လက်တုန့်ပြန်သူ လွေ့နန်
Vol. 50 Ch. 695
" ဒါ... တည်နေရာရွှေ့ပြောင်းခြင်း အစီအမံကို အဲ့လိုသုံးလို့ ရတယ်လား "
နတ်ဆိုးဧကရာဇ်လီ အံ့သြမှင်သက်သွားသည်။
ပန်းလင်က မျက်မှောင်ကြုံ့ကာ ပြော၏။
" ဒီအစီအမံကို လုပ်ထားတဲ့သူက တကယ်ထူးခြားတာပဲ ။ ဒါကို အကာအကွယ်အနေနဲ့ သုံးထားတော့ အားသုံးပြီး တိုက်ခိုက်လာတာမျိုးက အလုပ်ဖြစ်မှာ မဟုတ်ဘူး "
" ဒါဆို... ဒီအစီအမံကို ချိုးဖျက်နိုင်မယ့်နည်းက ဘာဖြစ်မလဲ "
နတ်ဆိုးဧကရာဇ်လီ ခေတ္တမျှစဉ်းစားကာ မေးလိုက်သည်။
ပန်းလင် သက်ပြင်းချ၏။
" လွယ်တော့လွယ်မှာ မဟုတ်ဘူး ။ ကြည့်ရတာ... ဒါ မသေမျိုးအဆင့် အစီအမံတစ်ခုဆိုတော့.. ဖျက်ဆီးဖို့ မဖြစ်နိုင်သလောက်နီးပါးပဲ "
သို့သော် ... သူမ စကားဆုံးချိန်မှာပင် ...
ဝုန်း ...
မသေမျိုးအလင်းတန်းတစ်ခု ပေါ်လာပြီး မြူမှုန်များ ပြိုကွဲသွားတော့သည်။
အကာအကွယ်အစီအမံ ကျိုးပျက်သွားလေပြီ ...
ပန်းလင် ခေါင်းလှည့်ကြည့်လိုက်ရာ.. လောထျန်းက ပြိုကွဲသွားသော အစီအမံရှေ့ ရောက်နေသည်ကို မြင်လိုက်ရသည်။
နတ်ဆိုးဧကရာဇ်လီက ပန်းလင်ဘက်လှည့်ကြည့်၍ မေး၏။
" မင်းပြောတော့ ဒါကို ဖျက်ဆီးဖို့ မဖြစ်နိုင်ဘူးဆို ... "
ပန်းလင်၏နှုတ်ခမ်း အနည်းငယ် လှုပ်သွားသော်လည်း မည်သည့်စကားမှ မဆိုပါ ။
ထိုစဉ် လောထျန်းက သူတို့နှစ်ယောက်ဘက် လှည့်ကြည့်ကာ ပြောလာသည်။
" သွားကြစို့လေ "
" ကောင်းပါပြီ "
နတ်ဆိုးဧကရာဇ်လီ ချက်ချင်းခေါင်းညိတ်၍ နောက်မှ လိုက်သွားသည်။
ပန်းလင် ခေါင်းကုတ်ရင်း ရေရွတ်၏။
" ငါ အဲ့ကောင်လေးနဲ့ အတူတူခရီးမသွားတာကြာတော့.. သူက ဘီလူးကြီးတစ်ကောင် ဆိုတာကို မေ့နေတာ "
ထို့နောက် သူမလည်း သူတို့သွားသည့်အတိုင်း လိုက်သွားသည်။
ထိုစဉ် တောင်တန်းများကြားရှိ အမည်းရောင် နန်းတော်တစ်ခုအတွင်း၌...
ဝုန်း..
