သမားတော်အိုကြီး၏ ဂုဏ်ကျေးဇူး
Vol. 3 Ch. 25
နောက်ဆုံးတွင်တော့ ဦးလေးကျောက်သည် သူ၏ဇနီးဖြစ်သူ၏ ကြိမ်းမောင်းသံများကြားမှပင် သားနှစ်ယောက်၏တွဲခေါ်မှုကို ခံရင်း ထွက်ခွာသွားခဲ့တော့၏။
သမားတော်ချန်သည် သူ့အား အပ်စိုက်ကုသပေးလိုက်ပြီးနောက်၌ ဆေးအချို့ကိုလည်း ညွှန်းပေးလိုက်သည်။ ဦးလေးကျောက်တစ်ယောက် အိမ်ပြန်ရောက်သည့်အချိန်တွင်တော့ သူ၏မျက်နှာအရောင်သည်လည်း သိသိသာသာပင် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။
ဦးလေးကျောက်၏မိသားစု ထွက်ခွာသွားသည်နှင့် ရွာသားများသည်လည်း စိတ်လှုပ်ရှားစရာကုန်ဆုံးသွားသဖြင့် သမားတော်ချန်ကို ဆက်လက်အနှောင့်အယှက်မပေးလိုတော့ဘဲ လူစုခွဲရန် ပြင်ဆင်ကြတော့သည်။
"လုချင်း၊ မင်းပြန်တော့မလို့လား။" ဝမ်တာ့အန်းက လုချင်းအား မေးလိုက်၏။
"ဟင်၊ လုချင်း၊ မင်းဘာလို့ဒီမှာရောက်နေတာလဲ။ အော် ရှောင်ယန်လေးလည်း ရှိနေတာပဲ။"
ထိုအခါမှသာ အခြားရွာသားများသည် ထောင့်တစ်နေရာတွင် ရပ်နေသော လုချင်းနှင့် ရှောင်ယန်ကို သတိပြုမိကြတော့သည်။
"ကျွန်တော်က အစကတည်းက ဒီမှာရှိနေတာပါ၊ ဒါပေမဲ့ အားလုံးက ဦးလေးကျောက်ရဲ့အခြေအနေကို စိုးရိမ်နေကြလို့ ကျွန်တော့်ကို မမြင်မိကြတာပါ။" လုချင်းက ပြုံးလျက်ဆို၏။ "အစ်ကိုတာ့အန်း၊ အစ်ကိုတို့ အရင်ပြန်နှင့်ကြပါ။ ကျွန်တော် အဘိုးချန်ကို မေးစရာလေးတွေ ရှိသေးလို့။"
"မေးစရာတွေ ဟုတ်လား။" ဝမ်တာ့အန်းသည် နောက်ဆုံးတွင် လုချင်း၏လက်ထဲမှ စာအုပ်ကို သတိပြုမိသွားပြီးနောက် သဘောပေါက်သွားတော့သည်။ "မင်း သမားတော်ချန်ဆီမှာ ပညာသင်နေတာလား။"
"ဟုတ်ဗျ ၊ ကျွန်တော် အဘိုးချန်ဆီကနေ ဆေးပင်ပညာတချို့ လေ့လာနေတာပါ။" လုချင်းသည် မဆိုင်းမတွပင် ဝန်ခံလိုက်၏။
ထိုအခါ ရွာသားများမှာ အလွန်အံ့ဩသွားကြတော့သည်။
လုချင်းကို သမားတော်အိုကြီးက ဒီလောက်အထိတောင် တန်ဖိုးထားတယ်ပေါ့လေ။
သူတို့၏ ကနဦးအံ့ဩမှုအပြီးတွင် မနာလိုဝန်တိုမှုတို့က နောက်ဆက်တွဲလိုက်ပါလာခဲ့သည်။
သမားတော်အိုကြီး၏ ဆေးပညာစွမ်းရည်မှာ အလွန်ကျော်ကြားလှ၏။ သူသည် သေလုမျောပါးဖြစ်နေသူကိုပင် အသက်ပြန်ရှင်အောင် စွမ်းဆောင်နိုင်ပေသည်။
ယခင်က လုချင်းမည်မျှဖျားနာခဲ့သည်ကို လူအများမြင်တွေ့ခဲ့ကြရသော်လည်း သမားတော်အိုကြီး၏ ဆေးညွှန်းတစ်ကြိမ်တည်းဖြင့်ပင် ပျောက်ကင်းသွားခဲ့သည်။
