ဖျက်ဆီးခြင်း
Vol. 47 Ch. 692
အားလုံးမှာကြက်သေသေသွားခဲ့ကြသည်။ ဤကြီးမားသောသတ္တဝါကြီးမှာ မည်သည့်ဒဏ်ရာမျှမရှိဘဲဖြည်းဖြည်းချင်းချဥ်းကပ်လာခဲ့ပေရာ ထိုပုံရိပ်မှာအားလုံးကိုမျှော်လင့်ချက်ပျက်စေပေသည်။
မည်သည့်ပစ်ခတ်ရေးလက်နက်မျှ ၎င်းအပေါ်တွင်အသုံးမဝင်ပေရာ လူသားများကြားတွင် ဤအာကာသသားရဲအားခုခံနိုင်မည့်လူမှာသိုင်းပညာရှင်များသာကျန်ရှိကြောင်းသိသာပေသည်။
သို့သော် သူတော်စင်ဘုံအဆင့်တစ်ဝက်သိုင်းပညာရှင်များမှာ အာကာသသားရဲအားကြည့်ကာ ဦးရေပြားများပင်ထုံကျဥ်လာသလိုခံစားလိုက်ရပေသည်။ အကြောင်းမှာ ထိုဖောက်ခွဲရေးပစ္စည်းများသည်၎င်းတို့အားချက်ချင်းပင်ပြာအဖြစ်ပြောင်းလဲသွားစေနိုင်ကြောင်းကိုသိထား၍ဖြစ်သည်။
သို့သော် လက်ရှိအချိန်တွင်ဤကြီးမားသောသက်ရောက်မှုမှာ အာကာသသားရဲအား လုံးဝဒဏ်ရာမရစေခဲ့ပေ။
"ငါ...ငါတို့ဒါကိုဘယ်လိုတိုက်ကြမှာလဲ ငါတို့လူသားမျိုးနွယ်တွေတကယ်ပဲသေကြရတော့မှာလား"
"အရမ်းစွမ်းအားကြီးလွန်းတယ် ဘယ်သိုင်းပညာရှင်ကိုမဆိုဖျက်ဆီးဖို့လုံလောက်တဲ့ လေဆာအမြောက်နဲ့ဒုံးပျံတွေက တကယ်တမ်းကျဒီသတ္တဝါကိုဘာထိခိုက်မှုမှမဖြစ်စေနိုင်ဘူးတဲ့ ဒါ...ဒါက...."
သူတို့သည်အလွန်ထိတ်လန့်နေကြပေရာ စိတ်ထဲတွင်ဘာမှမတွေးနိုင်ဘဲဗလာသက်သက်ပင်ဖြစ်နေခဲ့ပေသည်။
ထိုအရာနှင့်ပတ်သက်ပြီး ကျိုးဟောင်မှာအားလုံးကိုဖန်သားပြင်မှတစ်ဆင့်ကြည့်နေခဲ့ပေသည်။ သူသည်ယခုလိုအခြေအနေမျိုးအားလုံးဝမမျှော်လင့်ထားခဲ့ပေ။
၎င်းမှာအလွန်ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။ တကယ်ကိုအလွန်ကြောက်မက်ဖွယ်ရာကောင်းလှပေသည်။
"ကျွန်မတို့ဒါကိုပစ်ခတ်ရေးလက်နက်တွေနဲ့မဖြေရှင်းနိုင်ဘူးဆိုမှတော့ ကျွန်မတို့ကိုယ်တိုင်လှုပ်ရှားရုံပဲရှိတော့တာပေါ့"
ကျိယောင်ယွဲ့မှာပြောရင်း သူမ၏အနီရောင်ချပ်ဝတ်အားဝတ်ဆင်လိုက်ရာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှာအလျှံတငြီးငြီးနှင့်မီးတောက်များကဲ့သို့တောက်လောင်နေပေသည်။ သူမဘေးရှိ စစ်နတ်ဘုရားလင်းထျန်သည်လည်းအတူတူပင်။ သူ၏စွမ်းအားကြီးသောသူတော်စင်ဘုံအဆင့်တစ်ဝက်ကျင့်ကြံရေးစွမ်းအားမှာချက်ချင်းပင်ပေါက်ကွဲထွက်လာခဲ့သည်။
