← Chapters

လ

Vol. 47 Ch. 704

လ

Vol. 47 Ch. 704

အိပ်ရာထဲတွင်လှဲနေသောကျိုးဟောင်မှာတောက်လျှောက်စဥ်းစားနေခဲ့သည်။

"အာကာသသားရဲရဲ့ဆင့်ကဲပြောင်းလဲမှုက ငါ့ကိုဘယ်လိုကာကွယ်ပေးမှာလဲ တကယ်လို့ငါငှက်မွေးတစ်ထောင်ချပ်ဝတ်ကိုဝတ်လိုက်ရင် ဝါးမျိုတဲ့ဒဏ်ကိုခံနိုင်မလားမသိဘူး"

"အာကာသသားရဲတစ်ကောင်ဆင့်ကဲပြောင်းလဲတဲ့အချိန်ကျရင် သာမန်သတ္တုတွေနဲ့တောင်ကျင့်ကြံလို့ရတယ် ဒါပေမဲ့ ငါ့ရဲ့ရှေးဟောင်းခန္ဓာနဲ့စုပ်ယူနိုင်ပါ့မလားမသိဘူး ဒါမှမဟုတ် ငါ့ခန္ဓာကိုယ်ကအာကာသသားရဲတစ်ကောင်လိုဖြစ်လာမှာလား ငါ့ခန္ဓာကိုယ်ကသံမဏိတံတိုင်းလို ဖျက်ဆီးမရဖြစ်လာမှာလား"

ကျိုးဟောင်မှာထိုအကြောင်းအားစဥ်းစားရင်မျက်မှောင်ကြုတ်သွားခဲ့သည်။ အာကာသသားရဲမှာသတ္တုများအားဝါးမျိုပြီးနောက် တတိယမြောက်သူတော်စင်ဘုံအဆင့်ကိုသာရောက်ရှိနိုင်ကြောင်း ကျိုးဟောင်သိထားပေသည်။ သူ၏ရှေးဟောင်းခန္ဓာသိုင်းမှာမူအဆက်မပြတ်ပိုမိုသန်မာလာစေရန် ဆင့်ကဲပြောင်းလဲခြင်းနှင့် စဥ်ဆက်မပြတ်နားလည်ခြင်းအား အားထားရပေသည်။

သို့သော်တစ်ဖက်တွင် အာကာသသားရဲမှာသတ္တုရိုင်းများအားဝါးမျိုခြင်းအပေါ် အားကိုးပြီး ဆင့်ကဲပြောင်းလဲပေသည်။ တစ်နည်းဆိုရသော် ၎င်းတို့မှာသံသတ္တုရိုင်းများ သို့မဟုတ် သန့်စင်သောသံများအားဝါးမျိုသော ဝါးမျိုသားရဲများဖြစ်ကြသည်။ ဤအာကာသသားရဲများမှာ သတ္တုစက်ရုံများအားလုံးကို ဝါးမျိုနိုင်ပေသည်။

သို့သော် ၎င်းမှာကမ္ဘာဂြိုဟ်ပေါ်တွင်ရှိနေခဲ့စဥ်က ဤကိစ္စအားအရင်မလုပ်ခဲ့ပေ။ ထိုအစား ၎င်းသည်ကမ္ဘာဂြိုဟ်တစ်ခုလုံးအားဖျက်ဆီးကာ ၎င်းအားချက်ချင်းဝါးမျိုလိုခြင်းဖြစ်သည်။ သတ္တုများကိုသာဝါးမျိုခြင်းက ၎င်းအတွက်မလုံလောက်ပေ။

ကျိုးဟောင်မှာ အလွန်ထိတ်လန့်သွားခဲ့သည်။ ဤအာကာသသားရဲသည်တကယ်ကိုစွမ်းအားကြီးလှသည်။ ဤသည်မှာဂြိုဟ်ဝါးမျိုသားရဲအကြောင်း ကျိုးဟောင်ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ အနာဂတ်တွင်သူသည်လည်း ယခုလိုတစ်ပုံစံတည်းလုပ်ရဦးမည်လော။