ကြောက်မက်ဖွယ် အရောင်အဝါတစ်ခု ရုတ်တရက်
ပေါက်ကွဲထွက်လာ၏။
နန်းတော်ထဲရှိ လူများအားလုံး ထိုအရောင်အဝါ၏ ဖိနှိပ်ခြင်းကို ခံရကာ တစ်ကိုယ်လုံး တုန်သွားကြသည်။
နန်းတော်ထဲရှိ ခန်းမဆောင်ရှေ့တွင်ကား စိတ်ဝိဉာဉ်သံတမန်ဝတ်စုံ ဝတ်ဆင်ထားသော သူနှစ်ယောက်ရှိနေပြီး ခန်းမရှေ့၌ ချက်ချင်းဒူးထောက်လိုက်ကြသည်။
" လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့ ၊ ဘာဖြစ်လို့လဲဗျ "
တစ်ယောက်က လေသံတိုးတိုးဖြင့် မေး၏။
သူ့အသွင်မှာ အလွန်ကြောက်ရွံ့နေပုံလည်း ပေါ်သည်။
အဘယ့်ကြောင့်ဆိုသော် ခန်းမလယ်ရှိ အဓိကထိုင်ခုံပေါ်တွင် ထိုင်နေသူ ၊ အမည်းရောင်နှင့်အနီရောင် ရောထားသည့် ဝတ်စုံကိုဝတ်ထားသော ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး၊ လွေ့နန်က
မျက်နှာကြီး ရှုံ့မဲ့နေသောကြောင့်ပင် ။
သူတို့၏ လက်ထောက်ဂိုဏ်းချုပ်ကြီးမှာ ပုံမှန်ဆိုလျှင် အလွန်တည်ငြိမ်ပြီး သူ့ခေါင်းပေါ်သို့ တောင်တစ်လုံး ပြုတ်ကျလာလျှင်ပင် တုန်လှုပ်တတ်သူ မဟုတ်ပါချေ ။
ထိုသို့သော လူတစ်ယောက်က ယခု အဘယ့်ကြောင့် လှုပ်လှုပ်ရှားရှား ဖြစ်နေရပါသနည်း ။
ဟုတ်ပါသည် ။ လက်ရှိ အဓိကထိုင်ခုံပေါ်၌ ထိုင်နေသူမှာ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ကြီး လွေ့နန် ဖြစ်ကာ.. လောထျန်းနှင့် ကြိမ်ဖန်များစွာ တိုက်ခိုက်ဖူးသူပင် ။
သို့သော် ထိုသို့တိုက်ခိုက်တိုင်းလည်း သူ အမြဲတမ်း ရှုံးနိမ့်ခဲ့ရပြီး ဆုံးရှုံးမှု ကြီးခဲ့ပါ၏။
အကယ်၍သာ သူ ထူးခြားသောနည်းလမ်းများဖြင့် ကိုယ်ပွားပုံရိပ်ကို ဖုံးကွယ်မထားခဲ့ပါက.. ယခုလောက်ဆိုလျှင် သူ သေနေလောက်လေပြီ ။
လွေ့နန်၏ မျက်လုံးထဲ၌ အေးစက်စက်အလင်းတန်း ဖျတ်ခနဲလက်သွားကာ ပြောလိုက်သည်။
" အကာအကွယ်အစီအမံ ဖျက်ဆီးခံလိုက်ရပြီ "
" ဘယ်လို... "
တဖက်မှ စိတ်ဝိဉာဉ်သံတမန် နှစ်ယောက်လုံး တုန်လှုပ်သွားကြ၏။
" မဖြစ်နိုင်တာ ... အဲ့ အကာအကွယ်အစီအမံက တိုက်ခိုက်မှုတွေအားလုံးကို လျစ်လျူရှုနိုင်တယ်လေ ။ ဒါကို ထိုးဖောက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး "
စိတ်ဝိဉာဉ်သံတမန်တစ်ယောက် ပြောလာသည်။
လွေ့နန် အံကြိတ်၍ ပြန်ပြောလိုက်၏။
" အစီအမံက နည်းနည်းလေးပဲ ပေါက်သွားတာမဟုတ်ဘူးကွ ၊ လုံးဝ ဖျက်ဆီးခံလိုက်ရတာ "
" ဟင် .... "
ဤတစ်ကြိမ်တွင်ကား စိတ်ဝိဉာဉ်သံတမန် နှစ်ယောက်လုံး မှင်သက်သွားရှာသည်။
" လုံးဝ ပျက်စီးသွားတာလား... ဒါက ပိုလို့တောင် မဖြစ်နိုင်ဘူးလေ ။ အဲ့လောက် ရှုပ်ထွေးတဲ့ အစီအမံကို ဖျက်ဆီးနိုင်တဲ့သူ ဘယ်သူရှိလို့လဲ "
အခြား စိတ်ဝိဉာဉ်သံတမန် တစ်ယောက်ကလည်း အခိုင်အမာ ဆိုသည်။
လွေ့နန် နှာခေါင်းရှုံ့လိုက်၏။
" ဟိုမိစ္ဆာတစ်ကောင်တော့ ရှိတယ် ။ အဲ့ကောင်ကို လူသားတစ်ယောက်လို့ သတ်မှတ်လို့ ရ၊မရ ဆိုတာတော့ ငါလဲ မပြောတတ်ဘူး ။ ဒါပေမယ့် သူ့မှာ အဲ့လိုအစွမ်းမျိုး တကယ်ရှိတယ် "
" ဒါ ..... ဘယ်သူလုပ်လိုက်တယ်ဆိုတာ လက်ထောက်ဂိုဏ်းချုပ်ကြီး သိနေတာလား "
စိတ်ဝိဉာဉ်သံတမန်က သိချင်စိတ်ဖြင့် ထပ်မေးသည်။
လွေ့နန် ခေါင်းညိတ်လိုက်၏။
" ငါ အဲ့ကောင်ကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး ။ အဲ့ကောင်နာမည်က... လောထျန်း "
ဝုန်း...