သူမတို့နှစ်ယောက်သည် အခြားသူများထက်ပိုမိုသန်မာပြီးသူတော်စင်ဘုံအဆင့်သို့ရောက်ရန်အနီးစပ်ဆုံးလူများဖြစ်ကြသည်။ လက်ရှိအချိန်တွင် သူတို့နှစ်ယောက်သည်၎င်းတို့၏ကျင့်ကြံရေးစွမ်းအားများအားထုတ်သုံးလိုက်ပေရာ ထိုအချက်သည် အာကာသသားရဲ၏ ကြီးမားသောမျက်လုံးကြီးများတွင် အံ့သြမှုအရိပ်အယောင်များထင်ဟပ်သွားစေခဲ့သည်။
"ဒီကမ္ဘာဂြိုဟ်လိုကျတ်တီးနေရာမှာ မင်းတို့လိုပါရမီရှင်တွေရှိနေလိမ့်မယ်လို့မထင်ထားခဲ့ဘူး ထားလိုက်ပါတော့ ငါမင်းတို့ကိုစုပ်ယူပြီးရင် ငါရဲ့သူတော်စင်ဘုံအဆင့်ကျင့်ကြံရေးကိုတည်ငြိမ်စေပြီး သားပေါက်အဆင့်ကိုကျော်ဖြတ်နိုင်ရုံပဲရှိဦးမှာ"
အာကာသသားရဲမှာလှောင်ပြုံးပြုံးကာပြောလိုက်သည်။ ယခုအချိန်သည်၎င်းသည်သားပေါက်အဆင့်တွင်သာရှိသေးပြီးအရွယ်မရောက်သေးပေရာ ငယ်ရွယ်သေးသည်ဟုပြောနိုင်ပေသည်။
အသက်ငယ်ငယ်တွင် သူတော်စင်ဘုံအဆင့်ပညာရှင်တစ်ယောက်ဖြစ်လာရန်မှာ စိတ်ပင်ကူးကြည့်လို့မရသောကိစ္စဖြစ်သည်။
"တခြားစကားတွေပြောနေလည်းအသုံးမဝင်ဘူး ဒီနေ့ငါတို့ဒီကမ္ဘာဂြိုဟ်ပေါ်မှာသေအတူရှင်မကွာတိုက်ပွဲဝင်မယ်လို့ကျိန်ဆိုတယ်"
ကျိယောင်ယွဲ့မှာပြောရင်း ပြေးဝင်သွားခဲ့ရာ အခြားသူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်များသည်လည်း အတူတူလိုက်ပါပျံသန်းလာခဲ့ကြသည်။
ဤတိုက်ပွဲသည် လူသားမျိုးနွယ်အတွက်အထွတ်အထိပ်အဆင့်တိုက်ပွဲတစ်ခုဖြစ်သည်။ သူတို့၏နောက်တွင် သူတို့အပေါ်အားကိုးနေသော လူသားများစွာရှိပေသည်။
ကမ္ဘာကြီး၏အဆုံးသတ်ရောက်ရှိလာပြီဖြစ်ကြောင်းကိုတော့ လူအတော်များများမှာသေချာပေါက်မသိထားကြသေးပေ။ သို့သော် အင်တာနက်၏ကောင်းကျိုးကြောင့် အတော်များများမှာထိုအချက်အားလျင်မြန်စွာပင်သိရှိသွားကြပေသည်။
အားလုံးမှာဖုန်းမျက်နှာပြင်အားကြည့်လိုက်ရာ ကြီးမားသောသန္ဓေပြောင်းသားရဲကြီးအနီးရှိ သေးငယ်သောပုံရိပ်တစ်ခုကိုတွေ့လိုက်ရသည်။ သူတို့သည်လက်သီးများအားတင်းကျပ်စွာဆုပ်လိုက်မိသည်။
"ဟီးဟီး နောက်ဆုံးတိုက်ပွဲမှာ စီနီယာကျိနဲ့ဘေးချင်းယှဥ်ပြီးတိုက်ပွဲဝင်ရမယ်လို့မမျှော်လင့်ထားခဲ့ဘူး"
ထိုစကားအားပြောလိုက်သူမှာ ဥရောပသမ္မဂတွင်နံပါတ်တစ်ပုဂ္ဂိုလ်ဖြစ်သော ဂျိမ်းပင်ဖြစ်သည်။ သူသည်အမြဲတမ်းလိုလိုကျိယောင်ယွဲ့အားဆန့်ကျင်ခဲ့သူဖြစ်သော်ငြား လက်ရှိအချိန်တွင်အကြောင်းပြချက်အချို့ကြောင့် သူ၏မကျေနပ်မှုများအား ရုတ်တရက်လွှတ်ချလိုက်ပေသည်။
