မရင်းနှီးမှု
Vol. 3 Ch. 30
ထိုညတွင် လုချင်းသည် နောက်ဆုံးတွင် ကောင်းမွန်စွာအိပ်စက်နိုင်ခဲ့သည်။
နောက်တစ်နေ့နံနက်စောစော၊ နံနက်စာစားပြီးနောက် သူသည် ရှောင်ယန်ကို မြစ်ကမ်းနားသို့ ငါးမျှားရန်ခေါ်သွားခဲ့သည်။
ဤတစ်ကြိမ်တွင် သူသည် မြစ်ကမ်းနားတွင် လူနည်းပါးသည်ကိုတွေ့လိုက်ရပြီး ယခင်ကကဲ့သို့ ငါးဖမ်းရာနေရာတစ်ခုတည်းတွင် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက်စုဝေးနေခြင်းမျိုးမရှိတော့ပေ။
၎င်းသည် ကျိုးကြောင်းဆီလျော်ပါသည်၊ ယခုမှာ လယ်ယာစိုက်ပျိုးရေးရာသီဖြစ်ပြီး လယ်ကွက်များတွင် လုပ်ဆောင်ရန်အလုပ်များစွာရှိနေသေးသည်။ ငါးမျှားခြင်းသည် နောက်ဆုံးတွင်တော့ အပန်းဖြေဖို့အတွက် နည်းလမ်းတစ်ခုသာ ဖြစ်သည့်အပြင် သူတို့၏အစားအသောက်ကို ရံဖန်ရံခါတိုးတက်ကောင်းမွန်စေရန် နည်းလမ်းတစ်ခုသာဖြစ်၏။ လယ်ကွင်းများရှိသီးနှံများသည် များစွာပို၍အရေးကြီးသည်၊ ၎င်းတို့သည် လယ်သမားများ၏အသက်သွေးကြောများဖြစ်ကြ၏။
ဤတစ်ကြိမ်တွင် လုချင်းသည် သူယခင်က ထူးဆန်းသောငါးကိုဖမ်းမိခဲ့သောနေရာသို့ မသွားခဲ့ပေ။
ဤထူးဆန်းသောငါးများသည် ရံဖန်ရံခါဖမ်းမိရန် ကောင်းမွန်သော်လည်း အကယ်၍ သူရက်အနည်းငယ်တိုင်း တစ်ကောင်ဖမ်းမိပါက တုံးအသောလူပင်လျှင် တစ်စုံတစ်ခုမှားယွင်းနေကြောင်း သိရှိပေလိမ့်မည်။
ထို့အပြင် သူယခုတစ်ကောင်ဖမ်းမိလျှင်ပင် သူ ရောင်းချဖို့ရန်နေရာမရှိပေ။ သူသည် သမားတော်ချန်အား သူတို့ကိုရောင်းချပေးရန်အတွက် အမြဲတမ်းအားကိုးနေ၍မဖြစ်ပေ။
သူတို့ကိုယ်တိုင်စားသုံးရန်အတွက်မူ သူတွန့်ဆုတ်နေခဲ့သည်။ သူထူးဆန်းသောငါး၏တန်ဖိုးကိုသိရှိပြီးကတည်းက လုချင်းသည် ၎င်းကိုအရေးကြီးသောဝင်ငွေရင်းမြစ်တစ်ခုအဖြစ် ပြုလုပ်ရန်စီစဉ်ထားခဲ့ပါ၏။
ထို့နောက်၌ လုချင်းသည် သူ ပထမဆုံးမြစ်ကမ်းနားသို့လာရောက်လည်ပတ်စဉ်က ရှာဖွေတွေ့ရှိခဲ့သော အခြားနေရာတစ်ခုတွင် ငါးမျှားရန်ဆုံးဖြတ်လိုက်၏။
ငါးဖမ်းရာနေရာကိုပြင်ဆင်ပြီးနောက် လုချင်းသည် ငါးမျှားစပြုတော့သည်။
ယခင်နှစ်ကြိမ်နှင့်နှိုင်းယှဉ်လျှင် ဤငါးမျှားခရီးသည် ထွေထွေထူးထူးသိပ်မရှိပါချေ။
တစ်နာရီအကြာတွင် သူသည် ငါးတစ်ပုံးနီးပါးဖမ်းမိခဲ့သည်။
