အပိုင်း(၉၃)
Vol. 7 Ch. 93
နဥ်ရှောက်ယွင်သည် ဒီစကားကိုကြားလိုက်ရပြီးနောက်တွင် ချက်ချင်း သတိဝင်လာတော့သည်။ ဟုတ်တယ်။ သူတို့တွေက ကြံရာပါတွေကိုပဲ ရှင်းရသေးတာပဲ။ ဒါပေမဲ့ တကယ့်တရားခံက ဒီနေရာမှာပဲ ရှိနေသေးတယ်လေ။
နဥ်ရှောက်ပိုင်က ဘာကိုမှ ဖုံးကွယ်မထားခဲ့ချေ။ သူ ဘာလုပ်ချင်နေသည်ကို အားလုံးက မသိသော်ငြားလည်း ဟော်မိသားစုပြီးလျှင် ဖန်ရှို့ကျစ်အလှည့် ရောက်လာမည်ကိုတော့ သူတို့သည် သေချာခံစားနိုင်လေသည်...
ဖန်ရှို့ကျစ်သည် မနေနိုင်တော့ဘဲ လက်သီးများကို ဆုပ်ထားမိ၏။ သူမသည် နဥ်ရှောက်ပိုင်ကို အမှန်တကယ် မှားယွင်းအကဲဖြတ်ခဲ့မိသည်ဟု ဝန်ခံရပေသည်။ သူပြန်ရောက်လာခဲ့သည်မှာ တစ်လတည်းသာ ရှိသေးသော်ငြားလည်း သူသည် ကိစ္စအများအပြားကို လုပ်ထားခဲ့ပြီဖြစ်သည်။
ဒီနေရာတွင် ရှိနေကြသည့် တစ်ယောက်ချင်းစီတိုင်းက ပါးနပ်သည့်သူများဖြစ်သည်။ ဟော်မိသားစု၏ မျက်နှာကို တစ်လွှာပြီးတစ်လွှာ ခွာချခဲ့ပြီးသည့်နောက်ဆုံး ကျရှုံးသွားမည့်အရေးကို ကြိုတင်မြင်နိုင်ပေသည်။
ဆက်စပ်မှုမရှိပါဟု ထင်ရသည့် ကိစ္စရပ်များအားလုံးသည် နဥ်မိသားစု၏ အကြီးဆုံးသား၏ အရိပ်သာဖြစ်သည်။
သူသည် ဖန်ရှို့ကျစ်ပြောခဲ့သလို အရူးတစ်ယောက် လုံးဝမဟုတ်ချေ။ လူများသည် သူ့ကို အသစ်စက်စက် အကဲခတ်အကြည့်များနှင့် စဉ်းစားတွေးတောခြင်းများဖြင့် ကြည့်နေကြသည်။
နောက်ဆုံး မိထွေးကောင်းတစ်ယောက်ဟူသည့် ဖန်ရှို့ကျစ်၏ဂုဏ်သတင်းသည် ခွာချခံခဲ့ရသည်။ သူမသည်လည်း ဟော်မိသားစု၏ ခြေလှမ်းအတိုင်း လိုက်သွားရပေမည်လား။
ထိုလူများသည် နဥ်မိသားစု၏အရေးကိစ္စကို အမှန်တကယ် ဂရုမစိုက်ချေ။ သို့သော်ငြားလည်း သူတို့အားလုံးသည် နဥ်မိသားစုနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိကြသလို ပူးပေါင်းဆောင်ရွက်တော့မည့် ကိစ္စလည်းရှိကြသည်။ ဖန်ရှို့ကျစ်၏ရလဒ်က သူတို့၏စိတ်ဝင်စားမှုနှင့် ပတ်သက်နေသည်။
အားလုံး၏အကြည့်အောက်တွင် နဥ်ရှောက်ပိုင်က ပြုံးကာ ပြောလိုက်၏။ "အစ်မရဲ့လက်ဆောင်ကိုတော့ ပေးပြီးသွားပြီ။ ဒါပေမဲ့ ကျွန်တော်ကတော့ မပေးရသေးဘူး"