ကျိုးဟောင်မှာတွေးရင်း ခေါင်းကိုက်နေစဥ်မှာပင် ရုတ်တရက်အကြံတစ်ခုရသွားခဲ့သည်။

"ဟုတ်တယ် သတ္တုရိုင်းတွေကိုလည်း အဆင့်တွေခွဲထားတယ်ဆိုပြီး ခုနကဖားပြောခဲ့တယ်မလား တကယ်လို့အဲဒီလိုသာဆို ဂြိုဟ်တွေကိုဝါးမျိုစရာမလိုတော့ဘူး သတ္တုတွေရဲ့အဆင့်သာမြင့်ရင် ပြဿနာမရှိ‌တော့ဘူး"

ကျိုးဟောင်မှာထိုအကြောင်းအားအပြန်ပြန်အလှန်လှန်စဥ်းစားနေစဥ်မှာပင် လုံနတ်ဘုရားစစ်သင်္ဘောသည်လည်း အရှိန်လျော့လာခဲ့ကာ ဖား၏အသံထွက်ပေါ်လာခဲ့သည်။

"ကျိုးဟောင် ငါတို့လဆီရောက်ပြီ"

ကျိုးဟောင်မှာပြင်ပစောင့်ကြည့်ရေးစနစ်မှတစ်ဆင့်လအားတွေ့လိုက်ရသည်။ ၎င်း၏ပုံစံမှာနှင်းကဲ့သို့ဖြူဖွေးနေသောဂြိုဟ်တစ်လုံးပမာခံစားရပြီး သူ့အားအံ့အားသင့်စေပေသည်။ ၎င်းအားကြည့်ရသည်မှာကမ္ဘာဂြိုဟ်ထက်များစွာနိမ့်ကျပုံပေါ်ပေသည်။

"ရှောင်ယွီ အာကာသယာဥ်ရဲ့အင်ဂျင်ကိုရပ်ပြီး တံခါးကိုဖွင့်ဖို့ပြင်ထား"

ကျိုးဟောင်မှာတည်ငြိမ်စွာပြောလိုက်သည်။

လုံနတ်ဘုရားစစ်သင်္ဘောမှာ လ၏လေထုမှတစ်ဆင့်ဖြတ်သန်းသွားခဲ့သည်။ လ၏လေထုမှာ ကမ္ဘာ၏လေထုနှင့်နှိုင်းယှဥ်ပါက စက္ကူတစ်ရွက်မျှပါးလွှာပေသည်။ လ၏လေထုမှာ ကမ္ဘာ၏လေထုထက်များစွာပါးလွှာကြောင်းသိသာပေသည်။

ကျိုးဟောင်ထိန်းချူပ်ထိုင်ခုံတွင် ငှက်မွေးတစ်ထောင်ချပ်ဝတ်အားလဲလှယ်ဝတ်ဆင်နေသည့်အချိန်တွင် ထိန်းချုပ်ခုံအောက်မှစက်ရုပ်လက်များစွာမှာ လျင်မြန်စွာထွက်ပေါ်လာခဲ့သည်။ ထို့အပြင် ကျိုးဟောင်၏ခန္ဓာကိုယ်တစ်ခုလုံးမှာ ခေါင်းအစခြေအဆုံးလုံးဝဖုံးကွယ်သွားခံလိုက်ရသည်။ စက်ရုပ်လက်များမှာတစ်ခုပြီးတစ်ခုဖြည်းညင်းစွာပေါ်လာပြီး ကျိူးဟောင်ချပ်ဝတ်အပိုင်းအစများအားဝတ်ဆင်ရာတွင်ဂရုတစိုက်ဖြင့်ကူညီပေးနေခဲ့သည်။

