မိုးနဲ့မြေတာအိုကိုစတင်နားလည်ခြင်း
Vol. 16 Ch. 217
အခန်း (၂၁၇) မိုးနဲ့မြေတာအိုကိုစတင်နားလည်ခြင်း
နောက်တစ်နေ့…
ကျန်းလန် နဝမတောင်ထွတ်သို့ပြန်လာပြီး ဆရာဖြစ်သူကို ရှာဖွေလိုက်သည်။
"အဋ္ဌမတောင်ထွတ်က မိစ္ဆာနဂါးကြီးကို သွားရှာမလို့ ၊ ဟုတ်လား"
တပည့်ဖြစ်သူ၏ တောင်းဆိုမှုကြောင့် မော့ကျန်းသုန့် အတော်လေး အံ့အားသင့်သွားသည်။
ကျန်းလန်က နဂါးသုတ်သင်ဓားသိုင်းကို လေ့ကျင့်ရန်အတွက် မိစ္ဆာနဂါးကို သွားရောက်ရှာဖွေလိုခြင်း ဖြစ်သည်။
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
"ဟုတ်ကဲ့ ဆရာ"
ယှဉ်ပြိုင်မည့်သူမရှိဘဲ သူတစ်ယောက်တည်း လေ့ကျင့်နေခြင်းထက် မိစ္ဆာနဂါးဖြင့် သွားရောက်လေ့ကျင့်ခြင်းက တိုးတက်မှုကို ပိုမိုရရှိစေမည် ဖြစ်၏။
"ဒါဖြင့် လုပ်လေ ၊ ဆရာ အဋ္ဌမတောင်ထွတ်ရဲ့ တောင်သခင်ကို အကြောင်းကြားထားလိုက်မယ်"
ပြောပြီးသည်နှင့် မော့ကျန်းသုန့်က နောက်ထပ်မေးခွန်းများ မေးမြန်းခြင်း မရှိတော့ပေ။
ဤကိစ္စက ခက်ခဲသည့်အလုပ်မဟုတ်ပေ။ ခက်ခဲသည့်အလုပ်ဆိုလျှင်တောင်မှ သူက တပည့်ဖြစ်သူအတွက် လမ်းဖွင့်ပေးရမည် ဖြစ်သည်။
စိန်ခေါ်ပွဲတွင် အနိုင်အရှုံးဆိုသည်က ပေါ့သေးသေးကိစ္စမဟုတ်ပေ။
လူပေါင်းများစွာက ကျန်းလန်ကို ရှုံးနိမ့်မည်ဟုသာ တွေးထားကြသော်လည်း… သူနိုင်သွားလျှင် မည်သို့ရှိမည်နည်း။
ထို့နောက်တွင်တော့ ဆရာဖြစ်သူအတွက် စိန်ခေါ်ပွဲကို အကောင်းဆုံးရင်ဆိုင်မည်ဟု ဆုံးဖြတ်ရင်း ကျန်းလန် အဋ္ဌမတောင်ထွတ်သို့ ဦးတည်ထွက်ခွာလာခဲ့တော့၏။
ခဏအကြာတွင် ကျန်းလန် အဋ္ဌမတောင်ထွတ်မှ မိစ္ဆာနဂါးနေထိုင်ရာ ရေကန်ရှေ့သို့ ရောက်ရှိလာသည်။
သို့သော် အဋ္ဌမတောင်ထွတ်၏ တောင်သခင် ကျိုးကျုန်းထျန်းကို မတွေ့ရဘဲ ဂိုဏ်းတူအစ်ကို လုကျန်းကိုသာ တွေ့ရှိရသည်။
ကျန်းလန်က အနည်းငယ်ဦးညွှတ်ရင်း လုကျန်းကို နှုတ်ဆက်လိုက်သည်။
"ဂိုဏ်းတူအစ်ကိုကို နှုတ်ဆက်ပါတယ်"
လုကျန်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နွေးထွေးသည့်အပြုံးဖြင့် ကျန်းလန်ကို ကြိုဆို၏။
