အပိုင်း(၉၂)
Vol. 7 Ch. 92
ဟော်မိသားစုကို ကြည့်နေကြသည့် အားလုံး၏အမြင်က တစ်ခုခုထူးဆန်းနေလေသည်။ လူအများစုကလည်း အမှတ်တမဲ့ သူတို့နှင့်ခပ်ခွာခွာ နေလိုက်ကြသည်။
ဖန်ရှောက်ဝမ်ကလည်း ကျိုးချန်ချန်းနှင့် ခြေ၂လှမ်းလောက် တိတ်တိတ်လေး ခပ်ခွာခွာ နေလိုက်သည်။
ကျိုးချန်ချန်သည် ဟော်ဖိန်းရိ၏ ညှို့မှိုင်းနေသည့် အကြည့်နှင့် ဆုံတွေ့သွားချိန်တွင် သူမ၏ ကျောရိုးများမှာ ချမ်းစိမ့်သွားသလို ခံစားလိုက်ရသည်။ နှစ်ပေါင်းများစွာ သူမ၏နားလည်မှုစွမ်းအားက ယခုအချိန်တွင် သူ စဉ်းစားနေသည့်အရာကို သေချာသိမြင်အောင် လုပ်ပေးနေသည်။
ဟော်မိသားစုသာ အမှန်တကယ် ပါလာခဲ့လျှင် သူမက သေချာပေါက် အစားထိုးတရားခံ ဖြစ်လာပေလိမ့်မည်။
"မဟုတ်ဘူး" ကျိုးချန်ချန်သည် သူမ၏စိတ်ထဲတွင် ကြီးမားသည့်ခြောက်ခြားမှုတစ်ခုကို ခံစားလိုက်ရပြီး သူမက မနေနိုင်ဘဲ အော်ပြောလိုက်၏။ "ဒါ လုံးဝမဟုတ်ဘူး။ နဥ်ရှောက်ပိုင်က လျှောက်ပြောနေတာ"
"နင်ပဲ" ကျိုးချန်ချန်က တစ်ခုခုကို ရုတ်တရက်စဉ်းစားမိသွားပြီး စိတ်လှုပ်ရှားကာ ပြောလိုက်သည်။
"ဒါကို သတင်းပို့ခဲ့တာ နင်ပဲ ဟုတ်တယ်မလား"
"လောင်းကြေးကိစ္စကြောင့် နင် ဒီလိုလုပ်ခဲ့တာ။ လောင်းကြေးကိစ္စကြောင့်ပဲ ဖြစ်ရမယ်။ ဒါကြောင့်ပဲ နင် တမင်သက်သက် ငါ့ကို သတင်းပို့ပြီး ငါ့ကို ဒုက္ခပေးခဲ့တာ"
ဒီလိုအရေးကြီးသည့် အခိုက်အတန့်တွင် ကျိုးချန်ချန်၏ဦးနှောက်သည် မြန်မြန် လည်ပတ်နေလေသည်။ သို့သော်ငြားလည်း ကံဆိုးချင်တော့ သူမသည် အဖြေတစ်ခုကို မရှာဖွေနိုင်ခဲ့ခြေ။ "နင်က ဟော်မိသားစုရဲ့ အိမ်အဟောင်းကို ရနိုင်မှာမဟုတ်ဘူးလို့ ထင်ထားလို့ ငါ့ကိုဒီလိုဒုက္ခပေးခဲ့တာ"
ဟော်ဖိန်းရိက မျက်မှောင်ကြုတ်လိုက်သည်။ "ဘာဟော်မိသားစုရဲ့ အိမ်ဟောင်းလဲ။ ဘာလောင်းကြေးလဲ"
ကျိုးချန်ချန်သည် ယခုတော့ဒီကိစ္စကို ဖုံးကွယ်ဖို့ရန် စိတ်ကူးမရှိတော့ချေ။ "နဥ်ရှောက်ပိုင်က ပြောတယ်လေ။ သူက ဟော်မိသားစုရဲ့ အိမ်ဟောင်းတန်းလျားကို လက်လွှဲယူချင်တယ်တဲ့။ ကျွန်မလည်း အရမ်းဒေါသထွက်သွားပြီး သူနဲ့လောင်းကြေးတစ်ခု လုပ်ခဲ့တာ"
ဟော်ဖိန်းရိသည် တစ်ခုခုကို သဘောပေါက်သွားပြီး မျက်မှောင်ကြုတ်လိုက်၏။
"ဒီတော့ဘာဖြစ်သွားလဲ"
ကျိုးချန်ချန်သည် ချီတုံချတုံဖြစ်သွားချိန်တွင် ဟော်သခင်မကြီး၏ သဘောမတူသည့်ရုပ်ကို မြင်လိုက်ရ၏။ ဖန်ရှောက်၀မ်က သူမအတွက် ထုတ်ပြောပြီးသားဖြစ်နေသည်။
"ဦးလေးဟော် ကျွန်မ ဒီကိစ္စကို သက်သေလုပ်ပေးနိုင်ပါတယ်။ ကျိုးချန်ချန်နဲ့ အစ်ကိုရှောက်ပိုင်တို့ လောင်းကြေးတစ်ခုလုပ်ခဲ့တာ ကျွန်မကိုယ်တိုင် မြင်ခဲ့တယ်။ အစ်ကိုရှောက်ပိုင်က ပြောတယ်။ သူက အဲဒီခြံဝင်းတန်းလျားကို သေချာပေါက် ရရမယ်တဲ့။ တကယ်လို့ သူ အဲဒါကိုမရဘူးဆိုရင် ရှမြန်က လက်ရှိနေနေတဲ့ ခြံဝင်းကို မိန်းကလေးကျိုးကို ပြန်ပေးရလိမ့်မယ်တဲ့"
"တကယ်လို့ ကျွန်မတို့တွေက ဒါကိုရခဲ့မယ်ဆိုရင် အစ်ကိုရှောက်ပိုင်က သခင်မကြီးဟော်ရဲ့ လျှို့ဝှက်ချက် ဒါမှမဟုတ် တစ်ခုခုကိုဆိုလား ဖော်ထုတ်လိမ့်မယ်တဲ့..."