ကျိုးဟောင်အားချပ်ဝတ်ကူညီဝတ်ဆင်ပေးပြီးနောက် ၎င်းတို့မှာဘာမှမဖြစ်ခဲ့သလိုထိန်းချူပ်ထိုင်ခုံ၏အောက်ခြေသို့ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ အလင်းရောင်အောက်တွင် ကျိုးဟောင်၏ခေါင်းပေါ်ရှိ ငွေဖြူရောင်ခေါင်းဆောင်းမှာ သူ့အားစစ်သူကြီးတစ်ယောက်ပမာထင်ရစေပေသည်။

ယာဥ်တံခါးပွင့်သွားသည့်အချိန်တွင် ကျိုးဟောင်၏ပုံရိပ်မှာချက်ချင်းပင်ပျံထွက်လာခဲ့သည်။ ကျိုးဟောင်၏ကိုယ်လုံးပေါ်ရှိငွေဖြူရောင်ချပ်ဝတ်နှင့် ရေခဲခေါင်းဆောင်းတို့မှာ ကျိုးဟောင်၏ကိုယ်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်မှုများစွာရှိနေသလိုပုံမျိုးပေါ်စေပေသည်။ ၎င်းတို့မှာ ကျိုးဟောင်ထံတွင် မည်သူမျှမသိသည့်ဂုဏ်ဝင့်သောအတိတ်တစ်ခုရှိခဲ့သလိုပင်ထင်မြင်မိစေပေသည်။

ကမ္ဘာဂြိုဟ်နှင့် လ၏ဆွဲအားမှာများစွာကွာခြားကြောင်းကို ကျိုးဟောင်ဝိုးတဝါးခံစားမိပေသည်။ သို့သော်ထွက်ပေါ်လာသောကမ္ဘာ့ဆွဲအားစက်ကွင်းများမှာ လအတွက်ပိုမိုသင့်တော်ပေသည်။

ကျိုးဟောင်မှာ ဖြည်းညင်းစွာဆင်းသက်လိုက်ပြီး တစ်လှမ်းချင်းလျှောက်သွားနေရာမှ ရုတ်တရက် ထခုန်လိုက်ပြီး အပေါ်မှငုံ့ကြည့်လိုက်ပေရာ သူ့ရှေ့သိပ်မဝေးသောနေရာတွင် ကြောက်စရာကောင်းသည့်တွင်းနက်ကြီးများရှိနေသည်ကိုတွေ့လိုက်ရသည်။

ကျိုးဟောင်မှာရေတွက်ကြည့်လိုက်ရာ စုစုပေါင်းတွင်းနက် ၆ခုရှိနေပေသည်။ တွင်းတစ်ခုစီတိုင်းတွင်၎င်းတို့အချင်းချင်းချိတ်ဆက်ထားသည့် လိုဏ်ခေါင်းတစ်ခုစီရှိပေရာ ထိုတွင်းနက်ကြီးများမှာတစ်ခုနှင့်တစ်ခုအတွက်မရှိမဖြစ်အရေးပါသည့်အတိုင်းပင်။

သေချာအနီးကပ်ကြည့်လိုက်ချိန်တွင် ထိုတွင်းနက်ကြီးများ၏အောက်ခြေတွင်တကယ်ပင်ယိုယွင်းနေသည့်အဆောက်အဦးအချို့ရှိနေကြောင်းကိုကျိုးဟောင်သိလိုက်ရသည်။ ကျိုးဟောင်မှာထိုအပျက်အစီးများအားဂရုတစိုက်ကြည့်လိုက်သည်။

"ကြည့်ရတာ ဒီနေရာမှာအရမ်းတိုးတက်တဲ့မျိုးနွယ်တစ်ခုရှိခဲ့ဖူးတဲ့ပုံပဲ ဒါပေမဲ့....ဒီနေရာကိုခုလိုအပျက်အစီးဖြစ်သွားအောင်ဘာကဖြစ်စေခဲ့တာလဲ"