လောထျန်းအမည်ကို ရွတ်လိုက်သည်နှင့် သူ့ကိုယ်မှ အရောင်အဝါက ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာပြန်သည်။
စိတ်ဝိဉာဉ်သံတမန် နှစ်ဦး တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ကာ ခေါင်းအသာ ညိတ်လိုက်ကြ၏။
သူတို့၏ သခင်ကြီးလွေ့နန် နှင့် လောထျန်းတို့ကြားမှ ရန်ငြိုးကို သူတို့လည်း ကောင်းကောင်းကြီး သိထားပြီးသားပင် ။
အကယ်၍ လွေ့နန်အား သူ့ဘဝ၌ အမုန်းဆုံးသူကို မေးလျှင်ပင် လောထျန်းဟု ဖြေမည်မလွဲပါ ။
" လောထျန်းက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ "
စိတ်ဝိဉာဉ်သံတမန်တစ်ယောက်က ရုတ်တရက် မေးလိုက်သည်။
လက်ရှိတွင် သူတို့ ဝမ်ဟွန်းကွေ့ယီဂိုဏ်း၏ နှစ်ပေါင်း
သိန်းချီကြာ ပြင်ဆင်လာခဲ့သော အစီအစဉ်က နောက်ရက်အနည်းငယ်လေးအတွင်း ပြီးဆုံးတော့မည် ဖြစ်ပါသည်။
အကယ်၍ ဤနေရာသာ ဖျက်ဆီးခံလိုက်ရပါလျှင်... ထိုအစီအစဉ်များအားလုံး ပျက်စီးသွားမည် မလွဲပေ ။
လွေ့နန်က ခန်းမအမိုးသို့ မော့ကြည့်ကာ ကောက်ကျစ်သည့်အပြုံးဖြင့် ဆို၏။
" အဲ့ဒါ အရေးမကြီးဘူး ။ သူ ဒီကိုရောက်လာတော့ ပိုတောင်ကောင်းသွားသေးတယ် "
" အင်... "
စိတ်ဝိဥာဥ်သံတမန် နှစ်ယောက်လုံး သူ့အား တစ်ပြိုင်နက်တည်း လှည့်ကြည့်လာကြသည်။
လွေ့နန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်၍ လှောင်ပြုံးဖြင့် ဆက်ပြော၏။
" တခြားနေရာမှာသာဆို ငါ သူ့ကိုသတ်ဖို့ အဲ့လောက်ယုံကြည်ချက်ရှိမှာ မဟုတ်ဘူးကွ ။ ဒါပေမယ့် ငါတို့
ဝမ်ဟွန်းကွေ့ယီဂိုဏ်းရဲ့ နှစ်ပေါင်းသိန်းချီကြာ စုစည်းထားတဲ့ အမွေအနှစ်တွေ ရှိနေတဲ့ ဒီနေရာမှာတော့... လောထျန်း မပြောနဲ့ ၊ အပေါ်ကမ္ဘာက မသေမျိုးတစ်ယောက် ရောက်လာရင်တောင် သေသွားရမှာပဲ "
ထိုသို့ပြောပြီးနောက် သူ အရူးတစ်ယောက်သဖွယ် အော်ရယ်လိုက်သည်။
" ဒီတစ်ခေါက် ငါက သူ့ကို သွားမရှာရပဲနဲ့ သူကိုယ်တိုင်က ငါရှိတဲ့ဆီကို ရောက်လာတာဆိုတော့ ပိုတောင်ကောင်းသေးတယ် ။ ကြည့်ရတာ နတ်ဘုရားက ငါ့ရင်ထဲက ဒေါသတွေကို ဖြေလျော့ပေးချင်တဲ့ပုံပဲ ။ ဒီနေ့တော့ ဒီကောင် သေရတော့မယ် "
ထို့နောက် သူ ထပ်အော်ရယ်လိုက်ပြန်၏။
စိတ်ဝိဥာဥ်သံတမန် နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
လွေ့နန်က လောထျန်းအပေါ် အစွဲအလမ်း ကြီးလွန်းနေသည်မှာ အသိသာပါပင် ။
သို့သော် လက်ရှိအချိန်တွင် သူတို့ များစွာလည်း
ပြန်ပြော၍ မရပါချေ ။
ပထမအကြောင်းရင်းမှာ လွေ့နန်၏ ရာထူးက သူတို့ထက်များစွာ ပိုမြင့်ပြီး ..
