← Chapters

ရှောင်ယွိ၏စေတနာ

Vol. 16 Ch. 216

ရှောင်ယွိ၏စေတနာ

Vol. 16 Ch. 216

အခန်း (၂၁၆) ရှောင်ယွိ၏စေတနာ

သာမန်နဂါးတစ်ကောင်နှင့် မွေးရာပါအင်မော်တယ်နဂါးတစ်ကောင် ဆိုသည်က အဆင့်အတန်းချင်း ကမ္ဘာခြားသလို ကွာခြား၏။

လုန်ယွိက ခွန်လွန်တောင်မှ ထိပ်တန်းပါရမီရှင် တပည့်တစ်ယောက် ဖြစ်သည်။ ကျောက်စိမ်းရေကန်မှ အထောက်အပံ့များကို ရရှိသည့်အတွက် အခြားပါရမီရှင်များပင် သူမကို မယှဉ်နိုင်ခဲ့ပေ။

သို့သော် အင်မော်တယ်ဖြစ်လာရန်အတွက်ဆိုလျှင် သူမ နှစ်ပေါင်း (၅၀၀)ခန့် အချိန်ယူရပေဦးမည်။ သူမ၏မောင်လေးဖြစ်သူ လုန်မန်ကတော့ အင်မော်တယ်အဖြစ် မွေးဖွားလာသူ ဖြစ်သည်။

မွေးကတည်းကပင် လုန်မန်က ကြောက်မက်ဖွယ်ရာကောင်းအောင် အဆင့်အတန်းမြင့်မားနေခဲ့ပြီး အနာဂတ်တွင် သူ၏အောင်မြင်မှုက နည်းပါးမည် မဟုတ်ပေ။

ရှောင်ယွိက ကျန်းလန်ကို ကြည့်လိုက်သည်။

ကျန်းလန်ကတော့ ပုံမှန်အတိုင်း အလွန်ပင်တည်ငြိမ်နေလေ၏။

သူကက…

"ဂိုဏ်းတူမောင်လေး အသက်ကြီးလာပြီ မဟုတ်လား"

"………………"

ကျန်းလန် ဘာပြောရမှန်း မသိခဲ့ပေ။ သူ တကယ်ပဲ အသက်ကြီးလာပြီလား။

လူသားအသက်ဖြင့်ဆိုလျှင်တော့ အမှန်တကယ်ပင် အသက်ကြီးပြီဟု ဆိုနိုင်သည်။ သို့သော် ကျင့်ကြံသူလောကတွင်တော့ သက်တမ်း (၂၆၀) ဆိုသည်က ငယ်ရွယ်သေးသည်ပင်။

ကျန်းလန်က…

"ဂိုဏ်းတူအစ်မက မင်းရဲ့ မောင်လေးကို လက်ဆောင်ပြန်ပေးချင်လို့လား"

ကျန်းလန်က ရှောင်ယွိမေးသည့် "သူအသက်ကြီးပြီလား" ဆိုသည့်မေးခွန်းကို အဖြေမပေးဘဲ စကားလမ်းကြောင်း ပြောင်းလိုက်သည်။

ထိုမေးခွန်းအတွက် ခိုင်လုံသည့်အဖြေ သူ့တွင် မရှိပေ။ ဘာပဲဖြစ်ဖြစ် သူက အလွန်ပဲ ငယ်ရွယ်သေး၏။

ရှောင်ယွိက လက်ထဲမှ ဆေးပုလင်းကို ဘေးသို့ချလိုက်ရင်း….

"အင်း… တကယ်တော့ မောင်လေးကို လက်ဆောင်ပြန်ပေးချင်မိတယ်"

ခဏမျှတုံ့ဆိုင်းနေပြီးမှ သူမက စကားဆက်ပြောသည်။

"တကယ်တော့ တခြားလူတွေဆီက လက်ဆောင်ရတယ်ဆိုတာ ကျွန်မအတွက် အသားမကျတဲ့ကိစ္စတစ်ခုပဲ ၊ ဒါပေမဲ့ မောင်လေးပေးတဲ့လက်ဆောင်ကို မယူပြန်ရင်လည်း သူစိမ်းဆန်သလို ဖြစ်မှာစိုးလို့ လက်ခံလိုက်ရတာ ၊ လက်မခံဘဲ ငြင်းဖို့ကလည်း မသင့်တော်ဘူးမဟုတ်လား"

