ဟဲရှလမ်းအခြေအနေ ... ။
Vol. 9 Ch. 105
“ ဆရာတော် ... ဆရာတော် ... ။ ”
ရှောင်ယွင်တစ်ယောက် အော်ဟစ်ပြီး ချက်ချင်ပြေးတက်လာ၏။ အံကြိတ်ပြလျက် မုဝေက နောက်မှ လိုက်ပါလာသည်။ ထိုစဉ် ရှောင်ယွင်သည် ကူချန်ကို မြင်သွားပြီး၊
“ ဟမ် ... တာအိုဘုန်းကြီး ဘယ်တုန်းက ပြန်ရောက်လာတာလဲ။ ”
-ဟု အော်ဟစ်လိုက်၏။
“ ကြာပြီ ... ။ ”
ကူချန်မှ ပြုံးပြလိုက်ပြီးနောက်၊
“ မင်းတို့ ဘာတွေအလျင်လိုနေတာလဲ။ ”
-ဟု မေးမြန်းလိုက်သည်။
ရှောင်ယွင်မှ ပြန်မဖြေနိုင်သေးဘဲ သူမနောက်မှ လိုက်ပါလာသော မုဝေထံ လှည့်ကြည့်တော့၏။
“ အစ်မမု ... တာအိုဘုန်းကြီး ပြန်ရောက်နေပြီ။ ”
မုဝေက မြင်ပြီးဖြစ်သည်။ ထို့ကြောင့် မည်သို့နှုတ်ဆက်ရမည်ကို တွေးတောနေခဲ့စဉ် ရှောင်ယွင်မှ အော်ဟစ်လာခြင်းဖြစ်၏။
မျက်နှာနီရဲလာပြီး အိမ်ပြန်ရောက်သော် အပ်တစ်ချောင်းဖြင့် ရှောင်ယွင်ပါးစပ်ကို ချုပ်ရန် ဆုံးဖြတ်လိုက်သည်။
တကယ်ပင် အလိုက်မသိသော ကောင်မလေးပေပင်။ အသက်ပြင်းပြင်းရှူကာ ကူချန်ထံသို့ လျှောက်လှမ်းလာခဲ့၏။
“ ဟဲဟဲ ... ငါကိစ္စလေးပေါ်လာပြီ သွားရတော့မယ်။ ”
တာအိုချင်းရှက မင်ယွဲ့ကို သူနှင့်အတူလိုက်ခဲ့ရန် အချက်ပြလေသည်။
“ မင်ယွဲ့ ... သွားကြရအောင်။ ”
မင်ယွဲ့က မက်မွန်ပွင့်များ ခြင်းတောင်းထဲ ကောက်ထည့်နေလျက်မှ သူ့ကို လျစ်လျူရှုထား တော့၏။ ထိုစဉ် မုဝေနှင့် ရှောင်ယွင်မှာ အနားရောက်လာသည်။
“ မိန်းကလေးမု ... ဒီရက်ပိုင်း နေကောင်းလား။ ”
“ စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ် တာအိုဘုန်းကြီး မင်းပေးတဲ့ ဆေးသောက်ပြီး ပိုကောင်းလာပါတယ်။ ”
မုဝေက အနည်းငယ် ဦးညွှတ်ကာ ပြန်ဖြေလေသည်။ ကူချန်က ရှောင်ယွင်ထံ ပြန်ကြည့်ကာ၊
“ မင်း ... စောစောက ဘာလို့ ဆရာတော်ကို ခေါ်နေရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ဒီမှာ ... ။ ”
ရှောင်ယွင်က စာတစ်စောင်ထုတ်ကာ၊
“ ဒါက ချင်းဖန်းပေးခိုင်းတဲ့စာပါ ... အစ်မမုနဲ့ငါ တာအိုဘုန်းကြီးဆီ ပေးဖို့လာတာ။ ”
-ဟု ပြောကြားလာသည်။ ကူချန်မှ မျက်ခုံးပင့်ပြီး ပဟေဠိဆန်သောအကြည့်ဖြင့် မုဝေထံ ပြန်ကြည့်ကာ၊
“ ဒီကလေးက မင်းတို့ဆီ ဘာလို့စာပို့ရတာလဲ။ ”
-ဟု မေးမြန်းလိုက်၏။
“ ဘာလို့လဲဆိုတော့ ... ငါတို့အိမ်က မြို့ထဲမှာရှိတယ် လင်းရင်ဘုံကျောင်းက အရမ်း ဝေးတယ် စာပို့သူက မလာချင်ဘူး ဒါကြောင့် ငါတို့အိမ်ကို ပို့ခိုင်းလို့ရမလားလို့ ချင်းဖန်က အကူအညီတောင်းခဲ့တယ် ...
