ဝါးမျိုခြင်း
Vol. 47 Ch. 701
ကျိုးဟောင်မှာမျက်လုံးအားဖြည်းဖြည်းချင်းဖွင့်လိုက်ရာ သူသည်မြူတို့ဖြင့်ဖုံးလွှမ်းနေသောလောကထဲသို့ရောက်နေမှန်းသိလိုက်ရသည်။ သူ၏ပတ်ဝန်းကျင်တွင်မည်သည့်အရာမှရှိမနေဘဲ တခြားဘာကိုမှလည်းမမြင်ရပေ။
"ဒါ...ဘယ်နေရာလဲ"
ကျိုးဟောင်၏မျက်နှာပေါ်တွင်ပဟေဠိဖြစ်နေသောအမူအရာမျိုးပေါ်လာခဲ့သည်။ သူသည်ပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ပြီးနောက် မီးခိုးရောင်မြူတို့ဖြင့်ဆိုင်းနေသေးကြောင်းကိုတွေ့လိုက်ရသည်။ မြူများမှာထူလွန်းသဖြင့် အနားတွင်မည်သည့်အလင်းရောင်ကိုမျှမမြင်ရပေ။
"ဒါက အာကာသသားရဲရဲ့ စိတ်လောကပဲ"
ဖားမှာမျက်မှန်ကိုချွတ်ကာ သုတ်ပြီးနောက်ပြန်တပ်ရင်းပြောလိုက်သည်။
၎င်းမှာဝတ်ရုံ၏လက်စအားခါရင်း ဂရုတစိုက်သတိပေးလိုက်သည်။
"မင်းသေချာပေါက်သတိထားရမယ် ဒါကအာကာသသားရဲရဲ့စိတ်လောကဖြစ်နေတဲ့အတွက် သူကအားလုံးကိုထိန်းချုပ်နိုင်တယ်"
"မင်းကသူ့ပြိုင်ဘက်မဖြစ်နိုင်လောက်ဘူး ငါ့အမြင်တော့ ငါတို့အမြန်လွတ်မြောက်နိုင်မဲ့နည်းလမ်းစဥ်းစားသင့်တယ်"
ကျိုးဟောင်ဘာမှမပြောနိုင်သေးခင်မှာပင် ဖားမှာနောက်တစ်ခွန်းအားပြောလာခဲ့သည်။
ကျိုးဟောင်မှာ သူ့ခြေထောက်အောက်ရှိ ပြင်းထန်စွာတုန်ခါနေသောအသံတစ်ခုအားခံစားလိုက်ရသည်။
ခဏအကြာတွင် ၁၀မီတာအရှည်ရှိသော လက်တံများမှာ ရုတ်ချည်းဆိုသလိုပင်မြေကြီးထဲမှတိုးထွက်လာခဲ့သည်။
ဤလက်တံများ၏စွမ်းအားမှာအလွန်စွမ်းအားကြီးလှပြီး ၎င်းတို့ကြောင့်နေရာတစ်ခုလုံးမှာချက်ချင်းပင်တုန်ခါလာခဲ့သည်။
ကျိုးဟောင်မှာ ကောင်းကောင်းရပ်မနေနိုင်တော့သော်ငြား အကောင်းဆုံးကြိုးစားကာဟန်ချက်ထိန်းပြီး ပတ်ဝန်းကျင်အားသတိကြီးကြီးထားကာ ဝေ့ကြည့်လိုက်သည်။
မကြာမီ ဤလက်တံများမှာတကယ်ပင်သူ့အားရက်စက်စွာတိုက်ခိုက်လာကြောင်းကို ကျိုးဟောင်မြင်လိုက်ရသည်။
ကျိုးဟောင်မှာလေပေါ်သို့ပျံတက်လိုက်ကာ လျင်မြန်စွာရှောင်လိုက်သော်ငြား အာကာသသားရဲ၏လက်တံများမှာရှည်လျားကာမြန်ဆန်လှပေရာ ကျိုးဟောင်ဝတ်ထားသောအဝတ်အစား၏နေရာအတော်များများမှာ တစ်စစီစုတ်ပြဲသွားခဲ့သည်။
အာကာသသားရဲမှာ ၎င်း၏တိုက်ခိုက်မှုအဆင့်သည်အနည်းငယ်နှေးသည်ဟုခံစားလိုက်ရ၍လားမသိပေ သူ၏ကြီးမားသောလက်တံများအားနောက်သို့ပြန်ရုပ်လိုက်သည်။ ယခုတစ်ကြိမ်တွင် များစွာသောနွယ်တို့မှာ မြေကြီးထဲလျင်မြန်စွာတိုးထွက်လာပြီး ကျိုးဟောင်၏ခြေထောက်ထံရောက်ရှိလာခဲ့သည်။
