ငါးအမြုတေဆွဲသီး
Vol. 2 Ch. 20
လုချင်းသည် ကျောက်ငါးပြာ၏ ငါးအမြုတေကို ဝမ်တာ့အန်း၏ရှေ့တွင် ထုတ်ယူခဲ့ခြင်းမရှိခဲ့ပေ။
ထိုအစား သူသည် ၎င်းကို ကျောက်ငါးပြာ၏အတွင်းထဲမှာပင် ဆက်လက်ထားခဲ့သည်။
သူသည် ကပ်စေးနဲခြင်း သို့မဟုတ် အခြားသူများကို မပြသလို၍မဟုတ်ဘဲ ဤအရာကို ရှင်းပြရန် ခက်ခဲသောကြောင့်ဖြစ်၏။
ယခုအခါ ဘယ်သူမှမရှိတော့သဖြင့် ငါးအမြုတေကို ထုတ်ယူရန် အကောင်းဆုံးအချိန်ပင်ဖြစ်တော့သည်။
မီးဖိုချောင်ထဲတွင် ကျောက်ငါးပြာ၏ ကြီးမားသောငါးခေါင်းကို သစ်သားဇလုံတစ်ခုထဲတွင် ထည့်ထား၏။
လုချင်းသည် ငါးခေါင်းကိုခွဲလိုက်ပြီးနောက်၌ လည်ချောင်းနားတွင် ငါးအမြုတေကို ရှာတွေ့ခဲ့သည်။
သို့သော် ငါးအမြုတေကိုမြင်သောအခါ၌ လုချင်းသည် အလွန်အမင်း အံ့ဩသွားခဲ့ရပါ၏။
သူ၏ယခင်ဘဝတွင် လုချင်းသည် ပေါင်နှစ်ဆယ်ကျော် လေးသော ငါးပြာတစ်ကောင်ကို ဖမ်းမိခဲ့ဖူးကာ ထိုငါးကနေ အလွန်ကောင်းမွန်သော ငါးအမြုတေတစ်ခုကိုလည်း ရရှိခဲ့ဖူးသည်။
သို့သော် ထိုစဉ်က သူရခဲ့သောငါးအမြုတေသည် ဤငါးအမြုတေထက်ပင် ဂျယ်လီကဲ့သို့နှယ် ပို၍ပျော့ပျောင်းနေခဲ့သည်။
ထုတ်ယူပြီးနောက်တွင်တော့ ကောင်းမွန်သောငါးအမြုတေတစ်ခုဖြစ်လာဖို့အတွက် ယင်းငါးအမြုတေကို သန့်စင်ခြင်း၊ အခြောက်ခံခြင်းနှင့် ပြုပြင်ခြင်းများပြုလုပ်ဖို့လိုသေးသည်ပင်။
ယခုအခါတွင်မူ ကျောက်ငါးပြာ၏လည်ချောင်းမှငါးအမြုတေကို သူ ထိတွေ့ကြည့်သောအခါ၌ လုံးဝမပျော့ပျောင်းဘဲ ထိုအစား မာကျောနေပြီဖြစ်ကြောင်းကို လုချင်း တွေ့ရှိလိုက်ရသည်။
ထိုအခါတွင်တော့ လုချင်းသည် သစ်သားဇွန်းငယ်တစ်ခုကိုယူကာ ငါးအမြုတေကို ဂရုတစိုက်တူးထုတ်လိုက်၏။
ဆေးကြောအခြောက်ခံပြီးနောက်၌ သူသည် ၎င်းကိုပြန်လည်စစ်ဆေးကြည့်ရာ ပို၍ပင်အံ့ဩသွားခဲ့ရတော့သည်။
ဤငါးအမြုတေသည် အရွယ်အစားအားဖြင့် နှစ်စင်တီမီတာခန့်ရှိပြီး အထူမှာမူ စင်တီမီတာဝက်ခန့်ရှိကာ ပင်လယ်ခရုခွံပုံစံရှိ၏။
၎င်း၏အရည်အသွေးသည် ကျောက်တုံးနှင့် ကျောက်စိမ်းကဲ့သို့ဖြစ်ပြီး ထိတွေ့ရသည်မှာ ချောမွေ့နွေးထွေးကာ အလွန်သာယာသောခံစားမှုကိုပေးသည်။
၎င်း၏အရည်အသွေးသည် သူ၏ယခင်ဘဝက ဂရုတစိုက်ပျိုးထောင်ခဲ့သော ငါးအမြုတေထက် များစွာသာလွန်နေခဲ့၏။
