← Chapters

ငါးစာ ... ။

Vol. 9 Ch. 103

ငါးစာ ... ။

Vol. 9 Ch. 103

အတွေးတစ်ချက်တည်းဖြင့် ကြယ်ကမ္ဘာအတွင်းမှ ပြန်ထွက်လာခဲ့သည်။ ထို့နောက် ကုတင်ပေါ်မှ ကြယ်လက်စွပ်ကို ကောက်ကိုင်လိုက်ပြီး ငေးမောသွား၏။

ဤကြယ်‌ကျောက်တုံးကို သိုလှောင်လက်စွပ်အဖြစ်သန့်စင်ရန် ကြိုးစားခဲ့ သော်လည်း အရည်အသွေးမှာ မြင့်မားလွန်း သဖြင့် လက်လျော့လိုက်ရသည်။

သည့်ပြင် ကြယ်လက်စွပ်သည် ထင်ထင်ရှားရှား မရှိချေ။ မြေပြင်ပေါ် ပြုတ်ကျ သွားသော် ပြန်ရှာတွေ့ရန် ခက်ပေမည်။

ဆိုလိုသည်မှာ ကြယ်လက်စွပ်ဟု ခေါ်သော်လည်း သာမန်ကျောက်တုံး တစ်တုံး မျှသာ ဖြစ်နေသေးသည်။ အနာဂါတ်တွင် ၎င်းကို သန့်စင်ရန် နည်းရှာဖွေရပေမည်။

အချို့သော သဘာဝရတနာများသည် ထင်ရှားသောအမျိုးအစားဖြစ်သည်။ သူတို့သည် သဘာဝမှမွေးဖွားပြီး အခြားသူများ သတိထားမိ စေရန် ထူးဆန်းသည့်အသွင်များ ပြသတတ်၏။

အချို့သဘာဝရတနာများသည် သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားကြကာ အခြား အရာများဖြင့် ရောနှေနေတတ်သည်။

ဥပမာအားဖြင့် ဤကြယ်ကျောက်တုံး ဖြစ်သည်။ ၎င်းကို မစူးစမ်းသော် သာမန်အဖြစ် ကောက်ကိုင်မိမည်မဟုတ်ချေ။

ထိုစဉ်က ကြယ်‌ကျောက်တုံးဖြင့် ဖန်တီးထားသော ဝင်္ကပါအတွင်း ရောက်ရှိနေ၍ သာလျှင် တည်နေရာကို တွက်ချက်နိုင်ခြင်း ပေပင်။

လက်ရှိအချိန်၌ ကြယ်လက်စွပ်တွင် ဝိညာဉ်တားမြစ်ရူရ်တစ်လုံး ရေးထွင်းထား၏။ ပြင်ပမှဝင်ရောက်မည့် ဝိညာဉ်စွမ်းအင်များကို ထားမြစ်ကာ အတွင်းမှလည်း ယိုစိမ့်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် ပျောက်ဆုံးသွားသည်နှင့် ဝိညာဉ်အသိနှင့် ပြန်လည်ရှာဖွေရန် ခက်ခဲသွား ပေမည်။

“ ကျွီ ... ။ ”

တံခါးဖွင့်ပြီး လှမ်းထွက်လာခဲ့သည်။ ကောင်းကင်၌ နေရောင်ခြည်များ တောက်ပကာ အေးမြသောလေများတိုက်ခတ်နေ၏။

နွေဦးရာသီ မဟုတ်သေးသဖြင့် အပူချိန်နည်းနေသေးသည်။ မင်ယွဲ့တစ်ယောက် ခြံထဲတွင် ဓားရေးလေ့ကျင့်နေ၏။ သူမတွင် သတ်ဖြတ်လိုသောဆန္ဒ မရှိချေ။ ယင်းသည် အလှပြ ကစားနေသည်နှင့်တူ၏။