"ဆရာတော့ မရှိဘူး ၊ ကျုပ် ဂိုဏ်းတူညီလေးကို ရေကန်ဘက် လိုက်ပို့ပေးပါ့မယ်"
ယခင်က ကျန်းလန်အနေဖြင့် လုကျန်း၏ ကျင့်ကြံခြင်းအဆင့်ကို ရှင်းရှင်းလင်းလင်း မသိမြင်နိုင်ခဲ့ပေ။ အင်မော်တယ်တစ်ပါးဟုသာ သိရှိခဲ့သည်။
ယခု လုကျန်း၏ ကျင့်ကြံခြင်းအဆင့်ကို သိရှိလိုက်ရာ ကျန်းလန် အတော်လေး တုန်လှုပ်သွားမိသည်။
လုကျန်းက သာမန်အင်မော်တယ်တစ်ပါး မဟုတ်ပေ။ အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်၏။ အစစ်အမှန်အင်မော်တယ်ဆိုသည်က အလွန် စွမ်းအားမြင့်မားကြသည် မဟုတ်ပါလား။
အဋ္ဌမတောင်ထွတ်၏တောင်သခင်က နတ်လူသားမျိုးနွယ်များကို စိန်ခေါ်ရန်အတွက် လုကျန်းတစ်ယောက်တည်းဖြင့်ပင် လုံလောက်သည်ဟုဆိုခဲ့သည့်စကားမှာ အံ့သြစရာမရှိတော့ပေ။
လုကျန်းက သိမ်မွေ့စွာဖြင့်…
"ဂိုဏ်းတူညီလေး နောက်လကျရင်ဆိုင်ရမယ့် စိန်ခေါ်ပွဲအတွက် ပြင်ဆင်ဖို့ ရောက်လာတာလား"
ကျန်းလန်က…
"ဟုတ်ပါတယ် ဂိုဏ်းတူအစ်ကို ၊ ကျွန်တော် အကောင်းဆုံးကြိုးစားရမယ်လေ"
လုကျန်းက ကျန်းလန်ကို တစ်ချက်သာကြည့်လိုက်ပြီး စကားထပ်မပြောတော့ပေ။ ထို့နောက် သူက ကျန်းလန်ကို ရေကန်နံဘေးသို့ ခေါ်သွားရင်း ပြောလိုက်သည်။
"ဒီမှာပဲ နေမလား ၊ ဒါမှမဟုတ် ရေကန်ထဲဝင်သွားချင်လား"
ကျန်းလန်က…
"ရေကန်ထဲဝင်သွားလို့ ရတယ်လား"
ရေကန်ထဲသို့ဝင်ပြီး တပည့်များကျင့်ကြံကြသည်ကို အရင်က သူတစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။ မိစ္ဆာနဂါးကြီးကို စိန်ခေါ်ခြင်းမှလွဲလျှင် လူတိုင်း ရေကန်နံဘေးတွင်သာ ကျင့်ကြံလေ့ ရှိကြသည်။
အတန်ကြာမှ လုကျန်းက တွေးတွေးဆဆဖြင့်…
"ဆရာတော့ မရှိဘူး ဂိုဏ်းတူညီလေး"
ကျန်းလန်က သတိရှိသူတစ်ယောက်ဖြစ်ကြောင်း ခံစားမိသည့်အတွက် သူက စကားဆက်ပြောလိုက်သည်။
"တောင်ထွတ်တစ်ခုချင်းစီတိုင်းရဲ့ အနိုင်အရှုံးက ခွန်လွန်တောင်ရဲ့ ဂုဏ်သိက္ခာတစ်စိတ်တစ်ပိုင်းပါပဲ ၊ ဒါကြောင့် စိန်ခေါ်ပွဲယှဉ်ပြိုင်ကြမယ့်သူတွေအနေနဲ့ အနည်းနဲ့အများတော့ မကြုံဖူးတဲ့အခွင့်ထူးတွေ ရရှိကြလိမ့်မယ် ၊ ဒါပေမဲ့ အဲဒါကို ဂိုဏ်းတူညီလေး စိတ်ထဲမထားနဲ့နော်"