ငါးများသည် အရွယ်အစားအမျိုးမျိုးရှိပြီး အကြီးဆုံးမှာ နှစ်ပေါင် သို့မဟုတ် သုံးပေါင်ရှိသော မြက်ငါးခုံးမတစ်ကောင်ဖြစ်ပြီး အသေးဆုံးမှာတော့ ငါးဖြူငယ်လေးများဖြစ်ကြ၏။
ငါးတစ်ပုံးနီးပါးရလာသောအခါ လုချင်းသည် ပစ္စည်းများသိမ်းဆည်းစပြုတော့သည်။
ဤငါးများသည် ညဘက်လာရောက်တတ်သော ဝိညာဉ်သားရဲအား ညပေါင်းများစွာအတွက် ကျွေးမွေးရန် လုံလောက်လောက်ပါ၏။
သူတို့အိမ်ပြန်ရောက်ပြီးနောက် ထိုညမှာပဲ ရှောင်ယန်အိပ်ပျော်သွားပြီးသိပ်မကြာခင်တွင် လုချင်းသည် တံခါးကိုကုတ်ခြစ်နေသည့်အသံကို နောက်တစ်ကြိမ်ကြားလိုက်ရပြန်သည်။
ဤတစ်ကြိမ်တွင်တော့ သူသည် ထိတ်လန့်ခြင်းမရှိတော့ပေ။ သူသည် မီးဖိုချောင်မှ ပြင်ဆင်ထားပြီးသား ငါးကို တည်ငြိမ်စွာယူဆောင်ပြီး အိမ်ရှေ့တံခါးကို ဖွင့်လိုက်၏။
တံခါးဖွင့်လိုက်သည်နှင့် လုချင်းသည် ခြံဝင်းအလယ်တွင်ရပ်နေသော အနက်ရောင်သားရဲငယ်ကို တွေ့လိုက်ရ၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ ၎င်း၏စိတ်အခြေအနေသည် များစွာပိုမိုတည်ငြိမ်နေပုံရသည်။
၎င်းသည် သတိထားနေဆဲဖြစ်သော်လည်း ယခင်ညကကဲ့သို့ သူ၏အမွေးများအားလုံးထောင်နေလျက် ထိတ်လန့်တကြားဖြစ်နေပုံမရပေ။
"ငါက မင်းကိုစောင့်နေတာ။"
လုချင်းသည် တတ်နိုင်သမျှ အေးအေးဆေးဆေးဖြင့် ဖော်ရွေပုံရအောင်ကြိုးစားရင်း ပြုံးလိုက်၏။
ထို့နောက် သူသည် ငါးများပြည့်နေသောသစ်သားပုံးတစ်ခုကိုထုတ်ယူပြီး ခြံဝင်းထဲသို့ ဖြည်းညှင်းစွာလျှောက်သွားခဲ့သည်။
ထိုစဥ် အနက်ရောင်သားရဲသည် ခြေလှမ်းအနည်းငယ်ဆုတ်သွားပြီး သတိပေးသံတစ်ခုပြုလုပ်လိုက်၏။
လုချင်းမှာလည်း ချက်ချင်းရပ်တန့်လိုက်ကာ "မစိုးရိမ်ပါနဲ့၊ ငါက မင်းကို အန္တရာယ်ပေးဖို့လာတာမဟုတ်ပါဘူးကွာ။"
ထိုသို့ပြောပြီးနောက်၌ လုချင်းသည် ပုံးကိုမြေကြီးပေါ်တွင် ညင်သာစွာချလိုက်ကာ ဖြည်းညှင်းစွာဖြင့် နောက်ဆုတ်သွားခဲ့သည်။
သူ အတွင်းသို့ ပြန်ရောက်သွားသည်နှင့် အနက်ရောင်သားရဲသည် တည်ငြိမ်သွားကာ လေကိုရှူရှိုက်လိုက်ရင်း အားယူလိုက်လေ၏။ ထို့နောက်မှ ဖျက်ခနဲဖြင့် ပုံးသို့ ပြေးသွားကာ အကြီးဆုံးငါးကိုဆွဲယူလိုက်ပြီးနောက်၌ ဖျက်ခနဲပျောက်ကွယ်သွားတော့လေသည်။
