အပိုင်း(၉၇)
Vol. 7 Ch. 97
"ငါတို့တွေ ငါတို့ရဲ့ရောင်းဈေးကို ချမှာမဟုတ်ဘူး"
ရှ၀မ်ယွဲ့သည် သူမက နားထောင်နေသည်ကို မြင်လိုက်သဖြင့် စတင်ရှင်းပြလိုက်လေသည်။
"ရှမြန်ပြောတာ ဟုတ်တယ်။ တကယ်လို့ ငါတို့တွေက ငါတို့ရဲ့ရောင်းဈေးကို ချလိုက်မယ်ဆိုရင် ငါတို့တွေက သူတို့နဲ့အဆင့်တူတူပဲလို့ ပြောလိုက်တဲ့သဘောပဲ မဟုတ်လား"
"သူတို့တွေ ငါတို့ကို ပေးလိုက်တဲ့အရာက သတိပေးချက်တစ်ခုပဲ" ရှ၀မ်ယွဲ့က ကလေးများကို ရိုးရိုးရှင်းရှင်း ပြောပြလိုက်၏။
"ငါတို့တွေက ဒီနေရာမှာပဲ ကျေနပ်နေလို့မရဘူး။ တကယ်လို့ တစ်ယောက်ယောက်က ပိုပြီးတော့ ကောင်းအောင် လုပ်ခဲ့မယ်ဆိုရင် ငါတို့တွေ တကယ်ပဲ ဇာတ်သိမ်းသွားလိမ့်မယ်"
"လုပ်ငန်းကလည်း ရာသီဥတု ထပ်အေးလာမယ်ဆိုရင် ရောင်းအားကျသွားလိမ့်မယ်။ ဒါကြောင့် ငါက ဒါနဲ့အတူ ကြက်ဥကိတ်မုန့်နဲ့ ကွတ်ကီးတချို့ ရောင်းဖို့စဉ်းစားထားတာ"
"လအနည်းငယ်နေရင် နင်တို့အဖေက ရုပ်ရှင်တစ်ခုရိုက်ဖို့ တောင်ပိုင်းကို သွားရလိမ့်မယ်။ ဝက်သားတုတ်ထိုးက တောင်ပိုင်းကနေ စတင်ခဲ့တာလို့ ရှမြန် ပြောခဲ့တယ်လေ။ ငါ အဲဒီကိုသွားပြီးတော့ တစ်ချက်လောက်ကြည့်ပြီး အရသာရှိတဲ့ပါဝင်ပစ္စည်းတချို့ကို ရှာဖွေပြီးတော့ သူတို့ရဲ့အတွေ့အကြုံကိုလည်း လေ့လာဖို့စဉ်းစားထားတယ်"
မောက်ဟွေ့ကျူးက ချက်ချင်းပြောလိုက်သည်။ "သမီးလည်း သွားချင်တယ်"
ရှ၀မ်ယွဲ့က သူမ၏နဖူးကို လှမ်းတောက်လိုက်ပြီး ပြောလိုက်၏။ "အရင်ဆုံး ငါ့စကားကို နားထောင်ပါဦး"
ဒေါ်ဒေါ်ဝေက ကလေး၃ယောက်ကို ကြက်ဥမုန့်တစ်ခုချင်းစီ ပေးလိုက်လေသည်။ ထို့နောက်တွင် ကလေး၃ယောက်သည် အတူတူစုဝေးကြကာ အားရပါးရစားသောက်တော့သည်။
ထိုအခါ ရှ၀မ်ယွဲ့က ဝိုင်နီကို ဖွင့်လိုက်၏။
နဥ်ရှောက်ယွင်က အသံထွက်ကာ ရယ်လိုက်သည်။ "အဒေါ်၂ အဒေါ့်မှာ ဝိုင်နီရှိသေးတယ်ပေါ့။ တော်တော်လေးကို ဖက်ရှင်ကျတာပဲ"
ရှ၀မ်ယွဲ့က ပြုံးလိုက်သည်။ "ဒါပေါ့၊ လူတွေက သူတို့ရဲ့ဘဝမှာ စမ်းကြည့်သင့်တဲ့အရာတွေကိုတော့ စမ်းကြည့်သင့်တယ်လေ။ ဒါက မကောင်းဘူးဆိုရင်တောင် စမ်းကြည့်ပြီး အတွေ့အကြုံယူပြီးမှပဲ ဒါက ကောင်း မကောင်းနဲ့ နောက်ပိုင်းရှောင်လို့ရမှာပေါ့။ ဟုတ်တယ်မလား"
