အထူးတလည်ကောင်းမွန်သော အရသာ
Vol. 2 Ch. 19
လုချင်းသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် သူ့မှတ်ဉာဏ်ထဲတွင် ခဏမျှရှာဖွေကြည့်လိုက်၏။
ထိုအခါမှသာ ဈေးကြီးအကြောင်းနှင့်ပတ်သက်သည့် မှတ်ဉာဏ်များကို တဖြည်းဖြည်းပြန်လည်သတိရလာခဲ့တော့သည်။
ရိုးရိုးရှင်းရှင်းပြောရလျှင် ဤဈေးကြီးသည် အနီးအနားရှိ ရွာကြီးအချို့မှ သူ့အလိုလိုဖွဲ့စည်းဖြစ်ပေါ်လာသော ကုန်သွယ်ပွဲတော်တစ်ခုပင်ဖြစ်၏။
မြို့များသည် အလွန်ဝေးကွာပြီး အဝင်အထွက်ပြုလုပ်ရာတွင် ဝင်ကြေးပေးဆောင်ရသောကြောင့် ရွာသားများနှင့် တောင်ပေါ်သားအများစုသည် မလိုအပ်ပါက ထိုငွေကို မသုံးစွဲလိုကြပေ။
ထို့ကြောင့် မည်သည့်အချိန်က စတင်ခဲ့သည်၊ မည်သူက စီစဉ်ခဲ့သည်ကို မသိရတော့ချေ။
သို့သော် တဖြည်းဖြည်းနှင့် အနီးအနားတွင် ဈေးကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး ပတ်ဝန်းကျင်မှ ရွာသားများသည် ငါးရက်တစ်ကြိမ် စုဝေးကာ ကုန်ပစ္စည်းများ ဝယ်ယူရောင်းချကြတော့သည်။
ငယ်စဉ်အခါက မူလခန္ဓာကိုာ်ပိုင်ရှင်သည် သူ့မိဘများနှင့်အတူ ဈေးသို့တစ်ခေါက်သွားခဲ့ဖူးသော်လည်း ရှောင်ယန်မွေးဖွားပြီးနောက်တွင်တော့ ညီမလေးကိုစောင့်ရှောက်ရသည့်တာဝန်ကို ယူခဲ့ရသဖြင့် ဈေးသို့နောက်တစ်ခါ သွားရောက်ခြင်းမရှိတော့ပေ။
ဈေးအကြောင်း သူ၏မှတ်ဉာဏ်များသည် တဖြည်းဖြည်း မှေးမှိန်လာခဲ့၏။
ယခု ဝမ်တာ့အန်းက ပြောလာသောအခါမှသာ လုချင်းသည် အချို့အချက်အလက်များကို ပြန်လည်သတိရလာခဲ့သည်။
ဝမ်တာ့အန်းက ပြောသည်။ "ရွာအသီးသီးကလူတွေက ဈေးကိုသွားကြတယ်၊ တောင်ပေါ်သားတွေတောင် တစ်ခါတလေ ပစ္စည်းလာဝယ်ကြတယ်လေ။ မင်းဖမ်းထားတဲ့ငါးကြီးနဲ့ဆိုရင် ဈေးသိပ်မကြီးသရွေ့တော့ တစ်ယောက်မဟုတ်တစ်ယောက်တော့ ဝယ်ချင်ကြမှာပဲ။"
ဝမ်တာ့အန်း၏အမြင်တွင် လုချင်းသည် သူစားနိုင်သည်ထက်ပိုသော ငါးများရှိနေသောကြောင့် ဒီတိုင်းထားလိုက်ခြင်းသည် ဖြုန်းတီးရာရောက်မည်ဟု ထင်၏။
ထိုထက်စာရင် ပိုက်ဆံအနည်းငယ်ရရန် ဈေးတွင် ဈေးပေါပေါဖြင့်ရောင်းချခြင်းက ပို၍ကောင်းပေမည်။
