အခန်း (၆၉၁)
Vol. 50 Ch. 691
လောထျန်း တဖက်လူကိုကြည့်ကာ မေးလိုက်သည်။
" ခင်ဗျား လက်တုန့်မပြန်ချင်ဘူးလား "
သူ့စကားကြောင့် နတ်ဆိုးဧကရာဇ်လီ အံ့အားသင့်သွားပုံပေါ်ကာ ပြန်မေး၏။
" သခင်လေး ဝမ်ဟွန်းကွေ့ယီဂိုဏ်းကို ရှာတွေ့သွားပြီလား "
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ််တယ် ၊ ခင်ဗျား ကျုပ်နဲ့အတူ လိုက်ခဲ့ချင်လား "
နတ်ဆိုးဧကရာဇ်လီ၏ မျက်လုံးထဲတွင် လူသတ်အရိပ်အငွေ့တို့ဖြင့် ပြည့်သွား၏။
" လိုက်ချင်တာပေါ့ဗျ "
လောထျန်း : " ကောင်းပြီဗျာ ၊ ဒါဆို ပန်းလင်ကို ခေါ်ပြီး သွားကြမယ် "
ထို့နောက် လောထျန်း လျှို့ဝှက်ဒေသထဲ ဝင်ကာ ပန်းလင်ဆီ သွားလိုက်သည်။
ပန်းလင်မှာ စစချင်းတွင် လျှို့ဝှက်ဒေသက သူမအတွက် သုခဘုံတစ်ခုလို ဖြစ်နေသောကြောင့် မခွာလိုသော်လည်း ...
လောထျန်း၏ ရည်ရွယ်ချက်ကို ကြားပြီးနောက် မျက်လုံးများ ချက်ချင်းအေးစက်သွားကြသည်။
" ကောင်းပါပြီ ၊ ကျွန်မ သခင်လေးနဲ့ လိုက်ခဲ့မယ် "
သူမရော နတ်ဆိုးဧကရာဇ်လီပါ ယခင် သူတို့၏ဂိုဏ်း ဖျက်ဆီးခံရမှုအတွက် ရင်ထဲအမုန်းတို့ဖြင့် ပြည့်နေသည် မဟုတ်ပါလား ။
လောထျန်း ခေါင်းညိတ်လိုက်သည်။
" ကဲ.. သွားကြစို့ဗျာ "
" ရန်သူတွေက ဘယ်မှာလဲ "
ပန်းလင် မေး၏။
လောထျန်း : " စိတ်ဝိဥာဥ်အသူရာချောက်မှာ "
" ဟင်... အဲ့နေရာမှာလား.. "
ပန်းလင် အံ့အားသင့်သွားရသည်။
လောထျန်း သူမကိုကြည့်ကာ မေးလိုက်၏။
" ခင်ဗျား အဲ့နေရာကို သိတယ်လား "
ပန်းလင် ခေါင်းညိတ်ပြသည်။
" ဒါပေါ့ သခင်လေးရဲ့ ။ စိတ်ဝိဥာဥ် အသူရာချောက် ဆိုတာ ထျန်းယွမ်ကမ္ဘာမှာ လူသူမရှိဆုံး နေရာတစ်ခုပဲ ။ အဲ့နေရာက မိစ္ဆာဝိဥာဥ်တွေရဲ့ ပိုင်နက်လေ ။ ကောလဟာလကြားဖူးတာတော့ အဲ့မှာ ကမ္ဘာပေါ်ကမသေမျိုးအဆင့် မိစ္ဆာဝိဥာဥ်တွေတောင် ရှိတယ်တဲ့ "
" အဲ့ မိစ္ဆာဝိဥာဥ်တွေက အင်မတန်ကို အန္တရာယ်များတယ် ။ ပြီးတော့ အဲ့မှာ ထူးခြားတဲ့ အရင်းအမြစ်မျိုးလဲ မရှိဘူး ။ ဒါ့ကြောင့်မို့ ဟိုးရှေးခေတ်တည်းကနေ ခုထိ အဲ့နေရာကို ဘယ်သူမှ သိပ်ပြီးစိတ်မဝင်စားကြတာ ။ ဝမ်ဟွန်းကွေ့ယီဂိုဏ်းက လူတွေက ဘယ်လိုလုပ်ပြီး အဲ့မှာ ပုန်းနေနိုင်တာလဲ "
လောထျန်း ခေါင်းညိတ်ကာ သူ သွေးနီစိတ်ဝိဥာဥ်သခင်ကြီး၏ မှတ်ဉာဏ်မှ ရခဲ့သော သတင်းကို ပြောပြလိုက်သည်။
သူ့စကားကို နားထောင်ပြီးနောက် ပန်းလင်တို့နှစ်ဦး ပို၍ပင် တုန်လှုပ်သွားကြ၏။
