အနီရောင်အလင်းတန်း၏ ဝိညာဉ်သားရဲ
Vol. 3 Ch. 29
လုချင်းသည် တံခါးကို ကုတ်ခြစ်နေကျ အသံကိုကြားသောအခါ သူ၏နားကိုပင်မယုံနိုင်အောင် ဖြစ်သွားခဲ့သည်။
သမားတော်အိုချန်က သူ၏ဆေးမှုန့်သည် ဝံပုလွေများကိုပင် ဟန့်တားနိုင်လောက်အောင် အလွန်ထိရောက်သည်ဟု ပြောခဲ့သည်မဟုတ်လော။
အဘယ်ကြောင့် ဤသတ္တဝါသည် ပြန်လာနေသေးသနည်း။
လုချင်းသည် စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရသည်။
ဒီညလည်း သူအိပ်စက်နိုင်တော့မည်မဟုတ်လော။
ဤသို့ဆက်ဖြစ်နေ၍မဖြစ်ပေ။ အကယ်၍ သူသည် ဤပြဿနာကိုမဖြေရှင်းနိုင်ပါက သူသည် ဘယ်တော့မှကောင်းမွန်စွာအိပ်စက်ရသောညတစ်ညကို ရရှိတော့မည်မဟုတ်ပေ။
အိပ်မပျော်သောညနှစ်ညအပြီးတွင်တော့ လုချင်းမှာလည်း စိတ်တိုစပြုလာခဲ့သည်။
သူသည် အဘယ်သို့သောသတ္တဝါက ဤမျှသတ္တိရှိရှိဖြင့် ပြန်လာနေသည်ကို သေချာပေါက်တွေ့အောင်ရှာပစ်မည်ပင်။
ထိုအတွေးဖြင့် သူ၏ကုတင်ဘေးမှတုတ်ကိုဆုပ်ကိုင်ရင်း လုချင်းသည် ခြေဖျားထောက်၍ တံခါးမဆီသို့ သွားလိုက်သည်။ ထို့နောက်မှ ရုတ်ချည်းပင် သူသည် တံခါးဂျက်ကိုဆွဲဖြုတ်ကာ တံခါးကိုဆောင့်ကန်ဖွင့်လိုက်တော့၏။
ရုတ်တရက်ပြုမူလိုက်သောအပြုအမူသည် အပြင်ဘက်ရှိအရာကို ထိတ်လန့်သွားစေခဲ့သည်မှာ အသေအချာပဲပင်။
လုချင်းမှာ အနက်ရောင်အရိပ်တစ်ခုက ခြံဝင်းထဲမှ ချက်ချင်းပင် ပြေးထွက်သွားသည်ကို တွေ့လိုက်ရ၏။
သူ၏စွမ်းရည်များနိုးကြားလာကတည်းက လုချင်း၏မျက်လုံးများသည် သိမ်မွေ့သောပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။
ပထမဦးစွာ သူ၏အမြင်အာရုံသည် သိသိသာသာတိုးတက်လာခဲ့ပြီး အဝေးတစ်နေရာမှအရာများကိုပင် ရှင်းလင်းစွာမြင်နိုင်ခဲ့သည်။
ဒုတိယအနေဖြင့် အလင်းရောင်ရင်းမြစ်များအပေါ် သူ၏အာရုံခံနိုင်စွမ်းသည်လည မြင့်မားလာခဲ့သည်။
သူသည် လုံးဝမှောင်မိုက်နေချိန်တွင် မမြင်နိုင်သော်လည်း အလင်းရောင်အနည်းငယ်ရှိသရွေ့ သူ၏ပတ်ဝန်းကျင်မှ ခုနစ်ပိုင်း သို့မဟုတ် ရှစ်ပိုင်းကို မြင်နိုင်ခဲ့သည်။
ဤအချိန်တွင် တောက်ပသောလရောင်အောက်၌ လုချင်းသည် လွန်ခဲ့သောညနှစ်ညက သူ့ကိုအနှောင့်အယှက်ပေးနေသောအရာကို မြင်နိုင်ခဲ့သည်။
