အပိုင်း(၁၀၀)
Vol. 7 Ch. 100
ဟော်ရွှယ်ဝမ်၏ ရောက်လာခြင်းနှင့် ပြန်သွားခြင်းကိစ္စက နဥ်ရှောင်ယွင်အတွက် တခါတလေ စိုးရိမ်စိတ်တချို့ ပြသမိသည်ကလွဲလျှင် တခြားသူများအပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိခဲ့ချေ။
ညနေခင်းတွင် ဆေးခါးကြီးသောက်ရသည့် ကိစ္စက ဟွေ့ကျူးနှင့် ချန်းချန်းတို့အတွက်တော့ စစ်ပွဲကြီးတစ်ခုလို ဖြစ်နေသည်။
ရှောင်ဖုန်းတစ်ယောက်ကသာ အလိမ္မာဆုံးဖြစ်နေ၏။ ကလေးက စကားတစ်ခွန်းမှမပြောဘဲ ဆေးလုံးကို မျိုချလိုက်ကာ ခါးသက်သည့်အရသာကိုပင် မညည်းညူချေ။ ရှမြန်ကို သက်သေပြဖို့ရန် သူပါးစပ်ကိုပင် နာနာခံခံဖြင့် ဖွင့်ပြလိုက်သေးသည်။
ဒါက ရှမြန်ကို စိတ်မကောင်းခြင်း ဖြစ်သွားစေ၏။ သူ့ကို ရေ၂ငုံလောက် သောက်ခိုင်းလိုက်ပြီးသည့်နောက်တွင် သူမသည် သူမဝယ်ပြန်လာခဲ့သည့် ခရင်မ်ကိတ်မုန့်ကို ထုတ်လိုက်ပြီး ကိတ်မုန့်ထဲမှ အပိုင်းတစ်ပိုင်းကို လှီးပေးလိုက်ကာ "ဆေးသောက်ပြီးသွားတဲ့သူတွေ ကိတ်မုန့်စားရမယ်"
ယခုတော့ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့သည် ဆေးကို မြန်မြန်မျိုချလိုက်တော့သည်။
ကလေး၃ယောက်က မာဂျရင်းကို မြင်လိုက်သည်တွင် တအံ့တဩဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရှမြန်က ခေါင်းခါပြီး ပြောလိုက်သည်။
"မနက်ဖြန်ကျမှ ငါ နင်တို့ကို တကယ့်ခရင်မ်ကိတ်က ဘယ်လိုပုံစံလဲဆိုတာကို ပြပေးမယ်"
မောက်ဟွေ့ကျူးသည် မနက်ဖြန်လည်း ထပ်ရှိလိမ့်အုံးမည်ဟု ကြားလိုက်ချိန်တွင် ၀မ်းသာအားရ ဖြစ်သွား၏။ "သမီးတို့တွေ မနက်ဖြန် ဒါကို လုပ်ကြမှာလား"
"ဟုတ်တယ် ငါ မနက်ဖြန်ကျရင် ဒါကိုလုပ်ပေးမယ်"
ချန်းချန်းက မေးလိုက်သည်။ "ဒီဟာထက်ပိုပြီးတော့ အရသာရှိမှာလား"
"ဟုတ်တယ် ဒီဟာထက် အများကြီးပိုပြီးတော့ အရသာရှိတယ်"
ကလေး၃ယောက်မှာ မျှော်လင့်ချက်အပြည့် ဖြစ်သွားတော့၏။
ခရင်မ်ကိတ်ကို အမှန်တကယ်တော့ ပြုလုပ်ရသည်က မခက်ခဲချေ။ ပြဿနာက ကြက်ဥနှင့် ခရင်မ်များကို ခေါက်ရသည့်ကိစ္စတွင်သာ ဖြစ်လေသည်။
ကိတ်မုန့်များက ဒီနေ့ခေတ်အခါတွင် ရှားပါးသည့် ပစ္စည်းတစ်ခု ဖြစ်နေသေးသည်။ ကိတ်မုန့်ဆိုင်က လက်ချိုးရေလို့ရ၏။
သူမသည် စျေးထဲတွင် သွားရောက်ရှာဖွေခဲ့ပြီး လူတော်တော်များများက ကြက်ဥခေါက်တံကိုပင် မသိကြချေ။
"ကြက်ဥခေါက်တံ ဟုတ်လား" ဆိုင်ပိုင်ရှင်များအားလုံးက တူညီသည့်သံသယကိုသာ ဖော်ပြနေ၏။
"ငါတို့တွေက ကြက်ဥခေါက်ဖို့ အထူးတလည်ပစ္စည်းတွေ တီထွင်ဖို့လိုလို့လား။ ငါတို့တွေ တူကိုပဲ သုံးလို့ရတယ် မဟုတ်လား"