" ဝမ်ဟွန်းကွေ့ယီဂိုဏ်းက အဲ့လောက်တောင် ရက်စက်ကြတာလား "
နတ်ဆိုးဧကရာဇ်လီ မျက်မှောင်ကြုံ့သွားသည်။
ပန်းလင်ကလည်း မျက်မှောင်ကြုံ့၍ ဆို၏။
" ကျွန်မ အစကတော့ ... အဲ့ကိစ္စကို ဒီတိုင်း တမင်ချဲ့ကားလွန်းတယ်ပဲ ထင်ခဲ့တာ ။ သူတို့မှာ အဲ့လိုအကြံမျိုး တကယ်ကြီး ရှိနေတာလား "
လောထျန်း သူမကိုကြည့်ကာ မေးလိုက်သည်။
" သူတို့က ဘာကိုကယ်ဖို့ ကြိုးစားနေလဲဆိုတာ ခင်ဗျားသိလား "
ပန်းလင် ခေါင်းယမ်းပြ၏။
" ကျွန်မလဲ မသိဘူး ။ အဲ့လူတွေက ထူးဆန်းပြီး
အစွမ်းလဲထက်ကြတော့ အပြင်လူတွေက သူတို့ကို နားမလည်နိုင်ကြဘူး ။ အဲ့တော့ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာဆိုတာလဲ ဘယ်သူမှ မသိဘူးပေါ့ရှင် "
လောထျန်း အနည်းငယ် စိတ်ပျက်သွားသော်လည်း .. တခဏအကြာ၌ ခေါင်းယမ်း၍သာ ပြောလိုက်သည်။
" ကိစ္စမရှိပါဘူးလေ ... သူတို့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ၊ သူတို့ကို အပြတ်ရှင်းလိုက်ရင် ဘာပြဿနာမှ ရှိတော့မှာ မဟုတ်ဘူး "
တဖက်လူနှစ်ယောက် ပြိုင်တူ ခေါင်းညိတ်လိုက်ကြ၏။
ထို့နောက်တွင်မူ.. သူတို့သုံးယောက်သား ထွက်ခွာသွားကြသည်။
လုံမိန်းမြို့သည် ကျုံ့ကျိုးနှင့် မြောက်ပိုင်းဒေသ နယ်စပ်ကြား၌ တည်ရှိပြီး ...
ကောလဟလများအရ ထိုနေရာတွင် နဂါးကြီးတစ်
ကောင် သေဆုံးခဲ့ဖူးသဖြင့် လုံမိန်းမြို့ဆိုသော အမည်ကို ရခဲ့သည်ဟု ဆိုပါသည်။
ထို သေဆုံးခဲ့သော နဂါးကြီး၏ကိုယ်က လူများကို ကာကွယ်ပေးရန်အတွက် မြို့ရိုးအဖြစ် ပြောင်းသွားခဲ့သည့်အတွက် လုံမိန်းမြို့သည် ဘယ်သောအခါမှ စစ်ပွဲများကြောင့် ကျူးကျော်ဝင်ရောက်ခြင်း မခံခဲ့ရဟုလည်း ဆိုပါ၏။
ဝီ....
စိတ်စွမ်းအင်အလင်းတန်း လက်သွားကာ လောထျန်းတို့သုံးယောက် လုံမိန်းမြို့ တည်နေရာရွှေ့ပြောင်း အစီအမံရှေ့၌ ပေါ်လာကြသည်။
" ဟင် ... "
ရောက်ရောက်ချင်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် လောထျန်းတစ်ယောက် အံ့အားသင့်သွားရ၏။
လုံမိန်းမြို့မှာ ကြီးမားကျယ်ဝန်းသော မြို့ကြီးတစ်ခု ဖြစ်သည့်တိုင် သက်ရှိတစ်ဦးမှ ရှိဟန်မတူဘဲ ... လူသူကင်းမဲ့နေပါသည်။
" ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ "
နတ်ဆိုးဧကရာဇ်လီ အံ့သြတကြီး မေးလိုက်သည်။
ပန်းလင် ခေါင်းယမ်းပြ၏။
ထိုစဥ်တွင် သူတို့နှင့် မလှမ်းမကမ်း လမ်းထောင့်တစ်ခု၌ အရိပ်တစ်ခု လှုပ်ရှားသွားသယောင် ..