ရှောင်ယွိက ကျန်းလန်နှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ရင်း အလေးအနက် မေးလိုက်သည်။

"ဂိုဏ်းတူမောင်လေးရော ဘယ်လိုထင်လဲဟင်"

"အစကတည်းက လက်ဆောင်မလိုချင်ဘူးဆိုရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သင့်တာ"

ထိုစကားလုံးများက ကျန်းလန်ခေါင်းထဲ ရုတ်တရက်ဝင်ရောက်လာသည့် အတွေးများဖြစ်သည်။ သို့သော် ထိုအတွေးများက တစ်ခဏမျှသာပင်။

"ကိုယ်ဆိုရင်တော့ လက်ဆောင်ပေးတာ ယူလိုက်ရလည်း ဘာမှ မဖြစ်ပါဘူး ၊ အဆင်ပြေပါတယ် ၊ ကြည့်ရတာ ဂိုဏ်းတူအစ်မက အတွေးလွန်နေတာ ဖြစ်မှာပေါ့ဗျာ"

ကျန်းလန်၏အသံက အတက်အကျမရှိ တည်ငြိမ်နေသည်။

ထို့နောက် သူက သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ကို စတင်ထည့်သွင်းပေးလိုက်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီးနောက် သစ်သားဓားလေးက သာမန်ဓားတစ်လက် မဟုတ်တော့ပေ။ နဂါးသုတ်သင်ဓားဝိညာဉ်မရှိတော့သည့်တိုင် သစ်သားဓားလေးက ထူးခြားမှုတစ်စုံတစ်ခု ရှိနေခဲ့သည်။

သို့သော် ထိုအချက်ကို ရှောင်ယွိကလည်း စိတ်ထဲမထားသလို ကျန်းလန်ကလည်း အရေးမစိုက်မိပေ။

ရှောင်ယွိက သူမလက်ပေါ်သို့ မေးဖျားလေးတင်ကာ ကျန်းလန်ရှေ့တွင် ထိုင်နေသည်။

"မောင်လေးကို လက်ဆောင်ပြန်ပေးရင်… ဘာပေးရင် ကောင်းမလဲဟင်"

ကျန်းလန်က…

"သာမန်ထက်ထူးခြားတဲ့ ပစ္စည်းတစ်ခုခုပေးမယ်ဆိုရင် သင့်တော်မယ်ထင်တယ်"

ရှောင်ယွိက ချက်ချင်းပင် တောက်ပနေသည့် ပုလဲလုံးလေးတစ်လုံကို ထုတ်ယူလိုက်ပြီး…

"သူ့ကို ဒါလေးပေးရင်ကောင်းမလားဟင် ၊ ဒါက ညလင်းပုလဲလေ ၊ အမှောင်ဆုံးတွေမှာတောင် တောက်ပနေနိုင်တယ်"

ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။ ပုလဲလုံးလေးကို ကြည့်နေသည့် သူမမျက်ဝန်းများက ပျော်ရွှင်နှစ်လိုမှုဖြင့် တလက်လက်တောက်ပနေသည်ကို တွေ့မြင်လိုက်ရသည်။

သူ၏ဂိုဏ်းတူအစ်မက တောက်ပသည့်ပစ္စည်းများကို သဘောကျသည်လား။

ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…

"အင်း… အဲဒါလေး ပေးလိုက်လေ"

ထို့နောက် သူက နဂါးသုတ်သင်ဓားဝိညာဉ်ကို သစ်သားဓားအတွင်းသို့ ဆက်လက်ထည့်သွင်းပေးနေသည်။

ရှောင်ယွိက မတ်တတ်ရပ်လိုက်ပြီး ကျန်းလန်ထိုင်နေသည့်နေရာသို့ လျှောက်လာသည်။

"ဂိုဏ်းတူမောင်လေး ၊ ဟိုဘက်နည်းနည်းတိုးပေး"

သူမစကားကြောင့် ကျန်းလန် အံ့အားသင့်သွားသည်။ ရှောင်ယွိ ဘာတွေများ လုပ်မလို့ပါလိမ့်။

သို့သော်လည်း မိန်းကလေး၏ အမိန့်စကားအတိုင်းပင် ကျန်းလန် တစ်ဖက်သို့ တိုးပေးလိုက်သည်။ ကျန်းလန် နေရာဖယ်ပေးလိုက်သည်နှင့် ရှောင်ယွိက ကျန်းလန်နှင့် ကပ်လျက်နေရာတွင် ဝင်ထိုင်လိုက်သည်။