ဟော်ဖိန်းရိသည် သခင်မကြီးဟော်၏ လျှို့ဝှက်ချက်ကို လုံးဝဂရုမစိုက်ချေ။ သူကအဖြေကို လက်မခံချင်သည့် အမူအရာတစ်ခုဖြင့် ရှမြန်ကိုသာ ကြည့်လိုက်၏။ "မိန်းကလေးရှက အခုခြံဝင်းတစ်ခု ရှိလာပြီ..."
ဖန်ရှောက်၀မ်က သူမ၏ခေါင်းကို စောင်းလိုက်ကာ ပြောလိုက်သည်။ "သူပြောတာတော့ သခင်မကြီးဟော်က ဒီခြံဝင်းကို သူ့ကိုရောင်းပေးဖို့အတွက် ချန်းချန်းကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ဆိုတဲ့ သူ့ရဲ့အဆင့်အတန်းကို အသုံးချခဲ့တာလို့ ပြောတယ်"
ထို့နောက်တွင်တော့ သူသည် ကျိုးချန်ချန်ဘက်သို့လှည့်ကာ အတည်ပြုလိုက်လေသည်။ "တကယ်လား"
ကျိုးချန်ချန်သည် ဒီအခိုက်အတန့်တွင် လုံးဝစိတ်ရှုပ်ထွေးနေသည်မှာ သိသာ၏။ သူမက အလောတကြီး ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ် ကျွန်မကို ဒီလိုလုပ်ဖို့ ဖိအားပေးခဲ့တာ နဥ်ရှောက်ပိုင်နဲ့သူပဲ"
ရှမြန်က မျက်စောင်းထိုးလိုက်ကာ "မစ်ဖန် ဒီလိုသွေးထွက်သံယို နာမည်ဖျက်နေမှုကြီးကို ရှင် ဘယ်ကနေ သင်ယူခဲ့တာလဲ။ ဟော်မိသားစုရဲ့ခြံဝင်းကို ဝယ်ဖို့ ကျွန်မက ရှင့်ကို ဘယ်တုန်းက ဖိအားပေးခဲ့လို့လဲ"
"အဲဒီခြံဝင်းက ကျွန်မရဲ့တကယ့်ပိုက်ဆံနဲ့ ဝယ်ထားခဲ့တာပါ။ ကျွန်မက အရင်ပိုင်ရှင် မစ်ကျိုးချန်ချန်နဲ့ တရားဝင် အရောင်းအဝယ်စာချုပ်မှာ လက်မှတ်ထိုးခဲ့တာပါ"
ရှမြန်သည် ကျိုးချန်ချန်၏ရုပ်ကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်လေသည်။ "အမှန်အတိုင်းပြောရရင် ကျွန်မအရင်က သူနဲ့အရောင်းအဝယ် လုပ်ခဲ့တယ်ဆိုတာကလည်း သူက ဒီလိုလိမ်ညာပြီး ပြဿနာရှာတတ်တဲ့သူ ဖြစ်နေမှန်း မသိခဲ့လို့ပါ။ အဲဒီလိုမှမဟုတ်ရင် ကျွန်မက သူနဲ့ဘယ်တော့မှ အရောင်းအဝယ်လုပ်မှာ မဟုတ်ဘူး"
ဖန်ရှောက်ဝမ်သည် စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ သို့သော်ငြားလည်း နားမလည်သလိုဖြင့် သူမ၏ခေါင်းကို စောင်းထားလိုက်ကာ မေးလိုက်လေသည်။ "အခု ရှင်က အမှတ်၂ တိုက်နံပါတ်၃ ရွှေငါးလမ်းကြားထဲက ခြံဝင်းထဲမှာနေနေတာ မဟုတ်ဘူးလား"
ရှမြန်က လှိုက်လှိုက်လှဲလှဲ ပြန်ပြောလိုက်၏။ "ဟုတ်တယ်လေ ဘာမှားလို့လဲ" ဟော်ဖိန်းရိက စူးရှသည့်အသံတစ်ခုဖြင့် ပြောလိုက်လေသည်။ "အဲဒါက ငါတို့ဟော်မိသားစုရဲ့ ဘိုးဘွားပိုင်အိမ်ပဲ"
"ဒါပေမဲ့ ကျွန်မကတော့ ကျိုးချန်ချန်ဆီကနေ ပိုင်ဆိုင်မှုတွေ လက်လွှဲယူထားခဲ့ပြီးပြီလေ" ရှမြန်က ပြောလိုက်သည်။
"ရှင်တို့ဟော်မိသားစုရဲ့ ဘိုးဘွားပိုင်အိမ်က ဘယ်လိုလုပ်ပြီး ကျိုးချန်ချန်ရဲ့နာမည်နဲ့ ဖြစ်နေတာလဲ"
"ဧကန္တ ကျိုးချန်ချန်က ရှင်တို့ ဟော်မိသားစုရဲ့ သမီးအရင်း ဖြစ်နေလို့များလား"
သခင်မကြီးဟော်နဲ့ ကျိုးချန်ချန်၏မျက်နှာမှာ မသိမသာ ပြောင်းလဲသွားတော့သည်။ ဟော်ဖိန်းရိကလည်း ပြန်မဖြေနိုင်တော့ချေ။ ထို့ကြောင့် သူက ကိုယ်ကိုယ်လှည့်ကာ ဒေါသတကြီး သခင်မကြီးဟော်ကိုသာ မေးလိုက်တော့သည်။ "ဘာတွေဖြစ်နေတာလဲ"
သခင်မကြီးဟော်က သူမ၏မျက်ရည်များကို သုတ်ကာ ပြောပြန်သည်။
"ကျွန်မကို ခြိမ်းခြောက်ခဲ့တဲ့သူက နဥ်ရှောက်ပိုင်ပဲလေ။ သူက ရှောက်ယွင်ရဲ့ ပန်းချီကားကြောင့် ကျွန်မကို မုန်းတီးနေပြီး ကျွန်မကို လက်စားခြေချင်နေတာ။ အဲဒီအချိန်တုန်းက ရှောက်ယွင်ကလည်း ကျွန်မရဲ့ချွေးမလို့ပဲ တကယ်ပဲ မှတ်ယူထားခဲ့တာပါ။ သူက ဒေါသထွက်တယ်ဆိုရင်တောင် ဒါကခဏတာပဲဖြစ်မှာပါ။ ဒီတော့ ကျွန်မလည်း ချန်ချန်ကိုအိမ်ဝင်းကို သူ့ကိုလွှဲပေးဖို့ ပြောခဲ့တာ။ ဘာကိစ္စပဲရှိရှိပါ။ အရင်ဆုံး ဒီမောင်နှမ၂ယောက်ကို စိတ်ငြိမ်သွားအောင် လုပ်ပေးလိုက်တာပါ"
