← Chapters

အပိုင်း (၉၆)

Vol. 7 Ch. 96

အပိုင်း (၉၆)

Vol. 7 Ch. 96

ဖန်ရှို့ကျစ်သည် အရပ်၀တ်ရဲအရာရှိများ၏ ခေါ်ဆောင်သွားခံရပြီးနောက်တွင် သခင်ကြီးနဥ်၏ ညစာစားပွဲကလည်း ပြီးဆုံးသွားခဲ့သည်။

နဉ်ရှောက်ယွင်က ကျူးယွင်ဟိုင်နှင့် တခြားသူများကို လိုက်ပို့ပေးနေသည့်အချိန်တွင် နဥ်ရှောက်ပိုင်က စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်၏။

အဘိုးကြီးက ဟိုင်နန်တွင် ရှိသည့်လူများကို အမိန့်ပေးနေပြီး တောင်တရုတ်ပင်လယ်က မြေများအားလုံးကို ရောင်းချခိုင်းနေသည်။

ဖုန်းချလိုက်ပြီးသည့်နောက်တွင် သူသည် သူ့ခန္ဓာကိုယ်က အခေါင်းပေါက်ကြီးဖြစ်သွားသလို ခံစားလိုက်ရပြီး လက်တင်ကုလားထိုင်ပေါ်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် မှီချလိုက်လေသည်။

ဒါကိုမြင်လိုက်သည်တွင် သခင်ကြီးနဥ်က လေးပင်စွာဖြင့် ပြောလိုက်၏။ "မင်းဒီမှာ ဘာလုပ်နေသေးတာလဲ"

နဥ်ရှောက်ပိုင်က ဖိုင်အိတ်တစ်ခုကိုချထားလိုက်ကာ "ဒီဟာကမှ အဘိုးအတွက် တကယ့် မွေးနေ့လက်ဆောင်ပါ" သူက လေသံပျော့ပျော့ဖြင့် ပြောလိုက်သည်။ "အဘိုးရဲ့မွေးနေ့ပွဲကို နှောင့်ယှက်မိတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ်"

အဘိုးကြီးက သရော်ကာ ပြောလိုက်၏။ "မင်း ဒါကိုလုပ်ခဲ့တုန်းကတော့ ရက်စက်လှတာပါပဲ။ ဒါနဲ့များ အခုကျမှ ဘာဖြစ်လို့ အရမ်းကို သူတော်ကောင်းယောင်ဆောင် နေရတာလဲ။ မင်းက ငါ့ကို မင်းရဲ့အဘိုးလို့တကယ်ရော မှတ်သေးရဲ့လား"

"နောက်ဆုံး ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက အဘိုးက ကျွန်တော်တို့ကို သင်ကြားပြသပေးခဲ့ပြီး ကျွန်တော်တို့ကို ကာကွယ်ပေးခဲ့ပါတယ်" နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။

"သည်းခံရမဲ့အတိုင်းအတာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ ချိုးဖျက်လို့မရပါဘူး။ ဒါပေမဲ့ အဘိုးရဲ့မွေးနေ့ပွဲကို နှောင့်ယှက်မိတာကတော့ တကယ်ပဲ ကျွန်တော့်ရဲ့ အမှားပါ။ အဘိုး ဂရုစိုက်ပါ"

သူ ထွက်သွားပြီးနောက် အချိန်ကြာသည်အထိ သခင်ကြီးနဥ်သည် သက်ပြင်းချလိုက်ကာ နောက်ဆုံးတော့ ဖိုင်အိတ်ကို ကောက်ယူလိုက်လေသည်။

ဖန်ရှို့ကျစ်ချန်ထားခဲ့သည့် အရှုပ်အထွေးများ၏ဖြေရှင်းချက်နှင့် တစ်ဖက်လူ၏ ရူးသွပ်စွာ ပရောဂျက်ကို ချဲ့ထွင်ခြင်းကြောင့် ရောင်းချခံလိုက်ရသည့် နဥ်ကုမ္ပဏီ၏ ထုတ်လုပ်ရေးအပိုင်းနှင့်ပတ်သက်ပြီး ပါဝင်လေသည်။

ထိုသို့ဖြစ်ခဲ့လျှင် နဥ်မိသားစု၏ကုမ္ပဏီသည် အများကြီး ကျဆင်းသွားမည်ဖြစ်သော်ငြားလည်း အကယ်၍ နဥ်ရှောက်ယန်က ဖြည်းဖြည်းချင်း ပြန်လည်စတင်ခဲ့လျှင် မိသားစု၏ဂုဏ်အရောင်အဝါကို ပြန်လည်ရရှိဖို့ရန် မဖြစ်နိုင်သည်က မဟုတ်တော့ချေ။

အဘိုးကြီးသည် ပြတင်းပေါက်မှတစ်ဆင့် ဂိတ်တံခါးဝတွင် ရပ်နေသည့် နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်ကို လှမ်းကြည့်လိုက်ပြီးနောက် နောင်တကြီးစွာဖြင့် သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။ အကယ်၍ သူသည် ဟိုတုန်းက သူတို့အပေါ် သမာသမတ်ကျခဲ့လျှင် အခြေအနေများက လုံးဝကိုကွဲပြားလိမ့်မည် မဟုတ်ပါလား။

ရဲကား ထွက်သွားသည်ကို စောင့်ကြည့်နေလိုက်ပြီး နဥ်ရှောက်ယွင်သည် စိုးရိမ်မိနေ၏။

"သူ မလွတ်လောက်ပါဘူးနော် ဟုတ်တယ်မလား"

နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို သိုင်းဖက်ထားလိုက်ပြီး သူမကို ပုတ်ပေးလိုက်သည်။ "လူအများကြီးက ဒီအကြောင်းကို ကြားခဲ့တာပဲ။ ဖန်မိသားစုကတောင် သူ့ကိုကယ်ပေးနိုင်မှာ မဟုတ်ပါဘူး"

"စိပ်မပူပါနဲ့ အရာအားလုံး ပြီးဆုံးသွားပါပြီ"

နဥ်ရှောက်ယွင်က သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။ "ကောင်းပြီလေ အိမ်ပြန်ကြရအောင်။ ငါ ချန်းချန်းကို လွမ်းနေပြီ"

ရုံရှင်းက ကားနားသို့ လျှောက်သွားလိုက်သည်။ နဥ်ရှောက်ပိုင်၏မျက်လုံးများက သူမ၏နားရွက်ကို ပွတ်သပ်နေသည့် ရှမြန်ဆီသို့ ရောက်သွား၏။ "ဘာဖြစ်လို့လဲ"

"ကျွန်မရဲ့နား နာနေလို့..." ရှမြန်ကသူမ၏နားကို အမှတ်တမဲ့ ထပ်ကိုင်ကြည့်လိုက်မိပြီး သတိလက်လွတ်ဖြင့် တစ်ချက် စုတ်သပ်လိုက်လေသည်။

"ငါ့ကိုပြ" နဥ်ရှောက်ပိုင်က သူ့လက်ကိုဆန့်လိုက်ကာ သူမ၏လက်ကို ဖယ်ထုတ်လိုက်သည်တွင် နားကပ်တပ်ထားသည့် နားက ရောင်ကိုင်းနေပြီး အထဲကိုကျုံ့ဝင်နေကာ ကပ်နားကပ်က အသားထဲတွင် နစ်ဝင်နေပြီး ဖယ်ရှားဖို့ရန် ခက်ခဲနေသည်။

နဥ်ရှောက်ယွင်ကလည်း ဒါကိုမြင်သွားပြီး တအံ့တဩ ပြောလိုက်၏။ "ဟယ် ဘာဖြစ်တာလဲ။ ငါ ဒါကို သတိတောင် မထားမိလိုက်ဘူး"

ရှမြန်ကလည်း သူမသည်ဒီနေ့တွင် အလွန်မှ စိတ်လှုပ်ရှားနေသည်ဟု စဉ်းစားခဲ့မိသည်။ နဥ်ရှောက်ယွင်မဆိုထားနှင့် သူမကိုယ်တိုင်ကပင် သူမ၏နားက နာကျင်ပြီး ယားယံနေသည်ကို မသိလိုက်ချေ။

နဥ်ရှောက်ပိုင်က လက်ပြန်ဆန့်လာသည့် ရှမြန်၏လက်ကို ပုတ်ချလိုက်ပြီး ရှေ့သို့အနည်းငယ် ကုန်းလိုက်ကာ အနီးကပ်တစ်ချက်လောက် ကြည့်လိုက်ပြီးသည့်နောက်တွင် "ဒါက ဓာတ်မတည့်တာ ဖြစ်နိုင်တယ်"

"ကျစ်" သူက ရှမြန်၏မရိုးမသားလက်ကို ရိုက်ချလိုက်ပြီး "မလှုပ်နဲ့လေ"

ရှမြန်က အနေရခက်ကာ ပြောလိုက်လေသည်။ "နာတယ်"

ထိုအချိန်တွင် ရုံရှင်းက သူတို့ရှေ့တွင်ကားကို ဝင်ရပ်လိုက်သည်။ နဥ်ရှောက်ပိုင်က နဥ်ရှောက်ယွင်ကို ပြောလိုက်၏။ "အစ်မနဥ် ရှေ့ခန်းမှာထိုင်လိုက်"

ထို့နောက်တွင်တော့ သူက ရှမြန်ဘက်သို့လှည့်ကာ ပြောလိုက်၏။ "ကားပေါ်တက်" သူက သတိပေးလိုက်သည်။ "နားကို သွားမထိနဲ့နော်။ ဒါကို ချက်ချင်းဖြုတ်ပေးမယ်"

သူက ဘာမှမပြောခဲ့လျှင် ကိစ္စကြီးဖြစ်လာမည်မဟုတ်ချေ။ သို့သော် သူက မထိဖို့ပြောလေလေ ရှမြန်က ထိချင်လေလေဖြစ်နေတော့သည်။ ဒါကို ဒီအတိုင်း ချက်ချင်းဖြုတ်လိုက်လျှင် အဆင်ပြေနေမည် မဟုတ်ပါလား။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကဒီနေ့တွင် အနည်းငယ် ကြောက်စရာကောင်းနေပြီး သူမကလည်း သူ့ကိုရန်မစရဲခဲ့ချေ။

ရှမြန်က သူမကိုယ်သူမ ထိန်းချုပ်မှု လွတ်ကင်းတော့မည်ဆဲဆဲတွင် နဥ်ရှောက်ပိုင်သည် နောက်ဆုံးတော့ ကားနောက်ခန်းထဲက ဆေးသေတ္တာငယ်လေးတစ်ခုကို ယူထုတ်လာခဲ့သည်။

ရှမြန်က အလန့်တကြား မေးလိုက်၏။ "နားကပ်ကိုဖယ်ဖို့ သွေးက ထွက်ဦးမှာလား"

ရုံရှင်းက ကားစက်နှိုးလိုက်ပြီး သူမကိုစနောက်လိုက်သည်။ "ဟုတ်တယ်လေ အဲ့ဒါက အရမ်းကို ရောင်ကိုင်းနေတာ။ အစ်ကိုပိုင်က မင်းကိုအသေးစားခွဲစိတ်မှုတွေ လုပ်ပေးတော့မယ် ထင်တယ်။ ဆေးသေတ္တာထဲမှာ ခွဲခန်းသုံးဓားတွေ တစ်စုံပါတယ်လေ"

