စိတ်ဓာတ်ပြိုလဲခြင်း
Vol. 2 Ch. 17
လုချင်းနှင့် ရှောင်ယန်တို့၏ပုံရိပ်နှစ်ခုက ငါးငယ်လေးများကို ဖမ်းရာနေရာတွင် ပေါ်လာသောအခိုက်၌ ထိုနေရာတွင် ငါးမျှားနေဆဲဖြစ်သော ရွာသားများအားလုံးသည် လုချင်း၏ကျောပေါ်မှငါးကိုမြင်ပြီး မှင်သက်သွားကြတော့သည်။
"လု... လုချင်း၊ မင်းကျောပေါ်မှာ သယ်လာတာ ဘာကြီးလဲ" ရွာသားတစ်ဦးက ထစ်ငေါ့စွာမေးလိုက်သည်။
"ငါးလေ" လုချင်းသည် အသက်ကိုမနဲရှိုက်သွင်းရင်း ပြန်ဖြေလိုက်သည်။
သူသည် အမှန်ပင် အနည်းငယ်ပင်ပန်းနွမ်းနယ်နေသည်ဟု ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ်မှာ အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်းမရှိသေးဘဲနှင့်တောင် သူသည် ကျောက်ငါးပြာနှင့် ငါးကြင်းနီတို့နှင့် အချိန်အတော်ကြာ တိုက်ခိုက်ခဲ့ရသည်။ ယခုမူ ဤမျှလေးလှသောငါးကြီးအား ကျောပေါ်တွင်ပိုး၍လမ်းလျှောက်ရသောအခါ၊ သူသည် ဆက်လက်မထိန်းနိုင်တော့ဟု ခံစားလိုက်ရသည်။
သို့သော်လည်း သူ၏အဖြေသည် ရွာသားများကို အနည်းငယ်ထိတ်လန့်သွားစေခဲ့သည်။
သူ၏ကျောပေါ်တွင်ရှိနေသည်မှာ ငါးဖြစ်သည်ကို သူတို့သိကြသည်မှာ သေချာပါသည်! ပြဿနာမှာ၊ သူသည် ဤမျှကြီးမားသောငါးများကို မည်သည့်နေရာမှာ ဖမ်းမိခဲ့သနည်း။
လုချင်း၏ကျောပေါ်မှ ငါးကြီးမှာ လုချင်း၏ကိုယ်ထက်တောင်ပိုရှည်လျားနေသည့်အပြင် ၎င်း၏အမြီးမှာလည်း မြေပြင်ပေါ်တွင် တရွတ်တိုက်ပါသွားနေပါသည်။ ရွာသားများမှာ ထိုငါးကြီးကိုကြည့်ရင်း အနည်းငယ်မူးဝေသွားသလိုတောင် ခံစားလိုက်ရသည်။
ဘုရားရေ၊ ဒီလောက်ကြီးတဲ့ငါးကြီးကို ဒါ ပထမဆုံးအနေနဲ့ သူတို့တွေ့ဖူးတာပဲ!
သို့သော် အချို့ရွာသားများသည် လုချင်း၏အခက်အခဲကို သတိပြုမိသွားပြီး၊ သူ့ကိုယ်ပေါ်မှ ငါးကို အောက်သို့ ကူချပေးရန် အလျင်အမြန်ရှေ့သို့တိုးလာကြသည်။
"လာ၊ လာ၊ ငါသယ်ကူပေးမယ်။ မင်းရဲ့ကိုယ်က အခုမှပြန်ကောင်းလာတာ၊ အလွန်အကျွံအားမစိုက်နဲ့"
လုချင်းသည်လည်း မငြင်းဆန်ခဲ့ပေ။ သူသည် အမှန်ပင် အနည်းငယ်ရုန်းကန်နေရပါ၏။ ငါးကို အိမ်သို့ သယ်ရင်း ပြန်နိုင်မည်ဟုထင်ခဲ့သော်လည်း၊ သူ၏ခွန်အားကို အလွန်အကျွံခန့်မှန်းမိခဲ့တာပင်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး တာ့အန်း"
လုချင်းသည် ငါးကို ချလိုက်ရင်း၊ အနည်းငယ်မောဟိုက်နေခဲ့သည်။
"ဟားဟား ၊ ကျေးဇူးတင်စရာမလိုပါဘူး။ ငါတော့ ဒီလောက်ကြီးတဲ့ငါးကြီးကို ဒါ ပထမဆုံးအကြိမ်မြင်ဖူးတာပဲ။ ဒီလိုထိခွင့်ရတာတောင် ကံကောင်းနေပါပြီကွာ။ နေဦး၊ ဒီပုံးထဲမှာ နောက်တစ်ကောင်ရှိသေးတယ်ဟ။ ဒီငါးက လှလိုက်တာ!"