လက်ရှိ မင်ယွဲ့ကျင့်ကြံမှုသည် တည်ဆောက်ခြင်းနယ်ပယ် တတိယအဆင့် သုံးဆင့်အတွင်း ဝင်ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူမတွင် တိုက်ပွဲအတွေ့အကြုံ မရှိသေးချေ။

ထို့ကြောင့် သူမအတွက် တိုက်ပွဲ အတွေ့အကြုံများ ရရှိစေရန် အပြင်လောကသို့ စေလွှတ်သင့်ချေပြီ။

တစ်ဖက်တွင် မင်ယွဲ့၏ ကံကြမ္မာကို ပြန်သတိရလာပြီး ခေါင်းယမ်းလိုက်မိပြန်သည်။ သူမကံကြမ္မာသည် သူ တွက်ချက်နိုင်သည် ထက်ပင် ပို၍ဆိုးရွားနေနိုင်၏။

( အခြေခံတည်ဆောက်ခြင်းနယ်ပယ်၏ အဆင့်(၉)ဆင့်ကို ပထမ(၃)ဆင့်၊ ဒုတိယ(၃) ဆင့်၊ တတိယ(၃)ဆင့်အဖြစ် သတ်မှတ်၏။

ထို့ကြောင့် မင်ယွဲ့သည် သတ္တမတန်း၊အဌမတန်း သို့မဟုတ် နဝမတန်း တစ်ခုခုဖြစ်နိုင်မည်။ )

“ စီနီယာအစ်ကို ... ။ ”

မင်ယွဲ့ခေါ်သံကြောင့် အတွေးများ လွင့်ပါးကုန်သည်။ လက်တစ်ဖက်နောက်ပို့ကာ ကျန်လက်တစ်ဖက်ဖြင့် သူ့မျက်ဝန်းများရှေ့ ဝှေ့ရမ်းပြနေ၏။

“ စီနီယာ အစ်ကို ... အဆင်ပြေလား။ ”

ပန်းရောင်ဝတ်လုံဖြင့် နုပျိုလွန်းသော မျက်နှာထံကြည့်ကာ ကူချန်တစ်ယောက် ပြုံးပြ လိုက်လေသည်။

“ အဆင်ပြေပါတယ် ... မင်းမှာ ဝိညာဉ်ရေးဆေးဘက်ဝင်အပင် မျိုးစေ့တွေ ကျန်‌သေးလား။ ”

“ ကျန်သေးတယ် ... နောက်ဆုံးအကြိမ် စီနီယာအစ်ကိုဝယ်လာတဲ့ ဝိညာဉ်ဆေးဘက်ဝင် အပင်မျိုးစေ့တွေ ရှိသေးတယ် တစ်ဝက် လောက်တော့ ကုန်သွားပြီ။ ”

“ ဒါဆို ... ကျန်သေးတဲ့ ဝိညာဉ်ရေးဆေးဘက်ဝင်အပင် မျိုးစေ့တွေ ငါ့ကိုပေးပါ။ ”

“ ဟုတ်ကဲ့ ... ။ ”

ထို့‌နောက် မင်ယွဲ့တစ်ယောက် သူမနေအိမ်သို့ လျှောက်လှမ်းသွား၏။ မိုးပြာ ခြံဝင်းအတွင်းရှိ အလယ်တွင် ကူချန်နေကာ ချင်းဖန်နှင့်မင်ယွဲ့သည် ဘယ်ညာဘက်ခြမ်း၌ အသီးသီးနေထိုင်ကြသည်။

လင်းရင်ဘုံကျောင်း၌ ခြံဝင်းပေါင်း များစွာရှိကာ တာအိုချင်းရှသည် အခြားသော ခြံဝင်းတစ်ခုတွင် နေထိုင်၏။

တောင်အနောက်ဘက် တစ်လျှောက် ခြံဝင်းငယ်ပေါင်း လေးဆယ်ခန့် ရှိနိုင်‌ပေသည်။ ခြံဝင်းများအတွင်း ဘုန်းကြီးအချို့ နေထိုင်ကာ အလွတ်များတွင် ဘုရားဖူးများတည်းခိုကြ၏။

