သနားစရာ နတ်ဆိုးဧကရာဇ် လီ
Vol. 50 Ch. 690
လောထျန်း ခေါင်းညိတ်လိုက်ပြီးနောက် လောချင်းဘက် လှည့်ကြည့်၍ ပြောသည်။
" မင်းက ချီရွှယ်နန်းတော်ကိစ္စကို ကူညီပြီး စီစဥ်လိုက်ပါကွာ ။ ပြီးလို့ ပျောင်ပိုင်မြို့ကို ပြန်ရောက်ရင် ဘာပြဿနာမှ မဖြစ်အောင် အကာအကွယ်တွေ သေချာပြင်ဆင်လိုက်ဦး ။ ကဲ... အခုတော့ ငါ အရင်ပြန်နှင့်မယ် "
" ဟုတ်ကဲ့ပါ သခင်လေး "
လောချင်း ဦးညွှတ်၍ အရိုအသေပေးလိုက်သည်။
ထို့နောက်တွင်မူ လောထျန်းက စကားများစွာ ပြောမနေတော့ပဲ ချီရွှယ်နန်းတော်ထဲရှိ တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကိုသုံးပြီး ပျောင်ပိုင်မြို့သို့ တစ်ယောက်တည်း ပြန်လာခဲ့လိုက်၏။
သူ မြို့ထဲရောက်သည်နှင့် နတ်ဆိုးစွမ်းအင်များ မိုးထိုးနေသည့်နေရာသို့ တန်းသွားလိုက်သည်။
ရောက်ရောက်ချင်းပင် လောထျန်း အော်ပြော၏။
" နတ်ဆိုးဧကရာဇ် လီ ၊ ထွက်လာပါဦး "
သူ့စကားဆုံးသည်နှင့် မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။
" ငါ့ကို အဲ့လိုပြောရဲတာ ဘယ်ကောင်လဲ ။ သေချင်နေပြီလား "
ဒေါသတကြီး အော်သံတစ်ခုလည်း ထွက်လာသည်။
ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်များလည်း မြင့်တက်လာ၏။
ထို နတ်ဆိုးစွမ်းအင်များ ကြားထဲတွင်ကား နတ်ဆိုးဧကရာဇ် လီ ၏ ပုံရိပ် ....
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လောထျန်းတစ်ယောက် အံ့အားသင့်သွားရပါသည်။
သူ နတ်ဆိုးဧကရာဇ် လီအား နောက်ဆုံးအကြိမ်တွေ့ခဲ့စဥ်တွင် ထိုသူက ပုံမှန်မဟုတ်သည့်တိုင် သူ့စိတ်က ကောင်းနေသေးပါ၏။
ယခုတွင်ကား နတ်ဆိုးဧကရာဇ်လီ သည် အစွမ်းများစွာ တိုးလာသော်လည်း မျက်လုံးများက သွေးနီရောင်ပေါက်နေကာ နတ်ဆိုးစွမ်းအင် အနည်းငယ်လည်း ထုတ်လွှတ်နေသယောင် ..