ရွာသား ဝမ်တာ့အန်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်နေပြီး၊ အောက်သို့ငုံ့ကြည့်မိသောအခါ၌၊ နောက်တစ်ကြိမ်အော်ဟစ်လိုက်ပြန်သည်။
အခြားရွာသားများသည်လည်း ဆက်လက်မထိန်းနိုင်တော့ဘဲ၊ ပုံးပတ်လည်တွင် ချက်ချင်းဝိုင်းအုံလာကြကာ အတွင်းသို့ကြည့်ရှုကြတော့သည်။
"ပုံးထဲမှာ တကယ်ပဲ နောက်ထပ်ငါးကြီးတစ်ကောင်ရှိသေးတယ်ဟ!"
"ဒါက ဘယ်လိုငါးမျိုးလဲ။ အနီရောင်တောက်တောက်နဲ့ငါးပါလား။ ဒီလိုငါးမျိုး ငါတော့ တစ်ခါမှမမြင်ဖူးဘူး!"
"ဒီငါးက လှလိုက်တာ၊ မြို့ပေါ်ကလူတွေတော့ သေချာပေါက်ကြိုက်မှာပဲ"
"ဝိုး၊ လုချင်း၊ မင်း ဘယ်လိုတောင် ဖမ်းမိခဲ့တာလဲ။ တစ်ခါတည်းနဲ့ ငါးကြီးနှစ်ကောင်တောင်လား"
နောက်ဆုံးမေးခွန်းထွက်ပေါ်လာသောအခါ၊ လူတိုင်းသည် လုချင်းကိုကြည့်လိုက်ကြသည်။
"ဘယ်လိုဖမ်းမိခဲ့လဲဆိုတာလား။ ဦးလေးတို့ဖမ်းသလို ဖမ်းတာပါပဲဗျ" လုချင်းသည် ရှောင်ယန်၏ပခုံးပေါ်မှ ငါးမျှားတံကိုယူလိုက်သည်။ "ကျွန်တော် ရှေ့နားကတစ်နေရာမှာ နေရာတစ်ခုရွေးလိုက်တာ၊ ငါးကြီးနှစ်ကောင်ဖမ်းမိမယ်လို့တော့ မမျှော်လင့်ထားခဲ့ပါဘူး။ ဒါက ဒီအတိုင်း ကံကောင်းသွားတာပါဗျာ"
"မင်း ဘယ်နေရာမှာ ဖမ်းမိခဲ့တာလဲ။ အတိအကျပြောပြပါလား" ရွာသားတစ်ဦးက စိတ်လှုပ်ရှားနေသောအကြည့်တို့ဖြင့် မေးလာသည်။
ဤသို့ကြားသောအခါ၊ အခြားရွာသားများက သူ့ကို အနည်းငယ်အထင်သေးသောမျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
သူ၏ရည်ရွယ်ချက်မှာ အလွန်သိသာလှပြီး၊ ဖုံးကွယ်ရန်ပင်မကြိုးစားဘဲ၊ ကလေးတစ်ယောက်ကို အခွင့်အရေးယူရန်ကြိုးစားနေတာပင်။
ထိုအခါမှ ထိုရွာသားမှာ သူ့အပြုအမူက မသင့်တော်ကြောင်းကို သိရှိသွားပြီး၊ "ငါက သိချင်လို့မေးတာပါ၊ မင်းတို့လည်း မသိချင်ဘူးလို့တော့ မပြောနဲ့နော်" ဟု ပြောရင်း အနေရခက်စွာရယ်မောလိုက်သည်။
လုချင်းသည် ထိုရွာသား၏ရည်ရွယ်ချက်ကို နားလည်သော်လည်း၊ များများစားစားဂရုမစိုက်ခဲ့ပေ။
မည်သို့ပင်ဖြစ်စေ၊ သူဘာမှမပြောလျှင်ပင်၊ သူတို့သည် နောက်ပိုင်းတွင် ထိုဧရိယာကို သေချာပေါက်ရှာဖွေကြမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေ ၊ သူ ငါးဖမ်းဖို့ ရှင်းလင်းခဲ့သည့် ခြေရာများကို ဖုံးကွယ်၍မရနိုင်ပေ။
ထို့ကြောင့် သူသည် တိုက်ရိုက်ပင် ပြောလိုက်၏။ "ရှေ့နား သိပ်မလှမ်းမကမ်းလောက်မှာပဲ ၊ ဒါပေမဲ့ အခု အဲ့ဒီကို မသွားဖို့ ကျွန်တော်အကြံပေးချင်ပါတယ်"