၎င်းသည် အနက်ရောင်သားရဲငယ်တစ်ကောင်ဖြစ်၏။
အရှည်နှစ်ပေခန့်ရှိပြီး ကြောင်နှင့်ကျားသစ်စပ်ကြားကဲ့သို့ပုံစံရှိကာ မျက်လုံးများသည် မီးလုံးများကဲ့သို့ ထိန်လင်းတောက်ပနေခဲ့သည်။
အနက်ရောင်သားရဲ၏အမွေးများနှင့်တကွ အမြီးပင်လျှင် ရန်လိုမှုတို့ကြောင့် ထောင်နေကာ လုချင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေခဲ့သည်။
အနက်ရောင်သားရဲ၏အသွင်အပြင်ကိုမြင်သောအခါ လုချင်းသည် သက်ပြင်းချလိုက်၏။
ကံကောင်းစွာဖြင့် ၎င်းသည် သိပ်မကြီးမား သို့မဟုတ် ကြမ်းတမ်းပုံမရပေ။
ယခင်ညက တံခါးဆောင့်ပိတ်သံဖြင့် ကြောက်လန့်ထွက်ပြေးသွားသော သတ္တဝါတစ်ကောင်သည် ဤမျှသတ္တိရှိနိုင်မည်မဟုတ်ပေ။
အကြောင်းရင်းတစ်ခုခုကြောင့် အနက်ရောင်သားရဲသည် ဤတစ်ကြိမ်တွင် မထွက်ပြေးဘဲ ဝပ်တွားလျက် လုချင်းကိုသာ စောင့်ကြည့်နေခဲ့သည်။
လုချင်းသည် တိတ်ဆိတ်စွာရပ်နေပြီး မည်သည့်ရုတ်တရက်လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ပေ။
သူသည် မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်မချမီ သားရဲအကြောင်းသတင်းအချက်အလက်များစုဆောင်းရန် သူ၏စွမ်းရည်များကို အသုံးပြုလိုခဲ့သည်။
လုချင်းသည် စိတ်ငြိမ်အောင်ကြိုးစားရင်း သူ၏အကြည့်ကို သားရဲငယ်ပေါ်တွင် စူးစိုက်ထားခဲ့သည်။
မကြာမီ သူ၏မျက်လုံးများသည် ပြူးကျယ်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သောသားရဲပေါ်တွင် အနီရောင်အလင်းတန်းသဲ့သဲ့တစ်ခု ပေါ်ထွက်လာခဲ့၏။
[ ညဝိညာဉ်ကြောင်မြီးတို - တောင်တန်းဝိညာဉ်သားရဲ၊ ကလေးအရွယ်၊ အမ။]
[အလွန်လျင်မြန်ပြီး ကျောက်တုံးကိုလည်း ခွဲနိုင်ကာ သတ္တုကိုပင် ဖြတ်နိုင်သော ချွန်ထက်သည့်ခြေသည်းများရှိသည်။]
[ညဝိညာဉ်ကြောင်မြီးတို သည် ငါးကိုနှစ်သက်သော်လည်း ရေကို မုန်းတီးသဖြင့် ငါးကိုအမြဲတမ်းတမ်းတနေရသည်ဟု ဒဏ္ဍာရီတွင်ဆိုသည်။]
အနီရောင်အလင်းတန်းအဆင့်ရှိသော သားရဲ။
လုချင်းမှာ အံ့ဩလွန်း၍ ခုန်ပင်ခုန်မတတ် ဖြစ်သွားခဲ့သည်။
လျှို့ဝှက်ဆန်းကြယ်သောသားရဲ၏စွမ်းအင်သည် အနီရောင်အလင်းတန်းအဆင့်သို့ ရောက်ရှိနေခဲ့သည်။
၎င်းသည် သမားတော်အိုချန်နှင့် တူညီသောအဆင့်တွင်ရှိနေသည်ဟု ဆိုလိုတာပင်။