သူ့ စိတ်ဝိဥာဥ်မှာလည်း အခြားတစ်ခုနှင့် ရောယှက်နေဟန် တူပါသေးသည်။
သူ့အရောင်အဝါသည်လည်း ယခင်နှင့် လုံးဝမတူတော့ပါ ။
" လော.. ထျန်း.. လား "
နတ်ဆိုးဧကရာဇ်လီမှာ မျက်မှောင်ကြုံ့၍ အချိန်အတန်ကြာ စဥ်းစားနေပြီးမှ လောထျန်းအား မှတ်မိသွားဟန် တူ၏။
" ဟုတ်တယ်.. ကျုပ်ပဲ ၊ ခင်ဗျားက ဘာဖြစ်နေတာလဲ "
လောထျန်း မေးလိုက်သည်။
နတ်ဆိုးဧကရာဇ်လီက လက်ယမ်း၍ ပြန်ပြော၏။
" မင်း ... ငါနဲ့ ဝေးဝေးမှာ နေပါ ။ လောလောဆယ် ငါ အရမ်းလူသတ်ချင်နေတယ် ။ မင်း ထွက်မသွားရင် မင်းကိုငါ သတ်မိသွားလိမ့်မယ် "
လောထျန်း လန့်သွားရသည်။
" ကျုပ်ကို သတ်မယ်.. ဟုတ်လား "
နတ်ဆိုးဧကရာဇ်လီ က ရုတ်တရက် အံကြိတ်ကာ ထပ်ပြော၏။
" ထွက်သွားတော့ ... ငါ့ကိုယ်ငါ ထပ်ပြီးမထိန်းချုပ်နိုင်တော့ဘူး ။ မင်းကိုငါ တကယ်ကြီး သတ်မိသွားလိမ့်မယ် "
လောထျန်း စိတ်ပျက်လက်ပျက်ဟန်ဖြင့် ပြောလိုက်သည်။
" ဒါဆိုလဲ လာသတ်လေ "
ထိုစဥ်တွင် နတ်ဆိုးဧကရာဇ်လီ မှာလည်း စဥ်းစားဆင်ခြင်နိုင်စွမ်း ရှိတော့ဟန်မတူပဲ ကြောက်မက်ဖွယ် လူသတ်အရိပ်အငွေ့များ ထုတ်လွှတ်လာ၏။
" မင်းက တောင်းဆိုတာနော်... သေစမ်းကွာ "
သူ ဒေါသတကြီးအော်ကာ လောထျန်းဆီ ပြေးဝင်သွားသည်။
လောထျန်း သူ့ကိုကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားရသည်မှာ အမှန်ပင် ။
နတ်ဆိုးဧကရာဇ်လီသည် နတ်ဆိုးသွေးစက်ကို စုပ်ယူပြီးနောက်ပိုင်း အစွမ်းများစွာ တိုးလာခဲ့ပြီး ..
သူ့အရောင်အဝါမှာလည်း ကမ္ဘာပေါ်မှမသေမျိုးအဆင့်ကို များစွာကျော်လွန်၍ မသေမျိုးဘုရင်အအဆင့်နှင့်ပင် သိပ်မကွာလှတော့ပါ ။
သို့သော် သူ့စိတ်ကမူ ပုံမှန်မဟုတ်တော့သည်မှာ သေချာပါသည်။
အကယ်၍ သူ့ကိုယ်ထဲမှ လူသတ်အရိပ်အငွေ့ကို အလုံးစုံ ထုတ်လွှတ်ခွင့်မရလျှင် သူ လုံးဝပြန်ကောင်းတော့မည်ပင် မထင်ပါချေ။
လောထျန်းထိုသို့တွေးကာ လက်ဖြင့် အစီအမံတစ်ခု ချက်ချင်းလုပ်ပြီး ဘေးပတ်ဝန်းကျင်လေထုကို ကာ
ကွယ်ထားလိုက်၏။ သို့မှသာလည်း နတ်ဆိုးဧကရာဇ်လီ၏ လက်ချက်ဖြင့် ပျောင်ပိုင်မြို့ ပျက်စီးသွားမည့်ဘေးမှ လွတ်နိုင်မည် မဟုတ်ပါလား ။
ထိုစဥ် နတ်ဆိုးဧကရာဇ်လီ၏ တိုက်ခိုက်မှုမှာလည်း နီးကပ်လာခဲ့လေပြီ ။
" သေစမ်းကွာ "
သူ လက်သည်းချွန်များထုတ်၍ လောထျန်းအား ဖမ်းဆုပ်ရန်ရွယ်လာ၏။
ထိုလက်သည်းချွန်များမှာ နတ်ဘုရားလက်နက်တစ်ခုလိုပင် အစွမ်းထက်လှပြီး ကမ္ဘာကြီးတစ်ခုလုံးကိုပင် အပိုင်းပိုင်း ဆွဲဖြဲပစ်တော့မယောင် ...
သို့သော် ထိုကြောက်မက်ဖွယ် လက်သည်းချွန်များက လောထျန်းနှင့် သုံးပေခန့်အကွာမှာပင် သူ့ကိုယ်၏ အကာအကွယ်နှင့် တိုက်မိသွားပြီး ...
ဖြောင်း ...