အစောပိုင်းက ဦးလေးကျောက် ရေနစ်သွားခဲ့သည့်အချိန်၌ သူ၏မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ပင်မရှူတော့ဟုပင် ကြားသိခဲ့ရသည်။
သို့သော်လည်း သမားတော်အိုကြီးက လက်အနည်းငယ်လှုပ်ရှားလိုက်ရုံဖြင့် သူ့အား ပြန်လည်အသက်ရှင်လာစေခဲ့၏။
ဤမျှမြင့်မားသော ဆေးပညာစွမ်းရည်မှာ လက်တွေ့တွင် အံ့ဖွယ်တစ်ပါးပင်ဖြစ်တော့သည်။
ယခုအခါ လုချင်းသည် သမားတော်အိုကြီးထံမှ ဆေးပညာသင်ကြားခွင့်ရရှိခဲ့ပြီဖြစ်ရာ သူတို့မည်သို့ မနာလိုမဖြစ်ဘဲ နေနိုင်မည်နည်း။
သို့သော် သူတို့၏မနာလိုမှုများကြားမှပင် ရွာသားများသည် ထိုသို့သောအခွင့်အရေးမျိုးမှာ လိုချင်ရုံဖြင့် မရနိုင်ကြောင်း နားလည်ထားကြသည်။
ဆေးပညာသင်ကြားခြင်းမှာ လွယ်ကူသောအလုပ်မဟုတ်သည်မှာ ထင်ရှား၏။ တံခါးဝကိုပင် ခြေချနိုင်ဖို့ရန်အတွက် အလွန်ထက်မြက်သူဖြစ်ရန် လိုအပ်ပေသည်။
ယခုတွင်တော့ လုချင်းတစ်ယောက် စာအုပ်တစ်အုပ်အား ကိုင်ဆောင်ထားသည်ကို သူတို့မြင်တွေ့ခဲ့ကြရ၏။
ရွာရှိလူအားလုံး၏ စာတတ်မြောက်မှုကို စုပေါင်းလိုက်လျှင်ပင် ခြင်းတစ်လုံးစာမျှ ပြည့်မည်မဟုတ်ကြောင်း သူတို့သိကြ၏။
ငယ်စဉ်ကတည်းက သူ၏အဘိုးထံမှ သင်ကြားခဲ့ဖူးသော လုချင်းတစ်ဦးတည်းသာလျှင် စာလုံးအချို့ကို မှတ်မိနိုင်ပေသည်။
ဤသည်မှာလည်း သမားတော်ချန်က လုချင်းအား တန်ဖိုးထားရခြင်း၏ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပေသည်။
ဤသို့သဘောပေါက်သွားသောအခါ ရွာသားများစွာ၏ မနာလိုစိတ်တို့မှာ အနည်းငယ်လျော့ပါးသွားခဲ့သည်။
ထိုသို့သောကံကောင်းခြင်းမျိုး သူတို့အပေါ် ကျရောက်လာလျှင်ပင် ၎င်းကိုဆုပ်ကိုင်နိုင်စွမ်း သူတို့တွင်မရှိကြောင်း သူတို့သိကြ၏။
ထိုစဥ် သက်ကြီးရွယ်အို ရွာသားတစ်ဦးသည် ရှေ့သို့တိုးလာပြီး လုချင်း၏ပခုံးကို ပုတ်လိုက်သည်။
"တော်လိုက်တာ လုချင်းရာ။ မင်း သမားတော်အိုကြီးဆီကနေ ကောင်းကောင်းသင်ယူပြီး သူ့ရဲ့ပညာရပ်တွေအားလုံးကို ကျွမ်းကျင်အောင် ကြိုးစားရမယ်နော်။"
ရုတ်တရက် အားပေးစကားဆိုခြင်းခံလိုက်ရသဖြင့် လုချင်းမှာ အနည်းငယ်ကြောင်အနေမိတော့သည်။
သူသည် ယခုလောလောဆယ်တွင် သမားတော်ချန်ထံမှ ဆေးပင်ပညာအနည်းငယ်မျှသာ သင်ယူနေခြင်းဖြစ်ကြောင်း ပြောလိုခဲ့၏။