လုကျန်း၏ စကားများနောက်ကွယ်မှ အဓိပ္ပါယ်ကို ကျန်းလန် နားလည်သည်။
ပထမစကား၏ အဓိပ္ပါယ်ကတော့ တောင်သခင်ကျိုးကျုန်းထျန်း မရှိသည့်အတွက် ဆင်ဆင်ခြင်ခြင်နေရန် သတိပေးလိုခြင်း ဖြစ်၏။
နောက်ပိုင်းပြောသည့်စကားများကတော့ စိန်ခေါ်ပွဲတွင် အနိုင်မရလျှင်လည်း ကျန်းလန်ကို စိတ်ထဲအများကြီး မခံစားရင် ပြောခြင်း ဖြစ်သည်။
နဂါးမျိုးနွယ်များ ယခုတစ်ကြိမ်ရောက်လာကြသည်က ကျောက်စိမ်းရေကန်နတ်ဘုရားမနှင့် အဓိကပတ်သက်လေရာ ကျန်းလန်ရင်ဆိုင်ရမည့် စိန်ခေါ်ပွဲယှဉ်ပြိုင်မှုရလဒ်က ကြီးမားသည့်သက်ရောက်မှု ရှိပေလိမ့်မည်။
လုကျန်းက ထိုအကြောင်းကို သိထားသောကြောင့် ကျန်းလန် စိတ်ပေါ့ပါးစေရန် ပြောခဲ့ခြင်း ဖြစ်သည်။ တိုက်ရိုက်မပြောလိုသောကြောင့် သူက သွယ်ဝိုက်ကာ ပြောခြင်းဖြစ်၏။
"ကျေးဇူးတင်ပါတယ် ဂိုဏ်းတူအစ်ကို"
ကျန်းလန်က လုကျန်းကို ဦးညွှတ်ရင်း ကျေးဇူးတင်စကားဆိုလိုက်သည်။
ထို့နောက် သူက ရေကန်အလယ်သို့ လျှောက်သွားလိုက်၏။ ရေကန်အလယ်ဗဟိုသို့ ရောက်သည့်အခါ မျက်လုံးများကို မှိတ်လိုက်ပြီး မိစ္ဆာနဂါးကို အာရုံခံကာ ရှာဖွေလိုက်သည်။
သို့သော် မိစ္ဆာနဂါးကြီးကလည်း သူရောက်လာသည်ကို ချက်ချင်း သိရှိသွား၏။ မိစ္ဆာနဂါး၏ တန်ခိုးစွမ်းအားများက ကျန်းလန်ထံသို့ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာသည်။
"ဘုန်း…"
ကျန်းလန်၏ နဂါးသုတ်သင်ဓားဝိညာဉ်ကလည်း ရေကန်အတွင်းသို့ ဝင်ရောက်သွားသည်။
ငြိမ်သက်နေသည့် ကန်ရေပြင်က ချက်ချင်းပင် လှုပ်ရှားလာပြီး ဝဲကန်တော့ကြီးတစ်ခု စတင်ဖြစ်ပေါ်လာသည်။ ရေဝဲကန်တော့ကြီး၏ အလယ်ဗဟိုတွင် ကျန်းလန် မတ်တတ်ရပ်လျှက် ရှိ၏။
"ကျစ် ကျစ်… ဂိုဏ်းတူညီလေး တော်တော်သောင်းကြမ်းနေပြီပဲ…"
ကန်ရေပြင်တစ်ခုလုံး တဝုန်းဝုန်းထက ရေဝဲကန်တော့ထက် လွင့်မျောနေသည့် ကျန်းလန်ကိုကြည့်ရင်း လုကျန်း ရေရွတ်လိုက်သည်။
ကျန်းလန်၏ ခြေဖဝါးအောက်မှ ရေဝဲကန်တော့ကြီးအတွင်းတွင် မိစ္ဆာနဂါးကြီး၏ ပုံသဏ္ဌန်ထွက်ပေါ်လာသည်ကို တွေ့မြင်ရသည်။
