← Chapters

အပိုင်း(၉၉)

Vol. 7 Ch. 99

အပိုင်း(၉၉)

Vol. 7 Ch. 99

ကလေးများနှင့် ဆေးရုံမှအိမ်သို့ပြန်လာသည့်လမ်းတွင် သူတို့သည် အလောတကြီး ရောက်လာသည့် ဟော်ရွှယ်ဝမ်နှင့် တွေ့ဆုံခဲ့သည်။

သူသည် ပင်ပန်းနေဟန်တူပြီး သူ့မေးစေ့တစ်ဝိုက်တွင် ငုတ်တိုလေးများ ဖြစ်နေသည့် ပြာနှမ်းနှမ်း မုတ်ဆိတ်မွှေးများပင် ပေါက်နေသည်။

ချန်းချန်းက သူ့ကိုအရင်ဆုံးမြင်သွားပြီး ဝမ်းသာအားရ အော်ခေါ်လိုက်၏။ "ဖေဖေ ဖေဖေရောက်လာပြီ"

ဟော်ရွှယ်ဝမ်သည် သူ့အမူအရာကို မြင်လိုက်ချိန်တွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်သယောင် သူက မြန်မြန်ရောက်လာပြီး နဥ်ရှောက်ယွင်၏ လက်မောင်းပေါ်မှ ကလေးကို လှမ်းချီလိုက်ကာ သူ့ကို ဂရုတစိုက် ကြည့်လိုက်လေသည်။ "သား နေမကောင်းဘူးလား။ နေရခက်သလို ခံစားနေရတာလား"

ချန်းချန်းက သူ့လက်များကို သူ့လည်ပင်းတွင် သိုင်းဖက်ထားပြီး ဝမ်းသာအားရပြောလိုက်၏။ "အခုပဲ ဆေးသောက်ထားတာ။ နေကောင်းသွားမှာပါ။ ဆေးထိုးစရာမလိုဘူးတဲ့"

ဟော်ရွှယ်ဝမ်က သူ့နဖူးပေါ်က အပူချိန်ကို စမ်းကြည့်လိုက်ပြီး နဥ်ရှောက်ယွင်ဘက်သို့ လှည့်လိုက်သည်။

"အပင်ပန်းခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဆရာဝန်က ဘာပြောလိုက်လဲ"

"ပြင်းပြင်းထန်ထန်တော့ မရှိပါဘူး။ အချိန်တန် ဆေးတိုက်ဖို့ပဲ လိုတာပါ။ ရေများများသောက်ပြီး အနားယူလိုက်ပါတဲ့" နဥ်ရှောက်ယွင်က ပြောလိုက်သည်။ "ရှင် ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ"

ဟော်ရွှယ်ဝမ်က ပြောလိုက်သည်။ "ကို အခုပဲ ရထားပေါ်ကဆင်းတုန်း ချန်းချန်း နေမကောင်းဘူးလို့ ကြားလိုက်လို့"

နဥ်ရှောက်ယွင်က "အင်း"ဟု တစ်လုံးတည်းသာ ပြောကာ သူက မည်သို့သိလာသည့်အကြောင်းကို မမေးတော့ချေ။

ဟော်ရွှယ်ဝမ်က ချန်းချန်းကို သူ့လက်ပေါ်တွင်ချီထားပြီး သူတို့နောက်မှ နှုတ်ဆိတ်ကာ လိုက်လာလေသည်။ ရှမြန်က သူ့ကိုစူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်၏။

ပြီးခဲ့သည့်အခေါက်က နဥ်ရှောက်ပိုင်ပြောခဲ့သည့် စကားအရဆိုလျှင် ဟော်ရွှယ်ဝမ်သည် ချန်းချန်းအတွက် လက်စားချေပေးရန်အတွက် ဟိုင်နန်တွင် မြေများကို စျေးလျှော့ကာ ရောင်းချခဲ့သဖြင့် ငွေအမြောက်အများ ဆုံးရှုံးခဲ့ရမည်။