"တကယ်တော့ သူက ဒီအိမ်ဝင်းကို ရှမိသားစုက ကလေးမလေးကို တန်းပေးလိုက်ပြီး ကျွန်မတို့ကို စော်ကားလိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ"
ဟော်မိသားစုသည် အခုလေးတင် ဖော်ထုတ်ခံလိုက်ရပြီး နဥ်မောင်နှမက သူတို့အပေါ် လက်စားချေသည်မှာ သဘာဝကျသည်ဟု အားလုံးက ခံစားမိလေသည်။ ဒီစကားက အတိုင်းအတာတစ်ခုအထိ လက်ခံနိုင်စရာရှိသည်။
သို့သော်ငြားလည်း ရှမြန်ကတော့ ဒါကိုလက်ခံဖို့ရန် ငြင်းဆန်လိုက်၏။ "ရှင်က ဒါကိုကျွန်မတို့ရဲ့ အမှားဖြစ်နေတဲ့အတိုင်း ပြောနေတာပဲ"
"ရှင်တို့တွေက စိတ်မလုံတာပဲဖြစ်ဖြစ်၊ နောင်တရနေတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်စုံတစ်ယောက်က ရှင်တို့ကို အငိုက်မိပြီး ဖမ်းမိသွားတာပဲဖြစ်ဖြစ် ဒါကရှင်တို့ရဲ့ ကိုယ်ပိုင်ပြဿနာပါ"
"နောက်ပြီးတော့ ကျွန်မက ဒီခြံဝင်းကို ဝယ်ဖို့အတွက် တကယ့်ပိုက်ဆံသုံးပြီး ပိုင်ရှင်ကျိုးချန်ချန်ဆီကနေပြီးတော့ ဝယ်ထားတာ။ ကျွန်မက ဘာအမှားတွေ လုပ်ခဲ့လို့လဲ"
ရုံရှင်းက ပြောလိုက်သည်။ "ကျွန်တော် ဒီကိစ္စကို သက်သေ လုပ်ပေးနိုင်ပါတယ်။ စာချုပ်ကိုလည်း ကျွန်တော်ပဲ သူတို့အတွက် ရေးပေးခဲ့တာ။ ခြံဝင်းကို ယွမ်၇သောင်းနဲ့ဝယ်ခဲ့ပြီး ဒါက စျေးကွက်ပေါက်စျေးထက်တောင်မှ နည်းနည်းလေး ပိုများနေပါသေးတယ်"
"သခင်မကြီးဟော် ကျိုးချန်ချန်က သူ ငွေတွေကို အလွဲသုံးစားလုပ်ခဲ့တယ်ဆိုတဲ့ အကြောင်း ခင်ဗျားကို မပြောပြခဲ့ဘူးလား"
ကျိုးချန်ချန်မှာ အလောတကြီး ငြင်းပယ်လေသည်။ "ရှင်တို့တွေ ပေါက်ကရနဲ့ လျှောက်ပြောနေတာ။ ဒါက ယွမ်၂သောင်းပဲဆိုတာ သိသာနေရဲ့သားနဲ့"
ရုံရှင်းမှာ ဆွံ့အသွားတော့သည်။ "သူတို့တွေက ခင်ဗျားကို စျေးကွက်ပေါက်စျေးထက် ပိုပြီးစျေးမြင့်မြင့် ပေးရတဲ့အကြောင်းအရင်းက ငွေကိုအရစ်ကျ ပေးချေပါ့မယ်ဆိုတဲ့ အချက်ကြောင့်လေ။ ခင်ဗျားက ဘာဖြစ်လို့ လက်ကျန်ငွေကို ထည့်မပြောခဲ့တာလဲ"
ဟော်ဖိန်းရိက ပြောလိုက်၏။ "သဘောက မိန်းကလေးရှက လက်ကျန်ငွေကို မပေးချေရသေးဘူးပေါ့ ဟုတ်လား"
သူက လေပြေလေးဖြင့် ညှိနှိုင်းဆွေးနွေးတော့သည်။ "ဒီလိုလုပ်မယ်ဆိုရင်ရော ကျွန်တော်တို့တွေ လက်ကျန်ငွေကို မလိုချင်တော့ဘူး။ ကျွန်တော်က တန်ဖိုးတူ အဆောက်အအုံတစ်ခုနဲ့ မင်းကို လျော်ကြေးပေးမယ်ဆိုရင်ရော အဆင်ပြေလား"
ရှမြန်က မကျေမနပ် ပြန်ပြောလိုက်၏။ "မရပါဘူး။ ဒီလိုလုပ်တာ ရှင်က ဘာသဘောလဲ"
"ကျွန်မက ဒါကိုလက်ခံမယ်ဆိုရင် ကျွန်မက ဒီခြံဝင်းကို အလကားရခဲ့တယ်ဆိုတဲ့ သဘောဖြစ်သွားမှာ မဟုတ်ဘူးလား"
"ကျွန်မက သန့်ရှင်းတဲ့သူ တစ်ယောက်ပါ။ ကျွန်မက ဒီလို မှားယွင်းစွပ်စွဲတဲ့ စွပ်စွဲချက်ကို ဘာဖြစ်လို့ လက်ခံရမှာလဲ"
"ဒီအပြင် ကျွန်မက လက်ကျန်ငွေကို မပေးဘူးလို့ ဘယ်သူကပြောလို့လဲ" ရှမြန်သည် ကျိုးချန်ချန်ကိုကြည့်ကာ ခနဲ့လိုက်၏။ "ကျွန်မ ရှင့်ကို ဘဏ်ကနေငွေလွှဲထားတဲ့ လက်မှတ်ပေးခဲ့တယ် မဟုတ်လား။ ကျွန်မ လွန်ခဲ့တဲ့ ၁၀ရက်တုန်းက ရှင့်ကိုငွေလွှဲပေးခဲ့တယ်လေ။ ရှင်က ဒါကို အလွဲသုံးစားလုပ်ချင်ပြီး တခြားသူကို မှားယွင်းစွပ်စွဲချင်နေတာလား"
ကျိုးချန်ချန်က ပြောလိုက်၏။ "နင်ပေါက်ကရ ပြောနေတာ။ နင်ကငွေကို ဘယ်ကရမှာမို့လို့လဲ"