ရှမြန်သည် မနေနိုင်တော့ဘဲ သူမနားကို တစ်ဖန်ပြန်အုပ်ထားလိုက်မိ၏။ နဥ်ရှောက်ပိုင်က သူမကို ဒေါသတကြီးဖြင့် ကြည့်ကာမေးလိုက်လေသည်။ "မင်း ငြိမ်ငြိမ်လေးနေလို့ မရဘူးလား"

သူက ထိုသို့ပြောလိုက်ပြီးသည့်နောက်တွင် သူ့လက်ကို ပိုးသတ်ဖို့ရန် အရက်စိမ်ထားသည့် ဝါဂွမ်းလုံးကို မြန်မြန်ရှာလိုက်ပြီးနောက် ရှမြန်ကို ပြောလိုက်လေသည်။ "ဒီကိုလာ ငါ မင်းအတွက် ဖယ်ပေးမယ်"

ရှမြန်သည် ဒါက ဆရာဝန်အမှားသာဖြစ်သည်ဟု သဘောပေါက်လိုက်၏။ သူမက ပြုံးကာ အနားသို့ ကပ်လာခဲ့သည်။ "မြန်မြန်လုပ် မြန်မြန်လုပ်။ နာနေပြီ"

နဥ်ရှောက်ပိုင်က လက်ကိုဆန့်လိုက်ပြီး သူမ၏နားကို ထိလိုက်သည်နှင့်ချက်ချင်း ရှမြန်မှာ နာကျင်မှုကြောင့် အော်ဟစ်တော့သည်။ "...အသာလုပ်ပါ တကယ်နာနေတာ..."

နဥ်ရှောက်ပိုင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ "မင်းက နာမှာကြောက်နေသေးတာလား။ ဒါက ရုတ်တရက်ကြီးတော့ ဒီလောက်အထိ ရောင်ကိုင်းလာမှာ မဟုတ်ဘူးလေ။ မင်းက အခုကျမှ ဘာလို့အော်ဟစ်ငိုယိုနေတာလဲ"

သူသည် ထိုသို့ ပြောလိုက်သော်ငြားလည်း သူ့လက်ကတော့ အများကြီး ညင်သာသွားလေသည်။

ရှမြန်၏ လည်ပင်းမှာ တောင့်တင်းနေပြီး သူမသည် မလှုပ်ရှားရဲချေ။ "ဒီနေ့အခြေအနေက အရမ်းကို တင်းမာနေတာလေ။ ကျွန်မက ဘယ်လိုလုပ်ပြီး တစ်ခုခုကို စဉ်းစားနိုင်ပါ့မလဲ"

နဥ်ရှောက်ပိုင်၏ မသိမသာအေးစက်နေသည့် လက်ချောင်းကို ခံစားမိလိုက်ချိန်တွင် ရှမြန်သည် အသက်အောင့်ထားလိုက်ပြီး နာကျင်မှုအတွက် ပြင်ဆင်ထားလိုက်သည်။

သူမသည် ဘာကိုမှ မခံစားလိုက်ရချေ။ မကြာမီတွင် သူမ၏နားသည် သက်သောင့်သက်သာ ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး နားကပ်များကို ဖယ်လိုက်လေသည်။

သူမက ခေါင်းကိုလှည့်လိုက်ကာ နဥ်ရှောက်ပိုင်ကိုကြည့်ပြီး ချီးကျူးစကားပြောလိုက်၏။ "ရှင်က တကယ်အတော်ဆုံး ခွဲစိတ်ဆရာဝန်တစ်ယောက်ပဲ။ အံ့သြစရာကောင်းလိုက်တာ"

နဥ်ရှောက်ပိုင်က သူမကို အာရုံစိုက်ဖို့ရန် စိတ်ကူးမရှိချေ။ "ဘက်ပြောင်း"

"ဟုတ်" ရှမြန်က သူမ၏ထိုင်ခုံနေရာပေါ်တွင် သူမ၏ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်လေသည်။

"ကျွန်မ ဒါကို ဘယ်လိုပြောင်းရမှာလဲ။ ကျွန်မလည်ပင်းက ၁၈၀ဒီဂရီ လှည့်လို့ရတာမှမဟုတ်ပဲ"

ရှေ့ခန်းတွင် ကားမောင်းနေသည့်ရုံရှင်းသည် သူမ၏စကားကြောင့် ရယ်ချင်စိတ်ဖြစ်သွားကာ သူမကို အကြံပေးလိုက်လေသည်။ "မင်းသူ့ပေါင်ပေါ် ဒီအတိုင်းပဲ လှဲချလိုက်ပါလား။ ဘာဖြစ်လို့ ဖက်ကိုလှည့်နေဦးမှာလဲ။ ဒီလိုဆိုရင် သူ့အတွက်လည်း ပိုပြီးတော့ အဆင်ပြေတာပေါ့"

"စိတ်ကူးကောင်းပဲ" ရှမြန်က အပြုံးဖြင့် မေးလိုက်လေသည်။ "အဆင်ပြေရဲ့လား"

နဥ်ရှောက်ပိုင်က ငြင်းဆန်၏။ "မရဘူး"

"ဟုတ်ပြီလေ" ရှမြန်သည် သူပြောသည့်စကားကို လုံးဝဂရုမစိုက်ချေ။ သူမက အားပြင်းပြင်းထည့်ကာ လှဲချလိုက်လေသည်။ အခုလေးတင် နားကပ်ချွတ်ပြီးသွားသည့် သူမ၏နားသည် သူ့ဘောင်းဘီနှင့် ပွတ်တိုက်မိသွားပြီး သူမမှာ နာကျင်မှုကြောင့် အော်ဟစ်မိသွားတော့သည်။