ဟုတ်ပါသည်။ လျှပ်စစ်ကြက်ဥခေါက်တံမဆိုထားနှင့် လက်ဖြင့်မွှေရသည့် ကြက်ဥခေါက်တံပင် မရှိချေ။
အကယ်၍ လူအားဖြင့် လုပ်မည်ဆိုလျှင် တစ်မိသားစုလုံးက တလှည့်စီလုပ်ကြမည်ဆိုလျှင်ပင် သူတို့၏ လက်မောင်းများသည် ပင်ပန်းသွားပေလိမ့်မည်။ ထို့အပြင် ဒီနေ့သည် လက်တွေ့စမ်းသပ်မှုတစ်ခုသာ ဖြစ်လေသည်။ ဒါကို နောက်ပိုင်းကျမှ နည်းလမ်းတကျ လုပ်ရပေမည်။
ရှမြန်သည် မနေနိုင်တော့ဘဲ သေချာစဉ်းစားရတော့၏။
နဥ်ရှောက်ပိုင် အပြင်သွားသည့်အချိန်တွင် ရှမြန်က တံခါးကိုမှီထားကာ သူ့မျက်လုံးများကို ကျဉ်းမြောင်းပြီး အတွေးနစ်နေသည်ကို မြင်လိုက်ရ၏။
သူက ကလေးမကို ဘာလုပ်နေတာလဲဟု မေးတော့မည့်ဆဲဆဲတွင် ကလေးမ၏ မျက်လုံးများက ရုတ်တရက် လင်းလက်လာသည်ကို မြင်လိုက်ရလေသည်။ "ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်သည် ချက်ချင်းဆိုသလို သတိအနေအထား ဖြစ်လာ၏။ "မင်း ဘာလုပ်မလို့လဲ"
ရှမြန်၏မျက်လုံးများက တဖျတ်ဖျတ် လင်းလက်နေသည်။ "ရှင့်အိမ်မှာ ပန်ကာတစ်ခု ရှိတယ်မဟုတ်လား"
နဥ်ရှောက်ပိုင်သည် သူ့လည်ပင်းကို ဖြတ်တိုက်လာသည့် လေအေးကို ခံစားမိလိုက်သည်တွင် သူမဝတ်ထားသည့် အနွေးထည်အထူကြီးကို လှမ်းကြည့်လိုက်မိသည်။ "မင်းက အခုပန်ကာတစ်ခုကို သုံးမလို့လား။ မင်း ဘာဖြစ်နေတာလဲ"
ရှမြန်က ပြုံးကာပြောလိုက်၏။ "ဒီကိစ္စအတွက် စိတ်မပူပါနဲ့။ ကျွန်မကို ပန်ကာကိုပဲ ခဏလောက် ငှားပေးပါ။ ကျွန်မ နောက်တစ်ပတ်ကျရင် ပြန်ပေးပါမယ်"
နဥ်ရှောက်ပိုင်က မျက်မှောင်ကြုတ်လိုက်သည်။ ရှမြန်သည် သူ့လက်မောင်းကို ဒီအတိုင်း လှမ်းဆွဲလိုက်ကာ ချွဲနွဲ့သည့်ဟန်အမူအရာ စလုပ်ပြတော့သည်။ "နော်.. နော်.. နော်လို့ ကျေးဇူးပြုပြီးတော့-"
နဥ်ရှောက်ပိုင်မှာ ကိုယ်ကိုမတွန့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။ "စကားကို သေသေချာချာ ပြောစမ်းပါ"
သူက လက်ကို မြှောက်လိုက်ပြီး နာရီကိုကြည့်လိုက်၏။ "ဦးလေးလီဆီကနေ သွားယူလိုက်" ထို့နောက်တွင် သူက သတိပေးလိုက်သေးသည်။ "ပြဿနာတော့ မရှာနဲ့နော်"
ရှမြန်က ချက်ချင်းဝမ်းသာအားရ ဖြစ်သွားကာ "စိတ်မပူပါနဲ့"
နဉ်ရှောက်ပိုင်သည် ဘာမှမတတ်သာတော့သလို သက်ပြင်းချလိုက်လေသည်။ သူသည် စိတ်အေးလက်အေး နေရသည်ဟု ခံစားနိုင်လျှင် ထူးဆန်းပေတော့မည်။
နဥ်ရှောက်ပိုင်က ဒီကိစ္စကို စိတ်ထဲတွင်မထားတော့ချေ။ သို့သော်ငြားလည်း သူသည် ညနေခင်း အလုပ်ပြန်လာသည့်အချိန်တွင် ရှမိသားစုခြံဝင်းကို ဖြတ်လျှောက်လာသည့်အချိန်၌ အတွင်းဘက်က အံ့အားတကြီးအော်သံများနှင့် ဝမ်းသာပျော်ရွှင်သံများကို ကြားလိုက်ရသည်။ အထူးသဖြင့် အင်မတန်မှ ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောနေသည့် ရှမြန်အသံဖြစ်လေသည်။