ထို့အပြင် ယခုတော့ သူ့နောက်ခံမိသားစုအကြောင်းလည်း ပေါ်ပေါက်သွားပြီဖြစ်ရာ ဟော်မိသားစုက ဒါရိုက်တာလော့၏ လွှမ်းမိုးမှုကြောင့် ဖရိုဖရဲအခြေအနေတွင် ရောက်နေပြီး သူတို့သည် သူ့ကို ဂရုစိုက်ဖို့ရန် အချိန်ရလိမ့်မည် မဟုတ်ချေ။

သူ့လက်ရှိအခြေအနေက အလွန်မှဆိုးဝါးနေပေလိမ့်မည်။ အကယ်၍ ဒါသည် သာမန်လူတစ်ယောက်သာ ဖြစ်ခဲ့လျှင် သူသည် ကြံရာမရ ဖြစ်နိုင်သော်ငြားလည်း သူ့စိတ်အခြေအနေကတော့ အရင်ကထက် အများကြီး ပိုကောင်းလာလိမ့်မည်။

ရှမြန်က ဒါကို သတိထားမိသည်တွင် နဥ်ရှောက်ယွင်ကတော့ ပိုပြီးကောင်းကောင်းသိလိမ့်မည်။

ရှဝမ်ယွဲ့နှင့် ရှမြန်တို့၏အိမ်မှ ပြန်ရောက်လာပြီးနောက်တွင်

နဥ်ရှောက်ယွင်က ခဏလောက် ချီတုံချတုံဖြစ်သွားပြီး ထပ်မေးလိုက်၏။ "အခု နောက်ပိုင်း ရှင်ဘယ်လိုနေလဲ"

ဟော်ရွှယ်ဝမ်က ချန်းချန်း၏ခေါင်းကို ထိပေးလိုက်ကာ ပြောလိုက်သည်။

"ကိုယ်ထင်ထားတာထက်တော့ အများကြီး ကောင်းပါတယ်။ သူတို့တွေ စိတ်ကျေနပ်အောင်လုပ်ဖို့ အလုပ်ကြိုးစားစရာ မလိုတော့ဘူးလေ။ အရမ်းလွယ်ကူသွားပြီ"

ဟော်ဖိန်းရိနှင့် ဟူချွေ့ဟွားတို့၏ ဂရုမစိုက်တတ်သည့် အပြုအမူများမှာ သူသည် လုံလောက်အောင် ကောင်းကောင်း မလုပ်ဆောင်ခဲ့ခြင်းကြောင့်ဟု အမြဲတမ်း တွေးထင်ခဲ့မိသည်။ ထို့ကြောင့် သူသည်အလွန်မှ ဆက်တိုက် အလုပ်ကြိုးစားခဲ့၏။ သို့သော်ငြားလည်း နောက်ဆုံးတော့ ဒီကိစ္စက ရယ်စရာတစ်ခု ဖြစ်လာခဲ့လိမ့်မည်ဟု ထင်မထားမိခဲ့ချေ။

ဟော်ရွှယ်ဝမ်က နဥ်ရှောက်ယွင်နှင့် ချန်းချန်းတို့ကို ကြည့်လိုက်သည်။ ကံအားလျော်စွာ သူသည် သူ၏ အဓိပ္ပာယ်မဲ့လှသော ဘဝတွင် ဒီရတနာတစ်ခုကို ပိုင်ဆိုင်ထားခဲ့သေးသည်...

နဥ်ရှောက်ယွင်က ရောထွေးသွားသည့် ခံစားချက်များဖြင့် ချက်ချင်းပြောလိုက်၏။ "နောက်ပိုင်းအတွက် ဘယ်လိုစီစဉ်ထားလဲ"

"အရင်ဆုံးပြန်ပြီးတော့ ကိုယ့်မိဘတွေကို သွားတွေ့ရမယ်" ဟော်ရွှယ်ဝမ်က ပြောလိုက်သည်။

"ဒါပြီးရင်တော့ လက်ကျန်အရင်းအနှီးတွေနဲ့ စီးပွားရေးတချို့စလုပ်ရမယ်။ ကိုယ်က ဒါကို သေချာပေါက် ချန်းချန်းနဲ့မင်း..."