ထိုမြင်ကွင်းအားကြည့်ပြီး ကျိုးဟောင်မှာချက်ချင်းပင်မျက်မှောင်ကြုတ်သွားခဲ့သည်။
တကယ်ကိုပင် အာကာသသားရဲ၏စိတ်လောကတွင် အားလုံးကို၎င်းမှအုပ်စိုးထားပေသည်။
ကျိုးဟောင်အားရင်ဆိုင်ရန် အရာအားလုံးကိုသူအလိုရှိသည့်ပုံစံမျိုးပြောင်းနိုင်ပေရာ ကျိုးဟောင်မှာကူကယ်ရာမဲ့နေခဲ့သည်။
များစွာသောနွယ်ပင်များမှာ ကျိုးဟောင်၏ခြေထောက်ဆီသို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ကျိုးဟောင်မှာအလျင်အမြန်ပင် လေပေါ်သို့ပျံတက်ကာ ဤနွယ်ပင်များ၏တိုက်ခိုက်မှုများမှ ရုန်းထွက်လိုက်သည်။
ထိုနွယ်ပင်များမှာအလျှော့မပေးဘဲ လျင်မြန်စွာပေါင်းစည်းကာရစ်ပတ်သွားပြီး မြေကြီးပေါ်မှာတစ်ဟုန်ထိုးထိုးတက်လာကာ ကျိုးဟောင်နောက်သို့လျင်မြန်စွာလိုက်လာခဲ့သည်။
"ချီးပဲ"
ကျိုးဟောင်မှာ ဤနေရာတွင်ချုပ်နှောင်ခံထားရပြီး မည်သည့်အရာကိုမှလုံးဝအသုံးမပြုနိုင်ပေ။ ထို့အပြင် သူ၏ကိုယ်ပိုင်ခွန်အားမှာ အာကာသသားရဲလောက်မကောင်းပေရာ ၎င်းနှင့်ယှဥ်ပြိုင်ရန်မှာ သူ့အတွက်အလွန်ခက်ခဲနေပေသည်။
ကျိုးဟောင်မှာလျင်မြန်စွာရှောင်တိမ်းနေရင်း ဤဆိုးဝါးသောအာကာသသားရဲအားအနိုင်ယူရန်နည်းလမ်းကိုလည်းစဥ်းစားနေခဲ့သည်။
အလွန်လျင်မြန်စွာကြီးထွားလာသောနွယ်ပင်များအားတွေ့သောအခါ ကျိုးဟောင်၏အမူအရာမှာလည်းအလွန်အမင်းစိုးရိမ်လာခဲ့သည်။
သူအရှိန်ထပ်မံမတင်နိုင်သေးခင်မှာပင် သူ၏ခြေထောက်မှာနွယ်ပင်များ၏ရစ်ပတ်ခြင်းခံလိုက်ရကြောင်းကို ကျိုးဟောင်ခံစားမိလိုက်သည်။
အာကာသသားရဲ၏စိတ်လောကတွင် ၎င်းမှာဤလောက၏အသန်မာဆုံးအရာဆိုသည့်အချက်သည် အမှန်ပင်ဖြစ်သည်။ မည်သူမှသူ၏စွမ်းအားကိုမယှဥ်နိုင်ပေ။
ကျိုးဟောင်၏တုံ့ပြန်ပုံမှာလည်းမဆိုးပေ။ သူ၏ခြေထောက်အားနွယ်ပင်များနှင့်ရစ်ပတ်ခံလိုက်ရသည်နှင့် ကျိုးဟောင်မှာချက်ချင်းပင်သူ၏ခါးရှိဓားမြှောင်အားထုတ်ကာ နွယ်ပင်များအားခုတ်ဖြတ်ရန်ပြင်လိုက်သည်။
သို့သော် ဓားမြှောင်မှာနွယ်ပင်များအားထိုးဖောက်သွားသည့်တိုင် နွယ်ပင်များမှာဆုတ်သွားမည့်အရိပ်အယောင်လုံးဝမရှိပေ။ ထိုအစား၎င်းတို့မြန်သထက်မြန်သည့်အရှိန်နှုန်းဖြင့် ပိုမိုကြီးထွားလာခဲ့သည်။
ဤနှုန်းအတိုင်းဆိုပါက ကြည့်ရသည်မှာဤနွယ်ပင်များသည်သူ့ တစ်ကိုယ်လုံးအားရစ်ပတ်ပစ်ချင်ပုံပင်။
အကယ်၍သူသာ ဤနွယ်ပင်များဖြင့်တကယ်ရစ်ပတ်ခံလိုက်ရပါက အရိုးများကျိုးကုန်မည်ဖြစ်သည်။