နဥ်ရှောက်ပိုင်က ထိုကိစ္စကိုစဉ်းစားလိုက်ပြီး အထဲသို့ဝင်လာခဲ့သည်။ ဒါသည် ဒီနေ့မနက်ခင်းက သူ ငှားပေးလိုက်သည့် လျှပ်စစ်ပန်ကာနှင့် ပတ်သက်နေရမည်ဟု အလိုလိုခံစားမိနေ၏။
ဟုတ်နေသည်။ သူသည် တံခါးကနေဝင်လာသည်နှင့် ချက်ချင်း ရှမြန်နှင့် မောက်ဟွေ့လန်တို့က လျှပ်စစ်ပန်ကာ၏အောက်ခြေကို ကိုင်ထားကာ ဝမ်းသာအားရ အော်ဟစ်နေသည်ကို မြင်လိုက်ရလေသည်။
လျှပ်စစ်ပန်ကာ၏ အပေါ်ကအကာနှင့် ဒလက်များက မရှိတော့ချေ။ မော်တာနှင့် ချိတ်ဆက်ထားသည့် အခြေတစ်ခုသာ ကျန်ခဲ့လေသည်။ သစ်သားတုတ်တစ်ချောင်းကို အလယ်တွင် မော်တာ၏ ဝင်ရိုးနှင့်တွဲပြီး ချည်ထားသည်။ တုတ်၏အောက်ခြေတွင်တော့ ဝါးချောင်းလေးများကို ကွေးထားကာ မည်ကာမတ္တ ကြက်ဥခေါက်တံတစ်ခုလို လုပ်ထားလေသည်။
သူသည် နိုင်ငံခြားသို့ ကျောင်းသွားတက်စဥ်တွင် ကြက်ဥခေါက်တံကို မြင်ခဲ့ဖူးသည်။ ဒီကလေးမက ဒါကို မည်သို့သိနေသည်ကိုတော့ သူ မသိချေ။
"ဟုတ်ပြီ ဒါကိုအမြင့်ဆုံးအခြေအနေထိ လှည့်ရမယ်။ အမြင့်ဆုံး အခြေအနေအထိ လှည့်နော်။ ကဲ အသင့်ဖြစ်ပြီ" ရှမြန်က အမိန့်ပေးလိုက်သည်တွင် မောက်ဟွေ့လန်က အမြန်ဆုံးခလုတ်ကို နှိပ်လိုက်၏။
အိမ်လုပ် လျှပ်စစ်ကြက်ဥခေါက်တံသည် လျင်လျင်မြန်မြန် လည်ပတ်နေပြီး ပုံစံတချို့ ပေါ်လာပြီးသားဖြစ်သည့် ကြွေပန်းကန်လုံးထဲက ခရင်မ်များက ပိုပြီးဖြူဖွေးလာကာ အမြှုပ်လေးများ ပိုထွက်လာပြီး ချိုမြမြရနံ့တစ်ခုကို ထုတ်လွှင့်နေလေသည်။
ကြွေပန်းကန်ဘေးတွင် ဝိုင်းပြီးရပ်နေကြသည့် ကလေး၃ယောက်နှင့် မောက်ဟွေ့လန်တို့အားလုံးမှာ ထိုထူးခြားဆန်းပြားသည့် အပြောင်းအလဲကြောင့် တအံ့တဩ ဖြစ်နေကြလေသည်။
"ဝိုး"
"ဒေါ်ဒေါ်ရှမြန်က အရမ်းအံ့သြဖို့ ကောင်းတာပဲ"
"ခရင်မ်ကို ဒီလိုလုပ်ရတာလား"
"၀ိုး အံ့သြစရာကောင်းလိုက်တာ"
ရှမြန်က ဂုဏ်ယူ၀င့်ကြွားစွာ ပြောလေသည်။ "ဪ ဒါက ငါဖြစ်နေလို့ပေါ့။ ဟားဟားဟား။ ခဏစောင့် ခဏနေကျရင် ခရင်မ်ကိတ် ရတော့မယ်"
သူတို့သည် ဝမ်းသာအားရ လက်ခုပ်တီး အားပေးတော့မည်ဆဲဆဲတွင် နဥ်ရှောက်ပိုင်သည် ရုတ်တရက် ထပြောလိုက်၏။ "နင်တို့တွေ အဲဒီလောက် ပြဿနာအများကြီး ရှာထားတာကို အဒေါ်၂သိရဲ့လား"
သူက ရုတ်တရက် စကားထပြောလိုက်ချိန်တွင် ရှမြန်နှင့် မောက်ဟွေ့လန်တို့ ၂ယောက်စလုံးသည် အထိတ်တလန့် ဖြစ်သွားကြပြီး သူတို့လက်ထဲက လျှပ်စစ်ပန်ကာကို လွှတ်ချတော့မိမတတ် ဖြစ်သွားတော့သည်။
