← Chapters

အပိုင်း ၄၉၇

Vol. 34 Ch. 497

အပိုင်း ၄၉၇

Vol. 34 Ch. 497

'ဝိုး! ဒါက ဘာကြီးလဲ?'

မူလက အစားအစာကိုသာ မြင်နေကြသော ပရိသတ်များ၏ မျက်လုံးများက ချက်ချင်း အရောင်တောက်သွားခဲ့သည်။

ထိုအရာမှာ ဓာတ်ပုံတစ်ပုံဖြစ်သည်။

ထိုဓာတ်ပုံက အရသာရှိသော စိတ်ဝိညာဥ်အစားအစာ မဟုတ်တော့ဘဲ လှပသော မျက်နှာတစ်ခု ဖြစ်နေခဲ့သည်။

ထိုမျက်နှာမှာ ပြေပြစ်သော မျက်နှာတစ်ခုဖြစ်သည်။ သူ၏ မျက်နှာအသွင်အပြင်များက ထွင်းထုထားသကဲ့သို့ ထင်ရှားပေါ်လွင်နေသည်။ သူ့မျက်လုံးများက အနည်းငယ်မှေးစင်းနေပြီး သူ့ထူးခြားသော အေးစက်သည့် ပင်ကိုယ်စရိုက်ကို အတော်လေး ပျောက်ကွယ်သွားစေခဲ့သည်။

ထိုအစား အတော်လေး နူးညံ့နေပုံရသည်။ စောင်ကို တစ်ဝက်သာ ခြုံထားသဖြင့် ပြည့်စုံသော ခန္ဓာကိုယ်ကို ပေါ်လွင်စေခဲ့သည်။ ပြည့်စုံသော ဗိုက်ကြွက်သား ရှစ်ခုက ပြေပြစ်ပြီး ကြံ့ခိုင်နေသည်… ဒီလူက နျဥ်ယွိယွမ် မဟုတ်ဘူးလား။

"ဒါ ငါ့စိတ်ထင်နေတာလား? ဘာလို့ မာရှယ်နျဥ် အိပ်ပျော်သွားတဲ့အခါ နည်းနည်းချစ်စရာကောင်းတယ်လို့ ခံစားနေရတာပါလိမ့်?"

"လူတိုင်းရဲ့အာရုံက မာရှယ်နျဥ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာပဲ ရှိသင့်တာမဟုတ်ဘူးလား? ဘယ်လောက်တောင် ပြည့်စုံတဲ့ အချိုးအစားနဲ့ ပုံစံမျိုးလဲ! ဒါက လူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံရဲ့ အကောင်းဆုံးအနေအထားနဲ့ လုံးဝကိုက်ညီနေတာပဲ!"

"ငါ အသိချင်ဆုံးကတော့ နျဥ်ယွိယွမ်ရဲ့ ဒီလိုဓာတ်ပုံမျိုးက ကံကောင်းခြင်း ကြယ်ပွင့်လေးရဲ့ ခလုတ်ခုံမှာ ဘာလို့ပေါ်လာရတာလဲဆိုတာပဲ!"

"မော့ချူး… နင်က ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး… ဒါပေမဲ့၊ ငါကြိုက်တယ်!"

စင်မြင့်ပေါ်တွင် မော့ချူး၏ မျက်နှာကလည်း အနည်းငယ် နီရဲနေခဲ့သည်။ သူမက ဒီဓာတ်ပုံကို နျဥ်ယွိယွမ် နေ့လယ်စာစားချိန် အနားယူနေစဉ်အတွင်း ခိုးရိုက်ထားခဲ့ခြင်းဖြစ်သည်။ အခုကျမှ ဒါကို ဘယ်လိုလုပ်မေ့သွားရတာလဲ? သွားပါပြီ၊ ဒါ တကယ်ကို ရှက်စရာကောင်းလိုက်တာ!

ထိတ်လန့်တကြားဖြင့် မော့ချူးက ခလုတ်ခုံကို အလျင်အမြန်နှိပ်လိုက်သည်။ နောက်တစ်ကြိမ်ပေါ်လာသော ဓာတ်ပုံက လူတိုင်းကို အံ့အားတသင့် အော်ဟစ်သွားစေခဲ့ပြန်သည်။ မျက်နှာပြင်ပေါ်ရှိ ဓာတ်ပုံကိုကြည့်ရင်း မော့ချူးပင်လျှင် သူမကိုယ်သူမ တိတ်တဆိတ် မုန်းတီးမိတော့သည်။ ဘာလို့ ဓာတ်ပုံ အယ်လ်ဘမ်ကို အစောကြီးကတည်းက မရှင်းလင်းထားခဲ့ရတာလဲ?