"ဟမ့် ကျွန်မတို့နိုင်ပြီးရင် ရှင့်ကိုသေချာပေါက်မြေကြီးပေါ်ကိုကိုင်ပေါက်ပစ်မယ်"
ကျိယောင်ယွဲ့မှာချက်ချင်းပြောလိုက်သည်။
"ကောင်းပြီ အဲဒီအချိန်ကျသွားရှာရမဲ့လူကဘယ်သူလဲဆိုတာ ကြည့်ကြတာပေါ့"
အားလုံးမှာ သူတို့အသန်မာဆုံးတိုက်ခိုက်ရေးစွမ်းအားများအား ထုတ်လိုက်ကြသော်ငြား အာကာသသားရဲမှာအလွန်စွမ်းအားကြီးပေသည်။ သူတော်စင်ဘုံအဆင့်သို့ရောက်နေသောသားရဲတစ်ကောင်အနေဖြင့် ၎င်းထံတွင်အားလုံးထက်ကျော်လွန်သော်အကြွင်းမဲ့စွမ်းအားမျိုးရှိပေသည်။
ကျိယောင်ယွဲ့တို့အဖွဲ့မှာ အားလုံးအားကုန်သုံးနေသော်ငြား ထိုသတ္တဝါအားဒဏ်ရာရအောင်မလုပ်နိုင်ပေရာ အားလုံးမှာမျှော်လင့်ချက်ပျက်လာကြသည်။
"ကြည့်ရတာ ကျွန်မတို့မှာရွေးချယ်စရာမရှိတော့တဲ့ပုံပဲ"
ကျိယောင်ယွဲ့မှာပြောရင်း သူမ၏အငွေ့အသက်မှာချက်ချင်းတည်ငြိမ်သွားပြီး ကျွမ်းလောင်နေသောအနီရောင်မီးတောက်တစ်ခုပေါ်လာခဲ့သည်။
ဤမြင်ကွင်းမှာ အားလုံးကိုထိတ်လန့်သွားစေခဲ့သည်။
"ဒါက....စိတ်စွမ်းအားကိုလောင်ကျွမ်းပစ်နေတာပဲ"
"ဘုရားရေ....သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်တစ်ယောက်က စိတ်စွမ်းအားရှိနေပြီလား တကယ်လို့သူဒါကိုဒီလိုမျိုးလောင်ကျွမ်းပစ်လိုက်ရင် သူသေသွားနိုင်တယ်"
"စိတ်စွမ်းအားက စိတ်စွမ်းအားပဲ စိတ်စွမ်းအားကိုလောင်ကျွမ်းပစ်တာကခွန်အားကိုတိုးစေနိုင်ပေမဲ့ စိတ်စွမ်းအားကုန်ဆုံးသွားအောင်လောင်ကျွမ်းပစ်လိုက်ရင် အဲဒီလူက သေသွားမှာပဲ"
ထိုမြင်ကွင်းအားကြည့်ပြီးအားလုံးမှာတိတ်ဆိတန်သွားခဲ့ကြကာ လူအတော်များများမှာမျက်ရည်များပင်ကျလာခဲ့ကြသည်။
ကျိယောင်ယွဲ့၏ယခုလိုပုံစံအားမြင်သောအခါ ကျန်လူများမှာလည်းပြုံးလိုက်ကြသည်။ အရောင်စုံသောမီးတောက်များမှာ သူတို့၏ခန္ဓာကိုယ်များမှထွက်ပေါ်လာခဲ့သည်။
လက်ရှိအချိန်တွင် သူတော်စင်ဘုံအဆင့်တစ်ဝက်ပညာရှင်အားလုံးသည်ကောင်းကင်ပေါ်ရှိအတောက်ပဆုံးမီးလျှံများပမာ ကမ္ဘာကြီးအားအလင်းရောင်ပေးနေပေသည်။
ကျိုးဟောင်မှာ ဤမြင်ကွင်းအားမြင်သောအခါ လက်သီးအားတင်းတင်းဆုပ်လိုက်မိသည်။
"ဟင်း.... သူတို့ကတကယ်ကြီးသူတို့ရဲ့စိတ်စွမ်းအားကိုလောင်ကျွမ်းပစ်လိုက်တာပဲ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူတို့အားလုံးတော့သွားပြီပဲ မသေရင်တောင်သစ်ပင်လူသားလိုအခြေအနေမျိုးကိုရောက်သွားမှာပဲ"