သူမက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ငါ နင်တို့ဒုတိယဦးလေးဆီက ကြားထားတယ်လေ။ ဒီဝိုင်နီက ပစ္စည်းကောင်းတစ်ခုတဲ့။ နေ့တိုင်း နည်းနည်းသောက်ပေးမယ်ဆိုရင် လူတွေကို စိတ်အပန်းပြေစေပြီး အမျိုးသမီးတွေရဲ့အသားအရေကိုလည်း ပိုကောင်းအောင် လုပ်ပေးနိုင်တယ်တဲ့"
"လုပ်ပါ။ အထူးသဖြင့် နင်တို့ ကလေး၂ယောက်ပေါ့" ရှ၀မ်ယွဲ့က နဥ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်တို့အတွက် တစ်ခွက်စီ လောင်းထည့်ပေးလိုက်ပြီး "ဒီကာလအတော်အတွင်းမှာ နင်တို့တွေလည်း သေချာပေါက် ပင်ပန်းနေမှာပဲ။ ဒီနေ့ အဒေါ်၂ဆီက ဒီအရသာရှိတဲ့ အစားအသောက်တွေကို စားပြီးသွားရင် ပြန်ပြီးတော့ ကောင်းကောင်းအိပ်လိုက်ကြ။ ငါတို့တွေ နောက်ဆိုရင် ပိုပြီးတော့ ကောင်းမွန်လာလိမ့်မယ်"
နဥ်ရှောက်ယွင်သည် ခဏလောက် မှင်တက်အံ့ဩသွားပြီးနောက် မော့ကြည့်လိုက်ကာ ရှ၀မ်ယွဲ့၏ တောက်ပနေသည့်မျက်လုံးများနှင့် ဆုံတွေ့သွားချိန်တွင် ထိုမျက်လုံးများက ကြင်နာသနားခြင်းနှင့် အားပေးခြင်းများအပြည့် ဖြစ်နေသည်ကို မြင်လိုက်ရ၏။
သူမသည် ဒီထက်ပိုကောင်းသည့်စကားများကို မည်သို့ပြောရမည်ကို လုံးဝမသိသော်ငြားလည်း နဥ်ရှောက်ယွင်သည် သူမ ပြောချင်သည့်စကားကို နားလည်ပေသည်။
အရင်က တစ်ခါမှမခံစားခဲ့ဖူးသည့် အနွေးဓာတ်တစ်ခုက သူမ၏နှလုံးသားထဲတွင် ထိုးတက်လာပြီး သူမ၏ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသို့ စီးဆင်းသွားကာ အားအင်ပြည့်သည့် အင်အားတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလေသည်။
နဥ်ရှောက်ယွင်သည် မောက်ညီအစ်မများ၏ အကြောက်အရွံ့ကင်းသည့်ခံစားချက်ကို ရုတ်တရက် နားလည်သွား၏။
သူတို့၏လူကြီးများထံမှ ခိုင်မာပြတ်သားပြီး သိမ်မွေ့ညင်သာသည့် ဂရုစိုက်မှုများက သူတို့သည် အပြင်ဘက်တွင် မည်မျှပြင်းထန်သည့် မုန်တိုင်းဖြစ်စေ မည်မျှမှောင်မဲနေသည့်အရာများကို ရင်ဆိုင်တွေ့ကြုံခဲ့ရပါစေ သူတို့သည် ဒီနေရာသို့ ပြန်ရောက်လာသည်နှင့်ချက်ချင်း သူတို့၏ ခန္ဓာကိုယ်ပေါ်က နာကျင်မှုအားလုံးကို ကုသပေးနိုင်သည့် တောက်ပသည့်ရောင်ခြည်နှင့် သိမ်မွေ့မှုလှိုင်းများ ရရှိနိုင်ကြောင်းကို သိရှိခွင့်ပေးထားခြင်းကြောင့် ဖြစ်လေသည်။