သခင်ကြီးနဥ်သည် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သော်ငြားလည်း သူက မေးလိုက်၏။
"ဘာလက်ဆောင်လဲ"
နဥ်ရှောက်ပိုင်က ပြောသည်။ "ဒါကနိုင်ငံခြားကနေ သွင်းလာတဲ့ အသံစနစ်ပါ။ အဘိုးက ပြဇာတ်ကို နားထောင်ရတာ သဘောကျတာ ကျွန်တော် သိတယ်လေ။ ဒါနဲ့ဆိုရင် တိတ်ခွေတစ်ခုနဲ့ဖြစ်ဖြစ် စီဒီပြားတစ်ခုနဲ့ဖြစ်ဖြစ် ချိတ်ဆက်ပြီးတော့ ခန်းမတစ်ခုလုံးက အသံကိုကြားနိုင်တယ်။ တိုက်ရိုက် နားထောင်နေရသလိုပဲ။ effectက တကယ် အံ့သြစရာကောင်းတယ်"
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ဒီနေ့မှ ဒါကိုသုံးနိုင်တယ်လေ" နဥ်ရှောက်ပိုင်ကပြောလိုက်ပြီး စတိတ်စင်ငယ်လေးနှင့် ချိတ်ဆက်ထားသည့် မိုက်ခရိုဖုန်း ကိုကြည့်လိုက်ကာ "အဘိုး နောက်ပိုင်း ဒေါ်ဒေါ်ဖန်နဲ့ စကားပြောတဲ့အချိန်ကျရင် အသံအကျယ်ကြီး ပြောစရာမလိုတော့ဘူး။ အားလုံးလည်း အဘိုးအသံကို ကြားနိုင်တယ်"
ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် နဉ်ရှောက်ပိုင်က သူ့ဆဲလ်ဖုန်းကို ထုတ်လိုက်ကာ ခေါ်ဆိုမှုတစ်ခု လုပ်လိုက်၏။ "အားလုံးကို ယူဝင်လာခဲ့လိုက်"
သိပ်မကြာခင် လူများသည် ကြီးမားသည့် စပီကာ၄ခုကို သယ်ဝင်လာကြသည်။ နဥ်ရှောက်ပိုင်က ဦးလေးမာကို ပြောလိုက်၏။ "သူတို့တွေကို ကြိုးကူသွယ်လိုက်ပါဦး။ နာရီဝက်လောက်ဆိုရင် အဆင်သင့်ဖြစ်ပါလိမ့်မယ်။ အားလုံးကို ပတ်ဝန်းကျင်အသံသက်ရောက်မှုကို စမ်းပြီးနားထောင်ခိုင်းကြတာပေါ့။ ဒါက ကောင်းတဲ့ကိစ္စပဲ"
ဖန်ရှို့ကျစ်သည် သတိနှင့် စပီကာများကို စိုက်ကြည့်နေ၏။ နဥ်ရှောက်ပိုင်သည် အသုံးမဝင်မည့်အလုပ်ကို လုပ်လိမ့်မည်မဟုတ်မှန်း သူမ သိနေသည်။ သို့သော်ငြားလည်း ထိုအကြောင်းကို စဉ်းစားလိုက်ပြီးသည့်နောက်တွင် ဒီစပီကာများကို ဘာလုပ်မည်ဟု သူမ မခန့်မှန်းနိုင်ခဲ့ချေ...
နဥ်ရှောက်ပိုင်က ပြုံးကာပြောလိုက်၏။ "ဒေါ်ဒေါ်ဖန် ဘာဖြစ်လို့အဲဒီလောက် စိတ်လှုပ်ရှားနေတာလဲ။ စိတ်မပူပါနဲ့ အထဲမှာဘာဗုံးမှ မပါပါဘူး"
နဥ်ရှောက်ယန်က မျက်မှောင်ကြုတ်လိုက်၏။ "အစ်ကို..."