ယခုအချိန်သည် ဝက်သားတုတ်ထိုးဆိုင်၏ လူအကျဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် သူမက ခရင်မ်ကို ပြုလုပ်ရန် ဒီအချိန်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ရှ၀မ်ယွဲ့သည် သူမက လျှပ်စစ်ပန်ကာတစ်ခုကို ဖြုတ်ရဲခဲ့သည်ကိုသိခဲ့လျှင် သူမသည် သေချာပေါက် အရိုက်ခံရပေလိမ့်မည်။
နဥ်ရှောက်ပိုင်က သူမ၏ ကြောက်လန့်တကြား ဖြစ်သွားသည့် အမူအရာကို ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "ပန်ကာ မကျိုးအောင် သတိထားဦး"
ရှမြန်က အသက်ရှင်သန်လိုသည့် ပြင်းပြသည့်စိတ်ဆန္ဒတစ်ခုဖြင့် လျှပ်စစ်ပန်ကာကို တင်းနေအောင် ဖက်ထားလိုက်ပြီး ရယ်မောလိုက်လေသည်။ "ဒေါက်တာနဥ် ဘာဖြစ်လို့ဒီကို ရောက်လာတာလဲ"
နဥ်ရှောက်ပိုင်သည် ကြွေပန်းကန်ထဲက ခရင်မ်များကို ကြည့်ပြီးပြောလိုက်၏။ "ငါသာ ဒီကိုမလာခဲ့ဘူးဆိုရင် မင်းတို့တွေ အဲဒီလောက် အရည်အချင်းရှိမှန်း ငါ ဘယ်လိုလုပ်သိပါ့မလဲ"
"ဟားဟား စောစောရောက်လာတာထက် အချိန်မှန် ရောက်လာတာက ပိုကောင်းပါတယ်" ရှမြန်က မြှောက်ပင့်ကာ ပြောဆိုလိုက်သည်။ "ကျွန်မတို့ရဲ့ခရင်မ် အခုလေးတင်ပဲ လုပ်ပြီးသွားတာ။ အတူတူ မြည်းကြည့်ကြမလား။ အရသာက အံ့ဩစရာကောင်းတယ်နော်"
နဥ်ရှောက်ပိုင်က သူမ၏လက်ထဲက လျှပ်စစ်ပန်ကာ၏ အောက်ခြေကို စိုက်ကြည့်နေသေးသည်ကို မြင်လိုက်ရသည်တွင် ရှမြန်သည် သူမ၏ရင်ဘတ်ကိုပုတ်ကာ ပြောလိုက်လေသည်။ "စိတ်မပူပါနဲ့ ကျွန်မဒီလိုလုပ်ထားတာက သန့်ရှင်းရေးလုပ်ရတာ လွယ်ကူအောင်လို့ပါ။ ကျွန်မ ပန်ကာအကာနဲ့ ပန်ကာဒလက်တွေကို ဖယ်ထားပြီးပြီလေ။ သူတို့တွေကို သေသေချာချာလေး သန့်ရှင်းရေး လုပ်ထားတယ်။ ကျွန်မ ရှင့်ကို ပြန်ပေးတဲ့အချိန်ကျရင် ဒီပစ္စည်းက အသစ်အတိုင်း ဖြစ်နေရမယ်လို့ အာမခံတယ်"
နဥ်ရှောက်ပိုင်က မျက်စောင်းထိုးလိုက်၏။
ချန်းချန်းကလည်း မျက်စောင်းထိုးကာ လိမ္မာပါးနပ်စွာဖြင့် ပြောလေသည်။ "ဒေါ်ဒေါ်မြန် ကိတ်မုန့်က အဆင်သင့်ဖြစ်ပြီလား"
"ဟုတ်သားပဲ" ရှမြန်က လက်ခုပ်တီးကာ ပြောလိုက်လေသည်။ "ဟုတ်ပြီ ဟုတ်ပြီ၊ ငါအခုပဲ သွားယူပေးမယ်။ ခရင်မ်တွေကို မထိနဲ့နော်။ ဒါက ခဏနေ ကိတ်မုန့်နဲ့ အတူတူစားမှ စားလို့ကောင်းတာ"
ထိုသို့ပြောလိုက်ပြီးနောက်တွင် သူမသည် ကိတ်မုန့်ကိုယူရန် အခန်းထဲသို့ ပြန်ဝင်သွားလေသည်။
ရှောင်ဖုန်းကလည်း နောက်မှ အမှီလိုက်သွား၏။ ကောင်ကလေးသည် မနေ့က ဆေးရုံမှ ပြန်လာပြီးကတည်းက အနည်းငယ် တစ်ဖန်တွယ်ကပ်နေပြန်သည်။ ဒီနေ့တွင်တော့ သူသည် တစ်နေ့လုံး ရှမြန်နှင့်အတူ ရှိနေ၏။
မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့ကလည်း ပြေးထွက်သွားကြသည်။ ဟုတ်ပါသည်။ သူတို့သည် ကိတ်မုန့်သွားယူရန် ဖြစ်တော့သည်။
မောက်ဟွေ့လန် အတွက်ကတော့...