အောက်ဘက်မှ ပရိသတ်များမှာ အံ့အားသင့်လုနီးပါး ဖြစ်သွားခဲ့သည်။

"သေစမ်း! ဒါက… မိုးကျရွှေကိုယ်စုန့် လား? သူက ဘယ်လိုတောင် ဒီလောက်လှနေရတာလဲ?"

"မက်မွန်သီးလိုလို ဇီးသီးလေးလိုလိုနဲ့ လှလိုက်တာ!"

"ယဉ်ကျေးမှုမရှိတဲ့ကောင်၊ ထွက်သွားစမ်း! ဒီစကားလုံးကို ယောကျ်ားလေးတွေကို ဖော်ပြဖို့ သုံးလို့ရလို့လား? ငါ့ရဲ့ မိုးကျရွှေကိုယ်စုန့်က နိုင်ငံတစ်နိုင်ငံကိုတောင် တော်လှန်ပြောင်းလဲပစ်နိုင်လောက်တဲ့ အလှတရားမျိုးနဲ့ ပြည့်စုံတာကွ!"

ဟုတ်ပေသည်၊ ဤဓာတ်ပုံက မိုးကျရွှေကိုယ်စုန့် မူးနေစဉ်က လျှို့ဝှက်ရိုက်ကူးထားသော ရလဒ်များထဲမှ တစ်ခုဖြစ်သည်။

သူ့မျက်နှာက နီမြန်းနေပြီး မျက်လုံးများက အနည်းငယ်မှေးစင်းနေကာ သူ၏မျက်လုံးများထဲတွင် ရှုပ်ထွေးမှုအရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။ သူက ဘယ်လိုလုပ် မလှဘဲနေနိုင်မှာလဲ။

"ဘာတွေဖြစ်နေတာလဲ?" ပရိသတ်ထိုင်ခုံ၏ ရှေ့ဆုံးတန်းတွင်ထိုင်နေသော အမျိုးသားတစ်ဦးက သူ့ဦးထုပ်အနားစကို အောက်သို့နှိမ့်ချကာ အံကြိတ်ရင်း မေးလိုက်သည်။

"အမ်… အဲ့ဒီတုန်းက မင်းမူးနေတာမဟုတ်ဘူးလား?"

သူ့ ဘေးတွင်ထိုင်နေသော အမျိုးသားနှစ်ဦးက ဘေးနှစ်ဖက်သို့ နောက်ဆုတ်သွားကြသည်။

ဟုတ်ပေသည်၊ သူတို့သုံးယောက်မှာ ရုပ်ဖျက်ထားသော စုန့်ချင်စုန့်နှင့် အခြားသူများ ဖြစ်ကြသည်။

သူ၏ပုံမှန် ချောမောသော အသွင်အပြင်အစား မိုးကျရွှေကိုယ်စုန့် က သူ့ခေါင်းပေါ်တွင် ဟစ်ပ်ဟော့ပ် ဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ သူ၏ ပန့်ခ်ဝတ်စုံနှင့် ချဲ့ကားထားသော မိတ်ကပ်များအပြင် သူက သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို အောင်မြင်စွာ ဖုံးကွယ်ထားနိုင်ခဲ့သည်။ ဤနေရာတွင် နာရီဝက်ကျော်ကြာ ထိုင်နေခဲ့ပြီးနောက် အနီးအနားမှ ပရိသတ်များက မည်သည့်အရာမှ မသင်္ကာဖွယ်ရာ မတွေ့ရှိခဲ့ကြပေ။ အဆုံးတွင် ဓာတ်ပုံကို မြင်သောအခါ သူတို့၏ ရုပ်အမှန်ကိုပင် ဖော်ထုတ်မိလုနီးပါးဖြစ်သွားခဲ့သည်။

"ဒါကလည်း မတော်တဆဖြစ်သွားတာပါ"

မော့ယန်က အလှဆင်မျက်မှန်တစ်လက်ကို ဝတ်ဆင်ထားသည်။ သူက ပညာတတ်ဆန်သောပုံစံ ဝတ်စားထားပြီး သူ့ဆံပင်က အနည်းငယ် ရှုပ်ပွနေသည်။ သေချာမကြည့်ပါက သူ့ကို မှတ်မိနိုင်မည်မဟုတ်ပေ။ "ပြီးတော့ မင်းနဲ့အတူ အဲ့ဒီ နျဥ်ယွိယွမ် ဆိုတဲ့ကောင်စုတ်လည်း ရှိနေတာပဲ မဟုတ်ဘူးလား?"