ထိုစဥ် လုချင်းကတော့ အံ့ဩခြင်းမရှိဘဲ တံခါးအတွင်းမှ တိတ်ဆိတ်စွာစောင့်ဆိုင်းနေခဲ့သည်။
အမှန်စင်စစ် ခဏအကြာတွင် သားရဲသည် ခြံဝင်းထဲသို့ပြန်လည်ပေါ်ထွက်လာပြီး နောက်တစ်ကောင်ကိုဆွဲယူကာ နောက်တစ်ကြိမ်ပျောက်ကွယ်သွားခဲ့ပြန်ပါ၏။
ထိုသတ္တဝါငယ်လေးသည် အတော်လေးပင် သတိကြီးသည့်ပုံပင်တည်း။
လုချင်းမှာ ရယ်မောလိုက်ပြီး တောရိုင်းတိရစ္ဆာန်တစ်ကောင်စားသောက်နေသည်ကို ကြည့်ရှုရန် စိတ်ဝင်စားမှုမရှိတော့ပေ။
ပုံးထဲတွင် ငါးငယ်များစွာရှိနေသည်။ သတ္တဝါငယ်လေးသည် ခဏတာအသွားအပြန်ပြေးလွှားနေမည်ဖြစ်ရာ ထိုအတွက် သူစောင့်ဆိုင်းနေလိုခြင်းမရှိပေ။
ထို့ကြောင့် သူသည် တံခါးကိုပိတ်ကာ သူ၏အခန်းသို့ စိတ်အေးလက်အေးဖြင့် ပြန်သွားလိုက်တော့၏။
သူသည် ပြဿနာကို အပြည့်အဝဖြေရှင်းနိုင်ခဲ့ပုံရသည်။
ငါးအချို့ကိုစွန့်လွှတ်ခဲ့ရသော်လည်း ငါးမျှားခြင်းကိုနှစ်သက်သူတစ်ဦးအတွက် ထိုငါးပမာဏမှာ ဘာမျှမဟုတ်ပေ။
ထို့ပြင် သူသည် စားနိုင်သည်ထိပင် ပိုများသောငါးပမာဏကို အမြဲဖမ်းမိနေသည်ဖြစ်ရာ ညဘက်မှလာရောက်တတ်သော ဝိညာဉ်သားရဲလေး ငါးစားနိုင်ဖို့အတွက် ကူညီပေးတာကလည်း မဆိုးလှပေ။
၎င်းသည် ကျေးလက်ဒေသများတွင် အစားအစာနှင့်အရိုးအကြွင်းအကျန်များကို ကြောင်များနှင့်ခွေးများအား ကျွေးမွေးသကဲ့သို့ပင်ဖြစ်၏။
ထို့နောက်တွင်တော့ လုချင်းတစ်ယောက် စိတ်အေးလက်အေးဖြင့် နောက်တစ်ကြိမ်ကောင်းမွန်သောညတစ်ညကို ရရှိခဲ့သည်။
နောက်တစ်နေ့နံနက်၌ သူသည် သစ်သားပုံးကြီး ဗလာကျင်းနေသည်ကိုသာ တွေ့ရှိလိုက်ရလေ၏။
ငါးနှစ်ပေါင်ကျော်လုံး ကုန်သွားခဲ့တာပင်။ ယင်းသတ္တဝါငယ်လေးသည် အတော်ပင်အစားကြီးသည့်ပုံနှယ်။
သန့်ရှင်းရေးလုပ်ပြီးနောက်၌ လုချင်းသည် နံနက်စာပြင်ဆင်ခဲ့သည်။
ရှောင်ယန်နှင့်အတူစားသောက်ပြီးနောက် သူတို့မောင်နှမနှစ်ယောက်သည် သမားတော်ချန်ထံသို့ သွားရောက်လည်ပတ်ရန်ပြင်ဆင်ခဲ့ကြသည်။
လတ်ဆတ်စွာဖမ်းမိသောငါးငယ်တစ်ပေါင်ကျော်ကိုသယ်ဆောင်ရင်း လုချင်းသည် ရှောင်ယန်ကိုခေါ်ဆောင်၍ထွက်ခွာသွားခဲ့သည်။
သမားတော်ချန်သည် ငါးငယ်များကိုကြိုက်နှစ်သက်ကြောင်း ပြောပြခဲ့တာကြောင့် လုချင်းမှာ သူအများကြီးဖမ်းမိလာသည့်အထဲမှ အချို့ကို ယူဆောင်လာခဲ့ခြင်းဖြစ်၏။