နဥ်ရှောက်ပိုင်ကတော့ သူ့ကိုလျစ်လျူရှုထားဆဲပင်။ သခင်ကြီးနဥ်က သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ကာ နဥ်ရှောက်ပိုင်၏လက်ကို ပွတ်ပြီးပြောလိုက်၏။ "အသံစနစ်ကို တပ်ဆင်ဖို့ အချိန်ခဏလောက် ယူရဦးမှာဆိုတော့ မင်း အဘိုးနဲ့အပေါ်ထပ်ကို အတူလိုက်ပြီး အဖော်လုပ်ပေးသင့်တယ်"
အဘိုးနဥ်၏ စာကြည့်ခန်းထဲတွင် အဘိုးကြီးသည် ကူကယ်ရာမဲ့ကာ ပြောလေသည်။ "ရှောက်ပိုင်... မင်းရဲ့စိတ်ထဲမှာ နာကြည်းမှုတွေရှိတယ်ဆိုတာ အဘိုး သိပါတယ်။ ဒါပေမဲ့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ အခု ချန်းချန်းကို ပြန်ပေးဆွဲခဲ့တဲ့ လူသတ်သမားကိုလည်း ရှာတွေ့ခဲ့ပြီးပြီ..."
"အဘိုး" နဥ်ရှောက်ပိုင်သည် အလွန်မှဒေါသထွက်ရသဖြင့် ရယ်မောလိုက်၏။ "အဘိုးက ဘယ်အချိန်မှာ နားမလည်သလို ဟန်ဆောင်ရမယ်ဆိုတာကို သိပါတယ်။ ဟုတ်တယ်မလား။ ကျွန်တော်က အရူးတစ်ယောက်နဲ့ တူနေလို့လား"
အဘိုးကြီးသည် သက်ပြင်းချလိုက်ကာ တည်တည်ကြည်ကြည်ဖြင့် ပြောလိုက်၏။ "ရှောက်ပိုင် မင်း ပိုင်ဆိုင်ရမဲ့ ပိုင်ဆိုင်မှုတွေကို အဘိုးက တစ်ပြားမှ လျှော့ပေးမှာ မဟုတ်ဘူး။ အဘိုး ဒါကိုတော့ မင်းကို ကတိပေးနိုင်တယ်။ ဒါပေမဲ့ ရှောက်ယန်ကလည်း လိမ္မာတဲ့ကလေးတစ်ယောက်ဆိုတာကို မင်းလဲ သိပါတယ်။ နောက်ဆုံး မင်းတို့တွေက ညီအစ်ကိုတွေ..."