သူတို့ (၂)ယောက် ယှဉ်ပြိုင်နေကြသည်ကိုကြည့်ပြီး လုကျန်း အနည်းငယ် နောင်တရသွားမိသည်။ ဆရာဖြစ်သူသာ ဤကိစ္စကို သိရှိပါက သေချာပေါက် သူ အပြစ်ပေးခံရပေတော့မည်။
ထားလိုက်တော့။ ဆရာရှိနေသည့် ဒုတိယတောင်ထွတ်သို့ လိုက်သွားပြီး ဖြစ်သမျှအကြောင်းစုံ ရှင်းပြကာ တောင်းပန်ရပေတော့မည်။
တည်ငြိမ်နေသည့် ရေကန်က ရုတ်တရက် ဝုန်းဒိုင်းကျဲသွးလေရာ ရေကန်နံဘေးတွင် ကျင့်ကြံနေသူများမှာလည်း အနည်းငယ် အံ့အားသင့်သွားကြသည်။
ဆရာဖြစ်သူသာ အဖြစ်အပျက်ကို သိရှိပါက ရေကန်ကို မွှေနှောက်သူမှာ သေချာပေါက် အပြစ်ပေးခံရပေတော့မည်။
ဘယ်တပည့်ကများ ဒီလိုလုပ်ရဲရတာလဲ။
တပည့်တစ်ယောက်က…
"ဒီရေကန်က ဆရာ ဉာဏ်အလင်းပွင့်ခဲ့တဲ့ နေရာကွ ၊ ဘယ်သူက ဒီရေကန်ကို ဒီလိုမျိုး မွှေနှောက်ရဲရတာလဲ"
နောက်တပည့်တစ်ယောက်က…
"ဘယ်ဂိုဏ်းတူအစ်ကိုမှ ဒီလိုမလုပ်ရဲဘူး ၊ ဆရာ့အချစ်ဆုံးတပည့် လုကျန်းတောင် ဒီလိုမလုပ်ရဲဘူး"
"ရေကန်အလယ်ကိုကြည့်လိုက်စမ်း ၊ အဲဒါ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး မဟုတ်လား"
"နဝမတောင်ထွတ်က ဆရာ့ကို လာပြီးရန်စတာလား ၊ ဒါဖြင့် တောင်ထွတ် (၂)ခု တိုက်ကြတော့မှာပေါ့"
"တကယ်ကြီးလား ၊ ဘာတွေဖြစ်နေတာလဲ"
တကယ်တမ်း တောင်ထွတ်(၂)ခု တိုက်ကြမည်ဆိုလျှင် မည်သို့ရှိမည်ကို သူတို့အားလုံး စိတ်အားထက်သန်စွာ စမ်းသပ်ကြည့်ချင်နေကြသည်။
သို့သော်…
"နဝမတောင်ထွတ်မှာ ဂိုဏ်းတူညီလေးတစ်ယောက်ပဲရှိတာလေ ၊ ဘယ်လိုလုပ်တိုက်ခိုက်လို့ရမှာလဲ ၊ ပြီးတော့ ဆရာကလည်း ပထမတောင်ထွတ်က ဆရာဦးလေးနဲ့ ပြဿနာတက်ထားကြသေးတယ် မဟုတ်လား"
ကျန်းလန်ကတော့ ထိုအကြောင်းများကို မသိရှိလေရာ ရေကန်ထဲသို့ဝင်ရောက်ခြင်းက ဤမျှပြဿနာကြီးထွားမည်ကို နားမလည်ခဲ့ပေ။
ယခင်တစ်ခေါက်ကလည်း သူ ဤသို့ပင် နဂါးသုတ်သင်ဓားသိုင်း လေ့ကျင့်ခဲ့သည်ပဲ ဖြစ်၏။ သို့ပေသိ ယခင်တစ်ခေါက်က ကျိုးကျုန်းထျန်းကိုယ်တိုင် အနားတွင်ရှိနေပြီး သူ့ကို ကြီးကြပ်သင်ပြပေးခဲ့ခြင်း ဖြစ်သည်။
ကျန်းလန် ချက်ချင်းပင် မိစ္ဆာနဂါးကို အာရုံစိုက်ကာ တိုက်ခိုက်လိုက်သည်။