တောင်ပေါ်လမ်းအတိုင်းလျှောက်လှမ်းရင်း လုချင်းသည် မျှော်လင့်ချက်သဲ့သဲ့တစ်ခုကို ခံစားမိနေခဲ့သည်။
သမားတော်ချန်သည် မနေ့က သူ့အတွက် ငါးကြင်းနီကိုရောင်းချရန် မြို့သို့သွားခဲ့သည်။ ထိုသည်နှင့်ပတ်သက်၍ ဘယ်လိုဖြစ်သွားသည်ကို သူ သိချင်နေခဲ့သည်။
သမားတော်ချန်ကတော့ ငါးကြင်းနီသည် ရှားပါးပြီးတန်ဖိုးကြီးသောငါးဖြစ်တာကြောင့် အလွယ်တကူရောင်းချနိုင်မည်ဟု ပြောခဲ့သော်လည်း လုချင်းမှာတော့ ငွေကို လက်ထဲတွင်မမြင်ရမချင်း အနည်းငယ်စိုးရိမ်နေဆဲပင်။
အိမ်သို့ရောက်သောအခါ၌ လုချင်းသည် သမားတော်ချန်က သူ၏နံနက်ခင်းလေ့ကျင့်ခန်းလုပ်ခြင်းအား ယခုလေးတင်အဆုံးသတ်လိုက်တာကို တွေ့လိုက်ရ၏။
"အဘိုးချန်။" ရှောင်ယန်က သူ့ထံသို့ပြေးသွားခဲ့သည်။
"ရှောင်ယန်လေး၊ အဘိုးကိုလွမ်းနေလား။" သမားတော်ချန်က ကလေးမလေးကိုကောက်ချီလိုက်သည်။
"လွမ်းတာပေါ့ရှင့်~" ရှောင်ယန်က ချိုသာစွာပြန်ဖြေလိုက်၏။
"ဟားဟားဟား..."
"မင်္ဂလာနံနက်ခင်းပါ အဘိုးချန်။" လုချင်းကလည်း နှုတ်ဆက်လိုက်၏။
"မင်းကို ဒီနေ့ကြည့်ရတာ အဆင်ပြေနေပါလား။ ကြည့်ရတာ အဲ့တောရိုင်းတိရစ္ဆာန်က မင်းကို ထပ်မနှောင့်ယှက်တော့ဘူးလား။" သမားတော်ချန်က မေးလိုက်၏။
သမားတော်ချန်၏အမြင်တွင်တော့ သူ၏ဆေးမှုန့်သည် အမြဲတမ်းထိရောက်သည်။ မည်သည့်တောရိုင်းတိရစ္ဆာန်ပင်ဖြစ်စေ၊ ၎င်းကိုအနံ့ခံပြီးနောက် အဝေးတွင်နေကြပေလိမ့်မည်။ သူသည် လုချင်းအား အိတ်ကြီးတစ်လုံးပေးခဲ့ကာ ၎င်းပမာဏနှင့်ဆိုလျှင် ကျားများနှင့်ကျားသစ်များကိုပင် ဟန့်တားရန်လုံလောက်ပါသည်။ အမည်မသိသားရဲတစ်ကောင်တောင်မှ ခြွင်းချက်မဖြစ်သင့်ပေ။
သို့သော် လုချင်းသည် အနည်းငယ်ရှက်ရွံ့နေပုံရသည်။
"အဘိုးချန်၊ အမှုန့်က သိပ်မထိရောက်ဘူးထင်တယ်။ သားရဲက ပြီးခဲ့တဲ့နှစ်ညလုံး ကျွန်တော့်အိမ်ကို ထပ်လာခဲ့တယ်။"
"ဟမ် ၊ တကယ်လား။" သမားတော်ချန်သည် အံ့ဩသွားခဲ့သည်။
"ကျွန်တော်လည်း ဘာလို့လဲဆိုတာဆော့ မသိဘူး၊ ဒါပေမဲ့ သူက အမှုန့်ကို မကြောက်ဘူးထင်တယ်။" လုချင်းက အမှန်အတိုင်းပြန်ဖြေလိုက်၏။
"ဒါဆို မင်း ဘယ်လိုလုပ်ပြီးတော့ သူ့ကို ထွက်သွားအောင်လုပ်ခဲ့တာလဲ။"