နတ်ဆိုးဧကရာဇ်လီ၏ မျက်လုံးများ အရောင်လက်သွားကာ ချက်ချင်း အော်ပြောလိုက်သည်။
" ဟေ့ ၊ ဒီမြို့မှာ ဘာတွေဖြစ်နေတာလဲ "
မျှော်လင့်မထားစွာပင် သူ့စကားသံ ဆုံးသည်နှင့် အရိပ်က တောင့်တင်းသွားပြီး ဖြည်းညင်းစွာ လှည့်လာ၏။
ထိုအရိပ် လှည့်လာသည့်အချိန်တွင်မူ လောထျန်းတို့သုံးယောက်လုံး အံ့အားသင့်သွားရသည်။
အဘယ့်ကြောင့်ဆိုသော် ထိုအရိပ်မှာ လူမဟုတ်ပဲ မိစ္ဆာဝိဥာဥ်တစ်ကောင် ဖြစ်နေသောကြောင့်ပင် ။
" ဝူး .... "
မိစ္ဆာဝိဥာဥ်မှာလည်း သက်ရှိအရောင်အဝါကို အာရုံခံမိကာ အစွယ်များနှင့် လက်သည်းချွန်များ ထုတ်၍ ပြေးဝင်လာသည်။
နတ်ဆိုးဧကရာဇ်လီ မျက်မှောင်ကြုံ့ပြီး ၎င်းဆီသို့ လက်ညိုးညွှန်လိုက်၏။
ဝုန်း...
မိစ္ဆာဝိဥာဥ်ကြီး ပြာအဖြစ် တမဟုတ်ချင်း ပြောင်းသွားတော့သည်။
ပန်းလင်က ၎င်းကိုကြည့်ကာ မျက်မှောင်ကြုံ့၍ ဆို၏။
" နင်တုန့်ပြန်တာ မြန်လွန်းသွားတယ် "
နတ်ဆိုးဧကရာဇ်လီက မကျေမနပ်ပုံစံဖြင့် ပြန်မေးသည်။
" ဘာလို့လဲ .... မိစ္ဆာဝိဥာဥ်ကို သတ်လို့မရဘူးလား "
ပန်းလင် သူ့အား မျက်စောင်းဖြင့် ပြန်ကြည့်လိုက်သည်။
" သတ်လို့ရတာပေါ့ ။ ဒါပေမယ့် အဲ့မိစ္ဆာဝိဥာဥ်ဆီမှာ ငါတို့သိချင်တဲ့ သဲလွန်စတွေ အများကြီး ရှိနေနိုင်တယ်လေ ။ အခု နင်က တန်းပြီးသတ်လိုက်တော့ ဒီမှာဘာတွေဖြစ်သွားခဲ့လဲ မသိရတော့ဘူးပေါ့ "
ထိုစကားကိုကြားမှ နတ်ဆိုးဧကရာဇ်လီ အိုးတို့အမ်းတမ်း ပြုံးသည်။
" နောက်ခါဆို ငါ ပိုသတိထားပါ့မယ် "
ထိုစဥ် လောထျန်းက မျက်မှောင်ကြုံ့၍ ဝင်ပြော၏။
" နောက်ခါ မလိုဘူး ။ ဒီတစ်ခါ ကျုပ်ကိုယ်တိုင် ဝင်လုပ်မယ် "
" ဟင်... "
နတ်ဆိုးဧကရာဇ်လီ အံ့သြမှင်သက်သွားပြီးနောက်.. ရုတ်တရက် ဘေးသို့ လှည့်ကြည့်လိုက်ရာ မရေမတွက်နိုင်သော မိစ္ဆာဝိဥာဥ်များက သူတို့အား အရပ်မျက်နှာပေါင်းစုံမှ ဝိုင်းထားကြသည်ကို မြင်လိုက်ရ
သည်။
ထို မိစ္ဆာဝိဥာဥ်များမှာ ပြွတ်သိပ်လွန်းနေ၍ သူ ဆံပင်များ ထောင်သွားသလိုပါပင်...