ဒီအချိန်တွင် သူက ခဏလောက်တုံ့ဆိုင်းသွားပြီး ဆက်ပြောလိုက်၏။ "ငွေအများကြီး ရှာရမယ်"

သူက ချန်းချန်း၏ကျောကို သပ်ပေးလိုက်ကာ ပြောလိုက်သည်။ "အရင်တုန်းက ကိစ္စတွေအတွက် သားကို ဖေဖေကတကယ် တောင်းပန်ပါတယ်"

ချန်းချန်းက နားမလည်နိုင်စွာဖြင့် သူ့ခေါင်းလေးကို လှည့်လိုက်ပြီး "ဖေဖေ"

"အင်း"ဟော်ရွှယ်ဝမ်က သူ့သား၏မျက်နှာသေးသေးလေးကို ဖျစ်ညှစ်လိုက်ကာ သူ့မျက်နှာပေါ်တွင် သိမ်မွေ့သည့်အပြုံးတစ်ခု ဖြစ်သွားလေသည်။ "ဖေဖေ့ရဲ့ချန်းချန်းက သူ့စိတ်တိုင်းကျ ကြီးပြင်းလာပြီး သူ လုပ်ချင်တာတွေလုပ်နိုင်ဖို့ မျှော်လင့်တယ်"

လက်တွေ့ဘဝ၏ ဖုံးကွယ်ခြင်းခံထားရပြီး မိန်းမနှင့် သားဖြစ်သူကိုပင် မကာကွယ်ပေးနိုင်သည့် သူ့လိုတော့ မဖြစ်စေချင်ပေ။

ချန်းချန်း၏မျက်လုံးများက မသိမသာ လင်းလက်သွားလေသည်။ သူက နဥ်ရှောက်ယွင်ကို ခိုးကြည့်လိုက်ပြီး ဟော်ရွှယ်ဝမ်၏နားနားသို့ တိုးတိုးလေးပြောလိုက်၏။ "သားလေယာဉ်ပျံတစ်စီး လိုချင်တယ်"

သူ၏နောက်ဆုံး လီဂိုအရုပ်မှာ လေယာဉ်ပျံရုပ်ဖြစ်လေသည်။

ဟော်ရွှယ်ဝမ်၏မျက်လုံးများက ဆုံးဖြတ်ချက်ပြတ်သားမှု အပြည့်ဖြစ်သွား၏။ "ဟုတ်ပြီ။ သားအတွက် လေယာဉ်ပျံတစ်စီးဝယ်ပေးဖို့ ဖေဖေ ငွေအများကြီးရှာနိုင်တဲ့အထိ စောင့်ပေးနော်။ ဒါပေမဲ့ ဒါက အချိန်တစ်ခုတော့ ပေးရဦးမယ်။ သားက ဖေဖေ့ကို စောင့်နိုင်လား"

ချန်းချန်းက ခေါင်းညိတ်ပြသည်။

နဥ်ရှောက်ယွင်က မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်၏။ "သူ့ကို အလွယ်တကူ ကတိမပေးပါနဲ့။ ရှင်က အခု..."

"ရှောက်ယွင်" ဟော်ရွှယ်ဝမ်က တည်တည်ကြည်ကြည်ဖြင့် ပြောလိုက်လေသည်။ "အခုအချိန်ကစပြီး ကိုယ်က သူ့ကို ကတိပေးထားတဲ့အရာတိုင်းကို သေချာပေါက်လုပ်ပေးမှာပါ"

နဥ်ရှောက်ယွင်က သူ့အကြည့်များဖြင့် တွေ့ဆုံလိုက်ပြီး ဟော်ရွှယ်ဝမ်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကိုက ဟော်မိသားစုရဲ့ အကြီးဆုံးသား မဟုတ်တော့ပေမဲ့လည်း ကိုက ချန်းချန်းရဲ့အဖေ ဖြစ်နေပါသေးတယ်” မင်းအတွက်နဲ့ သူ့အတွက် လေးစားအားကျရတဲ့ သူတစ်ယောက်ပေါ့...