... ပြီးတော့ ငါ့အစ်မမုကလည်း မင်းပြန်ရောက်၊မရောက် သိချင်နေတယ်လေ ဒါကြောင့် ငါတို့က လက်ခံလိုက်တယ်။ ”
မုဝေက ရှောင်ယွင်ကို နောက်သို့ အတင်းဆွဲသွင်းကာ အံကြိတ်ပြလိုက်တော့၏။ ထို့နောက် ကူချန်ထံသို့ ပြန်ကြည့်ပြီး၊
“ အခုက နွေဦးပေါက်လာပြီဆိုတော့ မက်မွန်ပန်းတွေ ပွင့်နေတာကို ခံစားကြည့်ဖို့ လာခဲ့တာပါ။ ”
-ဟု ပြောကြားလိုက်သည်။
ကူချန်မှ နားလည်နိုင်သော်လည်း စဉ်းစားပြီးနောက် မမြင်ချင်ယောင်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ ဤအကြောင်းအရာကို လျစ်လျူရှုလျက်၊
“ တောင်ပေါ်က ဆင်းသွားတုန်းက မင်းတို့ဆီ သူ ဝင်လာခဲ့လို့လား။ ”
-ဟု မေးမြန်း၏။
“ ဟုတ်တယ် ... ။ ”
ရှောင်ယွင်မှ ပြန်ဖြေသည်။ ရှောင်ယွင်မျက်နှာသည် ဝိုင်းပြီးအပြစ်ကင်းကာ ကလေးတစ်ယောက်ကဲ့သို့ ရိုးရှင်းနေချေပြီ။
“ ယောကျ်ားတစ်ယောက်ရဲ့ အိပ်မက်ဟာ ဓားပျံစီးပြီး ကမ္ဘာအနှံ့ ခရီးထွက်ဖို့ပဲလို့ ပြောပြီး ဓားကစားပြခဲ့သေးတယ် ...
... ရိုးရိုးသားသား ပြောရရင် သူက တော်တော် အထင်ကြီးစရာပါ အနည်းဆုံးတော့ ငါနဲ့ငါ့မိန်းကလေးထက် ပိုပြီး အထင်ကြီးစရာ ကောင်းပါတယ်။ ”
ထိုစကားကြောင့် ကူချန်မှ ခေါင်းခါသည်။ ဤကောင်လေး ဤမျှဖြင့် မုဝေတို့ထံ သွားမည် မဟုတ်ချေ။
“ ပြီးတော့ရော ... ။ ”
“ ဟမ် ... ဘာပြီးတော့လဲ။ ”
“ သူ ဘာဆက်ပြောလဲ။ ”
ကူချန်က မျက်ဝန်းများမှေးစင်းလျက် ရှောင်ယွင်ထံ စိုက်ကြည့်သည်။ ထိုစဉ် မုဝေက ရှောင်ယွင်ပါးစပ်ကို ချက်ချင်းလှမ်းပိတ်၏။ သို့သော် မအောင်မြင်ချေ။ ရှောင်ယွင်မှ သူမထက် မြန်ချေ၏။
“ ပြီးတော့ ဟုတ်တယ် သူက ဒီလိုခရီးထွက်ဖို့ဆိုတာ ပိုက်ဆံလိုတယ်လို့ ပြောပြီး အစ်မမုဆီကနေ ငွေတစ်ရာချေးတယ် အနာဂတ်မှာ နှစ်ဆပြန်ဆပ်မယ်လို့လည်း ပြောခဲ့တယ်။ ”
( သွားပြီ ... ။ )
“ ..... ။ ”
မုဝေမှ ခါးကို ချက်ချင်းလိမ်ဆွဲလိုက်၏။ ရှောင်ယွင်တစ်ယောက် စိတ်ရှုပ်ထွေးစွာဖြင့် မုဝေထံ ပြန်လှည့်ကြည့်သည်။
“ အစ်မမု ... ငါဘာမှားလို့လဲ၊ ငါမင်းအကြောင်း မပြောဘူးလေ ... အမ် ... ။ ”
ရုတ်တရက် ချင်းဖန်မှ ထိုအကြောင်းကို လျှို့ဝှက်ပေးထားရန် တောင်းဆိုခဲ့သည့် အပေါ် ပြန်သတိရလာပြီး မျက်နှာပျက်ယွင်းသွား၏။ သူမ လုံးလုံးလျားလျား မေ့လျော့သွားချေပြီ။