ရှမြန်က မျက်စောင်းထိုးကာ ပြောလိုက်၏။ "နင်က တော်တော်ဇီဇာကြောင်တာပဲ"
ဟော်ဖိန်းရိက မျက်မှောင်ကြုတ်လိုက်ပြီး "မိန်းကလေးရှ ဒါက ကျွန်တော်တို့ရဲ့ အိမ်ဟောင်းပါ။ ဒါက ကျွန်တော်တို့ဟော်မိသားစုအတွက် အဓိပ္ပာယ်အများကြီး ရှိပါတယ်"
"ဒါဆိုရင်တော့ ထူးဆန်းသွားပြီ" နဉ်ရှောက်ပိုင်က ပြောလိုက်သည်။ "ခင်ဗျားတို့အိမ်မှာ ဒီခြံဝင်းတစ်ခုထဲကပဲ ဘာဖြစ်လို့ အထူးတလည် အဓိပ္ပာယ်ရှိနေတာလဲ"
"ခင်ဗျားတို့တွေ တခြားသူရဲ့နာမည်ကို ပြောင်းလိုက်တာက ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကလေးမလေးတစ်ယောက်ကို ဒီလိုအနိုင်ကျင့်နေတာကတော့ ခင်ဗျားအတွက် မသင့်တော်ဘူးနော်"
ဟော်ဖိန်းရိက မျက်မှောင်ကြုတ်လိုက်သည်။ "ဒါကဘာသဘောလဲ"
"ခင်ဗျားမိသားစုရဲ့ အရေးပါတယ်ဆိုတဲ့ ဘိုးဘွားပိုင်အိမ်ယာတွေ အားလုံးက ကျွန်တော့်အတွက် အလဲအလှယ်လုပ်ပေးပြီး သွားပြီလေ" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "အဲဒီအိမ်တွေအားလုံးက ကျွန်တော့်နာမည်အောက်မှာပဲ။ ကျွန်တော်က ဒါတွေကို ရောင်းဖို့ ခင်ဗျားကို ဖိအားပေးခဲ့လို့လား"
"မဖြစ်နိုင်တာ" သခင်မကြီးဟော်နဲ့ ကျိုးချန်ချန်တို့သည် တစ်ပြိုင်တည်း ထပြောလိုက်လေသည်။ "နင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာ"
ဟော်ဖိန်းရိမှာ ဒါကိုအဓိပ္ပာယ်မရှိဘူးဟု မြင်လေသည်။ "ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ မင်းက ငါတို့ရဲ့ ဟော်မိသားစုကို ဘာလို့များထင်နေတာလဲ"
"ဒါက ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ" နဥ်ရှောက်ပိုင်က လှောင်ပြောင်နေသလို ပြုံးလိုက်၏။
"ကျွန်တော့်အစ်မရဲ့ ပန်းချီကားက လေလံပွဲမှာ ထူးထူးဆန်းဆန်း ပေါ်လာသလိုပဲပေါ့။ ခင်ဗျားရဲ့ခြံဝင်းတွေ ရောင်းချခံလိုက်ရတာကလည်း မထူးဆန်းဘူးလေ"
"ဒါက ခင်ဗျားတို့မိသားစုရဲ့ အစဥ်အလာပဲ မဟုတ်ဘူးလား" သူသည် သခင်မကြီးဟော်နှင့် ကျိုးချန်ချန်ကို ကြည့်လိုက်၏။
"တကယ်လို့ ခင်ဗျားတို့တွေက ပရောဂျက်အသစ်အတွက် လျှောက်လွှာတင်ချင်တယ်ဆိုရင် ခင်ဗျားတို့တွေ လက်ဆောင်အသစ်ပေးဖို့ လိုအပ်တယ်လေ။ ဒါရိုက်တာလော့ကလည်း အခုတလော စစ်ဟဲ့ရွမ်ကို အရမ်းသဘောကျနေတဲ့ ပုံပါပဲ"
ဟော်ဖိန်းရိသည် သခင်မကြီးဟော်နှင့် ကျိုးချန်ချန်တို့ကို ရုတ်တရက် လှည့်ကြည့်လိုက်ပြီး သူ့မှာဒေါသကြောင့် မေ့မြောလုမတတ် ဖြစ်ရတော့သည်။ "နင်တို့ နင်တို့တွေ"
သခင်မကြီးဟော်၏မျက်နှာသည် ဖြူဆုတ်သွားပြီး ကျိုးချန်ချန်ကလည်း အသက်ပင်မရှူရဲတော့ချေ။
ဟော်ဖိန်းရိ၏ရင်ဘတ်မှာ ဖြောင့်မတ်မှန်ကန်နေသည့်ဟန်ဖြင့် မြင့်တက်သွားပြီးသူသည် သွေးများ အန်ထုတ်တော့မလိုပင် ဖြစ်နေ၏။ နဉ်ရှောက်ပိုင်က ရယ်မောလိုက်ကာ "ဦးလေးဟော် ဒါက ခြံဝင်းတန်းလျားလေး တစ်ခုပါပဲ။ အဲဒီလောက် ပြင်းထန်စရာ လိုလို့လား"
"နောက်ဆုံး ဒါက ကျွန်တော့်အစ်မရဲ့ပန်းချီကားလောက်တောင်မှ မတန်ဘူးလေ။ ဘာဖြစ်လို့ အဲဒီလောက်အထိ စိတ်ပျက်နေတဲ့ပုံဖြစ်နေတာလဲ... ကျွန်တော့်အစ်မရဲ့ပန်းချီကားကို ကျွန်တော့်ဆီ ရောင်းလိုက်တုန်းကတော့ ခင်ဗျားတို့တွေ အဲဒီလောက် စိတ်ဓာတ်ကျနေတဲ့ပုံ မပေါ်ပါဘူး"
ဟော်ဖိန်းရိသည် နဥ်ရှောက်ပိုင်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဒေါသဖြင့် တုန်ယင်နေတော့သည်။
"မင်း.. မင်းတကယ်တမ်းတော့ ဒါရည်ရွယ်ချက်နဲ့လုပ်တာ..."
နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ကျိုးချန်ချန်ရဲ့ဥပမာကို လိုက်ယူပြီး တွေ့ကရာမှတ်ချက်တွေလည်း လျှောက်ပေးမနေပါနဲ့။ ဦးလေးက ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။ ဒီခြံဝင်းကို ဒါရိုက်တာလော့ကို ပေးလိုက်ဖို့ ကျိုးချန်ချန်ကို တောင်းဆိုခဲ့တာ ကျွန်တော်မှ မဟုတ်ဘဲ"
"ဒီလိုပြောလို့ အရေးကြီးတဲ့ ဘိုးဘွားပိုင်အိမ်ရဲ့ ပိုင်ဆိုင်ခွင့်စာချုပ် လုပ်ပိုင်ခွင့်ကို ပိတ်သိမ်းထားသင့်တယ်နော်။ ကျိုးချန်ချန်လို အပြင်လူတစ်ယောက်က ခြံဝင်းကိုအလွယ်တကူ ပေးပစ်နိုင်တယ်တဲ့လေ။ ဦးလေးက ဘိုးဘွားပိုင်မြေကို တန်ဖိုးထားပြီး ဒါကိုသုံးပြီး ကျွန်တော်တို့ကို ငွေမညှစ်ပါဘူးလို့ အာမခံနိုင်လို့လား"
ကျိုးချန်ချန်သည် ထိတ်လန့်ခြောက်ခြားမှုအပြည့် ဖြစ်သွား၏။ "ဒါက နင့်လက်ထဲ ရောက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး"
အကယ်၍ ခြံဝင်းသည် သူ့လက်ထဲသို့ရောက်သွားလျှင် သူမသည် လောင်းကြေးကို ရှုံးသွားလိမ့်မည် မဟုတ်ပါလား။ အကယ်၍သူသည် ဒီနေ့လိုအချိန်အခါမျိုးတွင် သူမ၏နောက်ကြောင်းကို ဖော်ထုတ်ခဲ့လျှင် သူမနှင့် သခင်မကြီးဟော်တို့သည် ဇာတ်သိမ်းသွားပေတော့မည်။
ကံဆိုးချင်တော့ ကိစ္စရပ်များက စီစဥ်ထားသလို မဖြစ်ခဲ့ချေ။ နဥ်ရှောက်ပိုင်က ပြောလိုက်၏။ "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သံသယဖြစ်စရာ မလိုပါဘူး။ လူတွေအများကြီးက ဒီအကြောင်းကို သိကြပါတယ်"
"ကျွန်တော့်ကို အဆက်အသွယ်ရအောင် ကူညီပေးခဲ့တာ ရှန်မင်လေလံပွဲကလေ။ ကျွန်တော်က ဒါကို အလဲအလှယ်လုပ်ခဲ့တာ"
တံဆိပ်ခေါင်းများကို သဘောကျသည့် အဘိုးကြီးတစ်ယောက်က ရုတ်တရက် ထပြောလိုက်၏။
"တရုတ်ပြည်ရဲ့ တောင်နဲ့မြစ်တွေအားလုံး နီရဲနေတဲ့တံဆိပ်ခေါင်းနဲ့ ခြံဝင်းတစ်ခုကို အလဲအလှယ် လုပ်ချင်ခဲ့တာက မင်းလား"
နဥ်ရှောက်ပိုင်က လက်ခုပ်တီးကာ ပြောလိုက်သည်။ "ကြည့်လေ ဒီနေရာက တစ်စုံတစ်ယောက်က ဒီကိစ္စကို သိနေမယ်လို့ ကျွန်တော်တောင် ထင်မထားခဲ့ဘူး"
သူက ဟော်ဖိန်းရိ၏ တအံ့တဩဖြစ်နေသည့် မျက်လုံးများကိုကြည့်ကာ ပြောလိုက်လေသည်။ "ဪ ကျွန်တော် မေ့သွားတယ်။ ဦးလေးဟော်ကလည်း တံဆိပ်ခေါင်းတွေကို သဘောကျတာပဲ။ ကျွန်တော်သာ ကြိုသိခဲ့မယ်ဆိုရင် ဦးလေးနဲ့ပဲ တိုက်ရိုက်အလဲလှယ် လုပ်ခဲ့ပါတယ်။ ဒါဆိုရင် အားလုံးလည်း ဝမ်းသာရလိမ့်မှာပေါ့။ မိသားစုကို ဖျက်ဆီးခဲ့တာ ဟော်မိသားစုရဲ့ အတွင်းလူဖြစ်နေတာ သိနေရဲ့သားနဲ့ ဟော်မိသားစုက အပြင်လူတွေကို အပြစ်ပုံချနေစရာလည်း မလိုတော့ဘူးပေါ့"
"ရလဒ်အနေနဲ့ ခင်ဗျားတို့မိသားစုနဲ့ မရှင်းလင်းတဲ့ ဆက်ဆံရေးတစ်ခု ရှိနေတဲ့ ကျိုးချန်ချန်က ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတယ်လေ။ ငွေဆုံးရှုံးသွားတာက သေးငယ်တဲ့ကိစ္စလေးပါ။ ဘယ်လိုကြီးမားတဲ့ ပြဿနာတွေ ဖြစ်လာလိမ့်မယ်ဆိုတာကိုတော့ ဘယ်သူကသိထားမှာလဲ"