ထို့ကြာင့် ဆေးမှုန့်က အာနိသင်မရှိသည်မှာ အံ့ဩစရာမရှိတော့ပေ။
အသက်ပြင်းပြင်းအကြိမ်များစွာရှူသွင်းပြီးနောက် လုချင်းသည် သူ၏စိတ်လှုပ်ရှားမှုများကို တည်ငြိမ်စေခဲ့သည်။
ထို့နောက်တွင်တော့ စိတ်သက်သာရာရမှုတစ်ခု သူ့အပေါ်လွှမ်းခြုံသွားခဲ့သည်။
ကံကောင်းစွာဖြင့် သူသည် မဆင်မခြင်မပြုမူခဲ့မိပေ။
သူသည် သတ္တဝါငယ်လေးတစ်ကောင်က အနီရောင်အလင်းတန်းအဆင့်ရှိသော ဝိညာဉ်သားရဲတစ်ကောင်ဖြစ်နေမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ပြီးတော့ ဖော်ပြချက်က ဘာပြောသေးလဲ။
အရမ်းကို လျင်မြန်တယ်။ ကျောက်တုံးကိုလည်း ခွဲနိုင်တယ် ပြီးတော့ သတ္တုကိုတောင် ဖြတ်နိုင်တဲ့ ခြေသည်းများလည်းရှိတယ်တဲ့။
ဤသို့သောဖျက်ဆီးနိုင်စွမ်းသည် ကျားများနှင့်ကျားသစ်များကိုပင် ကျော်လွန်ပေလိမ့်မည်။
ကံကောင်းစွာဖြင့် သားရဲငယ်သည် ကြောက်တတ်သူဖြစ်၏။ မဟုတ်ပါက ဤအချိန်လောက်ဆို လုချင်းတစ်ယောက် မြေပြင်ပေါ်တွင် လဲလျောင်းနေလောက်ပြီဖြစ်သည်။
လုချင်းသည် တုတ်ကို သူ၏နောက်တွင်ဖွက်ထားရင်း အန္တရာယ်ကင်းသောအပြုံးတစ်ခုကို ပြုံးလိုက်သည်။
"ကလေးလေး၊ ငါးစားဖို့လာတာလား။"
အနက်ရောင်သားရဲသည် လုချင်းကို သတိကြီးစွာဖြင့် ဆက်လက်စောင့်ကြည့်နေခဲ့ကာ လုချင်းပြောသည့်စကားများကိုတော့ နားမလည်ခဲ့ပေ။
လုချင်းသည်လည်း သားရဲက သူ့စကားကို နားလည်မည်ဟု မမျှော်လင့်ခဲ့ပေ။
သူသည် အနက်ရောင်သားရဲကို မထိတ်လန့်စေရန် ဂရုတစိုက်လျှောက်လိုက်ရင်း မီးဖိုချောင်မှ ငါးခြောက်နှစ်တုံးကို အလျင်အမြန်ယူဆောင်လာခဲ့သည်။
လုချင်းသည် ငါးနှင့်အတူတံခါးဝသို့ပြန်ရောက်လာသောအခါ အနက်ရောင်သားရဲ၏မျက်လုံးများသည် တောက်ပလာသကဲ့သို့ သူသတိပြုမိလိုက်သည်။
ဒါဆိုရင် ငါးအတွက် လာတာပေါ့။
လုချင်းသည် ဖော်ပြချက်၏တတိယစာကြောင်းကို သတိရလိုက်မိသည်။
ထို့နောက်၌ လုချင်းတစ်ယောက် သူ၏ရှေ့တွင် ငါးကို ဝှေ့ယမ်းပြလိုက်သည်။
"အစောကလန့်သွားစေတဲ့အတွက် တောင်းပန်ပါတယ်။ ဒီငါးနှစ်တုံးက ငါ့ရဲ့တောင်းပန်မှုပဲ။"
အမှောင်ထဲတွင် မီးလုံးများကဲ့သို့တောက်ပနေသော အနက်ရောင်သားရဲ၏မျက်လုံးများသည် ငါးရွေ့လျားသည်နှင့်အမျှ လိုက်ပါရွေ့လျားနေခဲ့လေ၏။