ထို့နောက် တောက်ပနေသည့် ပုလဲလေးကို သူတို့ (၂)ယောက် ရှေ့တွင် ချထားလိုက်၏။

သူမက…

"ဒါက ကျွန်မရဲ့ မောင်လေး လုန်မန်ကို လက်ဆောင်ပေးဖို့"

ကျန်းလန်က နားမလည်သည့်အမူအရာဖြင့် ရှောင်ယွိကို ကြည့်လိုက်သည်။

ရှောင်ယွိက ပြုံးလိုက်ရင်း ကျန်းလန်ကို ရှင်းပြ၏။

"ကျွန်မက မောင်လေးကို လက်ဆောင်ပေးတယ်ဆိုပေမဲ့… ကျွန်မ အမြဲတမ်းအားပေးနေမယ့်သူကတော့ ရှင်ပါပဲ"

သူမစကားကြောင့် ကျန်းလန် ကြက်သေသေသွားရသည်။

သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ်ထည့်သွင်းပေးနေသည့် ကျန်းလန်၏ လက်များ ရုတ်တရက် ရပ်တန့်သွားသည်။

သို့သော် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး သူ့အလုပ်သူ ဆက်လုပ်နေလိုက်သည်။

"စိန်ခေါ်ပွဲမှာ ငါနဲ့ ယှဉ်ပြိုင်ရမယ့်သူက သူ့မောင်လေးဆိုတာ ရှောင်ယွိ သိနေတာများလား"

သူနှင့်ယှဉ်ပြိုင်ရမည့်သူက နဂါးမျိုးနွယ်မှ အဋ္ဌမမင်းသား လုန်မန် ဖြစ်သည်။

သို့သော် ရှောင်ယွိကလည်း ထိုအကြောင်းကို ပြောဆိုခြင်းမရှိသလို သူကလည်း အစဖော်ခြင်း မရှိပေ။ ထိုအချက်က ရှောင်ယွိကို အခက်တွေ့စေမည်ကို သူ သိရှိလေသည်။

ရှောင်ယွိသည်လည်း ထိုမျှလောက် မြန်မြန်ဆန်ဆန် သတင်းရရှိမည်ဟု သူ မထင်ခဲ့ပေ။

သို့ရာတွင် တကယ်တမ်း စဉ်းစားကြည့်သည့်အခါ သတင်းမြန်မြန်ဆန်ဆန် မရရှိသူမှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။ ကျန်းလန် အခြေအနေကို သဘောပေါက်သွားရ၏။

ရှောင်ယွိက သူမ ယခင်ထိုင်နေသည့်နေရာကို ပြန်ပြေးသွားလိုက်ရင်း ပုလဲလုံးလေးကို သိမ်းဆည်းလိုက်သည်။

"နောက်မှပဲ မောင်လေးကို လက်ဆောင်ပေးတော့မယ်"

ဟု ရေရွတ်လိုက်၏။

ကျန်းလန်က ရှောင်ယွိကို လှမ်းကြည့်လိုက်ရင်း…

"ဂိုဏ်းတူအစ်မက ဟိုးအရင် မွေးကတည်းက ကျင့်ကြံခဲ့တာလား"

လုန်မန်က အင်မော်တယ်အဖြစ် မွေးဖွားလာသူဖြစ်လေရာ ရှောင်ယွိ မွေးဖွားလာစဉ်ကရော ကျင့်ကြံခြင်းအဆင့် မည်မျှရှိသည်ကို ကျန်းလန် သိချင်မိသည်။

သို့သော် သူက တိုက်ရိုက်လည်း မမေးမြန်းရဲလေရာ ကွေ့ပတ်မေးလိုက်ခြင်း ဖြစ်၏။

ရှောင်ယွိက ကျန်းလန်ကို မျက်လုံးပြူးကာ ကြည့်လိုက်ရင်း…

"ဘာလဲ ကျွန်မက နဂါးမျိုးနွယ်တွေကို အရှက်ရစေတဲ့သူလို့ ရှင်က ထင်နေတာလား"