တာအိုချင်းရှနှင့် မင်ယွဲ့သည်ပင် ဤအကြောင်းကို ယခုမှသာ သိရခြင်းဖြစ်သည်။ တာအိုချင်းရှက မုတ်ဆိတ်မွေးများကို ပွတ်သပ်လျက်ပြုံးကာ၊
“ ဒီကောင်လေးက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ ”
-ဟု ရေရွတ်သည်။
မင်ယွဲ့က ကူချန်ထံ စိုးရိမ်တကြီး မော့ကြည့်သည်။ ကူချန်တစ်ယောက် ခဏမျှ ငြိမ်သက်သွားကာ သူမထံ လှည့်ကြည့်ကာ၊
“ သူ ပြန်လာတဲ့အခါ ... ပိုက်ဆံ မဆပ်နိုင်သေးရင် မက်မွန်သီးတွေကို ခူးပြီး ရောင်းခိုင်းလိုက်ပါ ... အကြွေးကျေမှ တောင်အောက် ဆင်းခွင့်ပေးလိုက်။ ”
-ဟု မှာကြားလိုက်၏။
“ ဟုတ်ကဲ့ ... ။ ”
သို့မှသာ မင်ယွဲ့က သက်ပြင်းချလျက် ခေါင်းညိတ်လိုက်သည်။ ကူချန်က ခေါင်းရမ်း၏။ သည်ကောင်လေးသည် လူအများအပေါ် လှည့်စားရန် လွယ်ကူလွန်းချေပြီ။
ပုံပြင်ပြောသူအဖြစ် ရပ်တည်ကာ ကမ္ဘာအနှံ့ခရီးဆက်ချင်နေပုံရ၏။ ထို့နောက် ချင်းဖန် ပေးပို့လာသည့်စာကို ယူဖတ်လိုက်သည်။
စာအိတ်ပေါ်တွင် လိပ်စာနှင့် လက်ခံသူ အမည်ပါရှိပြီး လက်ရေးမှာ ချင်းဖန်လက်ရေး မဟုတ်ချေ။ စာတိုက်မှ တစ်ယောက်ယောက် ရေးထားခြင်း ဖြစ်နိုင်မည်။
ဖူစုနိုင်ငံ၌ ရုံးတော်ပိုင် စာတိုက်တစ်ခုရှိသည်။ ၎င်း၏ အဓိကတာဝန်မှာ နိုင်ငံအနှံ့ တရားဝင်စာရွက်စာတမ်းများ ပေးပို့ရန်ဖြစ်၏။
ပြည်နယ်တစ်ခု၏ မြို့ငယ်တိုင်းတွင် စာတိုက်တစ်ခုစီ ထားရှိခဲ့သဖြင့် လူနှင့်မြင်းသည် နေ့စဉ်အနားမရချေ။ အသုံးစရိတ်သည်လည်း များပြားလှသည်။
ထို့ကြောင့် အဆုံးတွင် စာတိုက်သည် စီးပွားရေးလုပ်ငန်းစုအဖြစ် ပြောင်းလဲ ရပ်တည် လာရသည်။ ဆိုလိုသည်မှာ စာတစ်စောင်ပို့ရန် ကျသင့်ငွေ မနည်းချေ။
သာမန်လူများ မတတ်နိုင်။ အဆင့်မြင့် အရာရှိများ၊ ကုန်သည်များ၊ မိသားစုကြီးများသာ အသုံးပြုကြသည်။
စာအိတ်ကိုဖွင့်ပြီးနောက် ဖတ်ကြည့်ရန်ပြင်လိုက်စဉ် မျက်မှောင်ကြုတ် သွားတော့၏။ သည်ကလေး လက်ရေးသည် စုတ်ချာလွန်းလှသည်။
( စီနီယာအစ်ကို ... မင်းပြန်ရောက်ပြီလား ငါမသိဘူး ... အရင်ဆုံးပြောပါရစေ ပြန်လာရင် မင်းငါ့ကို မရိုက်ရဘူး ... အနည်းဆုံးတော့ ငါ့ရဲ့ကြည့်ကောင်းတဲ့ မျက်နှာလေးကို ... ။ )
ကူချန်မှ မျက်နှာရှုံ့တွသွား၏။
( လက်တလော အခြေအနေအကြောင်း အရင်ပြောပါရစေ ... နတ်နဂါးမြို့ကနေထွက်ပြီး မြောက်ဘက်ကို ငါဦးတည်ခဲ့တယ် ... အခု ဟဲရှလမ်းမှာ ငါရောက်နေပြီ ...
