူးက ခေါင်းညိတ်လိုက်သည်။ သူမက သူမ၏ ခလုတ်ခုံကို စင်မြင့်နောက်ကွယ်မှ မျက်နှာပြင်ကြီးနှင့် ချိတ်ဆက်ကာ ဓာတ်ပုံအယ်လ်ဘမ် ကို ဖွင့်လိုက်သည်။

"ဒါတွေကတော့ နောက်လမှာ ထွက်ရှိမယ့် စိတ်ဝိညာဥ်အစားအစာ အသစ်တွေဖြစ်လောက်တယ်"

လွန်ခဲ့သော ရက်အနည်းငယ်လောက်ကို အခွင့်ကောင်းယူ၍ သူမ အခုတလော အချိန်အတွင်း လုပ်ထားသော စိတ်ဝိညာဥ်အစားအစာ အသစ်တစ်ချို့ကို မော့ချူးက ပိုကောင်းအောင် ပြုပြင်ခဲ့သည်။ အောက်ဘက်မှ ပရိသတ်များမှာ ဖန်သားပြင်ကိုပင် လျက်ပစ်ချင်နေကြပြီဖြစ်သည်။

'ဟင့် ဟင့် ... ဘယ်လိုတောင် ဒီလောက်စားချင်စရာကောင်းနေရတာလဲ။'

မော့ချူးက ဓာတ်ပုံများကို ဖြစ်သလိုရိုက်ကူးခဲ့ခြင်းဖြစ်သည်။ သူမက မည်သည့်ထောင့် သို့မဟုတ် အလင်းရောင်ကိုမှ မရွေးချယ်ခဲ့သော်လည်း ဟင်းလျာများ၏ ဆွဲဆောင်မှုကိုတော့ လျော့ကျမသွားစေခဲ့ပေ။

အခြားအရာများကို မပြောဘဲထားလျှင်ပင်၊ ဓာတ်ပုံများမှတစ်ဆင့် လူတိုင်းက နူးညံ့ချိုမြိန်သော အရသာနှင့် အရသာရှိမှုကို ခံစားနိုင်ကြပုံရသည်။

'အော် ငါ့နှယ်! နောက်လမှပဲ စားလို့ရမှာလား? တို့တွေရဲ့ သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာလား? ဒီလောက်ကြီး ဆွဲဆောင်မနေပါနဲ့!'

ဓာတ်ပုံများက တစ်ပုံပြီးတစ်ပုံ ရွေ့လျားသွားခဲ့ပြီးနောက် မြင်ကွင်းထဲတွင် တံတွေးမျိုချသံများ ထွက်ပေါ်လာခဲ့သည်။

All Chapters