"ကို အခု အစကနေ ပြန်လုပ်မှာပါ"

တစ်ဖန် ချစ်မြတ်နိုးတတ်ရန် စတင်သင်ယူပြီး ကာကွယ်တတ်ရန် သင်ယူပေးကာ ပျောက်ဆုံးသွားခဲ့သည့် ရတနာများကို ပြန်လည်ရှာဖွေရပေမည်။

နဥ်ရှောက်ယွင်က ဆွံ့အသွား၏။

ဆဲလ်ဖုန်းမြည်သံက အတိုင်းအတာတစ်ခုအထိ တိတ်ဆိတ်ငြိမ်သက်နေသည့် ပတ်ဝန်းကျင်ကို အဆက်ပြတ်သွားစေသည်။ ဟော်ရွှယ်ဝမ်က ခေါ်ဆိုသူနံပါတ်ကို ကြည့်လိုက်ပြီး လေးနက်သည့် အမူအရာတစ်ခုဖြင့် ဖုန်းပြန်ဖြေလိုက်သည်။

"ဟုတ်ပါတယ်၊ ကျွန်တော်က ဟော်ရွှယ်ဝမ်ပါ"

"..."

"မင်္ဂလာပါ ရဲမှူးကြီး"

"..."

"ချန်ပေ ပရောဂျက်လား။ အဲဒီပရောဂျက်ကို လွန်ခဲ့တဲ့တစ်လကတည်းက လက်လွှဲပေးလိုက်ပါပြီ။ ဒါက ကျွန်တော်ရဲ့စီမံခန့်ခွဲမှုအောက်မှာ မရှိတော့ပါဘူး"

"..."

"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် ပူးပေါင်းပေးပါ့မယ်"

သူ ဖုန်းချလိုက်သည်ကို မြင်လိုက်သည်တွင် နဥ်ရှောက်ယွင်က မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်ပြီး မေးလိုက်၏။ "ဘာဖြစ်နေတာလဲ။ ချန်ပေပရောဂျက်က ဘာဖြစ်လို့လဲ"

ဟော်ရွှယ်ဝမ်က ပြောလိုက်သည်။ "ရဲဌာနက ဖုန်းခေါ်လာတာပါ။ ချန်ပေ ပရောဂျက်နဲ့ ပတ်သက်ပြီး ကိစ္စတစ်ခုဖြစ်သွားလို့ လို့ပြောတယ်"

နဥ်ရှောက်ယွင်၏ စိုးရိမ်နေသည့်ပုံကို မြင်လိုက်ရသည်တွင် သူက သူမကို နှစ်သိမ့်ပေးလိုက်လေသည်။

"အဆင်ပြေပါတယ်။ ရဲဌာနက ကိုယ့်ကိုတစ်ချက်လောက် လာပြီးတော့ စုံစမ်းစစ်ဆေးရေးမှာ ပူးပေါင်းပေးဖို့ပြောတာပါ"

ခဏလောက် စဉ်းစားလိုက်ပြီးနောက် သူက ဂရုတစိုက်ဖြင့် သေချာရှင်းပြလေသည်။ "အဖေ... ဟော်ဖိန်းရိက ပြီးခဲ့တဲ့နှစ်ကတည်းက အာဏာတွေအားလုံးကို ဟော်ယွမ်လုံဆီ ပေးခဲ့ပြီးပြီလေ"