"ဘာလို့လဲ" ထိုရွာသားက ရုတ်တရက်မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ အဲ့ဒီမှာက ရှုပ်ပွနေပြီ။ အခု၊ ငါးကြီးတွေမပြောနဲ့၊ ငါးလေးတွေတောင် မကျန်တော့ဘူး။ အဲ့ဒါကြောင့်မို့ပါ။ မဟုတ်ရင် ကျွန်တော်လည်း ဒီလောက်စောစောပြန်လာမှာမဟုတ်ဘူးလေ" လုချင်းက အမှန်တစ်ဝက် ၊ မုသားတစ်ဝက် ဆိုလိုက်သည်။
အခြားရွာသားများကလည်း ၎င်းအား အဓိပ္ပာယ်ရှိသည်ဟုထင်ကြသည်။
လုချင်းသည် ငါးကြီးနှစ်ကောင်ဖမ်းမိခဲ့ပြီး၊ အထူးသဖြင့် မြေပေါ်ရှိတစ်ကောင်မှာ အံ့ဩလောက်အောင်ကြီးမားသည်။ ထိုသို့သောငါးကြီးကို ဖမ်းမိခြင်းသည် အတော်လေးလှုပ်ခတ်မှုကို ဖြစ်စေခဲ့လောက်ပြီး ယင်းက အခြားငါးများကို ကြောက်လန့်သွားစေခဲ့မည်မှာ သေချာသည်။
သို့သော် အချို့ရွာသားများကတော့ မျှော်လင့်ချက်အစွန်းအဖျားလေးတစ်ခုကို ဆုပ်ကိုင်ထားဆဲပင်။
ဥပမာအားဖြင့်၊ လုချင်းကို ငါးဖမ်းဖို့ နေရာအကြောင်းမေးသောရွာသားသည် လုချင်း ငါးမျှားသွားသောနေရာကို တိတ်တဆိတ်သွားရောက်စစ်ဆေးရန် ဆုံးဖြတ်ပြီးသွားပြီပင်။
လုချင်းကတော့ ဤရွာသားများ၏အတွေးများကို ဂရုပင်မစိုက်ခဲ့။
မည်သို့ပင်ဖြစ်စေ၊ သူပြောရန်လိုအပ်သည်များကို ပြောခဲ့ပြီးဖြစ်သည်။ သူတို့မယုံကြည်ဘဲ ထိုနေရာတွင်ငါးမျှားရန် အတင်းအကျပ်လုပ်လျှင်တော့ သူလည်း မတတ်နိုင်တော့။ တစ်စုံတစ်ယောက် ထိုနေရာသို့ သွားလျှင်ပင်၊ သူစိတ်ထဲ မထားပေ။
သူသည် ငါးလေးများကို ဂရုမစိုက်သော်လည်း၊ ငါးကြီးများနှင့်ပတ်သက်၍မူ...
သူသည် ဤရွာသားများကို အထင်မသေးခြင်းမဟုတ်သော်လည်း၊ သူတို့၏ကျွမ်းကျင်မှုနှင့်ဆိုလျှင်၊ သူတို့သည် ငါးကြီးများကို ဖမ်းမိနိုင်မည်မဟုတ်ပေ။ ငါးကြီးတစ်ကောင် ငါးစာလာဟပ်လျှင်တောင်မှ သူတို့၏ပျော့ညံ့သောငါးမျှားကြိုးများသည် ငါးကြီးတစ်ကောင်၏အားကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ခဏတာအနားယူပြီးနောက်၊ လုချင်းသည် သူ၏ခွန်အားများ အနည်းငယ်ပြန်လည်ရရှိလာသည်ဟု ခံစားလိုက်ရသည်။
"အားလုံးပဲ၊ ရှောင်ယန်နဲ့ ကျွန်တော်တော့ ပြန်တော့မယ်။ ဦးလေးတို့အားလုံး ဆက်မျှားလိုက်ကြပါဦးနော်"
သူသည် ဤသို့ပြောပြီးနောက် ကျောက်ငါးပြာကို မရန် လုပ်လိုက်၏။
ထိုအခါ ဝမ်တာ့အန်းက ငါးကို သယ်ရန် အလျင်အမြန်ကုန်းလိုက်ပြီး၊ "ငါ သယ်ပေးမယ်လို့ပြောခဲ့တယ်မဟုတ်လား။ လုချင်း၊ မင်းက ပုံးကိုပဲ သယ်သွား။ အမယ်လေး ၊ ဒီငါးကြီးက တကယ်လေးတယ်ဟ၊ ပေါင်နှစ်ဆယ်နီးပါးလောက် ရှိလောက်တယ်ကွ!"