ထိုစဥ်မှာပင် ခပ်စူးစူး အသံတစ်သံ ထွက်လာ၏။
" အိုး ... ဒီမှာ ကံဆိုးသူမောင်ရှင်တွေ ရှိနေတာ ယုံတောင်မယုံနိုင်ဘူးကွာ ။ သုံးယောက်တောင် ရှိနေတာပဲ.... ။ ကောင်းတယ် .. ငါ့လက်အောက်မှာ မိစ္ဆာဝိဥာဥ်သုံးကောင် ထပ်တိုးသွားတာပေါ့ "
စကားသံဆုံးသည်နှင့် အိမ်ခေါင်မိုးတစ်ခုပေါ်တွင် အရိပ်တစ်ခု ပေါ်လာသည်။
ထိုသူမှာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း အစိမ်းရောင်ပုလွေတစ်ချောင်း ကိုင်ထားကာ လောထျန်းတို့သုံးယောက်အား လှောင်ပြုံးဖြင့် ကြည့်နေ၏။
" မင်းက ဘယ်သူလဲ "
လောထျန်း မေးလိုက်သည်။
အစိမ်းရောင်ဝတ် လူကြီးက အပြုံးဖြင့် ပြန်ပြော၏။
" ငါ ဘယ်သူဆိုတာ မင်းသိစရာ မလိုပါဘူး ။ မင်းသိရမှာက.. သိပ်မကြာခင်မှာ ငါ မင်းရဲ့သခင် ဖြစ်လာတော့မယ်ဆိုတာပဲ ။ ဒါသိထားရင် ရပြီ "
သူ ထိုသို့ပြောကာ အစိမ်းရောင်ပုလွေအား နှုတ်ခမ်းတွင် တေ့လိုက်သည်။
ထိုပုလွေမှ နားဝင်ဆိုးလှသည့် သံစဥ်တစ်ခု ရုတ်ချည်းထွက်လာ၏။
ထိုသံစဥ် ထွက်လာသည်နှင့် သူ့ဘေးတွင် ရှိနေကြသော မိစ္ဆာဝိဥာဥ်များအားလုံး ဒူးထောက်လိုက်ကြသည်။
သံစဥ်ကလည်း အစိုင်အခဲအဖြစ် ပြောင်းပြီး ထွင်းစာများ ဖြစ်လာကာ လောထျန်းတို့သုံးယောက်ဆီသို့ မျောလွင့်လာသည်။
" ဟင် ... "
ထိုမြင်ကွင်းကြောင့် သူတို့သုံးယောက်လုံး အံ့အားသင့်သွားပါ၏။
တဖက်မှ အစိမ်းရောင်ဝတ် လူကြီးကမူ ပျော်ရွှင်နေကာ တစ်ကိုယ်တည်း တွေးသည်။
" ဒီ အရူးသုံးယောက်က ကိုယ့်ကိုကိုယ် ဘယ်လိုခုခံရမယ်တောင် မသိကြပါလား ။ ဒါလဲ ကောင်းတာပဲလေ ။ ဒီကောင်တွေ သံစဥ်ရဲ့လွှမ်းမိုးတာ ခံရပြီးတာနဲ့ ငါ့ရဲ့ မိစ္ဆာဝိဥာဥ် ဖြစ်လာကြမှာပဲ ။ ကြည့်ရတာ ဒီသုံးယောက်လုံးက ကျင့်ကြံခြင်းအခြေအနေ မဆိုးလောက်ဘူးဆိုတော့ အစွမ်းထက်တဲ့ မိစ္ဆာဝိဥာဥ်တွေ ဖြစ်လာကြမှာ အသေချာပဲ "
သူ ထိုသို့တွေးပြီး ပုလွေကို ဆက်မှုတ်လိုက်၏။
မကြာမီမှာပင် ထွင်းစာများက ပန်းလင်ရှေ့သို့ ဦးစွာရောက်လာကြသည်။
ပန်းလင်က ၎င်းကိုတစ်ချက်ကြည့်ကာ တီးတိုးရေရွတ်၏။
" အနံ့က ဆိုးလိုက်တာ .... "
စကားဆုံးသည်နှင့် သူမကိုယ်ပေါ်တွင် အလင်းတန်းတစ်ခု အရောင်လက်လာပြီး ထွင်းစာများထဲမှ မိစ္ဆာ
စွမ်းအင်များအားလုံး သန့်စင်ခံလိုက်ရတော့သည်။
" ဘယ်လိုဖြစ်ပြီး .... "
အစိမ်းရောင်ဝတ်လူကြီး အံ့အားသင့်ကာ ခဏတာမျှ မှင်သက်သွား၏။
သူ့ရှေ့မှ ပန်းလင်က သဘာဝစိတ်ဝိဥာဥ်တစ်ယောက် ဆိုသည်ကို သူ မည်သို့သိနိုင်ပါမည်နည်း ။
သူမ ထုတ်လွှတ်သော အရောင်ဝါမှာ အသန့်စင်ဆုံးနှင့် အမြင့်မြတ်ဆုံးဖြစ်ကာ ထိုသို့သော မိစ္ဆာအရောင်အဝါ၏ ရန်သူတော်ကြီး ဖြစ်ပါသည်။
" ဟမ့် ၊ ဒီမိန်းမက ထူးဆန်းတယ် ။ ဟိုကောင့်ကိုပဲ အရင်ရှင်းလိုက်မယ်ကွာ "
အစိမ်းရောင်ဝတ်လူကြီး၏ မျက်လုံးအကြည့်က နတ်ဆိုးဧကရာဇ်လီဆီ ရွေ့သွား၏။
ဝီ...