ကျိုးဟောင်မှာနွယ်ပင်များထံမှရစ်ပတ်ခံရပြီးပေါက်ကွဲကာ ဒွါရ ၇ပေါက်မှသွေးထွက်လွန်ပြီးသေလျှင်သေ သို့မဟုတ် သေသည်အထိညှစ်သတ်ခံရတာမျိုးလည်းဖြစ်နိုင်သည်။
သူသည်ဤအရာများအား တစ်ခုမှမဖြစ်စေလိုပေ။
ခပ်မြန်မြန်ပင် ကျိုးဟောင်မှာအိတ်ကပ်ထဲမှမီးခြစ်အားထုတ်ကာ နွယ်ပင်များအားမီးရှို့လိုက်သည်။
နွယ်ပင်များ၏အကိုင်းအခက်များအားမီးစွဲသွားပြီးနောက် များစွာသောမီးတောက်တို့မှာနွယ်ပင်တစ်လျှောက်လျင်မြန်စွာကူးစက်သွားပြီး နွယ်ပင်တစ်ခုလုံးအားချက်ချင်းပင်လောင်ကျွမ်းသွားစေခဲ့သည်။
ရုတ်တရက်နွယ်ပင်မှထူးဆန်းသောအသံတစ်ခုထွက်လာကာ နောက်သို့လျင်မြန်စွာပြန်လည်ဆုတ်ခွာသွားခဲ့သည်။
ဤနည်းလမ်းအသုံးဝင်သည်ကိုမြင်သောအခါ ကျိုးဟောင်မှာရုတ်တရက်သက်ပြင်းမောကိုချလိုက်မိသည်။
သို့သော် သူစိတ်မအေးနိုင်သေးခင်မှာပင် ဂဏန်းလက်မကဲ့သို့သောစက်ရုပ်လက်များစွာမှာ သူ့အားထပ်မံတိုက်ခိုက်လာသည်ကိုမြင်လိုက်ရသည်။
ကျိုးဟောင်မှာ ဤမြင်ကွင်းအားမြင်သောအခါ ချက်ချင်းပင် ကြက်သေသေသွားခဲ့သည်။
သူသည်စက်ရုပ်လက်များအားကြည့်ရင် မျက်လုံးများတွင်မယုံကြည်နိုင်သောအရိပ်အယောင်များဖြင့်ပြည့်နေခဲ့သည်။ အာကာသသားရဲ၏ဦးနှောက်မှာယခုလောက်လျင်မြန်စွာတုံ့ပြန်လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။
၎င်းသည် တကယ်ကိုပင်ယခုလိုအခြေအနေမျိုးအား မည်သို့ဖြေရှင်းရမည်ကိုသိနေသည်လော။
အစောပိုင်းကနွယ်ပင်များမှာ သူ့ဓားနှင့်မီးအားကြောက်လန့်သွားခြင်းဖြစ်လောက်သည်။ ထို့ကြောင့် အာကာသသားရဲမှာ ပစ္စည်အသစ်သုံးကာ သူ့အားဆက်လက်တိုက်ခိုက်လာခြင်းဖြစ်သည်။
ကျိုးဟောင်မှာစက်ရုပ်လက်များအား သတိကြီးကြီးဖြင့်ကြည့်နေခဲ့သည်။ ဤစက်ရုပ်လက်များမှာရင်ဆိုင်ရန်အခက်ဆုံးဖြစ်သည်။
၎င်းတို့မှာလုံခြုံပြီး တိုက်ခိုက်ရေးစွမ်းအားသည်လည်းအလွန်စွမ်းအားကြီးလှပေသည်။
၎င်းတို့ကြောင့်မတော်တဆဒဏ်ရာရသွားပါက ကျိုးဟောင်အတွက်ဆိုးဝါးသွားမည်ဖြစ်သည်။
ကျိုးဟောင်၏နဖူးမှချွေးအေးများမှာ တစ်စက်ပြီးတစ်စက်စီးကျလာခဲ့သည်။ သူသည်အသက်ပြင်းပြင်းရှူကာ အာကာသသားရဲထံထပ်မံပြေးဝင်သွားရန်ချက်ချင်းပင်ပြင်လိုက်သည်။
မမျှော်လင့်ထားစွာပင် သူအာကာသသားရဲ၏အနားသို့မချဥ်းကပ်နိုင်သေးခင်မှာပင် ကျိုးဟောင်၏လည်ပင်းမှာအာကာသသားရဲထိန်းချုပ်ထားသောစက်ရုပ်လက်ထဲတွင်ဆုပ်ကိုင်ခံလိုက်ရသည်။
“အ အဟွတ် အဟွတ်.....”