ကျောက်ငါးပြာကို တကယ်ကြီး သယ်လိုက်သည့်အခါမှသာ ဝမ်တာ့အန်းသည် ငါးကြီးမှာ သူမျှော်လင့်ထားသည်ထက်ပင် ပိုလေးသည်ကို သိရှိသွားတော့၏။ သူသည် လုချင်းကို အံ့ဩတကြီးကြည့်ရင်း၊ လုချင်းတစ်ယောက် သူ၏သေးငယ်သောကိုယ်လုံးနှင့် ဤမျှကြီးမားသောငါးကြီးကို မည်သို့ဖမ်းမိခဲ့သည်ကို စိတ်ကူးယဉ်ကြည့်ဖို့ပင် ခက်ခဲနေပါသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး တာ့အန်း။ ပြန်ရောက်ရင် ကျွန်တော် ငါးနဲ့ ဧည့်ခံပါ့မယ်ဗျ!"
လုချင်းသည်လည်း သူ့အကူအညီကို မငြင်းဆန်ခဲ့ပေ။ တစ်စုံတစ်ယောက်က ကူညီပေးသည့်အတွက်တောင် သူက ဝမ်းသာနေခဲ့တာပင်။
"အဲ့လိုဆိုလည်း ကောင်းတာပေါ့ကွာ! ငါ ဒီလောက်ကြီးတဲ့ငါးကြီးကို တစ်ခါမှမစားဖူးဘူး!" ဝမ်တာ့အန်းတစ်ယောက် ပျော်ရွှင်သွားလေ၏။
လုချင်းနှင့်ရှောင်ယန်တို့ ရွာဘက်သို့လျှောက်သွားနေသည်ကိုကြည့်ရင်း၊ ကျန်ရှိသောရွာသားများကတော့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ရုတ်တရက်၊ ရွာသားတစ်ဦးက အော်လိုက်သည်။ "ငါးမျှားတာကို ထားလိုက်ကြတော့! ငါတို့တွေ သွားကြည့်ကြရအောင်လေ !"
"ဟုတ်တယ်၊ ငါတို့ ဒီမှာ တစ်မနက်လုံးနေနေတာတောင် ငါးလေးနည်းနည်းပဲဖမ်းမိတယ်။ ပြန်ပြီး လုချင်း ငါးကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ကြည့်တာကမှ ပိုကောင်းဦးမယ်!"
"ငါတော့ အဲ့ဒီငါးကြီးနှစ်ကောင်ကို ကြည့်လို့မဝသေးဘူး။ နောက်တစ်ခေါက်ထပ်ကြည့်ရမယ်"
ရွာသားများသည် လုချင်းမပြန်လာမီထိ ငါးမျှားစောင့်နေခဲ့ကြောင့် ယခုတွင်တော့ လုချင်း ငါးကြီးနှစ်ကောင်နှင့် ထွက်ခွာသွားသည်ကိုမြင်ခဲ့ရကာ သူတို့၏စိတ်အခြေအနေသည်လည်း ပြိုလဲသွားတော့သည်။
သူတို့သည် ဤနေရာတွင် နှစ်ရက်၊ သုံးရက်လောက်တောင် နေခဲ့သော်လည်း၊ လုချင်း နှစ်နာရီအတွင်း ဖမ်းမိခဲ့သည်နှင့်ပင် မယှဉ်နိုင်ခဲ့ပေ။ ယင်းအား မည်သို့အကြောင်းပြချက်ပေးရမည်နည်း။
ဒီတော့ ငါးမျှားတာကို မေ့လိုက်ကြတာပေါ့!