လုချင်းသည် ခဏစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်လိုက်၏။ " နောက်တစ်ခါ ငါးကြီးတစ်ကောင်ထပ်မိရင် ဈေးကိုယူသွားပြီး ရောင်းလို့ရမလားဆိုတာ ကျွန်တော် ကြည့်ကြည့်လိုက်ပါမယ်ဗျ။"
"ရောင်းရမှာပါကွ။" ဝမ်တာ့အန်းက ပျော်ရွှင်စွာပြောလိုက်သည်။ "ဈေးမှာငါးရောင်းတဲ့လူတွေကို ငါမြင်ဖူးတယ်၊ ဒါပေမဲ့ မင်းဒီနေ့ဖမ်းခဲ့သလောက်ထိ ကြီးတဲ့ငါးတော့ တစ်ကောင်မှမရှိဘူး။"
လုချင်းက ပြုံးလိုက်ပြီး "ဒီငါးကြီးတွေကို ကျွန်တော် အမြဲတမ်းဖမ်းမိနေတာမျိုးမှမဟုတ်တာ။"
"မင်းဖမ်းမိသည်ဖြစ်စေ၊ မဖမ်းမိသည်ဖြစ်စေ၊ ဈေးသွားချင်တယ်ဆိုရင်တော့ ငါ့ကိုလာပြောဖို့မမေ့နဲ့ဦး။ လိုက်နာရမယ့် စည်းကမ်းတချို့ရှိတယ်။" ဝမ်တာ့အန်းက သူ့ကိုသတိပေးလိုက်၏။
"ဟုတ်ဗျ။ ကျွန်တော် ဈေးသွားဖို့ဆုံးဖြတ်လိုက်ရင် အစ်ကို့ကို လာပြောပါ့မယ်ဗျ"
"ဒါကိုပဲမှတ်ထားလိုက်။ ငါသွားတော့မယ်။"
ဝမ်တာ့အန်း ထွက်သွားပြီးနောက် လုချင်းသည် နက်နက်နဲနဲစဉ်းစားနေမိတော့သည်။
ဈေးကြီးအကြောင်းကို သူလုံးဝပင် သတိမမူမိခဲ့ချေ။
မြို့အကြောင်း လေ့လာလိုပါက ဤနေရာမှစတင်နိုင်ကောင်းစပြုနိုင်၏။
"ကိုကို၊ ဘယ်တော့ငါးစားရမှာလဲဟင်။ ရှောင်ယန် ဗိုက်ဆာနေပြီ။"
လုချင်းသည် ဈေးမှသတင်းအချက်အလက်များ မည်သို့စုဆောင်းရမည်ကို စဉ်းစားနေစဉ် ရှောင်ယန်က ဘေးမှလှမ်းခေါ်လာ၏။
"အင်း ၊ မကြာခင်ရတော့မှာပါ။ ငါးပြင်ဆင်ပြီးတာနဲ့ ချက်ကျွေးမယ်နော်။"
လုချင်းသည် အတွေးထဲမှရုတ်တရက်လန့်နိုးလာပြီး သူ၏အလုပ်ကို အမြန်ပြန်လည်လုပ်ဆောင်လိုက်၏။
သူသည် ပထမဆုံးအနေဖြင့် ကျန်ရှိသောငါးများကို အပိုင်းများစွာလှီးဖြတ်ကာ နောက်မှ အဘိုးကျန်းကို အချို့ပေးရန် ပြင်ဆင်ထားလိုက်သည်။
သူသတိလစ်နေစဉ်ကာလအတွင်း အဘိုးကျန်းသည် ရှောင်ယန်ကို စောင့်ရှောက်ပေးခဲ့သဖြင့် ထိုကျေးဇူးကို လုချင်း မမေ့နိုင်ပေ။
ငါးကိုခွဲဝေပြီးနောက် လုချင်းသည် အကောင်းဆုံးငါးအသားတစ်တုံးကို ရွေးချယ်လိုက်၏။
ထို့နောက်၌ သူသည် အရိုးများကို ဂရုတစိုက်ဖယ်ရှားပြီး ငါးကို ပါးပါးလှီးလိုက်သည်။
ပြီးကာမှ မီးဖိုပေါ်သို့ အိုးတစ်လုံးတင်ကာ ရေနွေးဆူအောင်တည်ပြီး ဆန်ပြုတ် စတင်ချက်ပြုတ်တော့သည်။