သမားတော်ချန်သည် လုချင်း၏မျက်နှာအရောင်ကိုကြည့်ပြီး သူတစ်ညလုံးမအိပ်ဘဲမနေခဲ့ကြောင်း အတည်ပြုလိုက်၏။
"ကျွန်တော်ဘာမှထူးထူးခြားခြားမလုပ်ခဲ့ပါဘူး။ သူက ကျွန်တော့်အိမ်က ငါးကို လိုချင်နေတဲ့ပုံပဲလေ။ အဲ့ဒါကြောင့် ကျွန်တော်လည်း ငါးနည်းနည်းလောက်ကို သူ့ကို ပစ်ပေးလိုက်တယ်။ သူကလည်း အဲ့ဒါကို စားပြီးတော့ ထွက်သွားကောလေ။"
"သူက ငါးစားရတာကြိုက်တယ်ပေါ့။" သမားတော်ချန်က စဉ်းစားနေခဲ့သည်။ "ဒီသားရဲက ဘယ်လိုပုံစံရှိလဲ။ မင်းသေချာကြည့်ခဲ့ရလား"
"သူက အနက်ရောင်သားရဲငယ်တစ်ကောင်ပါ၊ အရှည်နှစ်ပေလောက်ရှိပြီး ခြေသည်းတွေနဲ့လည်ပင်းကလွဲရင် အားလုံးအနက်ရောင်ပဲ၊ အဲ့ဒီနေရာတွေကတော့ အဖြူရောင်ပါ။ အဘိုးချန်၊ ဒါဘာသားရဲအမျိုးအစားလဲဆိုတာ အဘိုးသိလားဗျ"
"နှစ်ပေရှည်တဲ့အနက်ရောင်သားရဲ။" သမားတော်ချန်က ခဏစဉ်းစားပြီးနောက် ခေါင်းခါလိုက်သည်။ "ငါ နှစ်ပေါင်းများစွာ နေရာအနှံ့ ခရီးသွားလာခဲ့ပေမဲ့လည်း ဒီလိုသားရဲမျိုးကိုတော့ တစ်ခါမှမမြင်ဖူးဘူး။"
"အဘိုးတောင်မသိဘူးလား။" လုချင်းမှာ အံ့ဩသွားခဲ့သည်။
"မင်းနားလည်ရမယ်၊" သမားတော်ချန်က ရယ်မောလိုက်သည်မှာ "ဒီကမ္ဘာကြီးက ကျယ်ပြန့်ပြီး အဆုံးမရှိဘူးလေ ၊ ဒီတော့ မရေမတွက်နိုင်တဲ့သတ္တဝါတွေနဲ့ ပြည့်နှက်နေတယ်။ ငါ ဆယ်စုနှစ်ပေါင်းများစွာခရီးသွားခဲ့ပေမယ့်လည်း ငါ ရောက်ခဲ့တဲ့နေရာတွေက ကမ္ဘာကြီးတစ်ခုလုံးနဲ့တွက်ရင် အစိတ်အပိုင်းသေးသေးလေးလောက်ပဲ ရှိသေးတယ်ကွ။ ဒီတောဘ ငါ မသိတဲ့သတ္တဝါတွေနဲ့ ကြုံတွေ့ရတာက ပုံမှန်ပဲ။"
"အဘိုးချန်ပြောတာမှန်ပါတယ်။" လုချင်းက ခေါင်းညိတ်လိုက်၏။
သူသည် သမားတော်ချန်ဆီမှ ထိုဝိညာဉ်သားရဲအကြောင်း ပိုမိုသိရှိရန်မျှော်လင့်ခဲ့သော်လည်း ၎င်းသည် ဖြစ်နိုင်တော့မည်မဟုတ်ပုံပင်။
"ဒါပေမဲ့ မင်းအပြောအရဆို အဲ့သားရဲငယ်က တော်တော်လေး ဉာဏ်ကောင်းမဲ့ပုံပဲ။ သူက လူတွေကိုအန္တရာယ်ပြုဖို့ရည်ရွယ်ချက်မရှိဘဲ အစားအစာကိုပဲ လိုချင်တယ်ဆိုရင်တော့ လောလောဆယ် သူ့ကိုမောင်းထုတ်စရာမလိုပါဘူး။"
သမားတော်ချန်သည် သူ၏များပြားလှသော အတွေ့အကြုံဖြင့် ဤကမ္ဘာရှိအချို့သတ္တဝါများမှာ အလွန်ထူးခြားကြောင်းသိသည်။