ကျောက်စိမ်းကဲ့သို့သော ငါးအမြုတေကို လက်ထဲတွင် ညင်သာစွာကစားနေရင်း လုချင်းသည် စိတ်ထဲ၌ ငြိမ်းချမ်းသွားသလိုမျိုး ခံစားလိုက်ရသည်။
ဤသည်မှာ အထင်အမြင်မှားခြင်းမဟုတ်ကြောင်း သူသိသည်။
အဘယ်ကြောင့်ဆိုသော် သူ၏အမြင်အာရုံတွင် လက်ထဲမှငါးအမြုတေသည် ထူထဲသောအဖြူရောင်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေသောကြောင့်ဖြစ်၏။
[ကျောက်ငါးပြာ၏ ငါးအမြုတေ : ကြီးထွားပြီးသား ကျောက်ငါးပြာတစ်ကောင်မှ ပျိုးထောင်ထားသော ပြီးပြည့်စုံသည့် ငါးအမြုတေဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ဖြစ်နေပြီဖြစ်သည်။]
[ကျောက်စိမ်းအဆင့်ရှိသော ကျောက်ငါးပြာ၏ ငါးအမြုတေကို ကိုယ်နှင့်မကွာဆောင်ထားပါက စိတ်ကိုတည်ငြိမ်စေသည့် အာနိသင်ရှိသည်ဟု ဆိုကြ၏။]
ခဏမျှ ဂရုတစိုက်ကစားကြည့်ပြီးနောက် ဤငါးအမြုတေက အပြစ်အနာအဆာကင်းလုနီးပါးဖြစ်ကြောင်း လုချင်း တွေ့ရှိလိုက်ရသည်။
၎င်းမှာ အရောင်တင်တိုက်ချွတ်ဖို့တောင် မလိုအပ်ဘဲ တိုက်ရိုက်ပင်ဝတ်ဆင်နိုင်ပါ၏။
ထို့နောက် လုချင်းမှာ ကိရိယာအချို့ကိုစုဆောင်းကာ ငါးအမြုတေ၏ပါးလွှာသောအစွန်းတွင် အပေါက်တစ်ခုကို ဂရုတစိုက်ဖောက်လိုက်သည်။
ကံကောင်းစွာပင် ကျောက်ငါးပြာ၏ငါးအမြုတေသည် ကျောက်စိမ်းကဲ့သို့ဖြစ်နေသော်လည်း တကယ့်ကျောက်စိမ်းကဲ့သို့ မမာကျောခဲ့ပေ။
အားအနည်းငယ်စိုက်ထုတ်လိုက်ရုံဖြင့် သူသည် ပြီးပြည့်စုံသောအပေါက်တစ်ခုကို ဖောက်နိုင်ခဲ့သည်။
အပေါက်ဖောက်ပြီးနောက် သူသည် ကျန်ရှိသောလျှော်ချည်ကိုယူကာ ခိုင်မာသောကြိုးတစ်ချောင်းအဖြစ် ကျစ်လိုက်ပြီးနောက် ငါးအမြုတေကို ၎င်း၌ သီကုံးလိုက်တော့သည်။
ဤအလုပ်အားလုံးပြီးစီးသွားသောအခါတွင်တော့ ရိုးရှင်းသောငါးအမြုတေဆွဲသီးတစ်ခုကို ပြုလုပ်ပြီးစီးသွားခဲ့ပြီပင်။
သူ၏ဖန်တီးမှုကို ခဏမျှသဘောကျစွာကြည့်ရှုပြီးနောက် လုချင်းသည် ခြံထဲတွင်ဆော့ကစားနေသော ရှောင်ယန်ကို အိမ်ထဲသို့ခေါ်လိုက်၏။
"ကိုကို၊ ဘာလို့ခေါ်တာလဲဟင်။"
ကလေးမလေးသည် အိမ်ထဲသို့ ပျော်ရွှင်စွာပြေးဝင်လာခဲ့သည်။
"ကိုကိုက ညီမလေးအတွက် လက်ဆောင်ကောင်းကောင်းလေးလုပ်ထားတယ်" လုချင်းက ဆွဲသီးကိုလက်ထဲတွင်ကိုင်ရင်း ပြောလိုက်သည်။