ဒုတိယအကြောင်းရင်းမှာ လွေ့နန်၏ အစီစဥ်က ပြဿနာရှိပုံမရခြင်းကြောင့် ဖြစ်သည်။
သူတို့၏ ဂိုဏ်းချုပ်ကြီးကိုယ်တိုင်ကလည်း အစီအမံ၏ အခြေခံအုတ်မြစ်အား ခြိမ်းခြောက်လာသူ မှန်သမျှကို အညှာတာမရှိ သတ်ပစ်ရမည်ဟု မှာထားခဲ့သေးသည် မဟုတ်ပါလား ။
သို့ဖြစ်ရာ .. လက်ရှိတွင် သူတို့အနေဖြင့် ဘာမှသိပ်ပြောစရာ မရှိပေ။
ထိုစဥ်မှာပင် လွေ့နန်က လက်တစ်ချက်ယမ်းလိုက်ရာ ရှေ့၌ အလင်းတန်းလိုက်ကာတစ်ခု ပေါ်လာ၏။
အလင်းတန်းလိုက်ကာပေါ်တွင်ကား.. လောထျန်းနှင့် ကျန်နှစ်ယောက်၏ ပုံရိပ်များ ရှိနေသည်။
ထိုစဥ် စိတ်ဝိဥာဥ်သံတမန် တစ်ယောက်က
ရုတ်တရက် မျက်မှောင်ကြုံ့ကာ မေးလာ၏။
" ဒီလူတွေက အကာအကွယ်အစီအမံကို တကယ်ကြီး ချိုးဖျက်ပြီး ဝင်လာနိုင်ကြတာလား "
ကျန်တစ်ယောက်ကလည်း မျက်မှောင်ကြုံ့၍ ဆိုသည်။
" ဒီနေရာက..... မိုးကြိုးအကျဥ်းထောင်လား... "
လွေ့နန်၏ မျက်နှာထက်၌ လှောင်ပြုံးပေါ်လာပြန်သည်။
" မင်းက လမ်းတွေအများကြီး ရှိတဲ့ထဲကမှ ငရဲကိုသွားတဲ့လမ်းကို ရွေးလိုက်တာပဲကွ ။ အဲ့ဒီ မိုးကြိုးအကျဥ်းထောင်ထဲမှာ ဂိုဏ်းချုပ်ကြီး ဖွက်ထားတဲ့ ရတနာတစ်ခုရှိတယ် ။ အဲ့ရတနာက ကမ္ဘာပေါ်ကမသေမျိုး တစ်ယောက်ကိုတောင် အသေသတ်နိုင်တယ်ကွ ။ အဲ့လိုဖြစ်အောင် မင်းကိုယ်တိုင်ပဲ လုပ်ခဲ့တာ.... သေလိုက်တော့ကွာ "
လွေ့နန် ထိုသို့ပြောပြီး လက်ဖြင့် အစီအမံများ လုပ်လိုက်သည်။
တဖက်... လောထျန်းတို့ရှိရာ၌..
ဝုန်း...
ခပ်လှမ်းလှမ်းမှ မိုးကြိုးသံကျယ်ကြီးတစ်ခု ရုတ်တရက် မြည်လာ၏။
" ဟင်... ကောင်းကင်က ဒီလောက်ကြည်တောက်နေတာကို ဘာလို့ မိုးကြိုးသံ ထွက်လာရတာလဲ "
လောထျန်း တအံ့တသြ မေးလိုက်သည်။
ပန်းလင် ရုတ်တရက် တုန်သွားကာ ပြော၏။
" ဒါ... သခင်လေး လောထျန်း ၊ တစ်ခုခုတော့ လွဲနေပြီနော် "
သူမ စကားဆုံးချိန်မှာပင်..
ဝုန်း...