စင်မြင့်ပေါ်တွင် မာ့ခ်၏ မျက်လုံးများက ထက်မြက်လှပြီး ဓာတ်ပုံ၏ အောက်ခြေထောင့်ရှိ ဝိုင်ပုလင်းကို လျင်မြန်စွာ သတိပြုမိသွားခဲ့သည်။ "ဒါက ဘာလဲ?"

နာမည်ကြီး အစီအစဉ်တင်ဆက်သူတစ်ယောက်ပီပီ သူ့လေ့လာစောင့်ကြည့်နိုင်စွမ်းက အမှန် ထက်မြက်လှသည်။ မော့ချူးက သူမ၏ စိတ်ထဲ သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

"ဒါက ကျွန်မ အသစ်တီထွင်ထားတဲ့ စိတ်ဝိညာဥ်ဝိုင် ပါ"

"ဒါဆိုရင် ဒါကို နောက်လမှာ ရောင်းချမယ့် ထုတ်ကုန်အသစ်ထဲမှာ ထည့်ထားမှာလား?"

မာ့ခ်က အရေးကြီးဆုံးမေးခွန်းကို ချက်ချင်းမေးလိုက်သည်။

"ကြီးမြတ်တဲ့ နတ်ဘုရားစုန့်က ဒါကိုသောက်လိုက်ရုံနဲ့ ဒီလောက်တောင်… ဆွဲဆောင်မှုရှိသွားတာလား?"

"ဒါကိုတော့ လောလောဆယ် အာမမခံနိုင်သေးဘူး" မော့ချူးက ခေါင်းခါလိုက်သည်။

"စိတ်ဝိညာဥ်ဝိုင် ချက်လုပ်ရတာက စိတ်ဝိညာဥ်စာ ထက် ပိုရှုပ်ထွေးပြီး အချိန်ပိုပေးရတယ်။ တစ်ကြိမ်တည်းနဲ့ အများကြီး ရောင်းချနိုင်မှာမဟုတ်ဘူးလို့ ကျွန်မထင်တယ်။ မိုးကျရွှေကိုယ်စုန့် ကိစ္စကတော့… သူတကယ်မူးနေလို့ပါ"

"အများကြီးမရောင်းနိုင်ရင် နည်းနည်းလောက်တော့ ထုတ်ရောင်းလို့ရတာပဲ!"

ဤသို့ကြားသည်နှင့် မာ့ခ်က သူမကို အားပေးရန် ချက်ချင်း တိုက်တွန်းလိုက်သည်။ သူ့အမူအရာကို ကြည့်ခြင်းအားဖြင့် သူက စိတ်ဝိညာဥ်အစားအစာ ဆိုင်၏ အမာခံပရိသတ်တစ်ဦးဖြစ်ကြောင်း သိနိုင်ပေသည်။

နောက်ဘက်မှ အယ်ဒီတာဒါရိုက်တာက ဆက်မကြည့်နိုင်တော့ပေ။ မာ့ခ်က အားကောင်းသော ပရော်ဖက်ရှင်နယ် အရည်အသွေးများရှိသော အစီအစဉ်တင်ဆက်သူတစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။ ဘာလို့ သူက ဒီအချိန်ကျမှ လမ်းကြောင်းလွဲသွားရတာလဲ။

ဤဓာတ်ပုံကြောင့်ပင် မော့ချူး၏ စိတ်ဝိညာဥ်ဝိုင်သည် ရောင်းကုန်စာမျက်နှာပေါ်သို့ မရောက်ရှိမီကပင် လူစိတ်ဝင်စားမှု အများဆုံးစာရင်း၏ ထိပ်ဆုံးသို့ ရောက်ရှိနေခဲ့သည်။ ဒါက လူအများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။ နောက်တစ်လတွင် ဖြန့်ချိသည့်အခါတွင်မူ ဝိုင်သည် အလုအယက် ဝယ်ယူကြသည့်လှိုင်းကိုပင် ဖြစ်ပေါ်စေခဲ့ပြီး လူအများစုက စိတ်အားထက်သန်စွာဖြင့် လိုက်လံဝယ်ယူခဲ့ကြသည်။

ဝယ်! ဝယ် မဖြစ်မနေ ဝယ်ရမယ်!