ဖားမှာခေါင်းအားယမ်းရင်း စိတ်မကောင်းစွာပြောလိုက်သည်။
ကျိုးဟောင်၏မျက်လုံးများထဲတွင် သောကများ၊ နာကျင်မှုများဖြင့်ပြည့်နေခဲ့သည်။
"တခြားနည်းလမ်းမရှိတော့ဘူးလား"
ကျိုးဟောင်မှာ အံကြိတ်ကာချက်ချင်းမေးလိုက်သည်။
"မရှိဘူး အာကာသသားရဲကသားပေါက်အဆင့်ကိုရောက်နေပြီးသား သူ့ရဲ့သူတော်စင်ဘုံအဆင့်စွမ်းအားကပြောရရင်ပြိုင်ဘက်ကင်းပဲ ဘယ်သူမှသူ့ကိုအနိုင်မယူနိုင်ဘူး သူ့ခန္ဓာကိုယ်က အရမ်းစွမ်းအားကြီးပေမဲ့ စိတ်စွမ်းအားကတော့အားနည်းတယ် ဒါပေမဲ့စိတ်စွမ်းအား အားနည်းတယ်ဆိုရင်တောင် ဒါကမင်းတို့ခုခံနိုင်တဲ့အရာမျိုးမဟုတ်ဘူး"
ဖားမှာ ကိစ္စတစ်ခုအားမရည်ရွယ်ဘဲပြောမိသွားပုံပင်။ ကျိုးဟောင်မှာထိုစကားအားကြားသောအခါ သူ၏အမူအရာမှာချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။
"ခင်ဗျားခုနကဘာပြောလိုက်တာလဲ သူ့ရဲ့စိတ်စွမ်းအားကအားနးည်းတာလား"
ကျိုးဟောင်မှာ မနေနိုင်ဘဲမေးလိုက်သည်။
"အာ....သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းအားနဲ့ယှဥ်ရင် စိတ်စွမ်းအားကနည်းနည်းအားနည်းနေသေးတယ် ဒါပေမဲ့မင်းတို့တွေနဲ့ယှဥ်ရင်တော့ သူကပြိုင်ဘက်ကင်းပဲ"
ဖားမှာချက်ချင်းပြောလိုက်သည်။
ကျိုးဟောင်မှာဤသတင်းအားသိသွားပြီးနောက် အချိန်ဆွဲမနေဘဲကျိယောင်ယွဲ့နှင့်အခြားလူများအားစိတ်စွမ်းအားတိုက်ခိုက်မှုကိုအသုံးပြုရန်ပြောလိုက်သည်။
အကယ်၍ကျိုးဟောင်ဘာမှမပြောလျှင်ပင် သူတို့သိပေသည်။
ထို့ကြောင့် ကျိယောင်ယွဲ့သည် သူမ၏စိတ်စွမ်းအားအား လောင်ကျွမ်းပစ်ခဲ့ခြင်းဖြစ်သည်။
"ဒါကကျွန်မတို့ရဲ့နောက်ဆုံးကြိုးစားမှုပဲ တကယ်လို့ကျွန်မတို့နိုင်ရင် ကမ္ဘာဂြိုဟ်အန္တရာယ်ကင်းမယ် ရှုံးရင်ဖျက်ဆီးခံရမယ် အားလုံးစိတ်စွမ်းအားသုံးပြီးတိုက်ကြ"
ကျိယောင်ယွဲ့မှာအော်လိုက်ရင်း ချက်ချင်းပင်သူမ၏ခန္ဓာကိုယ်မှ ဧရိယာတစ်ခုအားဖုံးလွှမ်းနိုင်သည့် အလွန်ဖျက်ဆီးနိုင်စွမ်းရှိသည့်အငွေ့အသက်တစ်ခုထွက်ပေါ်လာခဲ့သည်။
အခြားလူများမှာလည်း အတူတူပင်။
အာကာသသားရဲမှာ အကြိမ်ကြိမ်အော်ဟစ်နေခဲ့သည်။ ၎င်း၏မျက်လုံးထဲတွင် သူတို့အားလုံးမှာပုရွတ်ဆိတ်များသားဖြစ်သည်။ ဤပုရွတ်ဆိတ်များသည်ဘာကြောင့်သူ့အားတိုက်ခိုက်ဝံ့သနည်း။ ဤလုပ်ရပ်သည်ကိုယ့်သေတွင်းကိုယ်တူးနေခြင်းပင်မဟုတ်ပေလော။