"ဒီတော့ ဘာဖြစ်လဲ။ ကျွန်တော်က သူ့အစ်ကို ဖြစ်ရလောက်တဲ့အထိ ကံမကောင်းခဲ့တဲ့အတွက် သူက ကျွန်တော်တို့ကို ဒုက္ခပေးချင်နေတာကိုတောင် သည်းခံရမယ်ပေါ့လေ"
"ငါပြောတာ နားထောင်ဦး" အဘိုးကြီးက ဒေါသတကြီး ပြောလိုက်၏။ "မင်းတို့အားလုံးက ငါ့မြေးတွေပဲ။ ငါက မင်းတို့ထဲက ဘယ်သူ့ကိုမှ ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူး"
"အဲဒီ ချုံးယင်းဆိုတဲ့ ကလေးမ။ သူ့အဘိုးက ငါ့မိတ်ဆွေဟောင်းပဲ။ သူက ချောမောလှပပြီး လုပ်ရည်ကိုင်ရည်ရှိတယ်။ နောက်ဆိုရင် ကောင်းခမ်းဆေးဝါးကိုလည်းပဲ အမွေဆက်ခံလိမ့်မယ်။ မင်းတို့နှစ်ယောက် အချင်းချင်း သင့်သင့်မြတ်မြတ်နေသင့်တယ်။ ဖန်ရှို့ကျစ်က ကိုယ့်ဟာကိုယ် ယုံကြည်မှုလွန်ကဲနေတာ။ ဒီတော့ သူက ကောင်းမိသားစုကိုတော့ နည်းနည်းတော့ သတိထားလိမ့်မယ်"
"ပြောပါဦး" နဥ်ရှောက်ပိုင်က ပြောလိုက်၏။
"အဘိုးက ဒီလှည့်ကွက်ကို ကျွန်တော့်အပေါ်မှာ သုံးနေတာလား"
"ဖန်ရှို့ကျစ်က လှပချောမောပြီး လုပ်ရည်ကိုင်ရည်ရှိတယ်။ ဟော်ရွှယ်ဝမ်ကလည်း ချောမောခံ့ညားပြီး လုပ်ရည်ကိုင်ရည်ရှိတယ်... ကျွန်တော့အဖေ အိမ်က ထွက်ပြေးသွားခဲ့ပြီး အခုထိ ရှာမတွေ့သေးဘူး။ ကျွန်တော့်အစ်မကလည်း ရယ်စရာတစ်ခု ဖြစ်လာခဲ့တယ်။ ချန်းချန်းရဲ့အသက်ကလည်း အန္တရာယ်ရှိလာတယ်။ ဒါတွေကြောင့်ပဲလေ"
"အဘိုး။ အဘိုးက အမြင်အာရုံစူးရှတဲ့အတွက် အဘိုးရွေးလိုက်တဲ့လူတိုင်းက တကယ့်ကိုရှားပါးတဲ့ ရတနာတစ်ခုပဲ။ ကျွန်တော်က ဒီစွန့်စားမှုကိုတော့ လက်မခံရဲပါဘူး"
"ကျွန်တော်က ရိုးရှင်းတဲ့ဘဝကိုပဲ ပိုသဘောကျတယ်။ နေ့တိုင်း တိရစ္ဆာန်တွေရဲ့ ညစ်ပတ်တဲ့လက်တွေကို သန့်ရှင်းရေး လုပ်နေရမှာကို မလိုချင်ဘူး"
သခင်ကြီးနဥ်က ဒေါသတကြီးပြောလိုက်၏။ "ဒါကလည်း မင်းအတွက်ပဲ မဟုတ်လား။ ငါက တခြားဘာတတ်နိုင်မှာလဲ"
"အခု ငါ အသက်ကြီးနေပြီ။ အခုအချိန်မှာ ငါ နဥ်မိသားစုကို ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အကြောင်းအရင်းကလည်း ငါနဲ့အတူတူ ဒီလောကကို တည်ထောင်ခဲ့တဲ့ အဲဒီမိတ်ဆွေဟောင်းတွေ ရှိနေသေးလို့ပဲ"