စုန့်ချင်စုန့်၏ ဆွဲဆောင်မှုရှိသော ဟန်ပန်ကို မြင်လိုက်ရသည့်အခါတွင် သူ့အနားရှိ အေးစက်ပြီး မာနကြီးသော မိန်းကလေးများပင် ချက်ချင်း စွဲလန်းသွားကာ မျက်လုံးများ အရောင်တောက်လာသည်ကို မမြင်ကြဘူးလား!

သံသယဖြစ်ဖွယ်မရှိဘဲ၊ ဤစိတ်ဝိညာဥ်ဝိုင်သည် မိန်းကလေးများကို ပိုးပန်းရာတွင် နတ်ဘုရားကူညီသကဲ့သို့ အစွမ်းထက်သည့် အထောက်အကူပစ္စည်းတစ်ခုပင်! လူတိုင်းအတွက် တစ်ခုတော့ရှိသင့်သည်။

ဟုတ်ပေသည်၊ ဤသည်မှာ နောက်မှပြောရမည့် အကြောင်းအရာတစ်ခု ဖြစ်သည်။ ယခုတွင်မူ မာ့ခ်သည် စိတ်ဝိညာဥ်ဝိုင်ကို တိတ်တဆိတ် ပစ်မှတ်ထားနေခဲ့ပြီဖြစ်သည်။

"အဲ... ချူးလေး၊ ကြည့်ပါဦး..."

မာ့ခ်က သူ့အဝတ်အစားများကို အလေးအနက်ထားသော မျက်နှာထားဖြင့် သပ်ရပ်အောင်ပြုလုပ်လိုက်သည်။ နက်ပြာရောင် မျက်လုံးများက မော့ချူးဆီသို့ ဆွဲဆောင်မှုရှိစွာ ပုတ်ခတ်လိုက်ပြီး သူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ "စိတ်ဝိညာဥ်ဝိုင် ထွက်လာရင်လေ၊ ကျွန်တော် အရင်ဆုံး တစ်စိတ်တစ်ပိုင်းလောက် ကြိုမှာထားလို့ရမလားဟင်"

သူ ဤသို့ပြောလိုက်သည်နှင့် စင်အောက်နှင့် ကြယ်ကွန်ယက်ပေါ်ရှိ ပရိသတ်များမှာ ချက်ချင်း ဒေါသထွက်သွားကြတော့သည်။

"သောက်ကျိုးနည်း၊ ဒီလိုတောင် ညစ်ပြီး သူနဲ့ နီးစပ်အောင်လုပ်လို့ရတာလား?"

"မာ့ခ်၊ မင်းရဲ့ သိက္ခာဘယ်မှာလဲ။ ယောက်ျားလေးအလှထောင်ချောက်ကို ဘာဖိအားမှမရှိဘဲ အပြင်ထုတ်သုံးလိုက်တာလား"

"သေစမ်းကွာ၊ မာရှယ်နျဥ်၊ မြန်မြန်ထွက်လာခဲ့တော့။ ခင်ဗျားမိန်းမကို တခြားသူတွေက ပစ်မှတ်ထားနေပြီ"

…

အစီအစဉ်စတင်ပြီး မကြာမီမှာပင် ကြယ်ကွန်ယက်ပေါ်ရှိ ကြည့်ရှုသူအရေအတွက်သည် ယခင်စံချိန်ကို အလွယ်တကူ ကျော်ဖြတ်သွားခဲ့သည်။ ထို့အပြင် ဤအခြေအနေအရ အထွတ်အထိပ်သို့ တက်လှမ်းနိုင်ခြေရှိနေသေးသည်။ မှတ်ချက်ကဏ္ဍအမျိုးမျိုးနှင့် ကြီးမားသော ဝဘ်စာမျက်နှာများသည် စိတ်အားထက်သန်သော အင်တာနက် အသုံးပြုသူများဖြင့် ပြည့်ကျပ်နေလုနီးပါး ဖြစ်နေသည်။ လူတိုင်းနီးပါး၏ အာရုံစိုက်မှုမှာ ယနေ့ည၏ 'ဝက်ဝက်ကွဲ ကာရိုက်တာ' အင်တာဗျူးအပေါ်တွင် ရှိနေသည်။