အထူးသဖြင့် သူတို့သည်စိတ်စွမ်းအားများအားလောင်ကျွမ်းလိုက်ပြီဖြစ်သည်။ အာကာသသားရဲပင်စွမ်းအားကြီးသောစိတ်စွမ်းအားတိုက်ခိုက်မှုမှ အန္တရာယ်အငွေ့အသက်အားခံစားမိလိုက်ပေသည်။
"သေစမ်း သေစမ်း ပုရွတ်ဆိတ်တစ်အုပ်"
အာကာသသားရဲမှာ အကြိမ်ကြိမ်အော်ဟစ်နေရင်း ၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီးမှာလည်းလျင်မြန်စွာပြေးဝင်လာခဲ့သည်။
အားလုံးမှာလည်း ကျိယောင်ယွဲ့တို့၁၀ယောက်သည် အလင်းရောင်မျိုးစုံဖြင့် ထိုသားရဲထံပြေးဝင်သွားခဲ့သည်ကိုကြည့်နေခဲ့ကြသည်။ အာကာသသားရဲမှာမူ ၎င်း၏ ကြီးမားသောအမဲရောင်ခန္ဓာကိုယ်ကြီးဖြင့် သူမတို့အားတိုက်ခိုက်လိုက်သည်။
“ဒါအောင်မြင်မှာလား.....”
“မိုးနတ်မင်း ကျေးဇူးပြုပြီးကျွန်မတို့ကိုကာကွယ်ပေးပါ.....”
“ငါတို့နိုင်ရမယ် ငါတို့နိုင်ရမယ်”
ဤသည်မှာသူတို့၏နောက်ဆုံးကြိုးစားမှုဖြစ်ကြောင်းသိပေရာ အားလုံးမှာဆုတောင်းနေခဲ့ကြသည်။
အကယ်၍ သူတို့ကျရှုံးပါက သူတို့၏လူသားမျိုးနွယ်စုမှာလုံးဝဖျက်ဆီးခံရမည်ဖြစ်သည်။
တဝုန်းဝုန်းအသံများတိတ်ဆိတ်သွားပြီးနောက် ပုံရိပ် ၁၀ ခုမှာချက်ချင်းပင်မြေပြင်ပေါ်သို့ဆင်းလာခဲ့သည်။ သူတို့အားလုံးသည်အသက်ရှင်နေသော်ငြား သူတို့၏ အငွေ့အသက်များမှာအလွန်အမင်းအားနည်းနေခဲ့သည်။
အာကာသသားရဲမှာမူ ဘုရင်တစ်ပါးလိုပင် လေထဲတွင်မားမားမတ်မတ်ရပ်နေခဲ့သည်။
ထိုအချိန်တွင် အားလုံးမှာတိတ်ဆိတ်သွားခဲ့သည်။
သို့သော်အာကာသသားရဲမှာ အဆက်မပြတ်အော်ဟစ်နေဆဲဖြစ်ကာ ၎င်း၏အငွေ့အသက်မှာလည်းရှုပ်ထွေးလာခဲ့သည်။ ၎င်းသည်အော်ဟစ်နေရင်း ထို၁၀ယောက်အားကြည့်ကာ အလွန်ဒေါသထွက်နေခဲ့သည်။
ပုရွတ်ဆိတ်သာသာလူသားများသည် သူ့အားတကယ်ပင်ဒဏ်ရာရစေခဲ့ပေသည်။
"ငါ့ရဲ့စိတ်စွမ်းအားက အနှောင့်အယှက်ပေးခံလိုက်ရပြီ ပြန်သက်သာဖို့ဆိုအနည်းဆုံးအချိန် ၃ရက်လောက်လိုတယ် မဟုတ်ရင်ဒါကငါ့ရဲ့စိတ်စွမ်းအားကိုအကြီးအကျယ်ထိခိုက်စေလိမ့်မယ် ဟမ့် ငါဒီတစ်ခေါက်တော့သူတို့ကိုလွှတ်ပေးလိုက်မယ်"
ပြောရင်း အာကာသသားရဲမှာချက်ချင်းပင် ပင်လယ်နက်ပိုင်းသို့တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
....................................................................................