သူ့စကား ဆုံးသွားသည်နှင့်ချက်ချင်း နဥ်မိသားစု၏ အိမ်တော်ထိန်းဖြစ်သည့် ဦးလေးမာသည် လေးနက်သည့်မျက်နှာတစ်ခုဖြင့် ရုတ်တရက် အပြင်မှဝင်ချလာကာ သခင်ကြီးနဥ်၏နားနားသို့ တစ်ခုခု တီးတိုးပြောလိုက်သည်။
သခင်ကြီးနဥ်သည် ဟော်ဖိန်းရိကို လှမ်းကြည့်လိုက်ပြီး ဟော်ဖိန်းရိ၏နှလုံးမှာ စည်းချက်လွဲသွားတော့သည်။
သခင်ကြီးနဥ်က ခေါင်းညိတ်ပြလိုက်ကာ ဦးလေးမာက ကျိုးချန်ချန်ဆီသို့ လျှောက်သွားပြီး ပြောလိုက်၏။ "မိန်းကလေးကျိုး ကျေးဇူးပြုပြီးတော့ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။ ကိစ္စတစ်ခုအတွက် မင်းရဲ့အကူအညီကို လိုအပ်နေလို့ပါ"
ကျိုးချန်ချန်သည် စိုးရိမ်တကြီး သူမ၏လက်ချောင်းများကို ဖျစ်ညှစ်နေမိပြီး သခင်မကြီးဟော်ကို အကူအညီ လှမ်းတောင်းသလို ကြည့်လိုက်လေသည်။ သို့သော်ငြားလည်း နောက်ဆုံးတော့ ဆန္ဒမပါဘဲ ဦးလေးမာ၏ ခေါ်သွားခြင်းခံရ၏။
အားလုံးက တစ်ခုခုကို သဘောပေါက်သွားသယောင် အမှတ်တမဲ့ အသက်အောင့်ထားမိကြတော့သည်။
ဟုတ်ပါသည်။ ခဏအကြာတွင် ကျိုးချန်ချန်သည် ကြောက်လန့်တကြား ပြေးဝင်လာ၏။ "ဟင့်အင်း ကျွန်မ ရဲတွေနဲ့ လိုက်မသွားချင်ဘူး။ ဟင့်အင်း ကျွန်မ ရဲတွေနဲ့ လိုက်မသွားချင်ဘူး"
ထိတ်လန့်ခြောက်ခြားနေသဖြင့် သူမသည် တခြားဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ သခင်မကြီးဟော်ကို အော်ဟစ်လေတော့သည်။ "အမေ အမေ အမေ ကျွန်မကို ကယ်မှရမယ်။ ကျွန်မ လာဘ်မထိုးခဲ့ပါဘူး။ အဲဒါတွေက ဒီအတိုင်း သာမန်လက်ဆောင်တွေပါပဲ"
ထို့နောက်တွင်တော့ သူမက ဟော်ဖိန်းရိကို ပြောလိုက်၏။ "အဖေ အဖေ ကျွန်မက အဖေ့ရဲ့သမီးအရင်းပါ။ ဒီအတိုင်းရပ်နေပြီး ကျွန်မ ဒီအတိုင်း သေသွားမှာကို စောင့်ကြည့်နေလို့ မရဘူးလေ.. .ပန်းချီကားကို ပေးပစ်တာပဲဖြစ်ဖြစ် ခြံဝင်းကိုပေးခဲ့တာပဲဖြစ်ဖြစ် ကျွန်မဒါကို ဟော်မိသားစုအတွက် လုပ်ခဲ့တာပါ။ အဖေ အဖေကျွန်မက အဖေ့ရဲ့ သမီးအရင်းပါ။ ဟော်ရွှယ်ဝမ်က ကျိုးမိသားစုရဲ့သားပါ။ အဖေ ကျွန်မကို မကယ်လို့မရဘူး"
အုတ်အော်သောင်းနင်း ဖြစ်သွားသည့် လူကြားထဲတွင် ကျိုးချန်ချန်သည် အရပ်ဝတ်နှင့် အရာရှိ၂ယောက်၏ ဆွဲခေါ်သွားခြင်း ခံခဲ့ရသည်။
"အိုး" ရုံရှင်းက လေချွန်လိုက်ပြီး "အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတာပဲ"
နဥ်ရှောက်ပိုင်က ပြုံးလိုက်သည်။ လောင်းကြေးက သူကိုယ်တိုင်ပင် ထုတ်မပြောလိုက်ရပါဘဲ မြန်မြန်ဆန်ဆန်ကြီး အကျိုးသက်ရောက်လာသည်။
ခန်းမထဲက ဆူညံသံများသည် ရုတ်ချည်းဆိုသလို ဒက်စီဘယ်လ် တစ်ခုအထိ မြင့်တက်သွားတော့သည်။
"ဒါက ဘယ်လိုဖြစ်တာလဲ ဒါကဘာအဓိပ္ပာယ်လဲ။ ငါဘာဖြစ်လို့ နားမလည်ရတာလဲ"
ဟော်မိသားစုအကြောင်းကို သိသည့်တစ်စုံတစ်ယောက်က ရှင်းပြလိုက်၏။ "ဟော်မိသားစုက ယောက်ျားလေးတွေကိုပဲ တန်ဖိုးထားတာလေ။ ကျုပ်အထင်တော့ သခင်မကြီးဟော်က နေရာတစ်ခုရဖို့အတွက် သူ့သမီးကို သားတစ်ယောက်နဲ့ အစားထိုးခဲ့တာ ထင်တယ်..."
"ဒါက တကယ့်ကိုပဲ..."
"ဒါက လုံးဝကို အဓိပ္ပာယ်မရှိတာပဲ။ ဟော်ရွှယ်၀မ်က သနားစရာ ကောင်းမနေဘူးလား..."