စင်မြင့်ပေါ်တွင် မျှော်လင့်တကြီးဖြစ်နေသော မာ့ခ်၏ ချောမောသော မျက်နှာကို ကြည့်ကာ မော့ချူး ၏ နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးတက်သွားသည်။

"အဲ့ဒါကတော့... စဉ်းစားပေးလို့ရပါတယ်"

မော့ချူး၏ လေသံရှည်ဆွဲကာ ပြောဆိုမှုကြောင့် အချိန်အတော်ကြာ ရင်တမမဖြစ်ခဲ့ရပြီးနောက်ဆုံးတွင် မပြတ်မသားသောအဖြေကိုသာ ရရှိခဲ့သည်။ မာ့ခ်က စိတ်ပျက်လက်ပျက်ဖြင့် လက်နှစ်ဖက်ကို ဖြန့်လိုက်ပြီး ဝမ်းနည်းသောပုံစံဖြင့် ပြောလိုက်သည်။

"ငါ တကယ် အသက်ကြီးလာပြီပဲ... ငါ့ရဲ့ ချောမောတဲ့မျက်နှာကိုတောင် အားကိုးလို့မရတော့ဘူး။ ဟူး!"

ဤသို့ ဟာသနှောပြီး မိမိကိုယ်ကိုနှိမ့်ချသောလေသံကြောင့် စင်အောက်ရှိ ပရိသတ်များမှာ ချက်ချင်း ရယ်မောသံများဖြင့် ဆူညံသွားတော့သည်။

ကြယ်ကွန်ယက် ပေါ်ရှိ အင်တာနက်အသုံးပြုသူများကလည်း အခွင့်အရေးကို အရယူလိုက်ကြသည် -

[အိုးမိုင်! မာ့ခ်၊ ဝမ်းမနည်းပါနဲ့။ ရှင့်ရဲ့ အလှတရားနဲ့ ကျွန်မကိုဖမ်းစားမယ်ဆိုရင်လေ၊ ကျွန်မကတော့ ရှင့်ရဲ့ စတိုင်ဘောင်းဘီအောက်မှာ ဒူးထောက်မှာပါနော်]

[ဟုတ်တယ်။ အဓိကအကြောင်းအရင်းက ငါတို့ ချူးလေး ဘေးမှာ ချောမောတဲ့ယောက်ျားတွေ အရမ်းများနေလို့ပဲ။ သေချာရေကြည့်လိုက်။ အေးစက်စက်မာရှယ်နျဥ်၊ ချောမောတဲ့ မော့ယန်၊ ကျက်သရေရှိတဲ့ မိုးကျရွှေကိုယ်စုန့်၊ ခန့်ညားတဲ့ ချင်ရှန့်... အူး! သူတို့ထဲက ဘယ်တစ်ယောက်က မိုက်မနေလို့လဲ။ ဒါကြောင့် မင်း အရမ်းအားနည်းတယ်လို့ အပြစ်မတင်နိုင်ဘူး။ ရန်သူရဲ့ ခုခံအားက အရမ်းကောင်းနေလို့ပဲ!]

မကြာမီတွင် လူတိုင်းက အလွန်သဘောကျခဲ့သော ဤမှတ်ချက်ကို ထိပ်ဆုံးသို့ တွန်းပို့ခြင်းခံခဲ့ရသည်။ မှတ်ချက်များကို စီမံခန့်ခွဲသူကပင် အားပေးမှုနှင့် သဘောတူမှုကိုပြသရန် အပေါ်တွင် အနီရောင်ပန်းပွင့်လေးတစ်ခုကို အထူးထည့်သွင်းပေးခဲ့ရာ ထိပ်ဆုံးနေရာကို ယူထားသော မှတ်ချက်သည် ရုတ်တရက် အထူးထင်ရှားနေခဲ့သည်။

ထို့နောက် မှတ်ချက်များကို ပြန်စစ်ဆေးရင်း အလုပ်ရှုပ်နေခဲ့သော ချင်ယွဲ့၏ မျက်နှာက ချက်ချင်းမဲမှောင်သွားရတော့သည်... ပြောစမ်းပါဦး၊ ဒါက ဘာကိုဆိုလိုတာလဲ?!