ကျိုးဟောင်မှာထိတ်လန့်နေရင်း ထိုမေးခွန်းများအားတွေးနေခဲ့သည်။

"ဒီကအဆောက်အဦးတွေဘယ်လောက်ဟောင်းနွမ်းနေလဲကြည့်ဦး ဒီမှာတစ်ယောက်မှမရှိတော့တာကြာလှပြီ"

ကျိုးဟောင်မှာနှမြောတသဖြင့်ပြောလိုက်သည်။

"မင်းဘာလို့ဒီလောက်အံ့သြနေတာလဲ ငါ့အမြင်မှာတော့ ဒါကအရမ်းကိုပုံမှန်ပဲ"

ဖားမှပြောလိုက်သည်။

"ဒီကြယ်စနစ်တခြားမျိုးနွယ်တွေဆီကအုပ်စိုးမခံရခင်က အနားကဂြိုဟ်တွေက ကြယ်ပြာဧကရာဇ်ရဲ့အပိုင်ပဲ"

ဖားမှဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

"ကမ္ဘာဂြိုဟ်ကတော့လား... အဆင့်နိမ့်ဂြိုဟ်တစ်လုံးနဲ့သိပ်ပြီးမခြားတဲ့ဂြိုဟ်တွေထဲကတစ်ခုအနေနဲ့ရော ပြီးတော့သူ့ရဲ့ခုလက်ရှိခေတ်နောက်ကျနေတဲ့နည်းပညာအရရော ဒီနေရာကနည်းပညာတွေကိုမီဖို့ဆို အနည်းဆုံးနောက်ထပ်နှစ်တစ်ထောင်ကြာလိမ့်မယ်"

"အစကတော့ ကမ္ဘာဂြိုဟ်ကို သာမန်သက်ရှိတွေနေထိုင်တဲ့ဂြိုဟ်တစ်ခုလို့ပဲသတ်မှတ်ခဲ့တာ ဒါပေမဲ့မင်းတို့လူသားတွေကဆင့်ကဲပြောင်းလဲပြီးတော့ မျိုးနွယ်တွေများစွာကွဲသွားလိမ့်မယ်လို့ ဘယ်သူမှမမျှော်လင့်ထားခဲ့ကြဘူး"

"တခြားဂြိုဟ်တွေကရော"

ကျိုးဟောင်မှာသိလိုစိတ်ဖြင့် မနေနိုင်ဘဲမေးလိုက်သည်။

"ဒါက.....ဒါကဂြိုဟ်ရဲ့အခြေအနေပေါ်အဓိကမူတည်တယ် ဥပမာပြောရရင် ကမ္ဘာဂြိုဟ်လိုမျိုးသစ်တောတွေ အစိမ်းရောင်အပင်တွေအများကြီးရှိတဲ့ဂြိုဟ်ကို သစ်တောဂြိုဟ်လို့ခေါ်ကြတယ် တကယ်တော့ စကြဝဠာထဲကတချို့မိသားစုတွေကလည်း ဂြိုဟ်ကိုစက်ရုံကြီးတစ်ခုအနေနဲ့ ပြုပြင်ပြောင်းလဲကြတယ် ကမ္ဘာဂြိုဟ်ကတကယ်တော့ရှားပါးတဲ့တွေ့ရှိမှုတစ်ခုပဲ ဒါပေမဲ့ ကမ္ဘာပေါ်ကပတ်ဝန်းကျင်က မိစ္ဆာသားရဲတွေများစွာကို ဒီနေရာကသူတို့အတွက်အခြေချဖို့အကောင်းဆုံးနေရာလို့ ခံစားရစေတယ်"