ကျိုးဟောင်မှာချောင်းဆိုးရင်းခက်ခက်ခဲခဲအသက်လုရှူကာ အားကုန်ရုန်းကန်နေသော်လည်းအသုံးမဝင်ပေ။
သူ၏အသက်ရှူသံမှာ အားနည်းသထက်နည်းလာသည်ကိုကျိုးဟောင်ခံစားလိုက်ရသည်။ အာကာသသားရဲမှာသူ့အားဝါးမျိုနေချင်ပုံရကြောင်း ကျိုးဟောင်ရှင်းရှင်းလင်းလင်းခံစားမိလိုက်သည်။
သူ၏ခန္ဓာကိုယ် တဖြည်းဖြည်းမှိန်ဖျော့လာသည်ကိုကြည့်ပြီး ကျိုးဟောင်မှာစိုးရိမ်ကာမသက်မသာဖြစ်လာခဲ့သည်။
ယခုလိုသေရေးရှင်ရေးအခြေအနေတွင် ရုတ်တရက်ကျိုးဟောင်၏ခန္ဓာကိုယ်မှတောက်ပသောအလင်းရောင်တစ်ခုထွက်ပေါ်လာခဲ့သည်။
ဤအလင်းရောင်မှာ ကျိုးဟောင်၏ခန္ဓာကိုယ်အား ဖြည်းဖြည်းချင်းဝန်းရံသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် နွေးထွေးသောခံစားချက်တစ်ခုမှာ သူ၏ခန္ဓာကိုယ်အားဖုံးလွှမ်းသွားကြောင်းကို ကျိုးဟောင်ခံစားမိလိုက်သည်။
ကျိုးဟောင်မှာ စိတ်ငြိမ်အောင်အကောင်းဆုံးကြိုးစားကာ မျက်လုံးအားတင်းတင်းပိတ်ပြီး မူလကျောက်စာ၏ စွမ်းအားအားအသက်သွင်းလိုက်သည်။
မူလကျောက်စာ၏စွမ်းအားထွက်ပေါ်လာသည်နှင့် အလင်းရောင်မှာချက်ချင်းပင်ပတ်ဝန်းကျင်အားဖုံးလွှမ်းသွားခဲ့သည်။
အာကာသသားရဲမှာရုတ်တရက်မော့ကြည့်ကာ အော်ဟစ်လာခဲ့သည်။ ၎င်းမှာလက်သည်းများအားထုတ်လိုက်ပြီး ကျိုးဟောင်အားသေသည်အထိတိုက်ခိုက်ချင်နေပေသည်။
ဤသေရေးရှင်ရေးအခြေအနေတွင် ကျိုးဟောင်၏ခန္ဓာကိုယ်မှကြီးမားသောအားတစ်ခုမှာလျင်မြန်စွာပျံ့နှံ့လာခဲ့ပြီး ၎င်းမှာစိတ်ဝိဉာဥ်ကျောက်တုံး၏ စွမ်းအားဖြစ်သည်။
အာကာသသားရဲမှာ မတုံ့ပြန်နိုင်သေးခင်မှာပင် ၎င်းမှာချက်ချင်းပင်အပိုင်းပိုင်းပေါက်ကွဲသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် နောက်ဆုံးတွင်ကြီးမားသောဖိအား၏ဒဏ်ကိုမခံနိုင်ဘဲ အာကာသသားရဲ၏စိတ်စွမ်းအားမှာအနိုင်ယူခံလိုက်ရကာ ၎င်းမှာအော်ဟစ်ရင်း အိပ်ပျော်သွားခဲ့သည်။
မူလကျောက်စာ၏စွမ်းအားအများအပြားအားသုံးလိုက်၍ ကျိုးဟောင်သည်လည်းအိပ်ပျော်သွားခဲ့သည်။
ထိုအချိန်တွင် ကမ္ဘာကြီးသည်လည်းပြန်လည်ငြိမ်သက်သွားခဲ့သည်။
.............................................................................