သို့သော် အဘိုးအို၏မျက်လုံးထဲမှ လေးနက်သောအကြည့်ကိုမြင်သောအခါ သူသည် ခေါင်းညိတ်ရုံသာ တတ်နိုင်တော့သည်။ "ကျွန်တော် အကောင်းဆုံးကြိုးစားပါ့မယ်။"
ရွာသားများထွက်ခွာသွားပြီးနောက်မှာပင် လုချင်းသည် အနည်းငယ်ကြောင်တောင်တောင် ဖြစ်နေဆဲပင်။
သူသည် လူများက သူ့အား သမားတော်အိုကြီးထံမှ ဆေးပညာသင်ယူနေသည်ကိုမြင်လျှင် မနာလိုဝန်တိုဖြစ်ကြလိမ့်မည်ဟု ထင်ခဲ့မိ၏။
သို့သော် ခုနက သူမြင်တွေ့ခဲ့ရသည်။
ရွာသားများကြားတွင် မနာလိုဝန်တိုမှုများ ရှိနေသော်လည်း သူထင်သလောက်တော့ မများပြားခဲ့ပေ။
ထိုအစား သူတို့၏မနာလိုဝန်တိုမှုများအပြင် သူသည် သမားတော်အိုကြီး၏ ဆေးပညာစွမ်းရည်များကို အမှန်တကယ်သင်ယူနိုင်မည်ဟု စိတ်ရင်းမှန်ဖြင့် မျှော်လင့်နေကြပုံရသည်။
လုချင်းသည် အခြားသူများအပေါ် မကောင်းမြင်စိတ်မထားလိုပေ။
သို့သော် လူတို့၏စိတ်နှလုံးမှာ ကြိုတင်ခန့်မှန်းရခက်ပြီး မနာလိုဝန်တိုစိတ်သည် တစ်ခါတစ်ရံ အကြောင်းပြချက်မရှိဘဲ ဖြစ်ပေါ်လာနိုင်ကြောင်းကိုလည်း သူသိသည်။
"မင်း စိတ်ရှုပ်နေတာလား။" သမားတော်ချန်သည် လုချင်းအနားသို့ ချဉ်းကပ်လာခဲ့သည်။
"ဘာကိုလဲဗျ အဘိုး" လုချင်းသည် နားမလည်ခဲ့ပေ။
"ရွာသားတွေက မင်းကို ငါ့ရဲ့ဆေးပညာစွမ်းရည်တွေကို သင်ယူစေချင်နေကြတာ ဘာကြောင့်လဲလို့ သိချင်နေတာလား။" သမားတော်ချန်က ပြုံးလျက်မေး၏။
လုချင်းသည် ခေါင်းညိတ်လိုက်သည်။ သူသည် အမှန်ပင် သိပ်နားမလည်ခဲ့ပေ။
သမားတော်အိုကြီးက အကြောင်းရင်းကို သိနေနိုင်မည်လော။
"လုချင်း၊ ငါဒီမှာအခြေချတုန်းက အနီးအနားရွာတွေမှာ သမားတော်ဘယ်နှယောက်ရှိခဲ့လဲဆိုတာ မင်းသိလား။" သမားတော်ချန်သည် လုချင်း၏မေးခွန်းကို တိုက်ရိုက်မဖြေဘဲ မေးခွန်းတစ်ခုပြန်မေးလိုက်၏။
လုချင်းသည် ခေါင်းခါပြလိုက်သည်။
သမားတော်အိုကြီးရွာသို့ရောက်လာစဉ်က သူသည် အလွန်ငယ်သေးပြီး ထိုသို့သောအရာများကို သိပ်မမှတ်မိတော့ပေ။
"တစ်ယောက်မှမရှိဘူးကွ" သမားတော်ချန်သည် လုချင်းအား အံ့ဩစေသောအဖြေတစ်ခုကို ပေးလိုက်သည်။ "ငါ ရွာကိုမလာခင်တုန်းက အနီးအနားရွာတွေမှာ သမားတော်တစ်ယောက်လေးတောင်မှ မရှိခဲ့ဘူး။"
"ရွာသားတွေဖျားနာကြတဲ့အခါ အသေးအဖွဲရောဂါတွေအတွက်တော့ သူတို့မှတ်မိတဲ့ဆေးပင်တချို့ကိုခူးပြီး ပြုတ်သောက်ကြတယ်၊ ဒါမှမဟုတ် လက်သည်တွေ၊ အောက်လမ်းဆရာတွေဆီက ဆေးတချို့ရယူကြတယ်။ ကျန်တဲ့ရောဂါတွေအတွက်တော့ သူတို့ခံနိုင်ရည်ရှိသလောက် သည်းခံကြတယ်။ မခံနိုင်တော့ရင် မြို့ကိုသွားပြီး ကုသမှုခံယူကြတယ်။"