သူမပုံစံက ဒေါသထွက်လွန်းသဖြင့် ထပျံတော့မတတ်ပင်။

ရှောင်ယွိက ကျန်းလန်နှင့် ပိုမိုရင်းနှီးလာသည်နှင့်အမျှ စကားလည်းပိုများလာသလို ပွင့်ပွင့်လင်းလင်း ရှိလာသည်။ အချိန်ကြာလာသည်နှင့်အမျှ သူက ဆယ်ကျော်သက်လေးတစ်ယောက်နှင့် ပို၍ပင် တူလာသည်။

သူမက သွက်လက်သည် ၊ ပျော်ပျော်ရွှင်ရွှင်နေတတ်သည် ၊ သက်ဝင်တောက်ပနေတတ်သည်။

"ဂိုဏ်းတူအစ်မက ကျင့်စဉ်လမ်းကို တစ်ဆင့်ပြီးတစ်ဆင့် လျှောက်လှမ်းခဲ့တာ မဟုတ်လား ၊ ဒါဆို ကျင့်စဉ်လမ်းတစ်လျှောက် ကျင့်ကြံခြင်းခြေလှမ်းတိုင်းက ခြေရာထင်ကျန်ခဲ့မှာပဲ ၊ အဲဒီလိုတဖြည်းဖြည်း တန်ခိုးစွမ်းအားမြင့်မားလာတဲ့သူက မွေးရာပါအင်မော်တယ်တွေနဲ့ မတူညီနိုင်ဘူးလေ"

ကျန်းလန်က သူ့လက်ကို သစ်သားဓားလေးအပေါ်တင်လိုက်ရင်း ရှောင်ယွိကို လှမ်းကြည့်လိုက်သည်။

"ဂိုဏ်းတူအစ်မရဲ့ ကျင့်စဉ်လမ်းက ပိုပြီးတည်ငြိမ်တာပေါ့ဗျာ"

ကျန်းလန်က ထိုသို့ဖြေပြောပြောလိုက်တော့မှ ရှောင်ယွိမျက်နှာလေးက ပြုံးသွားလေ၏။ သူမက မည်သည့်စကားမှ မဆိုဘဲ ကျန်းလန်ကိုငေးကြည့်နေလေသည်။

အချိန်အတန်ကြာသည့်အခါ သစ်သားဓားလေးအတွင်းသို့ နဂါးသုတ်သင်ဓားဝိညာဉ် ထည့်သွင်းပြီးစီးသွားသည်။ ကျန်းလန်က အချိန် (၁)နှစ်ခံသည့် ဓားဝိညာဉ်ကိုသာ ထည့်သွင်းပေးထားခဲ့သည်။

ရှောင်ယွိက ကျန်းလန် ကမ်းပေးလာသည့် သစ်သားဓားလေးကို သိမ်းဆည်းလိုက်ရင်း…

"ဂိုဏ်းတူမောင်လေး ၊ ကျောက်စိမ်းရေကန်မှာ စိုက်ဖို့ ပန်းပင်တွေ ရှာပေးဦးလေ"

ကျန်းလန်က ခြံဝန်းအတွင်းမှ ပန်းပင်များကို လက်ညှိုးထိုးပြလိုက်ရင်း…

"အဲဒီပန်းပင်တွေထဲက ကြိုက်တဲ့အပင်ယူသွားပြီး စိုက်ကြည့်လေ ဂိုဏ်းတူအစ်မ ၊ နောက်ရက်ပိုင်းကျ ကိုယ်လာကြည့်ပေးမယ်"

ရှောင်ယွိက ခေါင်းညိတ်သဘောတူလိုက်ပြီး ချက်ချင်းပင် ပန်းပင်များရှိရာထွက်ခွာသွားတော့သည်။

ကျန်းလန်က သူမကို လွှတ်ထားလိုက်ပြီး ဓားတစ်လက်ထုတ်ယူကာ တစ်ချက်ဝှေ့ရမ်းလိုက်သည်။ ထိုအခါ ဓားဆီမှ နဂါးသုတ်သင်ဓားဝိညာဉ် ချက်ချင်းထွက်ပေါ်လာသည်။

ကျန်းလန် နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်နေခြင်း ဖြစ်သည်။ နဂါးသုတ်သင်ဓားသိုင်းက သာမန်ဓားဝှေ့ရမ်းခြင်းတစ်ခုမျှသာဖြစ်ပြီး ထူးခြားသည့် ဓားသိုင်းကွက်များပါဝင်ခြင်း မရှိပေ။