နဥ်ရှောက်ပိုင်၏ ပေါင်များကလည်း အရှိန်ဖြင့် ဖိချလိုက်သည့်အတွက် နာကျင်သွားကာ သူသည် ဒေါသတကြီး အံကြိတ်ထားလိုက်ပြီး ကျိန်ဆဲတော့သည်။ "ခံလိုက်လေ"

ရှမြန်သည် ဒီကစားပွဲကို နိုင်သွားသော်ငြားလည်း သူမက ဂရုမစိုက်ချေ။ သူမက ရယ်မောကာ ပြောလိုက်၏။ "ဒေါက်တာနဥ် ကျွန်မ ရှင့်ကို အားကိုးထားတယ်နော်"

နဥ်ရှောက်ပိုင်က သူ့မျက်လုံးများကို စွေစောင်းထားလိုက်ပြီး ရှမြန်သည် သူ၏ထိန်းချုပ်ထားရသည့် ခက်ထန်ကြမ်းတမ်းမှုက အများကြီး ပျောက်ကွယ်သွားသည်ကို နောက်ဆုံးတော့ သတိထားမိလိုက်၏။ သူသည် ပုံမှန်နဥ်ရှောက်ပိုင် ပြန်ဖြစ်လာခဲ့လေသည်။

သို့သော်ငြားလည်း သူ့ခန္ဓာကိုယ်အနေအထားက အမှန်ပင် အလွန်မှသက်သောင့်သက်သာ ရှိလှသည်။ နဥ်ရှောက်ပိုင်၏လှုပ်ရှားမှုများက အရင်ကထက် အများကြီး ပိုမိုမြန်ဆန်နေ၏။

သူက သူမ၏ခေါင်းကို ဆွဲထောင်လိုက်ကာ ရွံရှာဟန်ဖြင့် သူမကို တွန်းထုတ်လိုက်လေသည်။ "ရပြီ"

ရှမြန်သည် သူ့လက်ထဲက နားကပ်လှလှလေးတစ်ရံကို မြင်လိုက်ပြီးသည့်နောက်တွင် နှမြောတသသည့်ဟန်ဖြင့် ပြောလိုက်သည်။ "နားကပ်တွေက အရမ်းလှတာပဲ။ ဒါပေမဲ့ ကျွန်မ ဒါတွေကို မဝတ်နိုင်တာတော့ နှမြောစရာပဲ"

"ကြည့်ရတာတော့ ကျွန်မ နားကို အပေါက်ဖောက်ဖို့ လိုနေပြီ ထင်တယ်"

သို့သော်ငြားလည်း ဒီခေတ်ကာလ၏ နားဖောက်သည့် ဖြစ်သလိုနည်းလမ်းကို စဉ်းစားမိသည်တွင် ရှမြန်သည် ရေတိုကာလအတွက် သတ္တိမရှိနေသည်ကို ခံစားမိလိုက်၏။

နဥ်ရှောက်ပိုင်က သူမ၏ရောင်ကိုင်းပြီး ဖောင်းပွနေသည့် နားကိုကြည့်လိုက်ပြီး ဆွံ့အသွားတော့သည်။

ကားက လမ်းကြလေးထဲသို့ မောင်းဝင်လာသည့်အချိန်တွင် ရှေ့တွင်ကားမောင်းနေသည့် ရုံရှင်းက ရုတ်တရက် ရယ်မောလိုက်လေသည်။ "အစ်မနဥ် အဲဒါကအစ်မရဲ့ ကလေးတွေလား"

နဥ်ရှောက်ယွင်က မနေနိုင်ဘဲ အော်ရယ်တော့၏။ "ဟုတ်တယ်လေ"

ဒီအချိန်တွင် သူမသည် တစ်နေကုန်လုံး ဝတ်ဆင်ထားသည့် ဆူးချွန်ပါသည့်သူမ၏ချပ်ဝတ်တန်ဆာကို ချွတ်လိုက်ပြီဖြစ်ကာ သိမ်မွေ့ညင်သာပြီး ကျက်သရေရှိသည့် နဥ်ရှောက်ယွင် ပြန်ဖြစ်သွားတော့၏။

ရှမြန်က သိလိုစိတ်ဖြင့် ကိုယ်ကိုကုန်းကာ တစ်ချက်လောက် လှမ်းကြည့်လိုက်သည်တွင် မနေနိုင်ဘဲ အော်ရယ်တော့သည်။ "ဟားဟားဟား သူတို့တွေက ကစားတဲ့နေရာမှာ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့တော်လာတော့တာပဲ"

အာထရာမန်းနှင် မာဗယ်ဟီးရိုးတို့ မပေါ်သေးသည့် ခေတ်ကာလမှာပင် ကလေးများအားလုံးသည် သူရဲကောင်းဖြစ်ချင်သည့် အိပ်မက်များရှိလေသည်။

ခြံဝင်းတံခါးရှေ့တွင် မောက်ဟွေ့ကျူး၊ ချန်းချန်းနှင့် ရှောင်ဖုန်းတို့ တစ်ယောက်ချင်းစီသည် စုတ်ပြဲနေသည့် အပြာရောင် အိပ်ရာခင်းတစ်ခုကို ခြုံထားကြပေသည်။ ဒါကို တစ်စုံတစ်ယောက်က သူတို့ကိုကူညီပြီး အိပ်ရာခင်းတစ်ခုကို ဖြတ်ပေးခဲ့တာဖြစ်ရမည်။ မောက်ဟွေ့ကျူးက သူမ၏ကျစ်ဆံမြီး၂ဖက်ပေါ်တွင် ပါးလွှာသည့် အဝတ်ကြိုးပြားကို ဖဲပွင့်ပုံချည်ထားပြီး ချန်းချန်းကလည်း ထိုနည်းတူပင်ဖြစ်ကာ သူ့နဖူးပေါ်တွင် တစ်နေရာရာက ယူလာသည့် အနီရောင်ခါးပတ်ကြီးကို စည်းထားလေသည်။