မောက်ဟွေ့လန်ကတော့ ရှုံ့မဲ့နေသည့်မျက်နှာတစ်ခုဖြင့် ပြောလိုက်သည်။ "ဒေါက်တာနဥ်က အရမ်းကြောက်ဖို့ ကောင်းတာပဲ။ သူနဲ့ နှစ်ယောက်တည်းဆိုရင် ငါ နေရဲမှာမဟုတ်ဘူး" အဓိကအချက်မှာ သူမသည် တစ်စုံတစ်ယောက်၏ လျှပ်စစ်ပန်ကာကို အပိုင်းပိုင်းဖြစ်အောင် ဖြုတ်ထားခြင်းကြောင့် ဖြစ်လေသည်။
ယခုမှ သူမသည် ထိုအကြောင်းကို စဉ်းစားကြည့်လိုက်မိ၏။ သူမသည် ရှမြန်နောက်လိုက် လုပ်ခဲ့သည်က အမှန်ပင် ရဲတင်းခဲ့ပေသည်။
သို့နှင့် ရှမြန်သည် ကလေးတစ်အုပ်ဖြင့် ကိတ်မုန့်ကို သွားယူခဲ့၏။
ဝက်သားထုတ်ထိုးကလည်း ပြိုင်ဘက်များရှိလာပြီး စီးပွားရေးကလည်း အနည်းငယ် ကျဆင်းလာသဖြင့် ရှ၀မ်ယွဲ့က လူခေါ်ကာ အိမ်အနောက်ဖက်တွင် မုန့်ဖုတ်ဖိုတစ်ခု တည်ဆောက်ခဲ့လေသည်။ အစပိုင်းတွင်တော့ သူမက ထိုမုန့်ဖုတ်ဖိုကို နှမ်းမုန့်ကွတ်ကီး ပြုလုပ်ရန်သုံးချင်ပြီး လုပ်ရောင်းချင်သည်။ နောက်ပိုင်းတွင် ရှမြန်က သူမကို ခရိုးစန့်လုပ်နည်းသင်ပေးခဲ့ပြီး သူမက၂မျိုးစလုံးကို ရောင်းချသည်။
သို့သော်ငြားလည်း လက်တွေ့စမ်းသပ်မှု လုပ်ပြီးသွားသည့်နောက်တွင်တော့ နှမ်းမုန့်က ပိုပြီး ရောင်းအားကောင်းသည်။ ဒီရက်ပိုင်းတွင် ရှ၀မ်ယွဲ့သည် နှမ်းမုန့်ကို ၂သုတ်ပြုလုပ်ရပြီး နေ့တိုင်းဆိုင်မခင်းခင်တွင် ထိုမုန့်များကို ရောင်းချသည်။
ဒီမုန့်ဖုတ်ဖိုကြောင့်ပင် ရှမြန်ကလည်း ခရင်မ်ကိတ်လုပ်ဖို့ စဉ်းစားရဲခြင်းဖြစ်သည်။
ကိတ်မုန့်အောက်ခံကို ထိုမုန့်ဖုတ်ဖိုထဲတွင် ဖုတ်ရသည်။
သူတို့သည် တံခါးပေါက်ကို ဖြတ်လျှောက်လာသည်နှင့်ချက်ချင်း မွှေးပြန့်နေသည့် ချိုမြမြကိတ်အနံ့က သူတို့နှာခေါင်းထဲသို့ ဝင်လာ၏။ မောက်ဟွေ့ကျူးသည် မနေနိုင်ဘဲ မေးရတော့သည်။ "ပြီးသွားပြီလား"
"အသင့်ဖြစ်ပြီ" ရှမြန်က သူမ၏အင်္ကျီလက်ကို ခေါက်တင်လိုက်ကာ အပူခံလက်အိတ်ကို ဝတ်လိုက်ပြီး
"ငါတို့တွေ ခဏနေ ဒါကိုစားလို့ရပြီ။ ကျေးဇူးပြုပြီးတော့ လမ်းဖယ်ပေးကြပါ။ အပူမလောင်အောင် သတိထားကြနော်"
အဝါရောင်တောက်တောက်ကိတ်မုန့်က မုန့်ဖုတ်ဖိုထဲမှ ထွက်လာသည့်အချိန်တွင် ရှမြန်သည် မနေနိုင်ဘဲ တံတွေးမျိုချလိုက်၏။ သူမသည် ကိတ်မုန့်ကိုမစားရတာ ကြာမြင့်နေပြီဖြစ်သဖြင့် သူမကလည်း စားချင်စိတ် ဖြစ်နေသည်။
မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့ကလည်း စိုးရိမ်တကြီးဖြင့် သူတို့၏ခြေထောက်များကို ခြေဆောင့်လိုက်ကြလေသည်။ "သားတို့ အခုစားလို့ရပြီလား၊ သားတို့အခုစားလို့ရပြီလား"