နောက်တစ်ကြိမ်တွင် ဒီလောကထဲ၌ ပိုပြီးလှပသည့်အရာများကို ရှာဖွေဖို့ရန် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် ခရီးထပ်သွားနိုင်သေးသည်။
နဥ်ရှောက်ယွင်သည် ရုတ်တရက်ပြုံးလိုက်၏။ ဒါသည် စိတ်ပျက်ခြင်းများ ပျောက်ကွယ်သွားသည့် တောက်ပသည့်အပြုံးတစ်မျိုး ဖြစ်ပေသည်။ သူမသည် ပြန်လည်မွေးဖွားခြင်း ပန်းချီကားတစ်ခုကိုဆွဲရန် စုတ်တံများကို ပြန်လည်ကောက်ယူခဲ့သည့် အချိန်တစ်ခုသို့ ပြန်ရောက်သွားသလိုပင်။
ရှ၀မ်ယွဲ့အပြုံးက ညင်သာပျော့ပျောင်းလှကာ သူမသည် လက်ကိုဆန့်လိုက်ပြီး သူမ၏ခေါင်းလေးကို ထိပေးလိုက်သည်။ "လိမ္မာတဲ့ကလေး အများကြီး ကြိုးစားခဲ့ပြီးပါပြီ"
နဥ်ရှောက်ယွင်၏မျက်လုံးများသည် မျက်ရည်များဖြင့် တဖျတ်ဖျတ် လင်းလက်သွားလေသည်။ နဥ်ရှောက်ပိုင်က ရှ၀မ်ယွဲ့ဆီသို့ သူ့ဖန်ခွက်ကို လှမ်းမြှောက်ပြလိုက်ပြီး "ကျေးဇူးတင်ပါတယ် ဒေါ်ဒေါ်"
"ငါ့ကို ဘာအတွက် ကျေးဇူးတင်ရမှာလဲ" ရှ၀မ်ယွဲ့ကလည်း လက်ကိုဆန့်လိုက်ပြီး သူ့ခေါင်းလေးကို ထိပေးလိုက်၏။ "နင်လည်း လိမ္မာတဲ့ကောင်လေးတစ်ယောက်ပဲ။ အခုတလော နင် အများကြီး ပိန်ကျသွားတာကို ငါ တွေ့နေတယ်။ ပိုစားနော်"
နဥ်ရှောက်ပိုင်၏ခန္ဓာကိုယ်သည် တောင့်တင်းသွားတော့သည်။
သူ့ဘေးတွင်ရပ်နေသည့် ရုံရှင်းက တအံ့တဩဖြင့် သူ့မျက်လုံးများကို ပြူးကျယ်ထားလိုက်ပြီး အနားသို့ရောက်လာကာ ပြောလိုက်လေသည်။ "ဒေါ်ဒေါ်၂ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ခေါင်းကိုလည်း ထိပေးပါ။ ဒေါ်ဒေါ်ရဲ့လက်ထဲမှာ မှော်စွမ်းအားတစ်ခု ရှိတယ် မဟုတ်လား။ အစ်ကိုပိုင်တောင်မှ တကယ်ရှက်သွားပြီလေ"
နဥ်ရှောက်ပိုင်က သူ့ကို လှမ်းကန်လိုက်သည်။ ရှ၀မ်ယွဲ့က အော်ရယ်လိုက်ကာ ရုံရှင်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး "နင်က ငတုံးလေးမလို့လား"
ရုံရှင်းက မကျေမနပ်ဖြင့် အော်ပြောလိုက်၏။ "သူတို့အားလုံးက လိမ္မာတဲ့ကလေးတွေဖြစ်ပြီးတော့ ကျွန်တော့်ကျမှ ဘာဖြစ်လို့ ငတုံးလေး ဖြစ်ရမှာလဲ"