သူတို့က အမှန်တကယ် တိုက်ခိုက်ခြင်းမဟုတ်ဘဲ စိတ်စွမ်းအားအသုံးပြု တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
မိစ္ဆာနဂါးမှာ ထိန်းချုပ်မှုများစွာအောက်တွင် ရှိနေသောကြောင့်သာ ကျန်းလန် သက်သာသည်ဟု ပြောရမည်။ မဟုတ်ပါက တိုက်ပွဲတွင် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။
ကျန်းလန် ကန်ရေပြင်ထက်တွင် ရပ်နေပြီး ရေဝဲကန်တော့ကြီးအတွင်းမှ မိစ္ဆာနဂါးကြီးကို ကြည့်နေသည်။ မိစ္ဆာနဂါး၏ တန်ခိုးစွမ်းအားများနှင့် နဂါးသုတ်သင်ဓားဝိညာဉ်တို့က အဆက်မပြတ် ထိပ်တိုက်ထိတွေ့နေ၏။
တိုက်ပွဲက လုံး၀ ရပ်တန့်သွားခြင်း မရှိခဲ့ပေ။
***
ထိုသို့ဖြင့် အချိန်များ လျှင်မြန်စွာ ကုန်ဆုံးသွားလေသည်။
အချိန် (၁)လခန့် ကြာမြင့်ခဲ့ပြီးနောက်…
ရုတ်တရက် တိုက်ခိုက်နေသည့် တန်ခိုးစွမ်းအား (၂)ခုလုံး ပျောက်ကွယ်သွားသည်။
ကျန်းလန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်သည်။ သူက ကန်ရေပြင်ထက်တွင် မတ်တတ်ရပ်နေဆဲဖြစ်ပြီး သူ့ခြေထောက်အောက်တွင်လည်း ရေဝဲကန်တော့ကြီး တည်ရှိနေဆဲ ဖြစ်၏။
ရေဝဲကန်တော့ကြီးအတွင်းတွင် ဒေါသထွက်နေသည့် မိစ္ဆာနဂါးကြီး၏ ရုပ်သွင်ကိုလည်း တွေ့မြင်နေရဆဲ ဖြစ်သည်။
ထိုစဉ်မှာပင် သူ့လက်ထဲမှဓားထဲတွင် နဂါးသုတ်သင်ဓားဝိညာဉ်က ထူထဲစွာ ဖြစ်တည်နေသည်ကို ခံစားလိုက်ရသည်။
ဓားဝိညာဉ်၏ ပြောင်းလဲမှုကို ကျန်းလန် နားမလည်သေးသော်လည်း ဤအချိန်များအတွင်း သူ အကျိုးအမြတ်များစွာ ရရှိခဲ့သည်မှာတော့ သေချာသည်။
သူက ဓားကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး လှည့်ပတ်နေသည့် ရေဝဲကန်တော့ကြီးအတွင်းမှ မိစ္ဆာနဂါးကို ငုံ့ကြည့်လိုက်သည်။
ဘာကြောင့်မှန်းမသိ ရုတ်ချည်းပင် သူ ဉာဏ်အလင်းပွင့်သွားခဲ့၏။
လောကကြီးတစ်ခုလုံး၏ ပြောင်းလဲခြင်းတရားများကို သူ့မျက်လုံးထဲတွင် တွေ့မြင်လိုက်ရသည်။
သူမြင်လိုက်သည့်အသိတရားက မှုံဝါးနေသော်လည်း သူ့စိတ်များက ပုံမှန်မဟုတ်စွာ ကြည်လင်နေခဲ့သည်။ ဤသည်က ရုပ်ဖျက်ထားသည့် ကံကောင်းမှုတစ်ခုပင် ဖြစ်၏။