"အဲဒီတုန်းက သတ္တုရိုင်းတွေနဲ့ လရဲ့စွမ်းအင်အနှစ်သာရတွေကိုငမ်းငမ်းတက်လိုချင်ခဲ့တဲ့အဖွဲ့အစည်းတွေလည်းအများကြီးရှိခဲ့ပြီးတော့ လရဲ့စွမ်းအင်အနှစ်သာရတွေကိုအဆက်မပြတ်စုခဲ့ကြတယ် နောက်ကျ လရဲ့စွမ်းအင်အနှစ်သာရက အရင်ကထက်အများကြီးပိုပြီးနည်းလာတယ်ဆိုတာကိုလူတစ်ယောက်ကသိသွားခဲ့တယ် အဲဒါကြောင့်သူတို့တွေက ဒီကနေဖြတ်သွားရင်းဒါကိုဖျက်ဆီးသွားခဲ့ကြတယ် ဒါကကပ်ပါးကောင်တွေနဲ့တူတယ် လက်ခံသူကထောက်ပံ့ပေးတဲ့အဆုံးမရှိတဲ့စွမ်းအင်ကိုအမှီပြုရင်းနဲ့ ကပ်ပါးကောင်တွေက လက်ခံသူရဲ့ကိုယ်ထဲကစွမ်းအင်ကိုစုပ်ယူဖို့အတွက် သူ့ခန္ဓာကိုယ်ထဲမှာနေရာတစ်ခုရှာရုံပဲ အာ ဒါကဥပမာတစ်ခုပဲနော် မင်းဒါကိုအတည်ကြီးမှတ်စရာမလိုဘူး"

"ဒါပေမဲ့ တခြားမျိုးနွယ်တွေရဲ့နှောင့်ယှက်မှုမရှိတာတောင် သူတို့ဒါကိုအကြာကြီးလုပ်နိုင်မှာမဟုတ်ဘူး ကြယ်တွေကြားကူးသန်းသွားလာနိုင်တဲ့အဆင့်ရှိတဲ့ယာဥ်တွေမရှိရင် အဲဒီသတ္တုတူးတဲ့လူတွေက လရဲ့ဆွဲအားအောက်မှာ လွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မှာမဟုတ်ဘူး အချိန်ကြာလာတာနဲ့အမျှ သူတို့ရဲ့အောက်ဆီဂျင်အထောက်အပံ့ကုန်ခန်းသွားမှာပဲ"

ဖားမှပြောလာခဲ့သည်။

ကျိုးဟောင်မှာချက်ချင်းပင်ခေါင်းကိုက်လာသလိုခံစားလိုက်ရသည်။ သူသည်အစက ဤနေရာအားနိုင်ငံတစ်ခုဟုသာထင်ခဲ့ပြီး သတ္တုတူးသည့်အခြေစိုက်စခန်းဖြစ်မည်ဟုမထင်ထားခဲ့ပေ။

"မင်းအခုကြည့်နေတဲ့နည်းပညာက တကယ်တော့စက်ရုပ်မျိုးနွယ်ကိုတုပဖို့ ဒီကလူတွေသုံးခဲ့တဲ့နည်းပညာပဲ မင်းကြည့်နေတဲ့တွင်းနက်ကြီးတွေက စွမ်းအင်စုဆောင်းကွင်းတွေပဲ ဒါပေမဲ့ ဒီစုဆောင်းတဲ့နည်းလမ်းကစက်ရုပ်မျိုးနွယ်ရဲ့အဆင့်နိမ့်ဆုံးနည်းလမ်းကိုအတုယူပြီးဖန်တီးထားတာ ဒါကပိုပြီးကုန်ကျစရိတ်သက်သာတယ်ဆိုပေမဲ့ စုဆောင်းတဲ့အမြန်နှုန်းကတော့ အတော်လေးနှေးတယ် စွမ်းအင်စုဆောင်းတဲ့နေရာမှာတော့ ဘယ်မျိုးနွယ်ပဲဖြစ်ပါစေ စက်ရုပ်မျိုးနွယ်ကိုယှဥ်လို့မရဘူး"

....................................................................................

All Chapters