နဥ်ရှောက်ပိုင်က သူ့ပါးစပ်ထဲသို့ ချင်းတစ်တက်ကို ထိုးထည့်ပေးကာ ပြောလိုက်သည်။ "တိတ်စမ်း"
ရုံရှင်းသည် အစပ်အရသာကြောင့် မျက်နှာကို ရှုံ့မဲ့ထားလိုက်ပြီး စားပွဲဝိုင်းတွင် ရယ်မောသံများ ထွက်လာလေ၏။
တစ်ညတာ အိပ်စက်ပြီးသည့်နောက်တွင် ရှမြန်၏တင်းမာနေသည့် အာရုံကြောများက ပြေလျော့သွားပြီး သူမ၏ဝမ်းဗိုက်သည် နောက်ဆုံးတော့ ဆာလောင်မှုကြောင့် တဂွီဂွီမြည်လာတော့သည်။ ခမ်းနားကြီးကျယ်သည့် အိမ်တော်ကြီးနှင့် နေ့ခင်းဘက်က ဝတ်စုံပြည့်နှင့် လည်သာဖိနပ်များ ဝတ်ဆင်ထားသည့် အထက်တန်းစာလူ့အလွှာတစ်ခုက သူမအတွက် အိပ်မက်တစ်ခု ဖြစ်နေသယောင်ပင်။
အိမ်၏မြူခိုးများဝေနေသည့်ပတ်ဝန်းကျင်က ပိုပြီးတော့ စိတ်အေးချမ်းရစေသည်။ ရှမြန်က အသံထွက်ကာ ရယ်မောလိုက်ပြီး ရုံရှင်းနှင့် ကစားနေသည့် နဥ်ရှောက်ပိုင်ကို ကြည့်နေလိုက်၏။
ရုတ်တရက်ဆိုသလို သူမ၏ခြေသလုံးသည် ပွေ့ဖက်ခံလိုက်ရပြီး စားပွဲအောက်တွင် လှုပ်ရှားခံလိုက်ရသည်ကို ခံစားမိလိုက်၏။ မောက်ဟွေ့ကျူးက စားပွဲအောက်သို့ လေးဖက်ထောက်ဝင်သွားပြီး စနောက်နေသည်ဟု ရှမြန်က ထင်လိုက်လေသည်။ သို့သော်ငြားလည်း သူမက စားပွဲခင်းကို မ,ကြည့်လိုက်သည်တွင် ရှောင်ဖုန်း၏ ဝိုင်းစက်ပြီး တောက်ပနေသည့် မျက်လုံးများနှင့် တွေ့ဆုံသွားတော့သည်။
"ရှောင်ဖုန်းလား"
ရှောင်ဖုန်းသည် သူမ၏ခြေသလုံးလေးကို ဝမ်းသာအားရ လှုပ်ခါနေပြီး ပျော်ရွှင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်ပြောဆိုလေ၏။ "အန်တီလေး" ထို့နောက်တွင်တော့ ဘာဖြစ်ခဲ့သည်ကို သူမမသိခဲ့ချေ။ ရယ်မောသံများက မရပ်မနား ထွက်လာတော့သည်။
ရှမြန်သည် သူ့ကြောင့်သဘောကျသွားပြီး သူ့ကို ဖက်ဖို့ရန် လှမ်းဆွဲလိုက်လေသည်။ "ရှောင်ဖုန်းက အရမ်းပျော်နေတာလား"
ပုံမှန်ဆိုလျှင် အပြေးရောက်လာတတ်သည့် ကလေးသည် အော်ဟစ်ကာ သူ့ခန္ဓာကိုယ်ကို ရှမြန်၏လက်ထဲမှ တွန့်လိမ်ကာ ရှောင်ရှားနေသည်။ သူ၏လက်နှင့်ခြေများကို အသုံးချကာ စားပွဲအောက်မှ ထွက်လာပြီး ထွက်ပြေးလေတော့သည်။
ပြေးနေရင်းက သူသည် ကလေးသံလေးများဖြင့် တခစ်ခစ် ရယ်မောနေ၏။ "အန်တီလေး အန်တီလေး သားကို မဖမ်းနိုင်ပါဘူး"
ရှမြန်...