သူတို့နှစ်ယောက်သည် ဝါးတုတ်တစ်ချောင်းကို ဓားတစ်ချောင်းလို ကိုင်ထားကြပြီး အားတက်သရော ဝှေ့ရမ်းနေကာ သူတို့ကိုယ်သူတို့ အမည်နာမများပေးထားပြီး သူတို့၏ခေါင်းကိုလည်း အားရပါးရ လှုပ်ရှားနေကြပြီး သူတို့၏ခေါင်းပေါ်က ဖဲကြိုးများနှင့်နဖူးစည်းများကို ထုတ်ပြဖို့ကြိုးစားနေကြသည်။ သူတို့သည် သိုင်းလောကထဲက ခေါင်းဆောင်နေရာအတွက် ယှဉ်ပြိုင်နေကြ၏။ ရှောင်ဖုန်းကတော့...

ဒီကောင်ကလေးက သူတို့၏တပည့်တစ်ယောက် နောက်တစ်ဖန် ဖြစ်လာဟန်တူသည်။ သူ့ခေါင်းပေါ်တွင် ချည်ထားသည့် တွန့်ကြေနေသည့်ခေါင်းစည်းက ချန်းချန်း၏ခေါင်းပေါ်က ခေါင်းစည်းနှင့် တစ်ပုံစံတည်းဖြစ်နေသည်မှာ သိသာသည်။ သူ၏ထောင်တက်နေသည့် ဆံပင်လေးပေါ်တွင် ချည်ထားသည့်ဖဲပြားက မောက်‌ဟွေ့ကျူး၏ခေါင်းပေါ်က တစ်ခုနှင့်တစ်ပုံစံတည်း ဖြစ်နေသည်။

သူသည် ဝါးတုတ်လေးတစ်ချောင်းကို မှီထားပြီး သိုင်းလောကအစည်းအဝေး၏ တစ်ဦးတည်းသော ပရိသတ်တစ်ယောက်အဖြစ် ဆရာ၂ယောက်၏ တိုက်ခိုက်နေသည်ကို စောင့်ကြည့်နေလေသည်။

ကားသံကို ကြားလိုက်သည်တွင် ရှောင်ဖုန်းက အရင်ဆုံး တုံ့ပြန်လာသည်။ သူ့မျက်လုံးများက လင်းလက်သွားပြီး သူ၏ခြေထောက်တိုတိုလေးများဖြင့် အပြေးရောက်လာသည်။ "အန်တီလေး"

ချန်းချန်းနှင့် ဟွေ့ကျုးတို့ကလည်း တိုက်ခိုက်နေသည်ကို ခဏလောက်ရပ်ထားလိုက်ကြပြီး အပြေးရောက်လာကြသည်။

ကလေး၃ယောက်၏ ရုပ်ရည်များကို ကြည့်လိုက်ပြီး လူတော်တော်များများက မနေနိုင်တော့ဘဲ အသံထွက်ကာ အော်ရယ်ကြတော့သည်။

ရှမြန်က ကားပေါ်က ဆင်းလိုက်ပြီး ရှောင်ဖုန်းကို ကောက်ချီလိုက်ကာ သူ့ဆံပင်ပေါ်တွင် တလွင့်လွင်ဖြစ်နေသည့် အဝတ်စကို ဖယ်လိုက်ပြီး "ဒါကို ဘယ်သူ လုပ်ထားပေးတာလဲ"

ရှောင်ဖုန်းသည် သူ့ခေါင်းပေါ်ကတစ်ခုခုကို အခုမှ သတိရသွားဟန်တူသည်။ သူက သူ့လက်မောင်းသေးသေးလေးကို မြှောက်လိုက်ကာ သူမ၏ပြုံးနေသည့် မျက်လုံးများကိုထိလိုက်ပြီး

"ဒေါ်ဒေါ်ဟွေ့လန် လုပ်ပေးတာ"

ချန်းချန်းကလည်း အပြေးရောက်လာပြီး နဥ်ရှောက်ယွင်၏ခြေထောက်ကို ပွေ့ဖက်လိုက်ကာ သူ့ခေါင်းပေါ်က ခေါင်းစည်းကိုဆွဲပြီး ဂုဏ်ယူဝင်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"မေမေ သားရဲ့ဟာကိုလည်း ဒေါ်ဒေါ်ဟွေ့လန် လုပ်ထားပေးတာ"

နဥ်ရှောက်ယွင်သည် သူ့နဖူးပေါ်က အနီရောင်ခါးပတ်ကြီးကို ငေးကြည့်နေမိသည်။ ကံအားလျော်စွာ ဒါက အသစ်ဖြစ်နေသည်။ အကယ်၍ အဟောင်းတစ်ခုသာဆိုလျှင် သူမသည် ဒါကို သည်းခံနိုင်လိမ့်မည် မဟုတ်တော့ချေ။

"ဒါတွေကို ဘယ်ကနေ ရလာတာလဲ"

ချန်းချန်းက ပြောလိုက်သည်။ "ဘွားဘွားဝေက ဝယ်လာပေးတာလေ"

ရှောင်ဖုန်းကလည်း သူ့နဖူးကိုထိလိုက်ပြီး သူ့ခေါင်းစည်းကို နေရာပြင်လိုက်ကာ"ဒါကို ဒေါ်ဒေါ်ဟွေ့လန်က ညှပ်ထားပေးတာ"