အသံကျယ် တစ်သံနှင့်အတူ နတ်ဆိုးဧကရာဇ်လီ၏ လက် ကျိုးသွားတော့သည်။
" ဟင် .. ငါ အစွမ်းကို သေချာမထိန်းချုပ်လိုက်မိဘူးပဲ ။ ငါ နည်းနည်းအစွမ်းထိန်းထားလိုက်မယ်ကွာ.. မင်းက ဆက်ပြီးတိုက်ခိုက် "
လောထျန်း ပြောပြောဆိုဆိုပင် တင်ပျင်ခွေထိုင်ပြီး သူ့အကာအကွယ်အစွမ်းကို ထိန်းချုပ်ထားလိုက်သည်။
" သတ်ပစ်မယ် "
တဖက်မှ နတ်ဆိုးဧကရာဇ်လီက လောထျန်းအား အရူးတစ်ယောက်သဖွယ် ထပ်မံတိုက်ခိုက်လာပြန်၏။
သူ့တိုက်ခိုက်မှုတိုင်းတွင်လည်း ကြောက်မက်ဖွယ် နတ်ဆိုးစွမ်းအင်များ ပါဝင်လျက် ... ။
ထိုနတ်ဆိုးစွမ်းအင်များကြား၌ တာအိုထွင်းစာများပင် အရောင်လက်နေပါသေးသည်။
အကယ်၍ ထိုတိုက်ခိုက်မှုသာ အပြင်သို့ ရောက်သွားပါက တောင်များ ပြိုကွဲသွားမည့်အပြင် မြေပြင်ပါ
အက်ကွဲသွားရမည် မလွဲပေ ။
သို့သော်... ၎င်းက လောထျန်း၏ အကာအကွယ်အစွမ်းကိုမူ မထိုးဖောက်နိုင်ပဲ ပြန်ပင်ကန်လာပါသေး၏။
ဤသို့ဖြင့် နာရီဝက်ခန့် ကြာသွားပြီးနောက်တွင်မူ ... နတ်ဆိုးဧကရာဇ်လီမှာ ကိုယ်ထဲရှိ မရေမတွက်နိုင်သော အရိုးများကျိုးနေပြီး တစ်ကိုယ်လုံးလည်း သွေးများရွှဲလျက် မြေပြင်၌ လဲနေတော့သည်။
ထိုစဥ်မှသာလည်း သူ အသိစိတ်ပြန်ဝင်လာ၏။
ထို့နောက်တွင် နတ်ဆိုးဧကရာဇ်လီ ဘေးသို့ လှည့်ကြည့်လာကာ လောထျန်းအားတွေ့သွားပြီး တအံ့တသြမေးသည်။
" သခင်လေး လောထျန်း ၊ ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ... "
သူ စကားဟလိုက်သည်နှင့် တစ်ကိုယ်လုံး နာကျင်သွားပါ၏။
" ကျုပ်... ဘာဖြစ်သွားတာလဲ ။ သခင်လေး လက်ချက်ကြောင့်လား "
သူ လောထျန်းအား မေးသည်။
လောထျန်း ဆွံ့အသွားရကာ ပြန်ပြောလိုက်သည်။
" ကျုပ် ကျိန်ဆို ကျိန်ရဲပါတယ်.. ခင်ဗျားကို ကျုပ် လုံးဝ ပြန်မတိုက်ခိုက်ခဲ့ပါဘူး ။ ခင်ဗျားကသာ ကျုပ်ကို တိုက်ခိုက်ခဲ့တာလေ "
" ဟင်.. ကျုပ် သခင်လေးကို တိုက်ခိုက်ရင်းနဲ့ ခုလိုအခြေနေ ဖြစ်သွားတာလား "
နတ်ဆိုးဧကရာဇ်လီ အံ့သြမှင်သက်သွားရသည်။
လောထျန်းက လက်ကာပြ၍ ပြန်ပြော၏။
" လောလောဆယ် အဲ့ကိစ္စကို ခဏထားလိုက်ဦး ။ ခင်ဗျား ဘာတွေဖြစ်နေတာလဲ "
နတ်ဆိုးဧကရာဇ်လီ အံကြိတ်ပြီး သူ့အစွမ်းကို အသက်သွင်းလိုက်သည်။
ဂျွတ်.....