နဥ်ရှောက်ယွင်သည် ရုတ်တရက်ဆိုသလို သခင်မကြီးဟော်ဆီသို့ လျှောက်သွားကာ ဒေါသတကြီး ပြောလိုက်၏။ "ရှင်က ကျိုးချန်ချန်ကို ခွင့်ပြုထားပြီး ကျွန်မတို့မိသားစုနဲ့ ကျွန်မတို့ကို အနိုင်ကျင့်ခွင့်ပေးထားတာလည်း မဆန်းတော့ပါဘူး။ သူက ချန်းချန်းကိုတောင် အလွတ်မပေးခဲ့ဘူးလေ။ ဒီတော့ ဒါက အမှန်တရားပဲ"
"ကျွန်မတို့တွေက ဟော်မိသားစုရဲ့ မိသားစုဝင်တွေ လုံးဝ မဟုတ်ခဲ့ဘူး"
သူမက ဟော်ဖိန်းရိဘက်သို့ ပြန်လှည့်ကာ ရုတ်တရက်ဆိုသလို အရာအားလုံးကို နားလည်သွားသည်ဟန်ဖြင့် ပြောလိုက်သည်။ "နောက်ပြီးတော့ ရှင်၊ ရှင်က ဒီကိစ္စကို အစောကြီးကတည်းက သိထားခဲ့တာပဲ"
နဥ်ရှောက်ယွင်သည် အလွန်မှ ဒေါသထွက်သွားသဖြင့် တစ်ကိုယ်လုံး တုန်ရင်နေတော့သည်။ သူမက မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့် ပြောလိုက်၏။ "ရှင်က ဟော်ရွှယ်ဝမ်နဲ့ အန္တရာယ်ထဲရောက်ခဲ့ရတဲ့ ချန်းချန်းကို ဂရုမစိုက်တာလဲ မဆန်းတော့ပါဘူး" နဉ်ရှောက်ယွင်က ဟိန်းဟောက်တော့မတတ် ပြောလိုက်၏။ "ဘာဖြစ်လို့လဲဆိုတော့ ချန်းချန်းက ဟော်မိသားစုရဲ့ သွေးသားရဲ့လမ်းမှာ ပိတ်နေတဲ့အတွက် ရှင်က သူ့ကို ဖယ်ရှားချင်နေခဲ့တာပေါ့လေ"
"ရှင်က ဟောရွှယ်ဝမ်နဲ့ ကျွန်မကို လိမ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ရှင်က ကျွန်မရဲ့ ကလေးကိုတောင် အလွတ်မပေးခဲ့ဘူး" နဥ်ရှောက်ယွင်သည် ကော်ဖီစားပွဲပေါ်က လက်ဖက်ရည်ပန်းကန်ကို ကောက်ယူလိုက်ကာ သခင်မကြီးဟော်ရှိရာဘက်သို့ ခက်ထန်စွာ ပစ်ထည့်လိုက်လေသည်။ "ရှင်တို့တွေ ရှင်တို့တွေက တိရစ္ဆာန်ထက်တောင် ပိုပြီးတော့ ဆိုးရွားသေးတာပဲ"
မြင်ကွင်းမှာ ရုတ်တရက်ဆိုသလို ဖရိုဖရဲဖြစ်သွားတော့၏။
နဥ်ရှောက်ယွင်မှာ အငိုမရပ်နိုင်တော့ချေ။ "ကျွန်မမှာ ညတိုင်းဆိုသလို ချန်းချန်း ပြန်ပေးဆွဲခံရတဲ့ကိစ္စကိုပဲ အိပ်မက်မက်နေခဲ့တာ။ ရှင်တို့သိရဲ့လား။ သူက ဒီအတိုင်း ကလေးတစ်ယောက်ပါပဲ။ သူ့ရဲ့လက်ချောင်းတွေက ခုတ်ဖြတ်ခံထားရပြီး သူ့ရဲ့ခြေထောက်တွေကလည်း ကျိုးပဲ့ခဲ့တယ်။ လူက သွေးအိုင်ထဲမှာ အသက်မဲ့ပြီး လဲလျောင်းနေခဲ့တယ်..."
ရှမြန်သည် ထိုအခိုက်အတန့်တွင် မှင်တက်အံ့သြသွားပြီး နဥ်ရှောက်ယွင်က စာအုပ်ထဲကအတိုင်း ချန်းချန်း၏ ရုပ်သွင်ကို အမှန်တကယ် အိပ်မက်မက်ခဲ့လေသလားဟု သေချာမသိနိုင်အောင် ဖြစ်သွားလေသည်။ သူမက ရှေ့သို့ အလောတကြီး လျှောက်သွားလိုက်ကာ နဥ်ရှောက်ယွင်ကို တွဲထားပေးလိုက်သည်။ "အစ်မနဉ်"
နဥ်ရှောက်ယွင်က ဟော်ဖိန်းရိနှင့် သခင်မကြီးဟော်ကို လက်ညှိုးငေါက်ငေါက်ထိုးကာ ပြောလိုက်သည်။
"ကျွန်မ ရှင်တို့တွေကို လုံးဝ အလွတ်ပေးမှာမဟုတ်ဘူး"
နဥ်ရှောက်ယွင်က ရုတ်တရက် တိုက်ခိုက်လိုက်သဖြင့် အားလုံးက တအံ့တဩ ဖြစ်သွားကြသည်။ သို့သော်ငြားလည်း သူမ ပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးသည့်နောက်တွင် ဒီလိုတိုက်ခိုက်လိုက်ခြင်းက တော်တော်လေးကို ထိန်းသိမ်းထားသည့် အပြုအမူတစ်ခုဖြစ်နှင့်ပြီးသည်ဟု ရုတ်တရက် ခံစားမိလိုက်ကြ၏...
"ဒါက.. ဒါက လုံးဝကို အဓိပ္ပာယ်မရှိတာပဲ..."