ခရမ်းရောင် မိုးကြိုးလှံတစ်ခု သူမရှေ့ တိုးဝင်လာသည်။
ပန်းလင်တစ်ယောက် မျက်လုံးပြူးသွားပြီး မည်သို့မှ
ပင် တုန့်ပြန်ချိန် မရလိုက်ပါ ။
သို့သော်.. ကံကောင်းစွာပင် နတ်ဆိုးဧကရာဇ်လီက ပန်းလင်ရှေ့ ဝင်ရပ်လိုက်၏။
ဝုန်း...
သူ့အပေါ်သို့ မိုးကြိုးကျလာကာ ..
နောက်သို့ လွင့်ထွက်သွားသည်။
မြေပြင်သို့ ပြန်ဆင်းသက်ချိန်တွင်မူ နတ်ဆိုးဧကရာဇ်လီ၏ ကိုယ်မှ အမည်းရောင်မီးခိုးများ ထွက်လာပြီး မီးကျွမ်းသည့်အနံ့ပါ ထွက်လာ၏။
" နင်.. အဆင်ပြေရဲ့လား "
ပန်းလင် စိုးရိမ်တကြီး မေးလိုက်သည်။
" ကျုပ်.. မသေသေးပါဘူး "
နတ်ဆိုးဧကရာဇ်လီက ဒယိမ်းဒယိုင် ရပ်ရင်း ပြန်ဖြေသည်။
လောထျန်းသည်လည်း ၎င်းကိုကြည့်ပြီး လန့်သွားကာ မေးလိုက်၏။
" အဲ့မိုးကြိုးက အဲ့လောက်ကို အစွမ်းထက်တာလား "
နတ်ဆိုးဧကရာဇ်လီ အံကြိတ်၍ ပြန်ပြောရှာသည်။
" အရမ်းကို အစွမ်းထက်တယ်ဗျ ။ အဲ့မိုးကြိုးမှာ မိစ္ဆာဝိဥာဥ်တွေကို လောင်ကျွမ်းစေနိုင်တဲ့ သဘာဝအစွမ်းတစ်ခု ပါနေတဲ့ပုံပဲ။ ဒါ့ကြောင့်မို့လဲ ကျုပ်အပေါ် ပိုပြီးထိခိုက်သွားတာ ။ အဲ့လိုမဟုတ်ရင်တော့ ကျုပ်အစွမ်းနဲ့ဆို အဲ့လောက်ကို ခံနိုင်မှာ "
လောထျန်း ခေါင်းအသာညိတ်လိုက်သည်။
ဝုန်း ..
ထိုစဥ်မှာပင် ခပ်လှမ်းလှမ်း၌ မိုးကြိုးလျှပ်စီးတစ်ခု ထပ်ပေါ်လာပြီး လောထျန်းပေါ် ကျလာပြန်၏။
" သတိထားနော်... "
နတ်ဆိုးဧကရာဇ်လီ စိုးရိမ်တကြီး အော်လိုက်သည်။
သို့သော်..
ဝုန်း..
လောထျန်းက လက်ဆန့်ထုတ်၍ မိုးကြိုးအား ဖမ်းဆုပ်လိုက်ပါ၏။
ဝီ...
မိုးကြိုးလျှပ်စီးမှာ ထွက်ပြေးချင်ပုံ ရသည့်တိုင် လောထျန်းလက်မှ လွတ်နိုင်ဟန် မတူပါချေ ။
" ဘယ်လိုဖြစ်ပြီး... "
ထိုစဥ် ခပ်ဝေးဝေး ခန်းမထဲတွင် ရှိနေသော လွေ့နန်မှာ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တုန်လှုပ်သွားတော့သည်။
" ဒီကောင်က မိုးကြိုးလှံကို တကယ်ကြီး ဖမ်းဆုပ်လိုက်နိုင်တာလား ။ အဲ့မိုးကြိုးတစ်ချက်မှာတင် မသေမျိုးတစ်ယောက်အတွက် ကောင်းကင်ဘုံပျက်စီးခြင်းနဲ့ ညီမျှတဲ့အစွမ်းတွေ ပါနေတယ်လေ "
လွေ့နန် မျက်လုံးပင်ပြူးသွားရသည်။
" မင်း နောက်ထပ်မိုးကြိုးတွေကိုတော့ ဖမ်းနိုင်မှာ မဟုတ်ပါဘူးကွာ "
သူ ပြောကာ လက်ဖြင့် အစီအမံများ ထပ်လုပ်လိုက်၏။