သူ့ကိုယ်ထဲမှ ကျိုးနေသောအရိုးများ လျင်မြန်စွာ ပြန်ကောင်းလာကြ၏။
ထို့နောက် သူ ပြောသည်။
" အဲ့ သွေးစက်က တစ်ခုခုတော့ လွဲနေတယ်ဗျ "
သူဆိုလိုသည့် သွေးစက်မှာ နတ်ဆိုးဧကရာဇ်မျိုးနွယ်စုနေရာမှ ရခဲ့သော သွေးစက်ဖြစ်ကြောင်း လောထျန်း အလိုလိုနားလည်ပြီးသားပင် ။
ထိုစဥ်က သူ သွေးစက်အား နတ်ဆိုးဧကရာဇ်လီကို ပေးကာ ၎င်းမှအစွမ်းကို စုပ်ယူစေခဲ့ပါ၏။
သို့သော် မျှော်လင့်မထားစွာပင် တစ်ခုခု လွဲချော်နေလေပြီ ။
" ကျုပ်ကို အသေးစိတ်ပြောပါဦး "
လောထျန်း ထပ်မေးလိုက်သည်။
နတ်ဆိုးဧကရာဇ်လီ သက်ပြင်းချ၏။
" အဲ့သွေးစက်ထဲမှာ တခြားတစ်ယောက်ရဲ့ စိတ်ဆန္ဒ ရှိနေတုန်းပဲဗျ ။ အဲ့သွေးစက်ကို ပိုပြီးစုပ်ယူလေ အဲ့
စိတ်ဆန္ဒက ပိုပြီး အစွမ်းထက်လာလေပဲ "
" အစကတော့ ကျုပ်က ဒါကို သာမာန်ဖြစ်နေကျလို့ပဲထင်ပြီး လျစ်လျူရှုထားခဲ့တာ ။ ဒါပေမယ့်.. နောက်ပိုင်းကျတော့ တစ်ယောက်ယောက်က ကျုပ်နားထဲ စကားလာပြောတဲ့အသံတွေကို စကြားရတာပဲ "
လောထျန်း လန့်သွားသည်။
" စကားပြောတယ်... ဘာတွေပြောတာလဲ "
နတ်ဆိုးဧကရာဇ်လီ ခေါင်းယမ်း၏။
" ကျုပ် သေချာမကြားရဘူးဗျ ။ ဒါပေမယ့် အဲ့အသံက စကားပြောလာတိုင်း ကျုပ်ကိုယ်ကို ထိန်းချုပ်လို့မရတော့သလို ဖြစ်ပြီးတော့ လူသတ်ချင်စိတ်ပဲ ဖြစ်လာတော့တာ "
" ဒါ့ကြောင့်မို့လဲ ပြဿနာတွေ မဖြစ်အောင်လို့ ဒီရက်ပိုင်းမှာ ကျုပ်ကိုယ်ကျုပ် ဒီမှာပဲ ချုပ်နှောင်ထားခဲ့တာ ။ တကယ်လို့ သခင်လေးသာ ရောက်မလာခဲ့ရင် ကျုပ် ဘယ်သူနဲ့မှတောင် ထွက်တွေ့မှာမဟုတ်ဘူး ။ ပြီးတော့.. ကျုပ်သာ အဲ့သွေးစက်အကုန်လုံးကို စုပ်ယူလိုက်ရင် ကျုပ်စိတ်က အရင်တိုင်း မဟုတ်
တော့ပဲနဲ့ အဲ့သွေးစက်ရဲ့ သခင်ဖြစ်လာမယ်လို့ပဲ ခံစားနေရတယ် "
သူ့စကားကြောင့် လောထျန်း မျက်မှောင်ကြုံ့သွားရသည်။
ထိုသွေးစက်မှာ ပုံမှန်မဟုတ်သည်ကို သူ အစောတည်းက သိထားပြီးဖြစ်သည့်တိုင် ယခုလို ဖြစ်လာမည်ဟုမူ သူ ထင်မထားခဲ့ပါ ။
" အခု မင်းရဲ့ မသေမျိုးစိတ်ဝိဥာဥ်အတွက် လုံလောက်တဲ့ အစွမ်းပမာဏကို စုပ်ယူပြီးသွားပြီမဟုတ်လား ။ အဲ့သွေးစက်ကို ငါ့ကိုပေးလိုက် "
လောထျန်း ပြောလိုက်သည်။
နတ်ဆိုးဧကရာဇ်လီက အောင့်သက်သက်ပြုံး၍ ပြန်ပြောရှာ၏။
" ကျုပ်ကရော သခင်လေးကို မပေးချင်ဘူး ထင်လို့လားဗျာ ။ တစ်ခုခု လွဲနေမှန်း သိသိချင်းမှာတင် ကျုပ် အဲ့သွေးစက်ကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားခဲ့သေးတယ်ဗျ... ဒါပေမယ့် အသုံးမဝင်ပါဘူး "
လောထျန်း မျက်မှောင်ပိုကြုံ့သွားသည်။
" ဒါဆို ငြိမ်ငြိမ်ထိုင်နေဗျာ ။ ကျုပ်ဟာကျုပ်ပဲ ထုတ်လိုက်မယ် "
နတ်ဆိုးဧကရာဇ်လီ ခေါင်းညိတ်လိုက်၏။
" ကောင်းပါပြီ ။ ဒါပေမယ့်.. သတိတော့ထားနော် ၊ အဲ့သွေးစက်က သခင်လေးကိုပါ တိုက်စားသွားနိုင်တယ် "
သူ ထိုသို့ပြောပြီး တင်ပျင်ခွေ ထိုင်ချလိုက်သည်။
တဖက်မှ လောထျန်းကလည်း လက်တစ်ဖက် ဆန့်ထုတ်၍ နတ်ဆိုးဧကရာဇ်လီ ကိုယ်ထဲမှ သွေးစက်ကို ဆုပ်ကိုင်လိုက်၏။
ဝီ ....