"အေးပါ အေးပါ" ရှမြန်က ဓားတစ်ချောင်းဖြင့် ကိတ်ကိုလှီးလိုက်ပြီး ပန်းကန်ပြားကြီးတစ်ခုပေါ်တွင် တင်လိုက်ကာ ဧည့်ခန်းဆီသို့ ယူဝင်လာခဲ့လေသည်။ "သွားမယ် ထောပတ်ဆီ သွားသုတ်ကြမယ်"
သူတို့သည် ဝင်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်က မော်တာမှ ကြက်ဥခေါက်တံကို ဖြုတ်ထားနှင့်ပြီးဖြစ်ကာ ဇွန်းတစ်ချောင်းနှင့် ကြက်ဥခေါက်တံပေါ်က ခရင်မ်များကို ခြစ်ချရင်း စားပွဲဘေးတွင်ရပ်နေလေသည်။
သူ၏ အေးစက်စက် ကိုယ်အနေအထားနှင့် အသေးစိတ်ကျလှသည့်အသွင်အပြင်က သူသည် လူနာတစ်ယောက်ကို ခွဲစိတ်ပေးနေသည်ဟု ထင်ရစေလေသည်။
ရှမြန်သည် သူ့ဘေးက လျှပ်စစ်ပန်ကာ အောက်ခြေကို ကြည့်လိုက်ပြီး အနည်းငယ် မလုံမလဲ ဖြစ်သွားတော့သည်။ သူမက ရှေ့သို့ အလောတကြီး ပြေးဝင်လာပြီး ပစ္စည်းများကို လက်လွှဲယူလိုက်၏။
"ကျွန်မလုပ်လိုက်ပါ့မယ်၊ ကျွန်မလုပ်လိုက်မယ်။ ကျွန်မက ဘယ်လိုလုပ်ပြီးတော့ ဒေါက်တာနဥ်ကို ဒီလိုကိစ္စတွေ လုပ်ခိုင်းနိုင်မှာလဲ"
နဥ်ရှောက်ပိုင်က ပေါ့ပေါ့ပါးပါး နှာခေါင်းရှုံ့လိုက်ပြီး ဘာမှတော့ မပြောလိုက်ချေ။
ရှမြန်သည် ရုတ်တရက်ဆိုသလို သူ့နှုတ်ခမ်းထောင့်နားက မသင်္ကာစရာ အဖြူရောင်အစက်ကလေးကို ဖြတ်ခနဲ လှမ်းမြင်လိုက်သည်။
နဥ်ရှောက်ပိုင်သည် သူမက သူ့ကို ကြက်သီးထားစရာ ကောင်းလှသည့် ပုံစံမျိုးဖြင့် ပြုံးပြနေသည်ကို မြင်လိုက်သည်တွင် မရွှင်မပျဖြင့် မေးလိုက်၏။ "မင်း ဘာလုပ်နေတာလဲ"
ရှမြန်က ရှက်ရှက်နှင့် မေးလိုက်လေသည်။ "ဒေါက်တာနဥ် ခရင်မ်က အရသာရှိရဲ့လား"
နဥ်ရှောက်ပိုင်က ခဏလောက် တုံ့ဆိုင်းသွားပြီးနောက် တင်းမာသည့်မျက်နှာထားတစ်ခုဖြင့် တည်တည်ငြိမ်ငြိမ် ပြောလိုက်၏။ "မသိဘူးလေ"
ရှမြန်က ဘာမှမပြောလိုက်ချေ။ သူမက ပထမကိတ်မုန့်ပေါ်တွင် ခရင်မ်ကို ထူထူလေးဖြစ်အောင် ဖြန့်လိုက်ပြီး သူ့ကို လှမ်းပေးလိုက်၏။ "ဒေါက်တာနဥ် ကျေးဇူးပြုပြီးတော့ လက်ခံပေးပါ"
နဥ်ရှောက်ပိုင်က သူမကို လှမ်းကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ် လက်ခံလိုက်လေသည်။
"အစ်မမြန့် မြန်မြန်လုပ်ပါ" မောက်ဟွေ့ကျူးက မနေနိုင်ဘဲ တိုက်တွန်းတော့၏။
ချန်းချန်းကလည်း ဆက်ပြီးမစောင့်နိုင်တော့ချေ။ ရှောင်ဖုန်းက ဘာမှမပြောသော်ငြားလည်း သူသည် ဝိုင်းစက်နေသည့် မျက်လုံးများဖြင့် မျက်တောင်မခတ်ဘဲ သူမကို ကြည့်နေလေသည်။
ရှမြန်က ဇွန်းတစ်ချောင်းကိုသုံးကာ လှီးထားသည့်ကိတ်မုန့်ပေါ်တွင် ခရင်မ်များကို မြန်မြန် ဖြန့်ပေးလိုက်၏။ မည်သို့ဆိုစေ ဒီတစ်ကြိမ်တွင် သူမသည် အရသာကို စမ်းကြည့်ခြင်းသပ်သပ်ဖြစ်ပြီး ပုံသဏ္ဌာန်ကတော့ အရေးမကြီးချေ။