လုချင်း၏ဖော်ပြချက်အရ အနက်ရောင်သားရဲငယ်သည် သူတို့ထဲမှတစ်ကောင်ဖြစ်ပုံရသည်။
"ကျွန်တော်လည်း အဲ့ဒီလိုပဲထင်ပါတယ်ဗျ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော်လည်း ဖမ်းမိတဲ့ငါးတွေကို အကုန်မစားနိုင်ဘူးလေ။ သူ့နဲ့ နည်းနည်းမျှစားတာကတော့ သိပ်ကိစ္စမရှိပါဘူးဗျ။" လုချင်းက ပြုံးလိုက်သည်။
အကယ်၍ လုချင်းမှာ သူ့ကို မောင်းထုတ်လိုလျှင်ပင် သူ မဝံ့ရဲပေ။
ထိုသတ္တဝါငယ်လေးသည် အတော်ပင်အားကောင်းလှသည်။
ခဏတာနားထောင်နေခဲ့သော ရှောင်ယန်သည်ပင် နောက်ဆုံးတွင်တော့ သူတို့ဘာအကြောင်းပြောနေသည်ကို နားလည်သွားခဲ့သည်။
သူမ၏မျက်လုံးများက တောက်ပသွားသည်။ "ကိုကို၊ နောက်တစ်ခါ သားရဲငယ်ကိုကျွေးတဲ့အခါ ရှောင်ယန်လည်းကြည့်လို့ရမလား။"
"အဲ့ဒါက မဖြစ်နိုင်လောက်ဘူးထင်တာ်" လုချင်းက ပြောလိုက်သည်။ "သူက ညီမလေး အိပ်ပျော်နေတဲ့အချိန်မှာပဲ လာနေကျလေ။"
"ဘာလို့လဲ။" ကလေးမလေးသည် အနည်းငယ်စိတ်ပျက်နေပုံရသည်။ "သူက ရှောင်ယန်ကိုမုန်းလို့လား။"
"ကိုကြီးလည်း သိပ်မသိဘူး၊" လုချင်းက ပြန်ဖြေလိုက်၏။ "သူက ရှက်တတ်လို့လည်း ဖြစ်နိုင်တယ်လေ။ သူ ကိုကိုတို့နဲ့ပိုရင်းနှီးလာရင်တော့ သူလည်း ညီမလေးကိုတွေ့ချင်လာလောက်မှာပင်။
"ကိုကို၊ ကိုကို သူနဲ့ အမြန်ဆုံးသူငယ်ချင်းဖြစ်အောင်လုပ်ရမယ်နော် ။ ရှောင်ယန်လည်း သူ့ကို မြင်ဖူးချင်လို့။" သူမက စိတ်အားထက်သန်စွာပြောလိုက်၏။
"ကိုကို အကောင်းဆုံးကြိုးစားပါ့မယ်ဗျာ။"
လုချင်း ဘာများထပ်ပြောနိုင်မည်နည်း။ သူ ခေါင်းညိတ်ပြီး သဘောတူနိုင်ရုံသာ တတ်နိုင်တော့သည်။
"ဒါနဲ့ အဘိုးချန်၊ ဒါက အဘိုးအတွက်ပါ။ ကျွန်တော်မနေ့က ငါးသေးသေးလေးတွေ နည်းနည်းလောက် ဖမ်းမိခဲ့တယ်လေ။ အဘိုးအရင်တစ်ခေါက်က ကြိုက်တယ်လို့ပြောခဲ့တယ်ဆိုတော့ ဒါတွေက လုံလောက်မယ်လို့ မျှော်လင့်ပါတယ်။"
ထို့နောက်၌ လုချင်းသည် သူပြင်ဆင်ထားသောလတ်ဆတ်သည့်ငါးငယ်များကို အဘိုးချန်ဆီအား ပေးလိုက်တော့သည်။
သမားတော်ချန်မှာလည်း သူတို့ကိုကြည့်ပြီး အတော်ပင်ကျေနပ်သွားသည်။ "အိမ်ထဲမှာ လာထားလိုက်။ ဒါနဲ့၊ မင်း ငါ့ကို ဝယ်ခိုင်းတဲ့ပစ္စည်းတွေလည်း ရပြီနော်။ အိမ်ထဲမှာရှိတယ်။"