"ဟိုင်နန်မှာ ဖန်ရှို့ကျစ်ရဲ့ရင်းနှီးမြှပ်နှံမှု အောင်မြင်သွားပြီး မော့ဟယ်ကုမ္ပဏီနဲ့ ကော်ပိုရေးရှင်း စာချုပ်တစ်ခု ချုပ်ဆိုနိုင်ခဲ့တာနဲ့ အဘိုးက သိပ်မကြာခင် အနားယူရလိမ့်မယ်။ အဲဒီအချိန်ကျရင် ငါက ဘာမှ လုပ်ပေးနိုင်မှာ မဟုတ်တော့သလို အမေ့ပျောက်ခံ ဖြစ်လာလိမ့်မယ်။ မင်းက အခုလိုပဲ အေးအေးဆေးဆေး နေနိုင်ဦးမယ်လို့ ထင်နေတာလား"
အဘိုးကြီးက စိတ်မကောင်းကြီးစွာ ပြောလေသည်။ "ရှောက်ပိုင် အဘိုးက ဆက်ပြီးတော့ ထိန်းမထားနိုင်တော့ဘူး။ အဘိုးက မင်းအတွက် ထွက်ပေါက်တစ်ခု ရှာပေးဖို့ပဲတတ်နိုင်တယ်"
နဥ်ရှောက်ပိုင်က ရုတ်တရက် ပြုံးလိုက်သည်။ "အဘိုး အဘိုးက အရမ်းကို သိတတ်တယ်လို့ မထင်ဘူးလား။ အဘိုးတစ်ဘဝလုံး မိသားစုထဲမှာ အရာအားလုံးကို ညီညွတ်မျှတအောင် လုပ်လာပေးပြီး လူငယ်မျိုးဆက် အားလုံးကိုလည်း စောင့်ရှောက်ပေးခဲ့တယ်။ နဥ်မိသားစုကို ပိုပြီးမြင့်သထက်မြင့်အောင် ပို့ဆောင်ပေးခဲ့တယ်။ အဘိုးက ဒီလောက်ကောင်းမွန်တဲ့အလုပ်တစ်ခုကို လုပ်ခဲ့ပြီးပြီပဲ မဟုတ်လား"
"ဒီနေ့ အဘိုးက ဒါတွေပြိုကျ ပျက်စီးသွားမှာကို ကိုယ်တိုင်မြင်ရလိမ့်မယ်"
အဘိုးကြီး၏မျက်နှာသည် ပြောင်းလဲသွားပြီး နဥ်ရှောက်ပိုင် ပြောလိုက်သည့်စကားကို ကြားလိုက်ရ၏။
"ဘာဖြစ်လို့လဲဆိုတော့ ဒါတွေအားလုံးက အတုအယောင်တွေ ဖြစ်နေလို့လေ။ ဘာဖြစ်လို့လဲဆိုတာရော သိလား"
"အဘိုးက ကျွန်တော်တို့ ကလေးဘဝကတည်းက အခြေအနေတစ်ရပ်လုံးကို ခြုံငုံပြီးစဉ်းစားတတ်ရမယ်။ နဥ်မိသားစုကို ဦးစားပေးရမယ်လို့ သင်ပေးခဲ့တယ်လေ။ ဒါပေမဲ့လည်း အခြေအနေတစ်ခုလုံးကို ခြုံငုံပြီး စဉ်းစားသုံးသပ်တယ်ဆိုတာက မျှတမှုအပေါ်မှာပဲ အခြေခံတာပါ"
"အဘိုးကတော့ အခြေအနေတွေကို တိတ်ဆိတ်ငြိမ်သက်သွားအောင် လုပ်ဖို့ပဲကြိုးစားနေတာလေ"