"လက်ဆောင်က ဘာလေးလဲဟင်။" ရှောင်ယန်၏မျက်လုံးများက တောက်ပလာခဲ့သည်။
"ဒါလေးပေါ့။"
လုချင်းသည် ကြိုးမှကိုင်ဆွဲရင်း ရှောင်ယန်လေးအား ပြလိုက်ရာ ငါးအမြုတေဆွဲသီးလေးမှာ လေထဲတွင် ယိမ်းထိုးနေတော့သည်။
"ဝိုးးးးး ဒါက ဘာလေးလဲဟင်။ လှလိုက်တာ။"
ကလေးမလေးမှာတော့ ဆွဲသီးကိုစိုက်ကြည့်ရင်းဖြင့် မျက်လုံးများပြူးကျယ်သွားခဲ့သည်။
"ဒါက ဆွဲကြိုးလေ။ ငါးကြီးဆီကနေရလာတဲ့ ငါးအမြုတေကနေ ကိုကြီး လုပ်ထားတာ။ ဒါလေးနဲ့ဆိုရင် ရှောင်ယန်လေးလည်း ညဘက်ကြီး စောင်ကို ကန်ချတော့မှာမဟုတ်ဘူး။"
လုချင်းသည် လျှော်ကြိုး၏ ကြိုးထုံးကို ဖြည်လိုက်ပြီးနောက်၌ ဆွဲကြိုးလေးကို ရှောင်ယန်၏လည်ပင်းတွင်ဆွဲပေးလိုက်ကာ ကြိုးကို သေချာလေးချည်နှောင်ပေးလိုက်၏။
ချည်ထားသောအထုံးသည် သေးငယ်သောကြောင့် ကလေးမလေးအနေဖြင့် ဆွဲကြိုးကို ခေါင်းပေါ်မှကျော်၍မချွတ်နိုင်သဖြင့် ပေါ့ပေါ့ဆဆဖြင့် ပြုတ်ကျပျောက်ဆုံးသွားခြင်းမှ ကာကွယ်ပေးနိုင်သည်ပင်။
"ကျေးဇူးတင်ပါတယ် ကိုကို။ ဒီလက်ဆောင်လေးကို သမီးအရမ်းကြိုက်တယ်။"
ကလေးမလေးသည် သူမ၏လည်ပင်းမှဆွဲသီးကို ကစားနေရင်း အလွန်ပျော်ရွှင်နေမိတော့သည်။
၎င်းသည် သူမ၏ပထမဆုံးသော လက်ဝတ်ရတနာဖြစ်သည့်တိုင် ဤမျှလောက်ထိ လှပသောကျောက်တုံးလေးဖြစ်ပါသည်။
ကလေးများသည် ယေဘုယျအားဖြင့် လှပသောကျောက်တုံးများကို ကြိုက်နှစ်သက်ကြပြီး ရှောင်ယန်သည်လည်း ခြွင်းချက်မဟုတ်ပေ။
ဆွဲသီးကို ကြည့်လေလေ၊ သူမ ပို၍ကြိုက်လေလေ ဖြစ်နေလေ၏။
"မင်း ကြိုက်ရင်ပြီးတာပါပဲ။ မပျောက်အောင်တော့ သတိရနော်။ မဟုတ်ရင် ကိုကိုက မင်းအတွက် နောက်ထပ်ငါးကြီးတစ်ကောင် ထပ်ဖမ်းပေးနိုင်တော့မှာမဟုတ်ဘူးနော်။" လုချင်းသည် သူမလေး ဆွဲကြိုးကို မည်မျှနှစ်သက်သည်ကိုမြင်သောအခါ၌ သတိပေးလိုက်သည်။
"ရှောင်ယန်သိပါတယ်။ သမီးဂရုစိုက်ပါ့မယ်။" ရှောင်ယန်က လေးနက်စွာပြောလိုက်၏။
ကလေးမလေးသည် သူ၏စကားများအား စိတ်ထဲ စွဲမှတ်အောင် မှတ်သားသွားသည်ကိုမြင်လိုက်ရသောအခါ၌ လုချင်းသည် သူမအား ဆက်လက်ဆော့ကစားစေခဲ့သည်။
ထို့နောက် သူကတော့ ကြီးမားသောငါးခေါင်းကိုကိုင်တွယ်ရန် မီးဖိုချောင်သို့ပြန်လာခဲ့၏။