မိစ္ဆာစွမ်းအင်များ သယ်ဆောင်လာသည့် ထွင်းစာများက နတ်ဆိုးဧကရာဇ်လီပေါ်သို့ ရုတ်ချည်းကျလာ
သည်။
" ဟင် ... "
နတ်ဆိုးဧကရာဇ်လီ မျက်မှောင်ကြုံ့သွားပြီး... ဘာမှ မလုပ်ရသေးခင်မှာပင်..
ဝုန်း ..
သူ့ကိုယ်ထဲမှ အစွမ်းက ထွင်းစာများအား တိုက်စားလာ၏။
တိုက်စားခံထွင်းစာများ အစိမ်းရောင်ဝတ် လူကြီးဆီသို့ ပြန်ရွေ့သွားကြတော့သည်။
" ဘာလဲဟ.. ဘာတွေဖြစ်နေတာလဲ... ဒီအရောင်အဝါက ဘာဖြစ်လို့ မိစ္ဆာအရောင်အဝါထက်တောင် ပိုဆိုးနေရတာလဲ "
အစိမ်းရောင်ဝတ်လူကြီး လန့်သွားကာ ပုလွေသံလည်း ချက်ချင်း ရပ်သွား၏။
နတ်ဆိုးဧကရာဇ်လီ၏ ခန္ဓာကိုယ်မှာ ဆိုးယုတ်သော နည်းလမ်းများဖြင့် အသွင်ပြောင်းခြင်း ခံထားရပြီး..
နောက်ပိုင်းတွင်လည်း နတ်ဆိုးသွေးအား သန့်စင်ထားသည်ကို သူ မည်သို့ သိနိုင်ပါမည်နည်း။
နတ်ဆိုးဧကရာဇ်လီသည် ယခုထိ အကောင်းတိုင်း ရှိနေသေးသည်ကပင် များစွာကံကောင်းသည်ဟု ပြော၍ရပါသည်။
သို့သော် အရောင်အဝါတွင်မူ သူက မိစ္ဆာဝိဥာဥ်များထက် များစွာပိုဆိုးပါ၏။
" ချီး... ဒီနေ့ ဘယ်လိုဖြစ်ပြီး လူထူးဆန်းနှစ်ယောက်နဲ့ ဆက်တိုက်လာတွေ့နေရတာလဲ ။ ထားပါလေ.. အဲ့နှစ်ယောက်က ထူးဆန်းတာဆိုတော့ လောလောဆယ် သူတို့ကို ခဏမေ့ထားလိုက်မယ် "
သူ ပြောကာ လောထျန်းဘက် လှည့်ကြည့်လိုက်သည်။
" အင်း.. ဒီတစ်ယောက်ကတော့ သာမာန်ပဲနဲ့တူတယ် ။ အဲ့တော့ သူ့ကိုပဲ ရှင်းတာပေါ့ "
သူ ပြောပြောဆိုဆိုပင် အစိမ်းရောင်ပုလွေအား နှုတ်ခမ်း၌ ပြန်တေ့လိုက်သည်။
(အမျှ အမျှ အမျှ)