မောက်ဟွေ့ကျူးက အလွန်မှခမ်းခမ်းနားနား မျှော်လင့်ထားပြီး မုန့်ကိုဝေပေးနေသည့်အချိန်တွင် အားလုံးကို သတိပေးလိုက်သေးသည်။ "ဘယ်သူမှ အရင်ဆုံးမစားရဘူးနော်။ အားလုံး အဆင်သင့်ဖြစ်ပြီဆိုမှ အတူတူစားကြမယ်"
ထို့ကြောင့် မောက်ဟွေ့လန်အပါအဝင် ကလေး၃ယောက်သည် ကိတ်မုန့်များကို စိတ်အားထက်သန်စွာဖြင့် ကြည့်နေကြလေသည်။
ရှမြန်က ကိတ်မုန့်၅တုံးကို လှလှပပခရင်မ်များဖြင့် ဖြန့်ပေးလိုက်ပြီး သူတို့တစ်ယောက်ချင်းစီရှေ့တွင် တစ်တုံးချင်းစီ ချပေးလိုက်သည်။
မောက်ဟွေ့ကျူးက တိုင်မင် ခေါ်လေသည်။ "၁ ၂ ၃ စားလို့ရပြီ"
ကိတ်မုန့်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည့်အခိုက်တွင် ကိတ်မုန့်၏မွှေးပျံ့နူးညံ့နေသည့်အရသာနှင့် ခရင်မ်၏ချောမွေ့နေသည့် ချိုမြမြအရသာက ချက်ချင်းဆိုသလို ပါးစပ်တစ်ခုလုံးတွင် ပြည့်နှက်သွားပြီး အင်မတန်မှ ပျော်ရွှင်ရအောင် ခံစားရလေသည်။
ရှမြန်သည် ကလေး၃ယောက်၏ မျက်နှာများက ပန်းများပွင့်လာသလို ရုတ်တရက် လင်းလတ်သွားသည်ကို မြင်လိုက်ရ၏။ စားသောက်ရာတွင် အယဥ်ကျေးဆုံးဖြစ်သည့် ချန်းချန်းကပင် သူ့နှာခေါင်းပေါ်တွင် ခရင်မ်များ ကပ်နေလေသည်။ အကြောင်းမှာ သူသည် အကိုက်ကြီးတစ်ကိုက် ကိုက်လိုက်ရန်အတွက် ခေါင်းကိုငုံ့လိုက်ရခြင်းကြောင့်ပင်။
ရှောင်ဖုန်းကတော့ သူ့ပါးစပ်သေးသေးလေးဖြင့် ကိတ်မုန့်ကို ကိုက်လိုက်ပြီး ပါးလေးကို ဖောင်းထားသည်။ သူက ချန်းချန်း၏မျက်နှာသေးသေးလေးကို ဆက်တိုက်ကြည့်နေပြီး ပြုံးနေ၏။
ချန်းချန်းက သတိမထားမိဘဲ ရှမြန်ကိုသာ ပြောလိုက်လေသည်။ "အန်တီမြန် ဒီကိတ်မုန့်က မနေ့တုန်းကထက် ပိုပြီးတော့ကောင်းတာပဲ"
မောက်ဟွေ့ကျူးကတော့ ခေါင်းပင်မဖော်ဘဲစားနေပြီး ချန်းချန်းပြောသည့် စကားကမှန်သည်ဟု သူမ၏အပြုအမူများဖြင့် သက်သေပြနေလေသည်။
အရသာရှိလွန်းလှသဖြင့် အရသာရှိလှသည့်အချိန်က အလွန်မှတိုတောင်းနေသယောင် ထင်ရ၏။ အားလုံးက ကိတ်မုန့်တစ်တုံးစီ စားပြီးသွားသည့်နောက်တွင် ရှမြန်က ခရင်မ်နှင့်အတူ ကျန်သည့်ကိတ်မုန့်များကို သိမ်းထားလိုက်သည်။
"ဒါက အဒေါ်၂ရယ်၊ ဦးလေး၂ရယ်၊ အစ်မဟွေ့မေရယ်၊ အစ်မနဥ်နဲ့ ဒေါ်ဒေါ်ဝေတို့အတွက်။ နင်တို့တွေက နင်တို့ရဲ့ဝေစုကို စားပြီးသွားပြီ"
မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "မနက်ဖြန်ကျရင် လုပ်ကြမယ်လေ"
ရှမြန်က စိတ်အားထက်သန်နေသည့် ကလေး၂ယောက်ကို ကြည့်ပြီး ပြုံးပြလိုက်သည်။ "ငါတို့တွေ ဒါကို နေ့တိုင်း လုပ်လို့မရဘူး။ ရှောင်ဖုန်းရဲ့ မွေးနေ့ရောက်တဲ့အထိ စောင့်ရမယ်"