ရှမြန်မှာ မနေနိုင်ဘဲ ရယ်မောလိုက်၏။ ရှောင်ဖုန်းကလည်း ဒါကို မြင်လိုက်သည်တွင် သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်လေသည်။

ထို့နောက်တွင်တော့ သူသည် ရှမြန်၏နားက တစ်ခုခု လွဲမှားနေသည်ကို ချက်ချင်းသတိထားမိလိုက်၏။ သူက မျက်မှောင်ကြုတ်ကာ ရှမြန်၏နားကို ဂရုတစိုက်ဖြင့် ကြည့်လိုက်ပြီး စိတ်မကောင်းကြီးစွာဖြင့် ပြောလေသည်။ "အန်တီလေး"

ရှောင်မြန်သည် သူ၏ချစ်စရာကောင်းနေမှုကြောင့် ချက်ချင်းဆိုသလို အရည်ပျော်သွားတော့သည်။

"အဆင်ပြေပါတယ် အဆင်ပြေပါတယ်။ ရှောင်ဖုန်း ဒါကိုဒီတိုင်းပဲ လေနဲ့မှုတ်ပေးလိုက်။ ဒါဆိုရင် မနာတော့ဘူး"

ထို့ကြောင့် ကလေးက သူမ၏နားနားသို့ကပ်သွားကာ အကြိမ်အနည်းငယ် ညင်ညင်သာသာလေး မှုတ်ပေးလေသည်။ ရှမြန်၏နားသည် ယားကျိကျိခံစားလိုက်ရပြီး သူမက မနေနိုင်ဘဲ ရယ်မောတော့၏။

ဒါကို မြင်လိုက်သည်တွင် ရှမြန်ကအဆင်ပြေနေသည်ကို ရှောင်ဖုန်းကလည်း သိသွားသည်။ ထို့ကြောင့် သူက အနားသို့ပိုကပ်သွားကာ မျှော်လင့်မထားဘဲ သူမကို လေထပ်မှုတ်လိုက်လေသည်။ ယားယံခြင်းကြောင့် ရှမြန်က သူမ၏မျက်လုံးများကို မှိတ်လိုက်သည်ကို မြင်လိုက်သည်တွင် ရှောင်ဖုန်းကလည်း ချက်ချင်း တခစ်ခစ်ရယ်မောတော့သည်။

ရှမြန်က မယုံမကြည်ဖြင့် သူ့ကိုကြည့်လိုက်ပြီး သူ့ဝမ်းဗိုက်လေးကို ကလိထိုးလိုက်သည်။

"ကောင်ကလေး မင်းက လူတွေကို ရယ်အောင် လုပ်တတ်နေပြီပေါ့လေ"

ရှောင်ဖုန်းက သူ့ခန္ဓာကိုယ်လေးကို လှုပ်ခါကာ အသနားခံတော့သည်။ "အန်တီလေး အန်တီလေး ဟားဟားဟား..."

မောက်‌ဟွေ့လန်သည် အိမ်ထဲကပြေးထွက်လာပြီး ပြောလိုက်၏။ "ငါ နင်တို့အသံတွေ ကြားနေရတယ်နော်။ အိမ်မြန်မြန်ပြန်လာကြ‌လေ။ အစ်မနဥ်၊ ဒေါက်တာနဥ်၊ အစ်ကိုရုံရှင်းတို့ ဒီနေ့ကျွန်မတို့အိမ်မှာ ညစာစားနော်။ ကျွန်မအမေနဲ့ ဒေါ်ဒေါ်ဝေက အရသာရှိတဲ့အစားအသောက်တွေ အများကြီး ပြင်ဆင်ပေးထားတယ်"

နဥ်ရှောက်ပိုင်နှင့် နဥ်ရှောက်ယွင်တို့ကလည်း အားနာမနေတော့ချေ။ ရုံရှင်းက ပိုလို့ပင် ပွင့်လင်းသေးသည်။ အိမ်သို့ရောက်လာပြီးသည့်နောက်တွင် သူသည် စားပွဲနှင့် ထိုင်ခုံများကို သတိဖြင့် နေရာရွှေ့လိုက်ကာ ပန်းကန်နှင့်တူများကိုလည်း ယူလာပေးလိုက်သည်။ အိမ်ချက်လက်ရာအစားအသောက် အပြည့်ပါသည့်စားပွဲကို ကြည့်လိုက်ပြီး သူသည် ဗိုက်ဆာလာတော့သည်။

ရှမြန်က ကလေး၃ယောက်၏ သူရဲကောင်းဝတ်စုံကို ချွတ်ပေးလိုက်ပြီး မောက်ဟွေ့ကျူးက သူမကို ညွှန်ကြားပြသလိုက်သေးသည်။ "အစ်မမြန် အဲဒါတွေကို အဝတ်အစားဗီရိုထဲမှာ ထည့်ထားပေးနော်။ သမီးတို့ မနက်ဖြန်ကျရင် အဲ့ဒီဟာကို ဝတ်ကြမှာ"

ရှမြန်က ရယ်မောလေသည်။

အစားအသောက်များ ပြင်ဆင်ပြီးသည့်အချိန်တွင် မောက်ဟွေ့မေနှင့် မောက်ကျစ်ရှန်းတို့ကလည်း အလုပ်မှ ပြန်ရောက်လာကြသည်။

မောက်ကျစ်ရှန်းသည် အိမ်တွင်ဧည့်သည်များ ရောက်နေသည်ကို တွေ့လိုက်ရပြီး သူက ရှက်ရွံ့နေသည့် အပြုံးတစ်ခုဖြင့် သူတို့ကို နှုတ်ဆက်လိုက်၏။