ကျန်ရှိသောငါးအသားများကိုမူ ဝါးခြမ်းပြားများဖြင့် သီတန်းကာ အိမ်ရှေ့တံစက်မြိတ်အောက်ရှိ ဝါးလုံးတန်းတစ်ခုတွင် ငါးခြောက်ပြုလုပ်ရန်အတွက် ချိတ်ဆွဲကာ အခြောက်လှန်းထားလိုက်၏။
ဝါးလုံးတန်းပေါ်ရှိ ရှည်လျားသောငါးအသားကြိုးကိုကြည့်ရင်း လုချင်းသည် သံအိုးတစ်လုံးကို အမြန်ဆုံးရရှိရန် စိတ်ပိုင်းဖြတ်လိုက်သည်။
ပြီးတော့ ဟင်းခတ်အမွှေးအကြိုင်တချို့လည်းလိုသေးသည်။
မဟုတ်လျှင် ကောင်းမွန်သောချက်ပြုတ်စွမ်းရည်များရှိနေသော်လည်း သင့်လျော်သောကိရိယာများနှင့် ပါဝင်ပစ္စည်းများမရှိဘဲ ၎င်းတို့ကို အကောင်းဆုံးအသုံးမချနိုင်ပေ။
ဤမျှကောင်းမွန်သောပါဝင်ပစ္စည်းများ ဖြုန်းတီးသွားသည်ကိုမြင်ရခြင်းသည် သူ့ကိုအနည်းငယ် စိတ်မကောင်းဖြစ်စေခဲ့၏။
လုချင်း အလုပ်များပြီးစီးသွားသောအခါ၌ မြေအိုးထဲမှဆန်ပြုတ်သည်လည်း ပွက်ပွက်ဆူနေပြီဖြစ်၏။
သူသည် အရင်ဆုံး ဆားအနည်းငယ်ထည့်လိုက်ကာ ဆားပျော်ဝင်သွားစေရန်မွှေပြီးနောက် ငါးအသားလွှာများကို ဆန်ပြုတ်ထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ ထို့နောက် ငါးများအဖြူရောင်ပြောင်းသွားသည်နှင့် ချက်ချင်းပင် မီးပိတ်လိုက်၏။
နောက်ဆုံးတွင် ဝက်ဆီတစ်ဇွန်းစာလောက်ကို ဆန်ပြုတ်ထဲသို့ထည့်ကာ ဟင်းတစ်ခွက်ကို အပြီးသတ်လိုက်သည်။
လုချင်းသည် ပထမဆုံး ရှောင်ယန်အတွက် ငါးဆန်ပြုတ်တစ်ပန်းကန်ကို ခပ်ထည့်ကာ အေးသွားစေရန် ယပ်ခတ်ပေးပြီးနောက် သူမရှေ့တွင် ချပေးလိုက်၏။
"ရှောင်ယန်၊ ခဏလေးစောင့်ဦးနော်။ အရမ်းပူနေသေးတယ်။"
"ဟုတ်ကဲ့၊ ရှောင်ယန်နားလည်ပါတယ်။"
ကလေးမလေးသည် ဗိုက်ဆာ၍ သွားရည်ကျနေသော်လည်း လိမ်လိမ်မာမာပင် သဘောတူလိုက်၏။
သို့သော် သူမ၏မျက်လုံးများသည် ငါးဆန်ပြုတ်ပေါ်မှ မခွာတမ်းစိုက်ကြည့်နေခဲ့သည်။
ထိုအဖြစ်ကိုမြင်သောအခါ လုချင်းသည် ပြုံးလိုက်ပြီး သူကိုယ်တိုင်အတွက် ဆန်ပြုတ်တစ်ပန်းကန်ခပ်လိုက်သည်။
သူ၏အရေပြားထူထဲမှုကိုအားကိုးကာ သူသည် ငါးအသားလွှာများပါသော ဆန်ပြုတ်တစ်ဇွန်းကိုခပ်ယူပြီး အကြိမ်အနည်းငယ်မှုတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်၏။