"ဒါပေမဲ့ ရောဂါကြီးတော်တော်များများက အသေးအဖွဲရောဂါတွေကနေ ဖြစ်ပေါ်လာတာပဲ။ သူတို့မခံနိုင်တော့ဘဲ မြို့ကိုသွားတဲ့အချိန်ရောက်ရင် အများအားဖြင့် ပြင်းထန်တဲ့ရောဂါဖြစ်နေပြီ။"
"ပြင်းထန်တဲ့ရောဂါတွေက ကုသရခက်တယ်။ မြို့ကသမားတော်တွေတောင် ရောဂါတိုင်းကို ပျောက်ကင်းအောင်ကုသပေးနိုင်မယ်လို့ အာမမခံနိုင်ဘူး။"
"ဒါ့အပြင် မြို့မှာနေထိုင်ဖို့က မလွယ်ကူဘူး၊ ဆေးကုသမှုခံယူဖို့ဆိုတာ ပိုဆိုးတာပေါ့။"
"မြို့ကသမားတော်တွေက သူတို့ရဲ့ကုသမှုတွေအပေါ် ယုံကြည်မှုရှိရင်တောင်မှ မြင့်မားတဲ့ဆေးဖိုးဝါးခတွေကို သာမန်ရွာသားတွေက မတတ်နိုင်ကြဘူး။"
"ဒါကြောင့် သာမန်ရွာသားတွေအတွက် ပြင်းထန်တဲ့ရောဂါတွေဆိုတာ အများအားဖြင့် သူတို့ဘဝရဲ့အဆုံးသတ်ပဲ။"
"ငါရွာကိုမလာခင်တုန်းက ပတ်ဝန်းကျင်ရွာတွေမှာ နှစ်စဉ်လူတော်တော်များများ ရောဂါဘယတွေနဲ့ သေဆုံးခဲ့ကြတယ်။"
လုချင်းသည် ပြန်လည်စဉ်းစားကြည့်ရာ သမားတော်အိုကြီးမလာခင်က ရွာတွင် နှစ်စဉ်အသုဘအခမ်းအနားများ ရှိခဲ့ဖူးသည်ဟု ထင်မြင်မိ၏။
"အဲ့ဒီတုန်းက ငါခရီးသွားရင်း ဒီနေရာကိုရောက်လာတော့ ပတ်ဝန်းကျင်ရွာတွေမှာ လူတော်တော်များများ ဆေးကုသမှုမရဘဲ ရောဂါဘယတွေနဲ့ ဒုက္ခရောက်နေကြတာကိုတွေ့ရတယ်။ အဲ့ဒါနဲ့ ငါလည်း သနားကရုဏာစိတ်ဖြစ်ပြီး ဒီရွာသားတွေကို အခွင့်အရေးတစ်ခုပေးဖို့အတွက် နေထိုင်ဖို့ဆုံးဖြတ်ခဲ့တယ်။"
"မမျှော်လင့်ဘဲ ဆယ်နှစ်တောင် နေဖြစ်သွားခဲ့တယ်။"
"ဒီဆယ်နှစ်အတွင်းမှာ ငါမရေမတွက်နိုင်တဲ့အသက်တွေကို ကယ်တင်ခဲ့တယ်လို့ မပြောနိုင်ပေမယ့် အနည်းဆုံးတော့ ရွာသားတွေဖျားနာတဲ့အခါ ဆေးကုသမှုခံယူစရာနေရာတစ်ခုကို ပေးနိုင်ခဲ့တယ်၊ အသေးအဖွဲရောဂါတွေကနေ ရောဂါကြီးတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ခဲ့တယ်။"
လုချင်း၏နှလုံးသားထဲတွင် နက်ရှိုင်းသောတုန်လှုပ်မှုကို ခံစားလိုက်ရသည်။
သမားတော်ချန်၏စကားအရ လွန်ခဲ့သောဆယ်နှစ်အတွင်း သူသည် ဤဒေသသို့ အမှန်ပင်ငြိမ်းချမ်းမှုကို ယူဆောင်လာခဲ့တာကြောင့် ဤနေရာရှိလူတိုင်းအတွက်တော့ သူသည် သက်ရှိဘုရားသဖွယ်ပင်။