နဂါးသုတ်သင်ဓားဝိညာဉ်ထွက်ပေါ်လာခြင်းကသာ ထိုဓားသိုင်းကို အလွန်အမင်း ထူးခြားစေခြင် ဖြစ်၏။ ထို့ကြောင့် အခြားသူများအနေဖြင့် နဂါးသုတ်သင်ဓားသိုင်းကို မလေ့ကျင့်နိုင်ကြခြင်းပင်။

ကျန်းလန် နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်နေသည်ကို တွေ့သည်နှင့် ရှောင်ယွိကလည်း သူမ၏ သစ်သားဓားလေးကို ဝှေ့ရမ်းကာ ကျန်းလန်ရှိရာသို့ ဝင်ရောက်လာသည်။

ကျန်းလန် : "………………"

နဂါးမယ်လေး၏ နဂါးသုတ်သင်ဓားသိုင်းက အတော်လေး ပြင်းထန်လှသည်။

သူ ဓားသိုင်းလေ့ကျင့်နေစဉ် ရှောင်ယွိက အဘယ့်ကြောင့် သူ့ကို ဝင်ရောက်တိုက်ခိုက်ရပါသနည်း။ သူ့ဓားချက်သာ သူမကိုထိသွားခဲ့လျှင် မည်သို့ရှိမည်နည်း။

အသက်မပြည့်သည့်ကလေးကို အနိုင်ကျင့်သလို ဖြစ်နေပေလိမ့်မည်။ ထို့ပြင် ရှောင်ယွိသာ တစ်စုံတစ်ခု ထိခိုက်ခဲ့လျှင် သေချာပေါက် အပြစ်ပေးလည်း ခံရပေဦးမည်။

ကျန်းလန် စိတ်ထဲမှပင် သက်ပြင်းတစ်ချက်ချလိုက်ရင်း ဓားသိုင်းလေ့ကျင့်ခြင်းကို ရပ်တန့်လိုက်ရတော့၏။

နာမ်ဝိညာဉ်အိမ်တစ်လုံးကို အမြန်ဆုံး တည်ဆောက်ရပေမလိမ့်မည်။ သို့မှသာ ရှောင်ယွိ သူ့ကို မနှောက်ယှက်တော့ဘဲ သူမဘာသာ ဆော့ကစားနေနိုင်မည် ဖြစ်သည်။

ညနေခင်းတွင်တော့…

ကျန်းလန်က လုန်ယွိကို ပထမတောင်ထွတ်သို့ လိုက်ပို့ပေးရသည်။

ယခု လုန်ယွိပုံစံက ပုံမှန်အတိုင်း အရွယ်ရောက်သူ မိန်းမပျိုတစ်ယောက်ပမာ ဖန်ဆင်းထားပြီး သွယ်လျလှပကာ ကျော့ရှင်းလွန်းသည်။

သူမက အသက်ရှူမှားလောက်အောင်လှလွန်းသည့် အလှဧကရီတစ်ပါးဆိုသည်က ငြင်းမရသည့် အချက်ပင်။

နဂါးမျိုးနွယ်များက ပထမတောင်ထွတ်တွင် ယာယီနေထိုင်ကြလေရာ လုန်ယွိက လုန်မန်ကို ညလင်းပုလဲလက်ဆောင်ပေးရန်အတွက် ထွက်ခွာလာခြင်း ဖြစ်၏။

ပထမတောင်ထွတ်တောင်ခြေသို့ ရောက်လာသည့်အခါ လုန်ယွိက မေးလိုက်သည်။

"ဂိုဏ်းတူမောင်လေး ၊ တောင်ပေါ်လိုက်မတက်တော့ဘူးလား"

သူမပုံစံက ပကတိတည်ငြိမ်အေးစက်နေပြီး ရှောင်ယွိကဲ့သို့ သက်ဝင်လှုပ်ရှားနေဟန် မရှိပေ။

ကျန်းလန် ခေါင်းခါယမ်းပြလိုက်၏။ သူ ပထမတောင်ထွတ်ပေါ်အထိ လိုက်ပါရန် ရည်ရွယ်ချက် မရှိပေ။