"သူက တကယ်ပဲ သေလောက်အောင် အရိုက်ခံရဖို့ ထိုက်တန်ပါတယ်"
"ကိုယ့်ရဲ့ကိုယ်ပိုင်အတ္တကြောင့် တစ်စုံတစ်ယောက်ရဲ့ဘဝကို ဖျက်ဆီးခဲ့တယ်ဆိုရင်တောင် ဒါက တော်တော်လေးကို ဆိုးရွားနေပါပြီ။ ဒါပေမဲ့ ကလေးက လမ်းပေါ်မှာ ပိတ်ဆို့နေတဲ့အတွက် ဒီကလေးကို ဖျက်ဆီးချင်နေတယ်တဲ့လား"
"ဒီမိသားစုက သူတို့နေချင်တဲ့ပုံစံအတိုင်း နေထိုင်နေကြတာပဲ"
...
သခင်ကြီးနဥ်ကလည်း သူ၏ကြိမ်တုတ်ကို ဆောင့်ချလိုက်ပြီး အော်ပြောလိုက်လေသည်။ "ဟော်ဖိန်းရိ ရှောက်ယွင် ပြောနေတာတွေက အမှန်ပဲလား။ ချန်းချန်းရဲ့ ပြန်ပေးဆွဲမှုက ခင်ဗျားတို့ဟော်မိသားစုနဲ့ ပတ်သက်နေတာလား"
ဖန်ရှို့ကျစ်သည် နဥ်ရှောက်ပိုင်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်သော်လည်း နဥ်ရှောက်ပိုင်က အဘိုးကြီးကို လှောင်ပြောင်နေသလို ကြည့်ကာ ဘာမှမပြောသည်ကို တွေ့လိုက်ရ၏။ ဟော်ဖိန်းရိသည် ခက်ခက်ခဲခဲ ကြိုးစားဖုံးကွယ်ထားရသည့် ဟော်မိသားစု၏ အရှုပ်အထွေးက ဒီလိုအခြေအနေအောက်တွင် ပေါ်ပေါက်သွားလိမ့်မည်ဟု လုံးဝထင်မထားခဲ့ချေ။ သူသည် ပြန်ပေးဆွဲခြင်းနှင့်ပတ်သက်ပြီး ပူးပေါင်းခဲ့သည် စွပ်စွဲချက်ကိုဆက်ပြီး လက်မခံနိုင်တော့ပေ။ သူက ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တုန်ရင်နေသည့် အသံတစ်ခုဖြင့် ထိုကိစ္စကို ငြင်းပယ်လိုက်၏။
"အဘိုးကြီး ဒါတွေအားလုံးက လုပ်ကြံပြောဆိုထားတဲ့ ဇာတ်လမ်းတွေပါပဲ..."
နဥ်ရှောက်ပိုင်က ပျင်းရိလေတွဲစွာဖြင့် ပြောလိုက်သည်။ "ဦးလေးဟော် ဒီနေရာမှာ အငြင်းပွားနေစရာ မလိုပါဘူး။ ခေတ်သစ်ဆေးပညာအရဆိုရင် ဒီအန်အေစမ်းသပ်မှုက အားလုံးကို ဖော်ထုတ်ပေးနိုင်ပါတယ်။ ပြန်ပေးဆွဲတဲ့ ကိစ္စကတော့..."
သူသည် ရုတ်တရက်ပြုံးကာ မေးလိုက်လေသည်။
"ကျိုးချန်ချန်က စုံစမ်းစစ်ဆေးရေးမှာ ဘယ်လောက်အထိ ခံနိုင်ရည်ရှိမယ်လို့ ဦးလေးက ထင်ထားလဲ"
နဉ်ရှောက်ပိုင်က ဒီစကားကို ပြောလိုက်ချိန်တွင် သူသည် ဖန်ရှို့ကျစ်ဘက်ကို လှမ်းကြည့်လိုက်၏။ သို့သော်ငြားလည်း တစ်ဖက်လူ၏မျက်နှာတွင်တော့ ဘာအပြောင်းအလဲမှ ရှိမနေချေ။
ထင်ထားသည့်အတိုင်းပင်... ဒီကိစ္စတွင် ဘာအားနည်းချက်မှ မရှိနေသင့်ချေ။
သခင်မကြီးဟော်ကတော့ ဖြူဆုတ်သွားကာ သတိလစ်သွားတော့သည်...
မြင်ကွင်းက ရုတ်တရက်ဆိုသလို ဖရိုဖရဲဖြစ်သွား၏။ သခင်ကြီးနဥ်သည် သူ့မျက်နှာပေါ်တွင် သုန်မှုန်နေသည့် အမူအရာတစ်ခုဖြစ်သွား၏။ သူက အိမ်တော်ထိန်းကို ထိုလူအား ဆွဲထုတ်သွားဖို့ အမိန့်ပေးလိုက်ပြီး ယဉ်ကျေးနေသည့် သဘောထားမပြသတော့ချေ။
သူက မျက်နှာပေါ်တွင် မျက်ရည်များဖုံးလွှမ်းနေသည့် နဉ်ရှောက်ယွင်ကို မော့ကြည့်လိုက်ကာ သူ့ပါးစပ်ကိုဖွင့်လိုက်ပြီး နောက်ဆုံးတော့ လေးပင်စွာသက်ပြင်းချလိုက်ရတော့သည်။
"အစ်မ" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ရှမြန်ကို အနားယူခန်းထဲကို ခေါ်သွားခိုင်းလိုက်ပါ။ ဒီနေ့က အဘိုးရဲ့ မွေးနေ့လေ။ သူ့ရဲ့စိတ်အခြေအနေကို ပျက်စီးသွားအောင် မလုပ်ပါနဲ့"
သူက ဖန်ရှို့ကျစ်ကို လှမ်းကြည့်လိုက်ပြီး မသိမသာ ပြုံးပြလိုက်သည်။ "ဒေါ်ဒေါ်ဖန်ကလည်း နောက်မှာလုပ်စရာ အရေးကြီးကိစ္စတချို့ရှိသေးတယ်။ ဒီတော့ ကျွန်တော်တို့တွေက ဒါကိုအချိန်ဆွဲထားလို့ မဖြစ်ဘူးလေ"
...