"ဒါကြောင့် လူတိုင်းက ကျွန်တော့်ကို အဘိုးရဲ့ဆေးပညာစွမ်းရည်တွေကို သင်ယူပြီး အနာဂတ်မှာ လူတွေကိုကုသပေးနိုင်ဖို့ မျှော်လင့်နေကြတာပေါ့။" လုချင်းက မေးလိုက်၏။
"ဟုတ်တယ်၊ သူတို့က ဆေးကုသမှုမရနိုင်တဲ့နေ့ရက်တွေဆီကို ပြန်သွားရမှာကို ကြောက်နေကြပုံပဲ။" သမားတော်ချန်က ခေါင်းညိတ်လိုက်သည်။
"ဒါပေမဲ့ အဘိုးချန်က ရှိနေသေးတာပဲမဟုတ်လား။"
"ဒါပေမဲ့ ငါက အခုအရမ်းအိုနေပြီလေ။" သမားတော်ချန်က ပြောလိုက်သည်။
"ငါ သိပ်အပြင်မထွက်ပေမယ့် လူတွေက ငါရုတ်တရက်သေသွားရင် ဘာလုပ်ကြမလဲ၊ ဘယ်မှာသွားပြီး ကုသမှုခံယူကြမလဲလို့ တီးတိုးပြောနေကြတာကို တစ်ခါတလေကြားရတယ်လေ။"
လုချင်းသည် စကားမပြောနိုင်တော့ပေ။
သူသည် သမားတော်အိုကြီးက ကျင့်ကြံသူတစ်ဦးဖြစ်နေသည့်အကြောင်းကို စဉ်းစားမိလိုက်သည်။
အတင်းအဖျင်းပြောကြသော ထိုရွာသားများကတော့ အဘိုးအိုတစ်ဦးတွင် ဤမျှစူးရှသောအကြားအာရုံရှိမည်ဟု ထင်မြင်ကြမည်မဟုတ်ပေ။
ယခုအခါ လုချင်းသည် ရွာသားများက မနာလိုဝန်တိုမှုများရှိနေသော်လည်း သူ့အား သမားတော်အိုကြီးထံမှ ကောင်းမွန်စွာသင်ယူရန် အဘယ်ကြောင့်တိုက်တွန်းနေကြသည်ကို အပြည့်အဝနားလည်သွားခဲ့ပြီပင်။
သူတို့သည် သမားတော်မရှိသောနေ့ရက်များသို့ ပြန်သွားရမည်ကို ကြောက်ရွံ့နေကြခြင်းပင်။
တစ်နေ့တွင် သမားတော်အိုကြီးမရှိတော့ပါက သူတို့သည် ယခင်ကကဲ့သို့ ပြန်ဖြစ်သွားမည်ကို ကြောက်ရွံ့နေကြခြင်းပင်။
"အဘိုးချန်၊ ဒီကိစ္စအတွက် အဘိုးစိတ်ဆိုးနေလားဗျ။" လုချင်းက မေးလိုက်၏။
"ငါက ဘာလို့စိတ်ဆိုးရမှာလဲ။" သမားတော်ချန်က ရယ်မောလိုက်သည်။ "ဒါက လူ့သဘာဝပဲလေ၊ ပြီးတော့ ငါကလည်း တကယ်ပဲအရမ်းအိုနေပြီကို ၊ ခြေတစ်ဖက်က သင်္ချိုင်းထဲရောက်နေပြီလေ။"
ဒါပေမဲ့ ကျွန်တော့်အမြင်မှာတော့ အဘိုးက ကျန်းမာနေတာပဲ...
လုချင်းသည် သမားတော်အိုကြီးထံမှ ထွက်ပေါ်နေသော အနီရောင်အလင်းတန်းကို မြင်တွေ့ခဲ့ရသည်ကို ပြန်လည်သတိရလိုက်သည်။
"လုချင်း၊ မင်းက အနာဂတ်ကောင်းရှိတဲ့ကလေးတစ်ယောက်ပဲ။ အခု ရွာသားတွေရဲ့အတွေးတွေကို နားလည်သွားပြီမဟုတ်လား။"
"ကျွန်တော် နည်းနည်းတော့ နားလည်သွားပါပြီ။" လုချင်းက ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် မင်း ငါ့ဆီကနေ ဆေးပညာသင်ယူဖို့ ဆန္ဒရှိပြီလား" သမားတော်ချန်က ရုတ်တရက်မေးလိုက်၏။