"ဖန်ရှို့ကျစ်က သံသယလွန်ကဲပြီး ကိုယ့်ဟာကိုယ် ဟုတ်လှတယ်လို့ ထင်နေတယ်။ ကျွန်တော်တို့တွေကလည်း ကျိုးကြောင်းဆင်ခြင်မှုရှိပြီး သဘောထားကြီးတဲ့အတွက် သူက ကျွန်တော်တို့ကို အလျှော့ပေးဖို့ ဆက်တိုက် တောင်းဆိုနေလာတာပဲ"
"အဘိုးက အခြေအနေတစ်ရပ်လုံးကို ခြုံငုံသုံးသပ်နေတာလား။ မဟုတ်ဘူးနော်။ ကျွန်တော်တို့တွေက အလျှော့ပေးနိုင်တယ်လို့ အဘိုးက ထင်ထားတယ်။ ဒါမှလည်း နဥ်မိသားစုက အပေါ်ယံမှာ နည်းနည်းလေး အေးအေးချမ်းချမ်း ထိန်းသိမ်းထားနိုင်မယ်လို့ အဘိုးကထင်ထားတာ"
"အဲဒီအမည်ခံသက်သက် အေးချမ်းမှုက ပိုပြီးတော့တောင် ရယ်စရာကောင်းပါသေးတယ်။ အဘိုးက တကယ်ပဲ အေးချမ်းတာကို ပေးနေတာလား ဒါမှမဟုတ် အဘိုးကိုယ်တိုင် စိတ်သက်သာရာရတယ်လို့ ခံစားချင်နေလို့ လျော်ကြေးတစ်ခုအနေနဲ့ လုပ်ပေးနေတာလား"
"ဒါပေမဲ့ အရာအားလုံးကိုတော့ တရားမျှတမှုအပေါ် အခြေခံထားရမယ်လေ။ လူ့သဘောသဘာဝက လောဘကြီးတယ်။ တကယ်လို့ ကျွန်တော်တို့တွေက ထိန်းချုပ်ထားတာမရှိဘဲ လျော့ပေးနေမယ်ဆိုရင် အဲဒီလူတွေက သူတို့ရဲ့စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်ပြီး ပိုပြီးတော့ ရန်လိုလာလိမ့်မယ်"
"ဖန်ရှို့ကျစ်ကို ဒီနေ့ပုံစံဖြစ်လာအောင် လုပ်ခဲ့တာလည်း အဘိုးပဲလေ"
"အဘိုးက ဒါကို အမှန်ပြင်ဖို့ စိတ်မကူးဘဲနဲ့ ကျွန်တော့်ကို ဒီလိုလုပ်ခိုင်းနေတာပဲ"
"ကျွန်တော် လက်လျှော့သင့်ခဲ့တဲ့ အရာတွေကိုလည်း လက်လျှော့ခဲ့ပြီးပြီ။ တကယ်လို့ သူက ကျွန်တော့်ကို နည်းနည်းလေးထပ်ပြီး ဒေါသထွက်အောင် လုပ်မယ်ဆိုရင်တော့ ကျွန်တော်က တန်ရာတန်ကြေး၂ဆ ပြန်ပေးခိုင်းရလိမ့်မယ်"
"ရှောက်ပိုင်" ဒီအခိုက်အတန့်တွင် သခင်ကြီးနဥ်သည် နဥ်ရှောက်ပိုင်က နည်းနည်းလေး သူစိမ်းဆန်နေသည်ဟု ခံစားမိလိုက်၏။ သူ့ကို ထိတ်လန့်အောင်လုပ်နေသည့် အရောင်ဝါတစ်ခုပင်...
သခင်ကြီးနဥ်သည် ဟိုတုန်းက မှားယွင်းသည့် ရွေးချယ်မှုတစ်ခုကို လုပ်ခဲ့လေသလားဟု မနေနိုင်ဘဲ ပြန်စဉ်းစားမိသွား၏။ ဒီကလေးက ပိုလို့ပင်...