ပထမတောင်ထွတ်က ထူးခြားသည့်နေရာတစ်ခုဖြစ်သောကြောင့်လည်း သူ မလိုက်ပါလိုခြင်း ဖြစ်သည်။ သူက ပထမတောင်ထွတ်နှင့် လိုက်လျောညီထွေရှိရန် လွယ်ကူမည်မဟုတ်ဟု ကျန်းလန် ခံစားရသည်။

"ဒါဖြင့် ကျွန်မကို တောင်ခြေမှာပဲ စောင့်နေပေးနော် ဂိုဏ်းတူမောင်လေး"

ကျန်းလန် ခေါင်းညိတ်ပြလိုက်သည်နှင့် လုန်ယွိက ပထမတောင်ထွတ်ပေါ်သို့ တက်သွားသည်။

ကျန်းလန်ကတော့ တောင်ခြေတွင် ရပ်စောင့်ရင်း ကျန်ရစ်ခဲ့၏။

နဝမတောင်ထွတ်က မရဏလောကနှင့် ဆက်နွယ်နေလေရာ ပထမတောင်ထွတ်သည်လည်း နေရာတစ်ခုခုနှင့် ဆက်နွယ်နေပေလိမ့်မည်။

ဖြစ်နိုင်ခြေအရှိဆုံး ဆက်နွယ်မှုမှာ…

စိတ်ထဲအတွေးတစ်စဝင်ရောက်လာသည်နှင့် ကျန်းလန် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သို့သော် သူ့အတွေးများကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အများအမြင်တွင် အင်မော်တယ်တစ်ပါး ဖြစ်လာသည့်အချိန်မှာတော့ အဖြေကို သိကောင်းသိရပေမည်။

အတန်ကြာသည့်အခါ…

လုန်ယွိ ပထမတောင်ထွတ်ထက်မှ ပြန်ဆင်းလာသည်။

"စောင့်နေရလို့ အားနာပါတယ် ဂိုဏ်းတူမောင်လေး"

ဤသည်က ပထမဆုံး လုန်ယွိပြောလိုက်သည့်စကားဖြစ်၏။

ကျန်းလန် အနည်းငယ်ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။ အပိုစကားများပြောလိုက်လျှင် အီစီကလီလုပ်သလိုဖြစ်သွားပြီး ဂိုဏ်းတူအစ်မ စိတ်ဘဝင်မကျဖြစ်မည်ကို စိုးရိမ်သောကြောင့် ဖြစ်၏။

ထို့နောက် သူတို့ နဝမတောင်ထွတ်သို့ ပြန်လာခဲ့ကြပြီး နဝမတောင်ထွတ်သို့ရောက်မှ လုန်ယွိက ဓားကိုစီးနှင်ကာ ကျောက်စိမ်းရေကန်သို့ ပြန်သွားခဲ့သည်။

ကျန်းလန်ကတော့ နဂါးသုတ်သင်ဓားသိုင်းကို ဆက်လက်လေ့ကျ့်နေခဲ့၏။

(၁)လဆိုသည့်အချိန်က ကြာရှည်ခြင်းမရှိပေ။ အိမ်တစ်အိမ်ပင် တစ်လအတွင်း ဆောက်လုပ်ပြီးစီးနိုင်မည် မဟုတ်ပေ။

ထို့ကြောင့် အချိန် (၁)လအတွင်း ကျင့်ကြံခြင်းအဆင့်တက်ရန်မှာ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။ သို့သော် ကျန်းလန်ကတော့ အနည်းငယ်သောမျှော်လင့်ချက်လေးကိုပင် ဆုပ်ကိုင်ထားမိ၏။

ညဘက်တွင်တော့ မရဏဂူရှိရာသို့ ပြဿနာရှိမရှိ အခြေအနေသွားရောက်စစ်ဆေးခဲ့သည်။

အကယ်၍ တစ်စုံတစ်ယောက် ကျူးကျော်ဝင်ရောက်လာမည်ဆိုပါက အစီအရင်များက တုံ့ပြန်မည်ဖြစ်သောကြောင့် စိတ်ပူစရာတော့ မရှိပေ။

သို့ပေသိ မရဏဂူထဲတွင် ဓားသိုင်းလေ့ကျင့်ရန် မဖြစ်နိုင်ရကား ခြံဝန်းဆီသို့သာ ပြန်လာခဲ့ပြီး တစ်ညလုံး နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်နေခဲ့လေတော့၏။

All Chapters