"ရှောင်ဖုန်းရဲ့မွေးနေ့အတွက် ကိတ်မုန့်ကြီးကြီး လှလှလေးတစ်လုံးကို လုပ်ပေးမယ်။ အဲဒီအခါကျရင်တော့ နင်တို့တွေက စားချင်သလောက် အများကြီးစားလို့ရတယ်"
မောက်ဟွေ့ကျူးသည် မနေ့က သူမဝယ်လာသည့် ကိတ်မုန့်သေးသေးလေးကို သတိရနေဆဲပင်။
"မနေ့တုန်းက ကိတ်မုန့်လိုပဲ လှမှာလား"
"ဒါပေါ့ အပေါ်မှာ ပန်းပွင့်တွေအများကြီးပါပြီး အဲဒီတစ်ခုလိုပဲ လှတယ်"
ချန်းချန်းသည် လှပခြင်းကို ဂရုမစိုက်ဘဲ ဒီအတိုင်း ညွှန်ကြားပြောဆိုတော့သည်။ "ကိတ်မုန့်ကို ကြီးကြီးလေးပဲ သေချာလုပ်ပေးနော်။ ဒီနေ့ထက် ပိုပြီးတော့ကြီးရမယ်"
"အိုကေ လက်ခံတယ်" ရှမြန်က ပြုံးလိုက်သည်။
ဟုတ်ပါသည်။ ဒီနေ့တွင် ကိတ်မုန့်၏ အကြီးဆုံးအပိုင်းကို နဥ်ရှောက်ပိုင်အား မျက်နှာချို သွေးဖို့ရန်အတွက် သုံးလိုက်ရသည်။
နဥ်ရှောက်ပိုင်မပြန်ခင်တွင် ရှမြန်က ခရင်မ်ထူထူ သုတ်ထားပြီးသည့် ကိတ်မုန့်တစ်တုံးကို သူ့အား လှမ်းပေးလိုက်ပြီး တောင်းပန်လိုက်လေသည်။ "ကျေးဇူးပြုပြီးတော့ လျှပ်စစ်ပန်ကာကိစ္စကို ကျွန်မအဒေါ်၂ကို မပြောပြနဲ့နော်။ လျှပ်စစ်ပန်ကာကို အကောင်းအတိုင်း ပြန်ပို့ပေးပါ့မယ်"
နဥ်ရှောက်ပိုင်က တွေဝေမနေဘဲ ကိတ်မုန့်ကိုလှမ်းယူလိုက်ပြီး ပြောလိုက်၏။ "ဒါကတော့ မင်းလုပ်ရပ်ပေါ် မူတည်တယ်လေ"
ရှမြန်က ရှက်ရှက်ဖြင့်ပြုံးကာ ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်မရှင့်အတွက် ခရင်မ်တွေ ပိုပြီးတော့ လုပ်ပေးရမလား"
နဥ်ရှောက်ပိုင်က သူမကို တည်တည်ငြိမ်ငြိမ်ကြည့်ကာ ပြောလိုက်၏။ "မနက်ဖြန်ကျရင် လျှပ်စစ်ပန်ကာ ပြန်လာပို့ပေး"
ရှမြန်က ပြောလိုက်သည်။ "ဒေါက်တာနဥ်ရယ် ရှင် ဒီလိုလုပ်နေမယ်ဆိုရင် ကျွန်မက ကျွန်မရဲ့ဝှက်ဖဲကို ထုတ်သုံးရလိမ့်မယ်နော်"
နဥ်ရှောက်ပိုင်က သတိဖြင့်သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်သည်။
ထို့နောက်တွင် ရှမြန်က ရုတ်တရက် အော်ပြောတော့သည်။ "ဟွေ့ကျူး ချန်းချန်း ရှောင်ဖုန်း။ ဒေါက်တာနဥ်က ငါ့ကို ခရင်မ် ပေးမလုပ်ဘူးတဲ့..."
ကလေး၃ယောက်၏ ခြေသံများကို ကြားလိုက်သည်တွင် နဥ်ရှောက်ပိုင်သည် ရှမြန်၏ပါးစပ်ကို အလောတကြီး လှမ်းအုပ်လိုက်တော့သည်။
ရှမြန်သည် စကားမပြောနိုင်ချေ။ သို့သော်ငြားလည်း သူမ၏ဗာဒံစေ့သဏ္ဌာန်မျက်လုံးများကတော့ ဂုဏ်ယူမှုအပြည့်ဖြင့် ကွေးတက်သွားတော့သည်။
နဥ်ရှောက်ပိုင်က သူ့နဖူးကိုလှမ်းခေါက်လိုက်ပြီး ဒေါသတကြီး ကျိန်ဆဲလိုက်၏။
"လူညစ်"
...