ဤသို့မြင်သောအခါ လုချင်းမှာလည်း ပိုမိုယုံကြည်မှုရှိလာခဲ့တော့သည်။
"ဒီမှာ။"
လုချင်းမှာ အနက်ရောင်သားရဲကို မထိတ်လန့်စေဖို့အတွက် တမင်ပင်အဝေးသို့ပစ်ချလိုက်၏။
ယခုအခါ၌ ငါးသည် မြေကြီးပေါ်သို့ကျသွားပြီဖြစ်ရာ သားရဲကတော့ ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး လုချင်းကို သတိကြီးစွာဖြင့် စောင့်ကြည့်နေဆဲပင်။
လုချင်းကတော့ တိတ်ဆိတ်စွာ မလှုပ်မယှက်ရပ်နေခဲ့သည်။
လုချင်းတွင် တိုက်ခိုက်ရန် စိတ်ဆန္ဒမရှိကြောင်းကို ခံစားမိသောအခါ၌ အနက်ရောင်သားရဲသည် သူ၏ ရန်လိုမှုတို့ကြောင့် ထောင်နေသောအမွေးများကို အနည်းငယ်ဖြေလျှော့လိုက်၏။
ထို့နောက်၌ ၎င်းမှာ လေကို အကြိမ်အနည်းငယ်ရှူရှိုက်ပြီးနောက် ရုတ်တရက်ရှေ့သို့ ပြေးထွက်သွားခဲ့သည်။
ထိုစဥ် လုချင်းမှာတော့ အနက်ရောင်အရိပ်တစ်ခုကိုသာ ဖျက်ခနဲမြင်လိုက်ရကာ နောက်တစ်ခဏတွင်တော့ ငါးများပျောက်ကွယ်သွားခဲ့သည်။
ထို့နောက်တွင်တော့ သားရဲ၏ပုံရိပ်သည် ခြံစည်းရိုးကို ခုန်ကျော်ကာ ညမြူခိုးထဲ၌ လျင်မြန်စွာပျောက်ကွယ်သွားခဲ့သည်။
သားရဲပျောက်ကွယ်သွားကြောင်း သေချာအောင် ခဏစောင့်ဆိုင်းပြီးနောက်မှသာ လုချင်းသည်လည်း တံခါးကိုပိတ်ကာ သူ၏အခန်းသို့ပြန်လာခဲ့သည်။
ကုတင်ပေါ်တွင်လှဲလျောင်းရင်း သူ၏နှလုံးသည် ထိန်းမနိုင်သိမ်းမရခုန်နေခဲ့သည်။
အခြေအနေသည် အတော်ပင်တင်းမာနေခဲ့သည်။
အနက်ရောင်သားရဲသည် ကြောက်တတ်သော်လည်း ဒေါသထွက်ပါက တိုက်ခိုက်နိုင်သေးသည်။
ဆိုရိုးစကားအတိုင်းပင် ချောင်ပိတ်ခံရသောယုန်သည် ကိုက်တတ်သည်ပင်။
ပြီးတော့ ဤသည်မှာ ယုန်တစ်ကောင်သာမဟုတ်ဘဲ အားကောင်းသောဝိညာဉ်သားရဲတစ်ကောင်ဖြစ်၏။
၎င်းထံ၌ ကျောက်တုံးကိုခွဲနိုင်ကာ သတ္တုကိုဖြတ်နိုင်သော ချွန်ထက်သည့်ခြေသည်းများပင် ပါရှိသည့်ဝိညာဉ်သားရဲပင်။
ကျောက်တုံးနှင့်သတ္တုကိုတောင် ဖြတ်နိုင်ပါက အသားနှင့်သွေးဆိုလျှင်ကော အဘယ်သို့နည်း။
ဒါကြောင့် လုချင်းသည် သူ့ကို ဒေါသထွက်အောင် မလုပ်ရဲဝံ့ခဲ့ပေ။
ကံကောင်းစွာဖြင့် အနက်ရောင်သားရဲသည် ကြောက်တတ်ရုံသာမက ရန်လိုမှုလည်းမရှိပေ။