အဘိုးကြီးသည် သူ့စိတ်ထဲက အတွေးများကို ဖယ်ရှားလိုက်လေသည်။ ဒီအခိုက်အတန့်တွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ တည်ရှိနေပြီးသော အေးချမ်းမှုကို ထိန်းသိမ်းထားရန်သာ ဖြစ်လေသည်။
"တကတည်း မင်း ဘာလုပ်ချင်နေတာလဲ" အဘိုးကြီးက တည်တည်ငြိမ်ငြိမ် မေးလိုက်သည်။
နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြန်ပြောလိုက်၏။ "စိတ်မပူပါနဲ့ အဘိုးက အဘိုးလုပ်နိုင်တဲ့ အခြေအနေအတွင်းမှာ ကျွန်တော်တို့ကို တကယ်ဂရုစိုက်တယ်ဆိုတာ သိပါတယ်။ ဒီအပြင် ကျွန်တော့်အဖေလည်း ရှိသေးတာပဲ။ အဘိုးပြောတဲ့အတိုင်းပဲ နဥ်ရှောက်ယန်က နည်းနည်းလေးတော့ တုံးအတယ်။ ဒါပေမဲ့ သူက လိမ္မာတဲ့ ကလေးတစ်ယောက်ပါ။ ကျွန်တော်နဥ်မိသားစုကို ဖျက်ဆီးမှာ မဟုတ်ပါဘူး"
"အလွန်ဆုံး ကျွန်တော်က ကင်ဆာပေးနေတဲ့ အဖုအကြိတ်ကို ဖြတ်ပစ်လိုက်ရုံပေါ့" နဉ်ရှောက်ပိုင်က ပြောလိုက်သည်။ "ကျွန်တော့ကို ယုံပါ။ ဒါကို ဖြတ်ထုတ်ပြီးသွားရင်တော့ နဥ်မိသားစုက ပိုပြီးတော့ ကျန်းမာသွားပါလိမ့်မယ်"
သခင်ကြီးနဥ်က အားနည်းချည့်နဲ့စွာ ပြောလေသည်။
"ရှောက်ပိုင် အဘိုးရဲ့မွေးနေ့ပါတီ ပြီးသွားတဲ့အထိ စောင့်ပေးပါ။ ဒီတစ်ကြိမ် ငါ တကယ် သူ့ကို ဘက်လိုက်တော့မှာ မဟုတ်ပါဘူး။ မင်းပိုင်ဆိုင်တဲ့ပစ္စည်းကို တစ်ပြားလေးမှ မလျော့စေရပါဘူး"
နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "အဘိုး အဘိုးပြောတဲ့စကားတွေကို အဘိုးကိုယ်တိုင်တောင် ယုံရဲ့လား။ အဘိုး ဒီလိုလုပ်နိုင်တယ်ဆိုတာ ကျွန်တော် ယုံပါတယ်။ ဒါပေမဲ့ ဖန်ရှို့ကျစ်က ဒါကို သဘောတူမှာတဲ့လား"
"အဘိုးက သူ့ကိုလောဘကြီးတဲ့ မိစ္ဆာတစ်ယောက်ဖြစ်သွားအောင် ပြောင်းလဲပေးခဲ့ပြီးပြီပဲ"
နဉ်ရှောက်ပိုင်က အဘိုးကြီး၏အဝတ်အစားကို သပ်ရပ်အောင် ကူညီပေးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။ "စိတ်လျှော့ပါ၊ ကျွန်တော်က နဥ်မိသားစုကို ဆိုးဆိုးဝါးဝါး ဖြစ်ခွင့်ပေးမှာ မဟုတ်ပါဘူး။ နဥ်မိသားစုကို နဥ်ရှောက်ယန်ရဲ့ စောင့်ရှောက်မှုအောက်မှာ ထားခဲ့မှာပါ။ နောက်ဆုံး သူက အဘိုးဂရုတစိုက်လေ့ကျင့်ပေးထားခဲ့တဲ့ အမွေဆက်ခံသူ တစ်ယောက်ပဲလေ"
သခင်ကြီးနဥ်...