"ရှောက်ယွင်၊ ဒေါက်တာနဥ်၊ ဥက္ကဋ္ဌရုံ"

ရုံရှင်းက ပန်းကန်နှင့်တူများကို ကိုင်ထားဆဲဖြစ်ကာ မောက်ဟွေ့ကျူးကို အတုယူပြီး အသားချောင်းကို လှမ်းခိုးယူလိုက်လေသည်။ သူသည် အသံကိုကြားလိုက်ချိန်တွင် မော့ကြည့်လိုက်ရာ မောက်ကျစ်ရှန်းကို တွေ့လိုက်ရ၏။ သူသည် အခိုက်အတန့်ဆိုသလို မှင်တက်အံ့ဩသွားတော့သည်။

"ဝိုး ဦးလေးပါလား" သူက တအံ့တဩဖြင့် ပြောလိုက်သည်။ "ဦးလေး ဦးလေး အများကြီး ပြောင်းလဲသွားတာပဲ။ ဒါရိုက်တာက ဦးလေးကို နောက်ရိုက်မဲ့ရုပ်ရှင်မှာ ငှားရမ်းမယ်လို့ ကျွန်တော့်ကို တွေဝေမနေဘဲ ပြောလိုက်တာလည်း မဆန်းတော့ပါဘူး"

မောက်ကျစ်ရှန်းသည် မနေနိုင်ဘဲ ရယ်မောလိုက်ကာ သူ့မျက်လုံးထဲတွင် လင်းလက်သည့် အရောင်တစ်ခု ပါလာလေသည်။

သူသည် လက်တလောတွင် ရုပ်ရှင် စတင်ရိုက်ကူးနေပြီဖြစ်ရာ ဒါရိုက်တာများနှင့် ရိုက်ကူးရေးအဖွဲ့ဝင်များကလည်း သူ့အပေါ်အလွန်မှ စိတ်ရှည်လှသည်။ နာမည်ကြီး စူပါစတားတယောက်ကလည်း အတွေ့အကြုံတချို့ကို သူ့အား တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားပေးခဲ့သည်။

သူသည် ကင်မရာရှေ့တွင် လေးစားအားကျရသည့် လုံဝမ်ထျန်း အောင်အောင်မြင်မြင် ဖြစ်လာချိန်တွင် မောက်ကျစ်ရှန်းသည် ကောင်းကင်ကြီးက မြင့်မားပြီး မြေကြီးက ကျယ်ပြောသည်ဟုသာ ခံစားမိတော့သည်။ သူ့အတိတ်ကဘဝသည် သမုဒ္ဒရာထဲက ရေစက်လေးတစ်စက်သာ ဖြစ်နေသည်။ ပိုမြင့်မားပြီး ပိုဝေးကွာလှသည့်နေရာများတွင် ပိုပြီးလှပသည့် ရှုမျှော်ခင်းများက သေချာပေါက် ရှိနေဦးမည်။

ရုံရှင်းက သူ့မျက်လုံးများကို အုပ်ကာပြောလိုက်၏။ "ဦးလေး ဦးလေးက ဦးလေးရဲ့အရွယ်ကောင်းကို ပြန်ရောက်လာတဲ့အချိန်ကျရင် ရုပ်ရှင်တွေအများကြီး လက်ခံရလာလိမ့်မယ်။ ကျွန်တော့်ကို ယုံထားလိုက်"

မောက်ကျစ်ရှန်းက ပြုံးကာပြောလိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ်"

"ကျွန်တော့်ကို ဘာလို့ကျေးဇူးတင်ရမှာလဲ" ရုံရှင်းက ပြောလိုက်သည်။ "ကျွန်တော်ကတောင် ဦးလေးကို ပိုပြီးတော့ ကျေးဇူးတင်ရဦးမှာပါ။ တကယ်လို့ ဦးလေးက ဆက်ပြီးတော့ ရုပ်ရှင်ရိုက်မှာ သေချာတယ်ဆိုရင် ကျနော်တို့ကုမ္ပဏီနဲ့ပဲ စာချုပ်တစ်ခု ချုပ်လိုက်ပါ။ ဒါဆိုရင် ကျွန်တော်ကလည်း ပိုပြီးကျွမ်းကျင်တဲ့နည်းလမ်းတစ်ခုကို ယူလာပေးနိုင်မယ်"

မောက်ကျစ်ရှန်းက ဒီတစ်ကြိမ်တွင်တော့ တွေဝေမနေဘဲ ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပါပြီ"

"ဟုတ်ပါပြီ စားဖို့အချိန်ရောက်ပြီ" ဒေါ်‌ဒေါ်ဝေသည် ပန်းကန်ပြားတစ်ချပ်ဖြင့် ရောက်လာပြီး အားလုံးသည် ချိုမြနေသည့်မွှေးရနံ့ကို ချက်ချင်းရလိုက်ကြသည်။

အထူးသဖြင့် ကလေး၃ယောက်လုံးမှာ ပါပီလေးများလို တစ်ပြိုင်တည်း တရှုံ့ရှုံ့လုပ်နေကြလေသည်။

မောက်‌ဟွေ့ကျူးက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။ " ဒေါ်ဒေါ်ဝေ အဲဒါက ဘာလဲ"

"နင့်အမေလုပ်ထားတဲ့ ကြက်ဥကိတ်မုန့်လေ" ဒေါ်ဒေါ်ဝေက ပြုံးကာပြောလိုက်သည်။ "ဒါက ရှမြန် ငါ့ကို ပေးထားတဲ့ လုပ်နည်းတစ်ခုပဲ။ သူက ဒီနေ့ဒါကို စမ်းလုပ်ကြည့်မယ်လို့ ပြောခဲ့တယ်လေ။ တကယ်လို့ ဒါအလုပ်ဖြစ်မယ်ဆိုရင် ဒီဟာကိုလည်း ရောင်းချလို့ရတာပေါ့"