မဟုတ်ပါက လုချင်းသည် ထိုတွေ့ဆုံမှုမှ အသက်ရှင်လွတ်မြောက်နိုင်မည်မဟုတ်ပေ။
"ဒီလောက်အားကောင်းတဲ့သားရဲတစ်ကောင်အကြောင်းကို ဘာလို့ရွာသားတွေပြောတာ မကြားဖူးရတာပါလိမ့်။"
စိတ်ငြိမ်သွားပြီးနောက် လုချင်းသည် စဉ်းစားနေခဲ့သည်။
ထိုစဥ် သူသည် သူ၏စွမ်းရည်များမှဖော်ပြချက်ကို သတိရလိုက်မိသည်။
ဤသားရဲသည် ကလေးအရွယ်တွင်သာရှိသေးသည်။
ဒီတော့ သူ့မိဘတွေက ဒီအနီးအနားမှာရှိနေတာများလား။
ထိုသို့ ဖြစ်နိုင်မည်မဟုတ်ပေ။ အကယ်၍ သူ၏မိဘများအနီးအနားတွင်ရှိနေပါက သူတို့သည်လည်း အတူတူလာခဲ့ကြပေလိမ့်မည်။
လုချင်းသည် ဖော်ပြချက်တွင် ညဝိညာဉ်ကြောင်မြီးတို သည် ငါးကိုနှစ်သက်ကြောင်း ဖော်ပြထားသည်ကိုလည်း သတိရလိုက်မိသည်။
သူသည် အခြားတစ်နေရာမှ ပြောင်းရွှေ့လာခဲ့ခြင်းလည်းဖြစ်နိုင်သည့်အပြင် သူ၏မိဘများက သူ့အား မောင်းထုတ်ခဲ့ခြင်း သို့မဟုတ် မတော်တဆမှုတစ်ခုကြောင့် ကွဲကွာသွားခဲ့ခြင်းလည်း ဖြစ်နိုင်ပါ၏။
လုချင်းသည် ခန့်မှန်းချက်များစွာပြုလုပ်ခဲ့သော်လည်း သေချာသည့်အဖြေတော့ထွက်မလာခဲ့ပါချေ။
သို့သော် သူသည် ထိုအနက်ရောင်သားရဲ ဒီညအပြီးတွင် ပြန်လာနိုင်သည်ဟု ခံစားမိနေခဲ့သည်။
ယင်းက မည်သည့်သက်သေအထောက်အထားမျှမရှိ၊ အတွေးတစ်ခုသာဖြစ်၏။
"ငါးဖမ်းတာကို ရပ်လို့မရတော့ဘူးထင်တယ်။"
လုချင်းသည် အကူအညီမဲ့စွာဖြင့် စဉ်းစားနေခဲ့သည်။
သူသည် ဆေးပညာလေ့လာခြင်းအပေါ် အပြည့်အဝအာရုံစိုက်ရန်အတွက် ငါးဖမ်းခြင်းမှ ခဏအနားယူရန် စီစဉ်ထားခဲ့တာပင်။
သမားတော်ကြီး ချန်က ငါးကြင်းနီကိုရောင်းချပြီးသည်နှင့် လုချင်းသည် သူနှင့်ရှောင်ယန်သည် အချိန်အတော်ကြာသက်တောင့်သက်သာနေထိုင်နိုင်လောက်သော ငွေအမြောက်အမြားရရှိပေလိမ့်မည်။
သို့သော် ယခုအခါ အနက်ရောင်သားရဲ၏လာရောက်လည်ပတ်မှုများကြောင့် လုချင်းတစ်ယောက် သူ၏အစီအစဉ်များကို ချိန်ညှိရပေတော့မည်။
၎င်းသည် သူဒေါသထွက်အောင်မလုပ်နိုင်သော အနီရောင်အလင်းတန်းအဆင့်ရှိသော ဝိညာဉ်သားရဲတစ်ကောင်ဖြစ်၏။ ထို့ကြောင့် သူသည် ၎င်းကို တည်ငြိမ်အောင်ထားရန် ဦးစားပေးရပေမည်။
"ဒါက ဘယ်လိုအခြေအနေကြီးပါလိမ့်။"
လုချင်းသည် စိတ်ပျက်စွာဖြင့် သက်ပြင်းချလိုက်၏။
***