သို့သော် တစ်ညထက် ပို၍တည်းခိုလိုသော် အခကြေးငွေပေးဆောင်ရသည်။ မုဝေအတွက်မူ ချွင်းချက်မရှိ အခမဲ့ဟု တာအိုချင်းရှမှ သတ်မှတ်ပေးထား၏။

ခဏအကြာတွင် မင်ယွဲ့သည် အဝတ်အိတ်(၁၀)အိတ်ခန့် ကိုင်ဆောင်ကာ ပြန်ရောက်လာသည်။ ကူချန်က ခေါင်းညိတ်ပြီး ကြယ်ကမ္ဘာအတွင်း ထည့်သွင်းလိုက်၏။

ထိုနယ်မြေအတွင်း ဝိညာဉ်ရေး ဆေးဘက်ဝင်အပင်များ စိုက်ပျိုးနိုင်ခြင်းရှိ၊ မရှိ စမ်းသပ်ရန် ကြံရွယ်ထားသည်။

ခရမ်းရောင်သစ်ခွနှင့် ကျောက်စိမ်းမြက် ကဲ့သို့သော ရှားပါးဆေးဘက်ဝင် အပင်များသာ ရှင်သန်နိုင်ပါက အကောင်းဆုံး ပေပင်။

ဤနည်းဖြင့် ဆေးဘက်ဝင်စိုက်ခင်းကြီး တစ်ခုလုံးကို သူနှင့်အတူ သယ်ဆောင်သွားနိုင် ပေမည်။

အဂ္ဂိရတ်ဆရာများအတွက် ဆေးစိုက်ခင်းကြီးတစ်ခု အတူရှိနေခြင်းဟူသည် စိတ်လှုပ်ရှားစရာကောင်းချေမည်။

“ စီနီယာအစ်ကို ... ဒီဝိညာဉ်ရေးဆေးဘက်ဝင်အပင် မျိုးစေ့တွေကို ဘာလုပ်မို့လဲ။ ”

“ ငါ ... ဒီမျိုးစေ့တွေကို စိုက်မို့ပါ ... ဒါပေမယ့် မိုးပြာခြံဝင်းမှာ မဟုတ်ဘူး။ ”

ကူချန်စကားသည် ဖုံးကွယ်ထားခြင်း မရှိသကဲ့သို့ အဓိပ္ပါယ် ပြည့်စုံခြင်းလည်း မရှိချေ။ မင်ယွဲ့က အလိုက်တသိဖြင့် တိတ်ဆိတ် သွားချေပြီ။

***

အချိန်မျာ တဖြည်းဖြည်း ကုန်လွန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် လဝက်ကုန်ကာ နွေဦးသို့ရောက်ရှိလာ၏။

နွေဦးရာသီကို ကိုယ်စားပြုသည့် မက်မွန်ပွင့်များမှာ လင်းရင်တောင်တန်းကြီးကို ဖုံးလွှမ်းနေပြီဖြစ်သည်။

ကူချန်က ဝိုင်ချက်လုပ်ရန်အတွက် မက်မွန်ပွင့်များကောက်နေသည်။ သူ့ဘေးတွင် တာအိုချင်းရှသည် အလွန်ဂရုတစိုက်ဖြင့် လိုက်ပါကူညီပေးနေ၏။

ထိုအမူအရာကြောင့် ကူချန်မှ ပြုံးသည်။ တာအိုချင်းရှတစ်ယောက် အကျိုးမျှော်ကိုးကာ ညောင်ရေလောင်းနေခြင်းပေပင်။

“ ဆရာ ... ငါမင်းကို မက်မွန်ပွင့်ဝိုင် ချက်နည်းကိုပေးနိုင်တယ် အခုကစပြီး နှစ်တိုင်း မင်းကိုယ်တိုင် ချက်လုပ်လို့ရတယ်။ ”

“ ဟမ့် ... ။ ”