ဘယ်လိုလုပ်ပြီး မောက်ဟွေ့ကျူးရဲ့ အမူအရာတွေ ပေါ်နေတာလဲ။
သူမသည် ထိုသို့စဉ်းစားနေဆဲမှာပင် မောက်ဟွေ့လန်၏ အော်ဟစ်သံကို ကြားလိုက်ရ၏။
"မောက်ဟွေ့ကျူး နင် ဒီဝိုင်နီတွေကို ဘယ်ကရခဲ့တာလဲ"
အားလုံးက လှည့်ကြည့်လိုက်သည်တွင် သူတို့၃ယောက်အတွက် ပြင်ဆင်ပေးထားသည့် စားပွဲဝိုင်းငယ်လေးတွင် ထိုင်နေသည့် မောက်ဟွေ့ကျူးကို တွေ့လိုက်ရ၏။ သူမ၏လက်ထဲက ဖျော်ရည်ခွက်ထဲတွင် ဝိုင်နီများဖြင့် ဖြည့်ထားကာ ကျန်ခွက်လေး၂ခု၏ အောက်ခြေတွင်လည်း ဝိုင်နီတချို့ ကျန်ရစ်နေလေသည်။
ချန်းချန်းသည် ကုလားထိုင်ငယ်လေးပေါ်တွင် ထိုင်နေပြီး မောက်ဟွေ့လန်ကို လက်ညှိုးထိုးလိုက်ကာ "အခု သားတို့၃ယောက်က ထောင်ယွမ် သွေးသောက်ညီအစ်ကို ဖွဲ့နေတာလေ"
အိမ်း။ အခြေအနေကတော့ မဟုတ်တော့ဘူး။ နဥ်ရှောက်ယွင်သည် အလျင်အမြန် ရောက်ချလာပြီး သူ့ကို ကောက်ချီလိုက်၏။ "ချန်းချန်း"
ချန်းချန်းက သူမ သူ့ကိုပွေ့ဖက်နေသည်ကို ရုန်းကန်ကာ တားမြစ်နေလေသည်။ "သားက ချန်ရှန်းက ကျောက်စစ်လော်..."
ရှ၀မ်ယွဲ့သည် လက်ကိုလှမ်းလိုက်ပြီး စမ်းကြည့်လိုက်သည်တွင် သေချာနေတော့သည်။ စားပွဲအောက်က ဝိုင်နီပုလင်းသည် ပျောက်သွားပြီဖြစ်၏။
မောက်ဟွေ့ကျူးသည် သူမကို လူကြီးများက တွေ့သွားသည်ကို မြင်လိုက်ချိန်တွင် ခွက်ထဲက ကျန်နေသည့် ဝိုင်နီများကို မြန်မြန်တစ်ကျိုက်တည်း မော့သောက်လိုက်၏။ မောက်ဟွေ့လန်မှာ သူမကို မတားနိုင်ခဲ့ချေ။
ရှ၀မ်ယွဲ့သည် အလွန်မှ ဒေါသထွက်သွားပြီး တစ်စုံတစ်ယောက်ကို ရိုက်နှက်ချင်ခဲ့သော်ငြားလည်း ကောင်မလေးက လူကြီးများကို ပြုံးပြနေကာ ခေါင်းလေးကိုစောင်းပြီး မျက်လုံးများကို မှိတ်ထားသည်ကို တွေ့လိုက်ရလေသည်။
ရှ၀မ်ယွဲ့မှာ အလန့်တကြား ဖြစ်သွား၏။ "ဟွေ့ကျူး"
နဥ်ရှောက်ပိုင်က ရှေ့သို့ အလောတကြီး ပြေးတက်လာပြီး သူမ၏မျက်ခွံကို ဖွင့်ကြည့်လိုက်ကာ တစ်ချက်လောက် ကြည့်လိုက်၏။ ထို့နောက်တွင်တော့ သူမ၏ရင်ဘတ်နားသို့ ကပ်လိုက်ပြီး ခဏလောက် နားထောင်လိုက်သည်တွင် စိတ်အေးသွားကာ သက်ပြင်းချပြီး ပြောလိုက်လေသည်။
"ဘာမှမဖြစ်ပါဘူး၊ သူ အိပ်ပျော်သွားတာ"