"အဲဒီတုန်းကတော့ ကိုယ်ဒီကိစ္စကို အများကြီး မစဉ်းစားခဲ့ဖူးဘူး။ ရှောက်ပိုင် ငါ့ကို သတိမပေးခင်အထိ ဒီကိစ္စကို စိတ်ထဲမှာ မထည့်ခဲ့ဖူးဘူး။ အဲဒီနောက်မှာ သူက အဆက်အသွယ်ဖြတ်ဖို့အတွက် ဒီပရောဂျက်ထဲမှာ သူ့ရဲ့လက်ရှိဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ အများကြီးကို ထည့်သွင်းထားပြီး ငွေရှာနေတာကို တွေ့လိုက်ရတယ်လေ"

"ကိုလည်း ပြီးခဲ့တဲ့အချိန်တစ်ခုအတွင်း ဒီလူတွေကို ဖြေရှင်းဖို့အတွက် သက်သေတွေ စုဆောင်းရင်း အလုပ်များခဲ့တယ်။ ဒါပေမဲ့ ပရောဂျက်ကတော့ ကိုယ်လုပ်လို့ မပြီးသေးခင်မှာပဲ ပြန်ယူသွားခံလိုက်ရတယ်လေ..."

"နောက်တော့ ဘာဖြစ်သွားလဲသိလား..."

နဥ်ရှောက်ယွင်သည် ခဏလောက်စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။ "ဒီတော့ ဒီတစ်ခါ ပြဿနာရှာခဲ့တဲ့သူက ဟော်ယွမ်လုံပဲဖြစ်ရမယ်။ ဟုတ်လား"

"အဲဒီလိုပဲထင်တာပဲ" ဟော်ရွှယ်ဝမ်က သူ့ကိုယ်သူ ပြန်ရယ်မောလိုက်ကာ သူ့မျက်လုံးထဲတွင် အေးစက်သည့် အရိပ်အယောင်တစ်ခု ဖြစ်သွားလေသည်။ "အဘိုးကြီးက ကိုယ့်ကို သူ့သားအရင်းအတွက် အပြစ်ခံယူစေချင်တာ နေမှာပေါ့"

နဥ်ရှောက်ယွင်က စိုးရိမ်စွာဖြင့် မျက်မှောက်ကြုတ်လိုက်သည်။ "ဒါဆိုရင် ရှင်က..."

"အဆင်ပြေပါတယ်" ဟော်ရွှယ်ဝမ်က ပြောလိုက်သည်။ "ကို အရင်က သက်သေတွေအများကြီး စုဆောင်းထားခဲ့ပြီးပါပြီ။ ဒါတွေအားလုံးက အခုဆိုရင် အသုံးဝင်လာပြီလေ"

နဥ်ရှောက်ယွင်က စိတ်အေးသွားသလို ခံစားလိုက်ရသည်။ "ဘာပဲဖြစ်ဖြစ်ပါ။ ဂရုစိုက်နော်"

ဟော်ရွှယ်ဝမ်က သူမကို ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်သည်။ "ကို တောင်းပန်ပါတယ်နော်။ ကိုယ်က အရင်ကတည်းက မင်းနဲ့ပိုပြီးတော့ စကားပြောခဲ့သင့်တာပါ"

စကားကို အများကြီးပြောခဲ့လျှင် သူမ စိုးရိမ်နေသည်ကို ရပ်တန့်အောင် လုပ်ပေးနိုင်မည်မှန်း သိသာသော်ငြားလည်း သူမသည် အပြင်ကကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်ပေးရန်မလိုအပ်ဟု သူက အမြဲတမ်းခံစားမိသည်။ အမှန်တွင်တော့ ဘာမှမပြောပြသည်ကပင် သူမကို မလုံခြုံသလို ခံစားနေစေရခြင်းပင်။

ဤသို့ဖြင့် နောက်ပိုင်းတွင် သူတို့၂ယောက်သည် အချင်းချင်း ပြောစရာစကားများ မရှိသလောက် ဖြစ်လာခဲ့သည်။