ငါးအသားလွှာများ ပါးစပ်ထဲသို့ဝင်သွားသည်နှင့်တစ်ပြိုင်နက် လျှာပေါ်တွင် လတ်ဆတ်သောအရသာတစ်ခု ပေါက်ကွဲထွက်သွားသလိုခံစားလိုက်ရပြီး သူ၏မျက်နှာတွင် အံ့ဩမှုများပေါ်လာခဲ့သည်။
ငါးအသားသည် နူးညံ့ချောမွေ့ကာ မွှေးကြိုင်ပြီး ဆီနံ့သင်းသင်းလေးနှင့်အတူ မမျှော်လင့်ဘဲ အရသာရှိလှ၏။
အမှန်စင်စစ် အရည်အသွေးမြင့်မားသော ပါဝင်ပစ္စည်းများသည် ရိုးရှင်းဆုံးချက်ပြုတ်နည်းများကိုသာ လိုအပ်လေ့ရှိသည်။
သူသည် ငါးဆန်ပြုတ်ထဲသို့ ဆားနှင့်ဆီအနည်းငယ်သာထည့်ခဲ့ပြီး ကြက်သွန်မြိတ်ပင်မပါဝင်သော်လည်း ဤမျှလောက် အရသာကောင်းမွန်လှ၏။
အဖြူရောင်အလင်းတန်းပြင်းပြင်းထွက်ပေါ်နေသော အဆင့်မြင့်ငါးဖြစ်သည်မှာ အံ့ဩစရာမရှိတော့ပေ။
ဆန်ပြုတ်တစ်ဇွန်းသည် လုချင်းအား ကျေနပ်မှုအပြည့်အဝပေးခဲ့သည်။
"ကိုကို၊ ရှောင်ယန် စားလို့ရပြီလားဟင်။"
သူ့အစ်ကိုက အစားအစာကို ခံတွင်းတွေ့နေသည်ကိုမြင်သောအခါ ရှောင်ယန်သည် သူ့အား မျှော်လင့်တကြီးကြည့်ရှုနေမိတော့သည်။
လုချင်းသည် သူမ၏ပန်းကန်ကို ထိကြည့်လိုက်ပြီး သိပ်မပူတော့ဟုခံစားရသောအခါ ခေါင်းညိတ်လိုက်သည်။
"စားလို့ရပြီ၊ ဒါပေမဲ့ လျှာမပူအောင် သတိထားနော်။"
"ဟုတ်ကဲ့၊ ရှောင်ယန်သတိထားပါ့မယ်။"
ကလေးမလေးသည် စားခွင့်ရပြီဟုကြားသောအခါ အလွန်ပျော်ရွှင်သွား၏။
သူမသည် ဆန်ပြုတ်တစ်ဇွန်းကိုခပ်ယူကာ လုချင်းကဲ့သို့ ဂရုတစိုက်မှုတ်ပြီးနောက် မပူတော့မှသာ ပါးစပ်ထဲသို့ထည့်လိုက်သည်။
တစ်ဇွန်းစားပြီးနောက် သူမ၏မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
"ကိုကို၊ ကိုကို၊ ဒီငါးဆန်ပြုတ်က အရမ်းအရသာရှိတာပဲ။ မနက်က ပုစွန်ဆန်ပြုတ်ထက်တောင် ပိုကောင်းသေးတယ်။"
ကလေးမလေးသည် သူမ၏ပျော်ရွှင်မှုကို မထိန်းနိုင်ဘဲ စိတ်လှုပ်ရှားစွာဖြင့် လက်ဟန်ခြေဟန်ဖြင့် ပြုလုပ်ပြောဆိုနေ၏။
"ဒါပေါ့၊ ကိုကို ဒီငါးကြီးကိုဖမ်းဖို့ ဘယ်လောက်ခက်ခဲခဲ့လဲဆိုတာ ညီမလေးမှမမြင်လိုက်တာ။ ခက်ခက်ခဲခဲဖမ်းရခဲ့တာဆိုတော့ အရသာက ကောင်းကိုကောင်းရမှာပေါ့။" လုချင်းက ဂုဏ်ယူစွာပြောလိုက်သည်။
"ကိုကိုက အတော်ဆုံးပဲ။"
ကလေးမလေးသည် အလွန်အသိအမှတ်ပြုတတ်ကာ သူမအစ်ကိုကို ချီးကျူးရန် မတွန့်ဆုတ်ခဲ့ပေ။