နဥ်ရှောက်ယွင်မှာ အလောတကြီး မေးရတော့သည်။ "သူတို့တွေ ဘယ်လောက်တောင် သောက်ခဲ့တာလဲ"
ရှ၀မ်ယွဲ့သည် ဝိုင်ပုလင်းကို လှမ်းယူလိုက်ပြီး ပြောလိုက်၏။ "ငါ ပုလင်းထဲက အားလုံးကို လောင်းထည့်ခဲ့တာပဲ။ ပုလင်းအောက်ခြေက နည်းနည်းလေး ကျန်တဲ့ဟာပဲဖြစ်မှာပါ။ နင်တို့တွေ စားပွဲပေါ်က ဟာကိုတော့ သူတို့ကို ပေးမယူခဲ့ဘူး မဟုတ်လား"
နဥ်ရှောက်ပိုင်သည် စားပွဲပေါ်က ခွက်ငယ်လေး၃ခုကို ကောက်ကိုင်လိုက်ပြီး တစ်ခွက်ချင်းစီကို ကြည့်လိုက်၏။ "ဒါက ရေနဲ့ ရောထားပြီးသားဆိုတော့ လူအများစုအတွက်တော့ မူးမယ်တော့ မထင်ပါဘူး"
"မများဘူးတဲ့လား။ ဒါပေမဲ့ ဟိုမှာတော့ မူးနေပြီလေ"
ရှမြန်သည် ရှောင်ဖုန်းက မူးနေသည့်အချိန်တွင် ဒီလိုပုံစံလေး ဖြစ်နေလိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
"ရှောင်ဖုန်း ဒီကိုလာပါဦး။ အန်တီလေးကို ပေးဖက်ပါဦး"
ရှမြန်က ရှေ့သို့တိုးသွားသည်တွင် သူ၏ခြေထောက်တိုတိုလေးက မြန်မြန်ဆန်ဆန် လှုပ်ရှားသွားပြီး အော်ဟစ်ကာ အတွင်းခန်းထဲသို့ ပြေးဝင်သွားပြီး တံခါးကို ချက်ချင်း ပိတ်လိုက်လေသည်။ ထို့နောက်တွင်တော့ သူက တံခါး၏ ဟနေသည်ကြားထဲမှ သူမကို မြန်မြန်ခေါ်လိုက်၏။ "အန်တီလေး ဒီမှာ"
ရှမြန်မှာ သူလေးက သူမကို စနောက်ကျီစယ်နေသည်လား သူမကို ရန်စနေသည်လား မသိနိုင်တော့ချေ။
ရှမြန်သည် ကလေးကို ဖမ်းဆွဲထားရင်း ရယ်ရမည်လား ငိုရမည်လား မသိတော့ချေ။ သူက သူ၏လက်နှင့်ခြေများ အားလုံးကို သုံးပြီး သူမကိုယ်ပေါ်သို့ တက်လာလေသည်။ "ဟား ဟား ဟား ဟား အန်တီလေး"
နဥ်ရှောက်ပိုင်သည် ချန်းချန်းကို စစ်ဆေးပြီးသည့်နောက်တွင် ဒီဘက်သို့ရောက်လာကာ ရှမြန်၏ လက်မောင်းထဲက ရှောင်ဖုန်းကို ခေါ်ချီလိုက်ပြီး သူ့ရင်ဘတ်နားတွင် ကပ်ထားလိုက်ကာ ခဏလောက် နားထောင်ကြည့်လိုက်သည်။
ရှောင်ဖုန်းက နဥ်ရှောက်ပိုင်၏ခေါင်းကို ပျော်ရွှင်စွာ ဖက်ထားပြီး ပွတ်သပ်နေ၏။ "ဦးဦးနဉ်"
ဒါသည် အလွန်ရဲတင်းလှပြီး ချန်းချန်းပင် ထိုသို့မလုပ်ရဲချေ။