နဥ်ရှောက်ယွင်က သူမ၏မျက်လုံးထဲက ခံစားချက်များကို ဖုန်းကွယ်ထားဖို့ရန် မျက်လွှာချထားလိုက်၏။

"ရပါတယ် ဒါတွေအားလုံးက အတိတ်ကကိစ္စတွေပဲ"

ဟော်ရွှေဝမ်က ဘာမှထပ်မပြောတော့ဘဲ ထရပ်လိုက်ကာ ပြောလိုက်၏။ "ကို သွားရတော့မယ်"

နဥ်ရှောက်ယွင်က ချန်းချန်းကို လှမ်းခေါ်ချီလိုက်သည်။ ဟော်ရွှယ်ဝမ်က ရုတ်တရက်ဆိုသလို ခြေတစ်လှမ်းအနားသို့ ကပ်လာပြီး သူ့ရင်ခွင်ထဲတွင် သူမကို တင်းကြပ်နေလေအောင် ဖက်ထားလိုက်လေသည်။

နဥ်ရှောက်ယွင်က ရုန်းကန်တော့မည်ဆဲဆဲတွင် ဟော်ရွှယ်ဝမ်က တိုးတိုးလေး ပြောလိုက်သည်ကို ကြားလိုက်ရသည်။ "ကို့ကို ခဏလောက်ပေးဖက်ခွင့်ပြုပါ" သူသည် ခွန်အားတချို့ လိုအပ်နေလေသည်။

နဥ်ရှောက်ယွင်က ကြိတ်ပြီး သက်ပြင်းချလိုက်ကာ မလှုပ်ရှားတော့ချေ။

ကံအားလျော်စွာ ဟော်ရွှယ်၀မ်ကလည်း မြန်မြန်လွှတ်ပေးလိုက်ပြီး ချန်းချန်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ ပြောလိုက်၏။ "ဖေဖေ့မှာ လုပ်စရာလေး တချို့ရှိနေလို့ အရင်ဆုံး ပြန်လိုက်ဦးမယ်နော်။ ရက်အနည်းငယ်လောက်နေရင် ဖေဖေသားကိုလာတွေ့မယ်"

ချန်းချန်းက ခေါင်းညိတ်ပြသည်။ "ဖေဖေ နောက်လာမဲ့ သောကြာနေ့က ရှောင်ဖုန်းရဲ့မွေးနေတဲ့။ ဖေဖေလာမှာလား"

ဟော်ရွှယ်ဝမ်က ထိုကိစ္စကို သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။ "လာမဲ့ သောကြာနေ့လား။ ဒါပေါ့ ဖေဖေက သားကို အဲ့ဒီအခါကျရင် သားကိုလာတွေ့မယ်နော်"

ချန်းချန်းက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။ သို့သော်ငြားလည်း အရင်ကကဲ့သို့ပင် သူသည် အချက်အလက်ကိုသာ လက်ခံထားလိုက်ပြီး အပြည့်အဝတော့ မယုံကြည်ခဲ့ချေ။

ဟော်ရွှယ်ဝမ်က သူ၏နူးညံ့နေသည့်ဆံပင်လေးကို ပွတ်ပေးလိုက်၏။ သူ၏အကောင်းဆုံးဘဝသည် တခြားလူများ၏ အတ္တကြောင့် ဖျက်ဆီးခြင်း ခံခဲ့ရသည်။ သို့သော်ငြားလည်း ကံအားလျော်စွာ အလုပ်ကို ကြိုးကြိုးစားစား လုပ်ပြီး တိုက်ခိုက်ပေးဖို့ရန် ထိုက်တန်သည့်လူတစ်ချို့တော့ သူ့တွင်ရှိသေးသည်။

သူ့ဘဝကို တစ်ဖန်ပြန်စနိုင်ဖို့ရန် မျှော်လင့်ပြီးအရာအားလုံးက ဖြစ်နိုင်သေးသည်ဟု မျှော်လင့်ထားပေသည်။

...

All Chapters