နတ်ဆိုးသွေးစက်မှာ လောထျန်း၏ အရောင်အဝါအား အာရုံခံမိဟန်တူကာ နတ်ဆိုးအလင်းတန်းတစ်ခု ချက်ချင်းထုတ်လွှတ်၍ လောထျန်းကိုတားရန် ကြိုးစားလာသည်။
လောထျန်း မျက်မှောင်ကြုံ့သွားပြီး သူ့လက်ဝါးအား အရှုပ်အထွေးစွမ်းအင်များဖြင့် လွှမ်းခြုံလိုက်၏။
ဝီ...
ချက်ချင်းမှာပင် နတ်ဆိုးအလင်းတန်း တဖြည်းဖြည်း နောက်ဆုတ်သွားရသည်။
ထို့နောက်တွင် လောထျန်း လက်ကိုရှေ့တိုးကာ နတ်ဆိုးသွေးစက်အား ကိုင်လိုက်သည်။
ဝီ....
တစ်ချိန်တည်းမှာပင် ထူးဆန်းသော အစွမ်းတစ်ခုက လောထျန်း၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားလာ၏။
သို့သော် ..
ထိုအစွမ်းက လောထျန်းကိုယ်ထဲ ရောက်သည်နှင့် အသံတစ်သံပေး၍ လေထဲပျောက်ကွယ်သွားတော့သည်။
ထိုစဥ်မှာပင် လောထျန်းက လက်ကိုဖြည်းဖြည်းချင်း ပြန်ရုတ်၍ နတ်ဆိုးသွေးစက်အား ဆွဲထုတ်လိုက်သည်။
ထိုနတ်ဆိုးသွေးစက်က နတ်ဆိုးဧကရာဇ်လီ၏ ခန္ဓာကိုယ်ထဲမှ ထွက်သည်နှင့်.. အလင်းတန်း ချက်ချင်းကျုံ့ဝင်သွားပြီး ....
သာမာန်သွေးစက်တစ်စက်လိုသာ ဖြစ်သွား၏။
" ဒီဟာက တော်တော်တော့ ထူးဆန်းတာပဲ ။ လောလောဆယ် အထဲမှာဘာတွေရှိလဲ မမြင်ရသေးဘူး ။ နောက်ထပ် အဆင့်နှစ်ခုလောက် တက်ပြီးမှပဲ မြင်ရမယ်နဲ့တူတယ် "
လောထျန်း ပြောကာ နတ်ဆိုးသွေးစက်အား ဟင်းလင်းပြင်လက်စွပ်တစ်ခုထဲ ထည့်၍ ထိုကိစ္စအား လတ်တလော လျစ်လျူရှုထားလိုက်တော့သည်။
ထိုစဥ်တွင် နတ်ဆိုးဧကရာဇ်လီက ဒဏ်ရာဆိုးရွားစွာ ရထားသော သူ့ကိုယ်ကို ပွတ်ကာ လောထျန်းအား
မေးလာသည်။
" သခင်လေး ကျုပ်ကို ဘာလို့လာတွေ့တာလဲ "