"အရသာရှိရင် များများစား။ အဘိုးချန်က ဆံပင်လှလှတွေပေါက်ဖို့ဆို အစားကောင်းကောင်းစားဖို့လိုတယ်လို့ ပြောထားတယ်လေ။"
"ဟုတ် ၊ ရှောင်ယန် အများကြီးစားမှာ။ ရှောင်ယန် လှလှပပ ဆံပင်လေးတွေ လိုချင်တယ်။"
ကလေးမလေးမှာ သူမ၏မျက်နှာတွင် ခိုင်မာသောစိတ်ပိုင်းဖြတ်မှုအပြည့်နှင့်အတူ အားရပါးရခေါင်းညိတ်လိုက်၏။
ထိုမြင်ကွင်းကိုမြင်ရသောအခါ လုချင်း၏နှလုံးသားထဲတွင် အနည်းငယ်နာကျင်သွားသလို ခံစားလိုက်ရသည်။
လွန်ခဲ့သောရက်အနည်းငယ်က ရှောင်ယန် အပြင်တွင်ဆော့ကစားနေစဉ် ရွာမှကလေးအချို့က သူမ၏ဆံပင်သည် မလှဟုပြောခဲ့ကြသည်။
သူမပြန်လာသောအခါ အနည်းငယ်ဝမ်းနည်းစွာဖြင့် လှပသောဆံပင်များပေါက်ရန် မည်သို့ပြုလုပ်ရမည်ကို သူ့အား မေးခဲ့၏။
လုချင်းကတော့ ရှောင်ယန်၏ဆံပင်အခြေအနေမှာ အာဟာရချို့တဲ့မှုကြောင့်ဖြစ်ကြောင်း သိပါသည်။
ထို့ကြောင့် လုချင်းမှာလည်း သူမအား အစားကောင်းကောင်းစားပြီး ခန္ဓာကိုယ်ကိုဂရုစိုက်ပါက သူမ၏ဆံပင်သည်လည်း မကြာမီ လှပလာမည်ဖြစ်ကြောင်း ပြောပြခဲ့သည်။
ထို့ကြောင့် ယခုအခါ၌ ရှောင်ယန်လေးမှာ အစာစားတိုင်း အလွန်အလေးအနက်ထားပြီး တစ်စက်မျှပင် မဖြုန်းတီးတော့ချေ။
တကယ်တမ်းကျ သူတို့ဆီမှာ ဖြုန်းတီးပစ်နိုင်သည့်အနေအထားမျိုးလည်း တစ်ခါမျှမရှိခဲ့ပေ။
အရသာရှိလှသောငါးဆန်ပြုတ်ကိုစားသုံးပြီးနောက် မောင်နှမနှစ်ယောက်စလုံးသည် သူတို့၏ထိုင်ခုံများတွင် ကျေနပ်စွာဖြင့် မှီထိုင်လိုက်ကြသည်။
လုချင်းကိုယ်တိုင်ပင် ယင်းငါးသည် ဤမျှနူးညံ့ပြီး အရသာရှိမည်ဟု မမျှော်လင့်ထားခဲ့ရာ မထင်မှတ်ထားသော အံ့ဩဖွယ်ရာတစ်ခုဖြစ်ခဲ့ရလေ၏။
ထိုငါးကတောင် ဤမျှကောင်းမွန်လျှင် အလွန်ကောင်းမွန်သောအရသာကြောင့် နာမည်ကြီးသော ငါးကြင်းနီဆိုလျှင်တော့ ဘယ်လောက်တောင် အံ့ဩဖွယ်ကောင်းမလဲဆိုသည်ကို သူ မတွေးဘဲမနေနိုင်တော့ပေ။
ကံမကောင်းစွာဖြင့် ငါးကြင်းနီသည် သမားတော်ကြီး ချန်အတွက် သူပြင်ဆင်ထားသော လက်ဆောင်ဖြစ်သဖြင့် စားသုံး၍မဖြစ်ပေ။
ခဏအနားယူပြီးနောက်၌ လုချင်းသည် ထရပ်ကာ မီးဖိုချောင်သို့သွားလိုက်၏။
သူလုပ်စရာတစ်ခုကျန်သေးသည်ပင်။
ငါးထဲကနေ ငါးအမြုတေကို ထုတ်ယူရဦးမည်ပင်။
...