နဥ်ရှောက်ပိုင်က သူ့ကို ခပ်ကြမ်းကြမ်းလေး ပွတ်သပ်ပေးလိုက်ပြီး ရှမြန်လက်ထဲသို့ ပြန်ထည့်ပေးကာ ပြောလိုက်လေသည်။ "ကြီးကြီးမားမားတော့ ဘာမှမဖြစ်လောက်ပါဘူး။ နှစ်နှစ်ခြိုက်ခြိုက် တစ်ရေးလောက် အိပ်လိုက်ရင် ရပါတယ်"
သူက သူ့ဆံပင်များကို ပြန်ပြင်လိုက်ပြီး ပြောလိုက်၏။ "ဒါပေမဲ့ အန္တရာယ်ကင်းအောင်လို့ ဒီနေ့ည ကျွန်တော် ကလေး၃ယောက်နဲ့ အတူတူအိပ်ရလိမ့်မယ်။ တကယ်လို့ ညဘက် တစ်ခုခုဖြစ်တယ်ဆိုရင် ကျွန်တော် အချိန်မီ ကိုင်တွယ်လို့ရတာပေါ့"
သူတို့လုပ်နိုင်သည်မှာက တခြားလည်း မရှိတော့ချေ။ လူကြီးများသည် ကလေး၃ယောက်ကို မျက်နှာ သစ်ပေးလိုက်ပြီးနောက် အိပ်ရာထဲသို့ခေါ်သွားလိုက်တော့သည်။
မောက်ဟွေ့ကျူးက ဝက်လေးတစ်ကောင်လို အိပ်ပျော်နေပြီဖြစ်ရာ ကျောက်စစ်လော်ဖြစ်သည့် ချန်းချန်းကလည်း ဝင်လိုက်ထွက်လိုက် ၃ကြိမ်လောက် လုပ်ပြီးသည့်နောက်တွင် အိပ်ပျော်သွားလေသည်။
ရှောင်ဖုန်းတစ်ယောက်သာ အံ့ဩစရာကောင်းလောက်အောင် စိတ်အားတက်ကြွနေ၏။
သူသည် အိပ်ရာထဲတွင် လူးလိမ့်နေပြီး ရှမြန်က သူ့ကိုလာဖမ်းဖို့ ကျီစယ်နေလေသည်။ ရှမြန်သည် အစတုန်းကတော့ သူမ ထွက်လာခဲ့လျှင် အားလုံးက အဆင်ပြေလိမ့်မည်ဟု ထင်ထားခဲ့သည်။ သို့သော်ငြားလည်း ပုံမှန်ဆိုလျှင် နူးညံ့သိမ်မွေ့ပြီး စကားနည်းသည့်ကလေးက အံ့သြစရာကောင်းလောက်အောင် သွက်လက်ဖျတ်လတ်သည့် လက်နှင့် ခြေထောက်များ ရှိနေသည်ကို သိလိုက်ရ၏။
ရှမြန်က ကိုယ်ကို လှည့်လိုက်သည်နှင့်ချက်ချင်း သူက အိပ်ရာထဲမှ လျောကနဲ ဆင်းလာပြန်သည်။
"နင်လေးကတော့..." ရှမြန်မှာ ငိုရခက်ရယ်ရခက် ဖြစ်နေ၏။ "နင်လေးကတော့ သိုင်းပညာ လေ့ကျင့်ဖို့အတွက် တကယ်သင့်တော်တဲ့သူပဲ"
နောက်ဆုံးတော့ ရှမြန်သည် သူ့ကို သူမ၏ရင်ခွင်ထဲတွင် အတင်း ချီပိုးထားကာ ခြံဝင်းထဲတွင် အကြိမ်အနည်းငယ်လောက် ပတ်လျှောက်ပြီး သူ့ကို အိပ်ဖို့ ချော့မောရတော့သည်။
သူမသည် ကလေး၃ယောက်ကို တစ်ယောက်ချင်းစီ စောင်များ ခြုံပေးလိုက်ပြီး ကိုယ်ကို လှည့်လိုက်သည်တွင် ဆိုဖာပေါ်တွင် ထိုင်နေသည့် နဥ်ရှောက်ပိုင်ကလည်း အိပ်မောကျနေသည်ကို မြင်လိုက်ရ၏။
သူ့မျက်ခုံးများကြားတွင် ဖုံးကွယ်လို့မရသည့် ပင်ပန်းနွမ်းနယ်မှုတစ်ခု ရှိနေ၏...