သူသည် ဒီနေ့ဒီစိုးရိမ်သောကကို လွှတ်ချနိုင်လိမ့်မည် မဟုတ်ချေ။
နဥ်ရှောက်ပိုင်သည် စာကြည့်ခန်းထဲမှ ထွက်လာသည်တွင် တံခါးနားတွင်ရပ်နေသည့် ဖန်ရှို့ကျစ်ကို မြင်လိုက်၏။
သူမ၏မျက်နှာပေါ်က တည်ငြိမ်မှုများက ပျောက်ကွယ်နေပြီး သူမ၏မျက်လုံးများက သတိအပြည့်ရှိနေသည်။
နဥ်ရှောက်ပိုင်ကပြုံးကာ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ အဘိုးကြီးက ကျွန်တော့်ကို သီးသန့်ငွေသားတချို့ တိတ်တိတ်လေး ခိုးပေးမှာကို ခင်ဗျားက စိုးရိမ်နေတာလား"
"စိတ်မပူပါနဲ့၊ ကျွန်တော် မယူဘူးလို့ပြောထားတဲ့ကိစ္စကို ယူမှာမဟုတ်ပါဘူး။ ကုမ္ပဏီရဲ့ရှယ်ယာပဲဖြစ်ဖြစ် အဘိုးရဲ့သီးသန့်ပိုင်ဆိုင်မှုဖြစ်ဖြစ် ကျွန်တော်တစ်ပြားမှ ယူမှာမဟုတ်ဘူး"
"ဒါပေမဲ့..." နဥ်ရှောင်ပိုင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ကာ "ခင်ဗျားက ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်လာဖို့ အချိန်ရနေတာလဲ။ ဒီနေ့အားလုံးက ဒီနေရာမှာရှိနေသင့်တယ် မဟုတ်လား။ ဒါမှမဟုတ် သူတို့တွေက ခင်ဗျားရဲ့မျက်နှာအစစ်ကို မြင်ရပြီးတော့ ခင်ဗျားကိုယုံကြည်ဖို့ မလိုလားတော့လို့လား"
"နင်က ဟော်မိသားစုကို ရှင်းပစ်လိုက်နိုင်တယ်ဆိုပြီး အရမ်းကိုထောင်လွှားနေတာပဲ" ဖန်ရှို့ကျစ်က ရုတ်တရက် ပြုံးလိုက်၏။
"နဥ်မိသားစုမှာ အဲဒီအရှုပ်အရှင်းတွေ မရှိခဲ့တာကို မပြောသေးနဲ့ဦး။ ရှိခဲ့တယ်ဆိုရင်တောင်မှ အဲဒီလူတွေ ငါ့နောက်ကွယ်မှာ ဘာအကြောင်းအရာပဲပြောပြော ငါ့ကိုမြင်လိုက်တာနဲ့ သူတို့တွေ ငါ့ကို ယဉ်ကျေးနေရဦးမှာပဲ"
"ဘာဖြစ်လို့လဲဆိုတာ နင် သိလား" ဖန်ရှို့ကျစ်က ပြုံးလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ ဒီလောကမှာ အမှားနဲ့ အမှန်ဆိုတာ မရှိဘဲ အကျိုးအမြတ်ပဲ ရှိလို့လေ"
"နင်က ငါ့ထပ်ပိုပြီး အင်အားကြီးပြီး ချမ်းသာမနေဘူးဆိုရင် နင့်ကို တိတ်တိတ်နေဖို့ ငါ အကြံပေးလိုက်မယ်"
နဉ်ရှောက်ပိုင်က ခေါင်းညိတ်လိုက်သည်။ "ကျွန်တော် ဒါကိုတော့ ထောက်ခံတယ်။ ကျွန်တော်တို့တွေ စောင့်ကြည့်ကြတာပေါ့"
"စကားမစပ်" နဥ်ရှောက်ပိုင်က အောက်မဆင်းခင်တွင် ကိုယ်ကို ပြန်လှည့်ကာ ဖန်ရှို့ကျစ်ကို ပြောလိုက်သည်။
"ကျွန်တော်လည်း ခင်ဗျားကို အကြံတစ်ခုတော့ ပေးလိုက်မယ်။ အဲဒီအမည်ခံသက်သက် ကျေးဇူးတင်စကားတွေကို နဥ်ရှောက်ယန်အပေါ်ပဲ ဇွတ် ပေးမနေတာ အကောင်းဆုံးပဲ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူ ခင်ဗျားကြောင့် ဆိုးဆိုးရွားရွားထိခိုက်သွားလိမ့်မယ်နော်"
...