နဉ်ရှောက်ယွင်က မေးလိုက်၏။ "အဒေါ်က အသားတုတ်ထိုး ရောင်းနေတာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ဒါကိုလည်း ထပ်ရောင်းမှာလဲ"

မောက်ဟွေ့လန်က ဒေါသတကြီးဖြင့် ပြောလေသည်။ "လမ်းကြားအဝင်ဝနားက ခြံဝင်းထဲက ဖက်တီး၀မ်ရဲ့အမေကလည်း တုတ်တိုးတွေကို စပြီးရောင်းနေပြီလေ။ သူတို့တွေက ကျွန်မတို့ မိသားစုထက်တောင်မှ စျေးလျှော့ပြီးတော့ ရောင်းနေကြတာ။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ဆိုင်က ရောင်းအားကလည်း အများကြီးကျသွားတယ်လေ"

"အမေက ရောင်းချဖို့ပစ္စည်းတချို့ကို ထပ်ထည့်ဖို့ပြင်နေတာပေါ့"

နဥ်ရှောက်ယွင်သည် နေ့တိုင်းဆိုသလို ပန်းချီဆွဲရင်းဖြင့် အလုပ်များနေခဲ့ပြီး ဒီကိစ္စကို အမှန်တကယ် မသိခဲ့‌ချေ။ သူမက စိုးရိမ်တကြီး မေးလိုက်၏။ "ဒါက ကြီးကြီးမားမား ထိခိုက်မှုရှိ သွားမှာလား"

"အများကြီးတော့ မဟုတ်ပါဘူး" ရှ၀မ်ယွဲ့သည် ဝိုင်နီတစ်ပုလင်းဖြင့်ဝင်လာပြီး မောက်ဟွေ့လန်၏ခေါင်းကို ခေါက်လိုက်လေသည်။

"နင်က ဘာဖြစ်လို့ အဲဒီလောက်အထိ ဒေါသထွက်နေတာလဲ။ ငါတို့တွေက အရင်ရောင်းနေလို့ တခြားသူတွေ မရောင်းရဘူးဆိုတဲ့ စည်းမျဉ်းမှမရှိဘဲ။ သူတို့တွေက ငါတို့ရဲ့လုပ်နည်းအမယ်တွေကိုလည်း ခိုးနေတာ မဟုတ်ဘူးလေ"

"ဒါပေမဲ့ သူက သမီးတို့ရဲ့ စီးပွားရေးလုပ်ငန်းကို တမင်သက်သက်ခိုးဖို့ ကြိုးစားနေခဲ့တာ"

မောက်ဟွေ့လန်က ပြောလိုက်သည်။ "အဲဒီလိုမှ မဟုတ်ဘူးဆိုရင် သူက လုံချန်းအလယ်တန်းကျောင်းမှာ သွားပြီးတော့ရောင်းလို့ရတာပဲ"

မောက်ဟွေ့မေက ပြောလိုက်သည်။ "ဒေါသထွက်မနေပါနဲ့။ အဲဒီမိသားစုက ကြာကြာခံမှာ မဟုတ်လောက်ပါဘူး။ ငါ အိမ်နီးနားချင်းတွေဆီက ကြားထားတာရှိတယ်။ သူတို့တွေက တခြားသူတွေ ငွေရှာတဲ့ နည်းလမ်းတိုင်းကို အကုန်လိုက်လုပ်နေတာတဲ့။ ဒါပေမဲ့ သူတို့တွေက မရိုးသားဘူးလေ။ သူတို့တွေကြာရှည်ခံမှာ မဟုတ်ပါဘူး"

"အမှန်ပဲ။ ဘေးအိမ်က အစ်ကိုကလည်းပဲ ပြောတယ်လေ။ သူ ရောင်းတဲ့အစားအသောက်တွေက ငါတို့လောက် မကောင်းဘူးတဲ့" မောက်ဟွေ့လန်က အနည်းငယ် စိတ်ဓာတ်ကျသွားပြန်သည်။ "ဒါပေမဲ့လည်း အများကြီး စျေးသက်သာတယ်လေ။ အခုနောက်ပိုင်း ငါတို့ဆိုင်ကို လာတဲ့သူ အများကြီး နည်းသွားတယ်"

"အမေ သမီးတို့တွေလည်း စျေးကို ချလိုက်ကြမယ်လေ။ ဒါမှ သူရောင်းလို့ မရတော့မှာ"

ရှဝမ်ယွဲ့က အလန့်တကြား ပြောလိုက်၏။

"ငါတို့တွေက သူ့ကို ဘာဖြစ်လို့ အနိုင်ကျင့်နေမှာလဲ။ ငါနင့်ကို ပြောထားပြီးသားပဲ။ သူက ခိုးယူနေတာလည်း မဟုတ်သလို လုယူထားတာလည်း မဟုတ်ဘူးလေ။ တကယ်လို့ သူသာ သူ့ရဲ့အရည်အချင်းအစစ်အမှန်နဲ့ ငါတို့ကို အနိုင်ယူနိုင်မယ်ဆိုရင် ငါက အရှုံးကို ဝန်ခံလိုက်မှာပါ"

မောက်ဟွေ့လန်သည် ရှ၀မ်ယွဲ့က အမှန်တကယ် ဒေါသထွက်နေသည်ကို မြင်လိုက်ရသဖြင့် သူမက လျှာလေးကို ထုတ်လိုက်ပြီး ဘာမှထပ်မပြောရဲတော့ချေ။

...

All Chapters