တာအိုချင်းရှက လက်ကို အမြန်ဝှေ့ယမ်းလိုက်ကာ၊

“ မလိုဘူး ... ကျေးဇူးတင်တယ်၊ ဒါက အဋ္ဌမတန်း ဝိညာဉ်ရေးဝိုင်ချက်နည်းပဲ အရမ်း တန်ဖိုးကြီးတယ် ပါဝင်ပစ္စည်းတွေကို ငါမဝယ်နိုင်ဘူး။ ”

“ ဟား ဟား ဟား ... ။ ”

တာအိုချင်းရှ စိုးရိမ်နေမှုသည် ကူချန်ကို ရယ်မောမိစေ၏။ ပါဝင်ပစ္စည်းများ စျေးကြီး၍ မလိုချင်သည်လော။ ခေါင်းခါလျက် မက်မွန်ပွင့်များ ဆက်ကောက်ကာ၊

“ ဆရာ ... ပါဝင်ပစ္စည်းတွေကို ချင်းယွမ်စျေးမြို့မှာ မင်းဝယ်လို့ရပါတယ်။ ”

-ဟု ထပ်ပြောလိုက်၏။

တာအိုချင်းရှမှ ကူချန်ထံ ချက်ချင်းမော့ကြည့်သည်။ သည်ကောင်လေး တွန့်တိုနေသည်လော။ သူ သောက်သည်မှာ ဝိုင်နည်းနည်းသာပေပင်။

ရှန်ရှင်းနယ်ပယ်ဖြင့် လိုအပ်သော ကျန်းချီဆေးပြားများ သန့်စင်ရန် အချိန်မည်မျှ ကြာမည်ကို သိသင့်ချေ၏။

ဝိုင်တစ်အိုးအတွင်း ပါဝင်ပစ္စည်းများ ဝယ်ယူရန် ကျန်းချီ‌ဆေးပြားများကို ဆယ်နှစ်ခန့် အချိန်ယူ သန့်စင်ရပေမည်။ တာအိုချင်းရှက အတွေးဖြင့် စိတ်ပျက်ကာ၊

“ အဟမ်း ... အဟမ်း ... မေ့လိုက်ပါ၊ ငါ့ခွန်အားနဲ့ဆိုရင် ဒီတစ်သက် ဝိုင်ချက်လုပ်ဖို့ ကြိုးစားတာနဲ့တင် သက်တမ်းကုန်လိမ့်မယ် ... ငါ့မှာ သားနဲ့သမီးရှိတယ် သူတို့ကို စောင့်ရှောက်ရဦးမယ်။ ”

-ဟု ညည်းတွားလိုက်၏။

“ မုဆိုးမ ချောချောလေးရော မပါဘူးလား။ ”

“ မပါဘူး ... သူက မုဆိုးမ မဟုတ်တော့ဘူး သူ့မှာယောကျ်ားရှိသွားပြီ။ ”

တာအိုချင်းရှအဖြေကြောင့် ကူချန်ခမျာ မျက်ခုံးပင့်လျက် ရယ်ချင်စိတ်ကို ထိန်းကာ၊

“ ဒါပေမယ့် ဆရာ ... မင်းသာ ယွမ်ဖူနယ်ပယ်ရောက်သွားရင် ဒါကပြဿနာ မရှိတော့ဘူး ... ဟုတ်တယ်မဟုတ်လား။ ”

-ဟု လှည့်မကြည့်ဘဲ မေးမြန်းလိုက်၏။

“ မဟုတ်ဘူး ... ။ ”

တာအိုချင်းရှမှ တုန့်ဆိုင်းခြင်းမရှိ ချက်ချင်းပြန်ဖြေသည်။ သို့သော် တစ်ခုခု မှားနေမှန်း သတိထားမိလာကာ၊

“ နေဦး ... မင်းဘာပြောလိုက်တယ်။ ”

-ဟု ပြန်လည်မေးမြန်းလျက် ထိတ်လန့်စွာဖြင့် ကူချန်ထံ မော့ကြည့်လိုက် တော့၏။

***

All Chapters