သူတို့၏စိတ်အခြေအနေပျက်စီးသွားသည်နှင့်၊ ရွာသားများသည် ပစ္စည်းများကိုသိမ်းဆည်းကာ ရွာသို့ပြန်ရန်ပြင်ဆင်ကြတော့သည်။
လုချင်းနှင့်အခြားသူများ ထွက်ခွာသွားသည်မှာ မကြာသေးသောကြောင့်၊ သူတို့အလျင်စလိုလုပ်လျှင်၊ သူတို့ကို မီနိုင်ပါသေး၏။
"ဟေ့ကောင် ၊ ကျောက်ကြီး ၊ မင်းမပြန်ဘူးလား"
လူတိုင်းပစ္စည်းသိမ်းဆည်းနေစဉ်၊ လူတစ်ယောက်ကတော့ လှုပ်ရှားခြင်းမရှိဘဲ၊ ထိုနေရာတွင်ငါးမျှားနေဆဲဖြစ်၏။ ဤသည်ကိုမြင်သောအခါ၊ အခြားသူများက မေးလိုက်သည်။
"မင်းတို့အရင်ပြန်ကြ။ ငါ ခဏလောက် ထပ်မျှားလိုက်ဦးမယ်။ ငါးနည်းနည်းများရဦးမလားလို့"
အစောက လုချင်းအား ငါးဖမ်းနေရာအကြောင်းမေးခဲ့သော ကျောက်ကြီးဟု ခေါ်သောရွာသားက ပြုံးစိစိလုပ်လိုက်သည်။
"ကောင်းပြီလေ၊ မင်း ဆက်မျှားချင်တယ်ဆိုလည်း ဆက်မျှားပေါ့။ ဒါပေမဲ့ ငါထင်တာတော့ ဒီနေရာက ငါးတွေကုန်လောက်ပြီ။ လုချင်း အစောပိုင်းက ဒီနေရာကို ဘယ်လောက်တောင် အထင်သေးနေခဲ့လဲဆိုတာ မင်းမမြင်လိုက်ဘူးလား"
သူတို့သည် ယခင်ကတော့ လျှို့ဝှက်ထားသည့် ငါးစာများကြောင့်သာ လုချင်းတစ်ယောက် ငါးအများကြီးဖမ်းမိခဲ့တာဟု ထင်ခဲ့မိတာပင်။ ယခု ထိုငါးကြီးနှစ်ကောင်ကိုမြင်ပြီးနောက်တွင်တော့ မည်သူမျှလုချင်း၏ငါးမျှားကျွမ်းကျင်မှုကို အထင်မသေးဝံ့တော့ပေ။
ထိုသို့သောငါးကြီးများသည် သူတို့အတွက် ဖမ်းမိရန် မဖြစ်နိုင်။
လွန်ခဲ့သောရက်အနည်းငယ်အတွင်း၊ လူအများအပြားသည် ငါးကြီးများဖမ်းရန်ကြိုးစားခဲ့သော်လည်း၊ အားလုံး မအောင်မြင်ခဲ့ကြပေ။
ငါးမျှားကြိုးပြတ်ခြင်း၊ သို့မဟုတ် ငါးမျှားတံကျိုးခြင်းတို့ဖြစ်ခဲ့သည်။ မည်သူမျှငါးကြီးတစ်ကောင်ကို မဖမ်းမိခဲ့ကြပေ။
ပစ္စည်းသိမ်းဆည်းပြီးနောက်၊ လူတိုင်းသည် တဖြည်းဖြည်းထွက်ခွာသွားကြသည်။
ကျောက်ကြီးတစ်ယောက်သာ အေးချမ်းစွာဖြင့် ငါးမျှားနေရင်း ကျန်ရစ်ခဲ့သည်။
ခဏအကြာတွင်တော့ မည်သူမျှ သူ့ကို မမြင်နိုင်ကြောင်း အတည်ပြုပြီးနောက်၊ ကျောက်ကြီးသည် ရုတ်တရက်ခုန်ထလိုက်ပြီး၊ သူ၏ပစ္စည်းများကို အလျင်အမြန်သိမ်းဆည်းလိုက်သည်။
"ငတုံးတွေ၊ လုချင်းပြောသမျှအကုန်ယုံနေကြတယ်ပေါ့။ အဲ့ဒီမှာရှိတဲ့ ငါးတွေအကုန်လုံးကို သူ ဖမ်းမိသွားတယ်ဆိုတာ ငါတော့ မယုံဘူး!"
ထို့နောက် သူသည် သူ၏ပစ္စည်းများကို သယ်ဆောင်ကာ လုချင်းနှင့်ရှောင်ယန်တို့ပြန်လာခဲ့သောလမ်းကြောင်းဘက်သို့ ပြေးထွက်သွားတော့သည်။
...