သူသည် မည်မျှပင် အင်အားကြီးသူဖြစ်ပါစေ သူသည်လည်း လူသားတစ်ယောက် ဖြစ်နေသည်ဟု ရှမြန်သည် ရုတ်တရက် သဘောပေါက်သွားလေသည်။ နဥ်မိသားစုနှင့် ဟော်မိသားစုက သူတို့၏ဘဝကို နှောင့်ယှက်နေသည်ကို ကာကွယ်ဖို့ရန် သူသည် ပြီးခဲ့သည့်၂လလုံးလုံး ကိုယ့်ဟာကိုယ် ပင်ပန်းနွမ်းနယ်နေသည့်အထိ အလုပ်လုပ်ခဲ့ရသည်။
တိုက်ဆိုင်မှုများစွာရှိနေသည်တွင် ဒါက ရိုးရှင်းသည့် ကိစ္စရပ်တစ်ခု မည်သို့ဖြစ်နိုင်ပါမည်နည်း။
ရှမြန်က သက်ပြင်းချလိုက်ကာ စောင်တစ်ထည်ကိုယူပြီး သူ့ကို ခြုံပေးလိုက်သည်။
နဥ်ရှောက်ပိုင်က ချက်ချင်းနိုးလာပြီး အိပ်ချင်မူးတူးဖြင့် မေးလိုက်၏။ "ရှောင်ဖုန်း အိပ်ပျော်သွားပြီလား"
"အင်း" ရှမြန်က ပြောလိုက်သည်။ "ရှင် ဘေးအခန်းထဲမှာ သွားအိပ်လိုက်ပါလား။ ကျွန်မ သူတို့ကို စောင့်ကြည့်လိုက်ပါမယ်။ တကယ်လို့ တစ်ခုခုရှိတယ်ဆိုရင် ကျွန်မ ရှင့်ကို ခေါ်လိုက်မယ်လေ"
"ရပါတယ် သွားအိပ်တော့" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "စိတ်မပူပါနဲ့ ငါက ဆရာဝန်ပါ။ ငါက မင်းထက် အများကြီး သတိရှိပါတယ်"
ရှမြန်က ပြောလိုက်သည်။ "ရပါတယ်။ ရှင်က ကျွန်မထက် အများကြီးပိုပင်ပန်းနေမှာ..."
ရှမြန်သည် ခဏလောက် မျိုသိပ်ထားလိုက်သော်ငြားလည်း သိချင်စိတ်ကြောင့် မမေးဘဲမနေနိုင်အောင် ဖြစ်သွား၏။ "ဟိုင်နန်မှာ ဒီနေ့မှ ဘာဖြစ်သွားတာလဲ။ ရှင်ရော သတင်းတချို့ရသေးလား"
အမှန်အတိုင်းပြောရလျှင် ဟိုင်နန်၏ ဒီနေ့အိမ်ခြံမြေစျေးကွက်က ပြိုလဲမသွားခဲ့လျှင် ထိုစီးအီးအိုများသည် ထိုမျှလောက် ပျာယာခတ်နေကြလိမ့်မည်မဟုတ်ဘဲ နဥ်မိသားစုကလည်း ထိုမျှလောက် အရှက်ကွဲပြီး ဇာတ်သိမ်းခဲ့မည် မဟုတ်ချေ။
နဥ်ရှောက်ပိုင်သည် သူမက ဒီအကြောင်းမေးလိမ့်မည်ဟု ထင်မထားခဲ့ချေ။
သူသည် သူမကို အဖြေတစ်ခုပေးရန် တွန့်ဆုတ်မနေခဲ့ချေ။ "အဲဒီဘက်က စျေးကွက်က ပျက်စီးနေပြီးသားပါ။ လုံးဝပြိုလဲသွားဖို့ အချိန်တစ်ခုပဲလိုတာ။ ကြောက်စိတ်မွှန်ပြီး ရောင်းနေကြတဲ့သူတချို့ ရှိနေသေးသရွေ့တော့ ဒါက သိပ်မကြာခင်မှာပဲ နှင်းခဲပြိုကျသလို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမှာပဲ"
"ဒီတော့ ရှင့်မှာ ဟိုင်နန်မှာ လူတွေ ရှိသေးတာလား"
နဥ်ရှောက်ပိုင်က သမ်းဝေလိုက်သည်။ "ချန်းချန်းက ငါ့အစ်မရဲ့သားတင် မဟုတ်ပါဘူး"
ရှမြန်၏ မျက်လုံးများက ဝိုင်းစက်သွားသည်။ "ဟော်ရွှယ်ဝမ်ရောလား"
နဥ်ရှောက်ပိုင်က ရှမြန်၏လက်ထဲက စောင်ကိုလှမ်းယူလိုက်ပြီး ပြောလိုက်သည်။ "ဟုတ်တယ်"
"ဒါဆိုရင် သူနဲ့အစ်မနဥ်က..."
နဥ်ရှောက်ပိုင်က သူမကို တံခါးစီသို့ တွန်းထုတ်ပြီး ပြောလိုက်သည်။
"ကလေးမ သွားအိပ်တော့။ လူကြီးတွေကိစ္စကို ဝင်မရှုပ်ပါနဲ့"
...