ကျန်းလန် မျက်လုံးများကို မှိတ်လိုက်ပြီး ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ သူ့ပတ်ဝန်းကျင်ရှိ ပြောင်းခြင်းတရားများမှ ထွက်ပေါ်နေသည့်အသံများကို ကြားနေရသည်။
မိစ္ဆာနဂါး ရေကန်အောက်တွင် ပြန်လည်ပုန်းအောင်းသွားသည့်အချိန် ကန်ရေပြင်က တဖြည်းဖြည်း ငြိမ်သက်သွားသည်။ သူ့စိတ်အာရုံထဲမှ ပြောင်းလဲနေသည့် လောကကြီးသည်လည်း ပြန်လည်ငြိမ်သက်သွားသည်ဟု ခံစားလိုက်ရ၏။
ထိုခဏမှာပင်…
မိုးနဲ့မြေတာအိုကို နားလည်ခြင်းတံခါးကို ခေါက်လိုက်မိပြီဆိုသည့် ခံစားချက်တစ်ခုကို ကျန်းလန် ခံစားလိုက်ရလေသည်။
***
"ဉာဏ်အလင်းပွင့်တယ်... ဟုတ်လား"
ကျိုးကျုန်းထျန်း အနည်းငယ် အံ့အားသင့်သွားသည်။
ဒုတိယတောင်ထွတ်ရှိ အဆောင်ငယ်တစ်ခုတွင် ကျိုးကျုန်းထျန်းထိုင်နေပြီး လုကျန်းက သူ့နံဘေးတွင် မတ်တတ်ရပ်လျှက် ရှိသည်။
လုကျန်းက တိုးလျသည့်လေသံဖြင့်...
"ဆရာ… ဂိုဏ်းတူညီလေးကျန်းလန်က ပါရမီရှင်မဟုတ်ပေမယ့် တခြားကိစ္စတွေမှာ မဆိုးလှပါဘူး ၊ တကယ်တော့ သူက တော်တယ်လို့တောင် ပြောလို့ရတယ် ၊ နဂါးသုတ်သင်ဓားသိုင်းက ဓားဝိညာဉ်တစ်ခု ထုတ်ဖော်ရတာဆိုပေမယ့် ထင်သလောက်မလွယ်ဘူးလေ ၊ သူက အဲဒီဓားသိုင်းကို ရအောင်လေ့ကျင့်နိုင်ခဲ့တယ် ၊ သူနဲ့ အဆင့်တူတွေထဲမှာ သူ့ကိုယှဉ်နိုင်တဲ့သူ ကျွန်တော်တို့ အဋ္ဌမတောင်ထွတ်မှတောင် တစ်ယောက်မှ မရှိပါဘူး"
ကျိုးကျုန်းထျန်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး တည်ငြိမ်သည့်လေသံဖြင့် ပြောလိုက်သည်။
"မင်းဆီက ဘာစကားမှ ထပ်မကြားချင်ဘူး ၊ ဘာပဲ ဖြစ်ဖြစ် မင်း အပြစ်ပေးခံရမယ်"
လုကျန်း မည်သည့်စကားမှ ထပ်မပြောတော့ပေ။ စကားထပ်ပြောလျှင်လည်း စိန်ခေါ်ပွဲပြီးလျှင် သူ အပြစ်ပေးခံရမည်သည် ဖြစ်သည်။
နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးကို သိပ်ပြီးမသောင်းကြမ်းမိစေရန် အရိပ်အမြွက် သတိပေးခဲ့သော်ငြား ကျန်းလန်က နားလည်ခဲ့ဟန် မတူပေ။
"ဆရာမရှိပါဘူး" ဟု ပြောထားပါလျှက် အနှီညီငယ်လေးသည် ထိန်မနိုင်သိမ်းမရ သောင်းကြမ်းသွားခဲ့သည် မဟုတ်ပါလား။
.......
နံနက်ခင်းစောစောအချိန်...