မိုးကျရွှေကိုယ်စုန့်နှင့် မော့ယန်ကို မပြောသေးနှင့်... အဘယ်ကြောင့် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ ပေါ်ဖူးသော သူ့အစ်ကိုသည်ပင်လျှင် ချောမောသော လူများစာရင်းတွင် ပါဝင်နေသော်လည်း သူက မပါဝင်ရသနည်း။ ဤသည်မှာ ခွဲခြားဆက်ဆံမှု၊ ရှင်းလင်းပြတ်သားသော ခွဲခြားဆက်ဆံမှုပင် ဖြစ်သည်။

ချင်ယွဲ့သည် ယခုအချိန်တွင် အလွန်အမင်း ဒေါသထွက်နေခဲ့သည်။

ပြောစမ်းပါ၊ အဘယ့်ကြောင့် ပွင့်လင်းပြီး ဩဇာအာဏာရှိသော လူတစ်ယောက်၏ အလှကို မည်သူမျှ တန်ဖိုးမထားကြသနည်း။ ဟူး!

ထို့ကြောင့် ဦးနှောက်ချောင်သွားသော ချင်ယွဲ့သည် လက်ကိုဝှေ့ယမ်းကာ စာရိုက်စပြုလိုက်သည်။ မကြာမီတွင် သူ့မှတ်ချက်ကို တင်လိုက်လေသည်။

[ခင်ဗျားတို့မထင်ဘူးလား... ချင်ယွဲ့ကလည်း အရမ်းချောတယ်ဆိုတာကို]

ဤမှတ်ချက်ကို တင်လိုက်သည်နှင့် လူတိုင်းက ထူးဆန်းစွာဖြင့် စက္ကန့်ဝက်ခန့် တိတ်ဆိတ်သွားကြသည်။ ထို့နောက် မှတ်ချက် ဒါဇင်ပေါင်းများစွာသည် မီးပန်းများကဲ့သို့ ချက်ချင်းပေါ်ထွက်လာခဲ့သည်။

[အမ်... ပွင့်ပွင့်လင်းလင်းပြောရရင်၊ ချင်ယွဲ့ရဲ့ ရုပ်ရည်က သူ့အစ်ကိုကြီးထက် အဆတစ်ရာလောက် ပိုဆိုးတယ်]

[ဟုတ်တယ်၊ ငါလည်း ချင်ယွဲ့ကို ချောတယ်လို့ခေါ်လို့မရဘူးလို့ထင်တယ်။ သူ့ကို သေချာသုံးသပ်ကြည့်ရင်လေ၊ ငါတို့က သူ့ကို... ချစ်စရာကောင်းတယ်လို့ ခေါ်လို့ရမလားပဲ]

[အပေါ်က မှတ်ချက်တွေကို သဘောတူတယ်]

…

အောက်တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေသော မှတ်ချက်များကို ကြည့်ရင်း ချင်ယွဲ့သည် သူ့မှတ်ချက်ကို မတင်ခဲ့လျှင် ကောင်းမည်ဟု အမှန်တကယ် ဆုတောင်းနေမိသည်။ ဤသည်မှာ ပြဿနာကို ရှာဖွေခြင်းပင် ဖြစ်သည်။ ထို့ပြင် သူ၏ရုပ်ရည်က ချင်ရှန့်ထက် အဆ ၁၀၀ ပိုဆိုးသည်ဟု ဆိုလိုခြင်းက အဘယ်နည်း။ အများဆုံး... အများဆုံး ၁၀ ဆ ပေါ့၊ ဟုတ်ပြီလား။

ပြီးတော့ ချစ်စရာကောင်းတယ်ဆိုတာကရော ဘာလဲ? သူက မာကျောသော ယောက်ျားတစ်ယောက်ပုံစံဖြင့် နေထိုင်သူဖြစ်သည်! ခွန်အားနှင့်အလှတရား ပေါင်းစပ်မှု၊ နားလည်ရဲ့လား။

ချင်ယွဲ့သည် ဤရုပ်ဝတ္ထုပစ္စည်းဆန်သော လောကကြီးရှေ့တွင် တစ်ဖန် ဒူးထောက်လိုက်ရပြန်သည်...

All Chapters