ထိုသို့ဖြင့် ညစာအတွက်တော့ မောင်နှမနှစ်ယောက်သည် ငါးခေါင်းစားပွဲကြီးတစ်ခုကို ကျင်းပခဲ့ကြသည်။
လုချင်းသည် တစ်ခြမ်းကိုကင်ပြီး ကျန်တစ်ခြမ်းကို ဟင်းချိုချက်လိုက်၏။
မောင်နှမနှစ်ယောက်စလုံးသည် ထိုညစာဖြင့် အပြည့်အဝကျေနပ်သွားကြသည်။
"ကိုကို၊ ငါးကြီးက တကယ်အရသာရှိတာပဲနော်။"
အိပ်ရာဝင်ချိန်တွင် ရှောင်ယန်သည် သူမ၏ကုတင်ငယ်လေးပေါ်တွင်လှဲလျောင်းရင်း ဗိုက်ကားနေသေးသောသူမ၏ဗိုက်ကို ထိကိုင်ကာ လုချင်းအား ပြောလိုက်သည်။
"ရှောင်ယန်သာ လိမ္မာနေရင် ကိုကိုက မင်းအတွက် ပိုအရသာရှိတာတွေ လုပ်ကျွေးမှာပေါ့။"
လုချင်းသည် သူမကိုစောင်ခြုံပေးလိုက်သည်။
ရှောင်ယန်လေးမှာ ယခင်ကတော့ သူတို့မိဘများနှင့်အတူ တစ်ခန်းတည်းအိပ်လေ့ရှိသည်။ သူတို့မရှိတော့သည့်နောက်တွက်တော့ သူမသည် ညတိုင်းငိုသောကြောင့် မူလခန္ဓာကိုယ်ပိုင်ရှင်သည် သူမ၏ကုတင်ငယ်လေးကို သူ၏အခန်းသို့ရွှေ့ပြောင်းပေးခဲ့ရာ ထိုအချိန်မှစ၍ သူမသည်လည်း ပို၍ငြိမ်းချမ်းစွာ အိပ်စက်နိုင်ခဲ့ပါ၏။
"ဟုတ်၊ ရှောင်ယန် အရမ်းလိမ္မာမှာပါ။"
ကလေးမလေးသည် သူမ၏လည်ပင်းမှဆွဲသီးကို ထိကိုင်ရင်း အလေးအနက်ထားခေါင်းညိတ်လိုက်သည်။
"ဒါဆို စောစောအိပ်တော့။ ငါတို့မနက်ဖြန် အဘိုးချန်ဆီသွားရဦးမယ်။"
"ဟုတ်၊ သမီးလည်း အဘိုးချန်ကိုလွမ်းနေတာ။"
ကလေးမလေးသည် စကားပြောနေရင်း သူ၏မျက်ခွံများက လေးလံလာပြီး မကြာမီပင် အိပ်ပျော်သွားတော့သည်။
ထိုအခါ လုချင်းသည် သူမကို ပါးလွှာသောစောင်တစ်ထည်ဖြင့် ညင်သာစွာခြုံပေးလိုက်၏။
ကလေးမလေးသည် တစ်နေ့တာလုံး ပင်ပန်းနေခဲ့သည်။
သူမသည် ယနေ့ငါးမျှားသွားရာ၌လည်း လိုက်ခဲ့သည့်အပြင် ငါးမျှားတံကိုလည်း ကူသယ်ပေးခဲ့ကာ ခြံထဲတွင်လည်း တစ်နေ့တာလုံးနီးပါး ဆော့ကစားခဲ့သည်ပင်။
ယခုအချိန်အထိ မအိပ်ငိုက်ဘဲနေနိုင်ခြင်းကတော့ တကယ့်ကို အထင်ကြီးစရာပင်ဖြစ်၏။
သူမအိပ်ပျော်သွားသည်ကိုသေချာအောင်လုပ်ပြီးနောက် လုချင်းသည် သူ၏ကုတင်ပေါ်တွင် လှဲလျောင်းလိုက်သည်။
ရှောင်ယန်၏ ညင်သာသော အသက်ရှူသံကိုနားထောင်ရင်း သူချက်ချင်းအိပ်မပျော်နိုင်ခဲ့ပေ။
သူသည် မနက်ဖြန်အတွက် စဉ်းစားနေခဲ့သည်။
မနက်ဖြန်ကတော့ သမားတော်ကြီး ချန်၏နေရာတွင် သူ၏အပ်စိုက်ကုသမှုခံယူရမည့်နေ့ဖြစ်၏။