အဋ္ဌမတောင်ထွတ်၏ ရေကန်မျက်နှာပြင်ထက်တွင် လူရိပ်တစ်ခု ရှိနေသည်။ ထိုလူရိပ်ကို မည်သည့်အရာကမှ နှောက်ယှက်နိုင်ခြင်း မရှိပေ။
လေပြေက သူ့မျက်နှာထက်ဖြတ်သန်းတိုက်ခတ်လာသည့်အခါ ထိုသူ၏ အဝတ်အစားများနှင့် ဆံနွယ်များက လေထဲတွင် လွင့်ပျံလျှက် ရှိသည်။
ထိုသူသည်ကား ဉာဏ်အလင်းပွင့်သည့်အဆင့်သို့ ရောက်ရှိနေသည့် ကျန်းလန်ပင် ဖြစ်သည်။
ထိုခဏမှာပင် သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ဉာဏ်အလင်းပွင့်သည့်အငွေ့အသက်များ တဖြည်းဖြည်း စတင်ပျောကယ်လာသည်။
တည်ငြိမ်သည့် မျက်ဝန်းများ ဖြည်းဖြည်းချင်းပွင့်လာပြီး မှိန်ဖျော့သည့်ကောင်းကင်အရိပ်သည် သူ့မျက်ဝန်းဆီတွင် ထင်ဟပ်လာသည်။
နံနက်အရုဏ်ချိန်ဖြစ်ပြီး နေထွက်လာခြင်း မရှိသေးပေ။
"ဘယ်အချိန်ရှိနေပြီလဲ"
ဤသည်ကား ကျန်းလန်မေးလိုက်သည့်မေးခွန်းပင်။
သူက အရာအားလုံးကို မေ့လျော့သွားသည့်ကျင့်ကြံခြင်းအခြေအနေသို့ ရောက်ရှိသွားခဲ့ရာ အချိန်ကို ခန့်မှန်းမရနိုင်တော့ပေ။
ကံကောင်းသည်မှာ သူ မိုးနဲ့မြေတာအိုကို စတင်နားလည်လာခဲ့ခြင်း ဖြစ်၏။ သူ့နှလုံးသားထဲတွင် တာအိုကိုနားလည်ခြင်းလမ်းစကို စတင်သိရှိခဲ့သည်။
သို့သော် အလုံးစုံနားလည်ရန်ကတော့ အချိန်များစွာ လိုအပ်၏။ မည်သို့ပင်ဖြစ်စေ အစပြုမိပြီဆိုလျှင် ရှေ့ဆက်ရန်က ပိုမိုလွယ်ကူသွားပြီ ဖြစ်သည်။
"ကြည့်ရတာ ငါ မကြာခင်ပဲ အများအမြင်မှာ မရှိမှုအာကာသအဆင့်ကို တက်ပေးရတော့မယ် ထင်တယ်"
ဟုတ်ပေ၏။
ရေကန်ထက်တွင် သူ ဉာဏ်အလင်းပွင့်သွားသည်ကို အဋ္ဌမတောင်ထွတ်မှ တပည့်များစွာ သိရှိသွားကြမည်ပင်။ ထို့ပြင် သူ၏ ကျင့်ကြံခြင်းသည်လည်း အနည်းငယ် မြင့်တက်လာခဲ့သည် မဟုတ်ပါလား။
ကျန်းလန် ရေကန်စပ်သို့ ပြန်လာခဲ့သည်။ သို့သော် ရေကန်ပတ်ဝန်းကျင်တွင် မည်သည့်တပည့်ကိုမှ မတွေ့ရှိရပေ။
ဤသည်က ပုံမှန်မဟုတ်ပေ။
အမှန်ဆိုလျှင် ရေကန်ပတ်ဝန်းကျင်တွင် တစ်ညလုံးပင် ကျင့်ကြံနေသူများရှိကြလေရာ ယနေ့တော့ အဘယ့်ကြောင့် မည်သူမှ မရှိရပါသနည်း။
ထို့နောက် ကျန်းလန် ရေကန်နံဘေးအဆောင်ငယ်သို့ လှမ်းကြည့်လိုက်သည်။
ဆရာဦးလေး ကျိုးကျုန်းထျန်းများ ရှိနေမည်လားဟု ကြည့်လိုက်မိခြင် ဖြစ်၏။
သို့သော် အပြာရောင်ဝတ်ဆင်ထားသည့် ကောင်မလေးတစ်ယောက် စားပွဲထက်တွင် ခေါင်းတင်ရင်း အိပ်ပျော်နေသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးသည်ကား ရှောင်ယွိပင် ဖြစ်တော့၏။