... ဟဲရှလမ်းတစ်ခုလုံးက တကယ့်ကို လူဆိတ်သုဉ်းနေပြီ လမ်းတစ်လျှောက်လုံးမှာ အရိုးတွေက အမှိုက်လိုပုံနေတယ် ...
... မနေ့ညက တောအုပ်ထဲမှာ အစိမ်းရောင်မီးပွင့်တွေ အများကြီး မြင်ခဲ့ရတယ် ငါက ပိုးစုန်းကြူးတွေလို့ ထင်ခဲ့ပေမဲ့ ... အနားရောက်သွားတဲ့ အချိန်ကျမှ ...
... အဲဒါတွေက စုန်းမီးတောက်တွေ ဖြစ်နေမှန်းသိလိုက်ရတယ် ထိတ်လန့်တကြားနဲ့ ငါ လှည့်ပြေးလာခဲ့တယ် နောက်နေ့ ပြန်သွား ကြည့်တော့ တောထဲမှာ ...
... အရိုးတွေပြည့်နေတဲ့ မြေတွင်းတွေ အများကြီးမြင်လိုက်ရတယ် သူတို့တွေထဲကနေ မီးတောက်တွေ ထွက်နေတယ် ...
... အချို့တွင်းတွေထဲမှာ လူကြီးတွေသာမကဘူး ကလေးလေးတွေရဲ့ ရုပ်အလောင်းတွေ ပါရှိနေတယ် ... ငါ သင်္ဂြိုလ် ပေးချင်ပေးမယ့် အလှမ်းမကမ်းမှာ ...
... ဒီလိုအရိုးတွေနဲ့ ပြည့်နေတဲ့ တွင်းကြီးတစ်တွင်းကို မြင်လိုက်ရတယ် ဒါက တွင်းထဲမှာ အများကြီးပဲ မရေတွက်နိုင်ဘူး ... ဒီလိုနေရာကို သစ်တောလို့ ခေါ်တာထက် ...
... အရိုးတောအုပ်လို့ ခေါ်သင့်တယ် ဒါပေမယ့် အရမ်းထူးဆန်းတာတစ်ခု တွေ့တယ် ဒီလူတွေအားလုံးဟာ ငတ်ပြီးသေဆုံးသွားတာ မဟုတ်ဘူး သူတို့အလောင်းတွေမှာ ပြတ်ရှရာ ရှိနေတယ် ...
... စီနီယာအစ်ကို ... မင်းပြောခဲ့ဖူးတဲ့ သွေးဝိညာဉ်ဂိုဏ်းအကြောင်း ငါရုတ်တရက် တွေးမိလာတယ် ... ငါအခု ဟဲရှီလမ်းမှာ ခဏလောက်နေမယ် ...
... ဒီကဒေသခံတွေက တစ်ခုခု မှားနေပုံရတယ် ... ဒါပေမယ့် ငါ့လိုသူစိမ်းက သူတို့အကြောင်း သိချင်ရင် နည်းနည်းတော့ ...
... အချိန်ပေးရမယ် ... စိတ်မပူပါနဲ့ စိတ်အားထက်သန်တဲ့ အပြုအမူမျိုးရှောင်မှာပါ ... ဂျူနီယာချင်းဖန်၊ ဖူဆုပြက္ခဒိန် (၄၅၄)ခုနစ်၊ ဇန်နဝါရီလ (၃)ရက်နေ့။ )
***