သမားတော်၏ယခင်ကတိစကားအရ မနက်ဖြန်ကုသမှုအပြီးတွင် သူသည် သမားတော်နှင့်အတူ ဆေးဖက်ဝင်အပင်များကို ခွဲခြားမှတ်သားရန် နာရီဝက်အချိန်ရရှိမည်ဖြစ်သည်။
အပင်များခွဲခြားမှတ်သားခြင်းသည် ဒုတိယဦးစားပေးဖြစ်၏။ သူ၏စွမ်းရည်များဖြင့် လုချင်းသည် ၎င်းကိုသင်ယူဖို့နေရာ၌ စိုးရိမ်တာမျိုးဖြစ်မနေခဲ့ပေ။
သူစဉ်းစားရန်လိုအပ်သည်မှာ ဤအခွင့်အရေးကိုအသုံးချပြီး သမားတော်ကြီး၏သဘောကျမှုနှင့် အသိအမှတ်ပြုမှုကို မည်သို့ရယူနိုင်မလဲဟူသော အချက်ပင်။
တာ့အန်းပြောခဲ့သော ဈေးအကြောင်းကိစ္စလည်းရှိသေးရာ သူ သေချာလေး စဉ်းစားရန်လိုအပ်နေပြီပင်။
ဤရက်အနည်းငယ်အပြီးတွင် အိမ်တွင်ချေးငှားထားသော ကောက်ပဲသီးနှံများမှာ ကုန်လုနီးပါးဖြစ်နေပြီဖြစ်၏။
ပို၍အရေးကြီးသည်မှာ ဆားနှင့်ဆီများမှာလည်း နည်းပါးလာနေပြီဖြစ်သည်။
ရက်အနည်းငယ်အတွင်းမှာပဲ သူတို့၏ ရိက္ခါများကုန်သွားတော့ပေမည်။
ထို့ကြောင့် ပိုက်ဆံရှာရန် နည်းလမ်းတစ်ခုကို အမြန်ရှာဖွေရတော့မည်ပင်။
စိုက်ပျိုးရာသီမဟုတ်သောကြောင့် လယ်ကွက်များမှ အထွက်နှုန်းကိုတော့ စဉ်းစား၍မရနိုင်ပေ။
ထို့အပြင် ယခုအချိန်တွင် မျိုးစေ့များဝယ်ရန်ပင် ပိုက်ဆံမရှိပေ။
သူသည် အခြားသောအခွင့်အလမ်းများကိုသာ ရှာဖွေဖို့ အကြောင်းဖန်လာတော့၏။
ဈေးသည် ရွေးချယ်မှုကောင်းတစ်ခုဖြစ်နိုင်ပါ၏။
သို့သော် သူသည် ၎င်းအကြောင်းကို များများစားစားမသိရှိပါချေ။ တာ့အန်း၏ အရိပ်အမြွက်စကားများအရတော့ အထူးစည်းကမ်းအချို့ရှိနေပုံရသည်။
အတွေးအမျိုးမျိုးသည် လုချင်း၏စိတ်ထဲတွင် လည်ပတ်နေလျက် တဖြည်းဖြည်းနှင့် သူ၏မျက်ခွံများက လေးလံလာခဲ့သည်။
နောက်ဆုံးတွင်တော့ သူအိပ်ပျော်သွားတော့လေသည်။
အခန်းတစ်ခုလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေပြီး မောင်နှမနှစ်ယောက်စလုံးလည်း အိပ်မောကျနေကြ၏။
အပြင်ဘက်တွင်တော့ ညလေပြေလေညင်းသည် အေးမြနေလေကာ ကောင်းကင်ယံထက်၌လည်း ကြယ်တာရာများဖြင့် ပြည့်နှက်နေလေသည်ပင်။
ထိုအခိုက်၌ ရုတ်တရက် အနက်ရောင်အရိပ်တစ်ခုသည် ခြံဝင်းထဲသို့ ခုန်ဝင်လာကာ အိမ်ရှေ့တံစက်မြိတ်အောက်တွင် ချိတ်ဆွဲထားသော ငါးအသားများကို စိုက်ကြည့်နေတော့သည်။
...