← Chapters

အပိုင်း(၁၀၁)

Vol. 7 Ch. 101

အပိုင်း(၁၀၁)

Vol. 7 Ch. 101

ကလေး၃ယောက်မှာ နေ့တိုင်းလိုလို ရှောင်ဖုန်း၏မွေးနေ့ကို မျှော်လင့်နေသည့်အပြင် မွေးနေ့ကိတ် စားရဖို့အရေးကိုလည်း မျှော်လင့်နေလေသည်။

ကျောင်းပိတ်ရက် ပြီးသွားပြီးနောက် သူတို့သည် နေပြန်ကောင်းလာကြပြီး မူကြိုကျောင်းသို့ သွားရောက်သည့်အချိန်တွင် မူကြိုကျောင်းက ကလေးများအားလုံးက ရှောင်ဖုန်းသည် သူ့မွေးနေ့အတွက် အရသာရှိသည့် ခရင်မ်ကိတ်တစ်လုံးကို ပိုင်ဆိုင်ရလိမ့်မည်ဟု သိထားကြလေသည်။

အားကျစိတ်ကြောင့်ဖြစ်စေ မြှောက်ပင့်လိုခြင်းကြောင့်ဖြစ်စေ ထိုခဏတာအတွင်း ဂရုစိုက်မှုနှင့် ချစ်ခြင်းများစွာကို လက်ခံရရှိခဲ့သည်။ ကောင်ကလေးကလည်း ကျောင်းမှအိမ်သို့ ပြန်လာချိန်တွင် နေ့တိုင်းလိုလို သူ့မျက်နှာလေးပေါ်တွင် အပြုံးတစ်ခုရှိနေ၏။

တစ်မနက်ခင်းတွင် ရှမြန် နိုးလာသည့်အချိန်၌ ကလေးလေးက အိပ်နေရင်းမှ သူ၏ သွားဖွေးဖွေးလေးများကို ပေါ်လာသည်အထိ ပြုံးနေသည်ကို တွေ့လိုက်ရသည်။

သူ့မျက်လုံးများ ပွင့်လာပြီး ရှမြန်ကို မြင်လိုက်ရသည်တွင် သူသည် အမှန်တကယ်ပင် အရင်ဆုံး မေးလာလေသည်။ "အန်တီလေး သားရဲ့မွေးနေ့ရောက်ဖို့ ဘယ်နှစ်ရက်လိုသေးလဲ"

"၃ရက်လောက် လိုသေးတယ်" ရှမြန်သည် မျှော်လင့်ချက်အပြည့် ဖြစ်နေသည့် သူ့မျက်လုံးဝိုင်းဝိုင်းလေးကို ကြည့်လိုက်ပြီး မနေနိုင်ဘဲပြုံးမိတော့သည်။

ကလေးများမှာ သူတို့၏မွေးနေ့ကို မျှော်လင့်နေသည့်ရုပ်မှာ ဒီလိုပုံစံသာ ဖြစ်ရမည်။

ကလေးများ မျှော်လင့်ထားသည့်အတိုင်း ရှောင်ဖုန်း၏မွေးနေ့သည် နောက်ဆုံးတော့ ကျရောက်လာခဲ့သည်။

မနက်ခင်းစောစောတွင် ရှမြန်ကသူ့အတွက် အဝတ်အစားအသစ်ကို လဲပေးလိုက်၏။ အဝါဖျော့ဖျော့ ခေါင်းစွပ်ဦးထုပ်လေးတစ်ခုပါသည့် မီးခိုးရောင်သိုးမွှေးဆွယ်တာတစ်ထည်နှင့် ဂျင်းဘောင်းဘီနှင့် စနီကာတစ်ရံကို ဝတ်ဆင်ပေးထားသည်။ သူသည် အလွန်မှ ချစ်စဖွယ်ကောင်းနေသေး၏။

ရှမြန်က သူ့မျက်နှာသေးသေးလေးကို အနမ်းပေးလိုက်ကာ "ပေါင်ပေါင်း ဟက်ပီးဘက်ဒေး"

ရှောင်ဖုန်းကလည်း ဝမ်းသာအားရ ရှမြန်၏လည်ပင်းကို ဖက်လိုက်ပြီး အမှတ်တမဲ့ သူ့ခြေထောက်လေးများဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ ပြောလိုက်လေသည်။ "အန်တီလေး ဘက်ဒေးကိတ်"

"ဟုတ်ပါပြီ သိပြီ" ရှမြန်က သူ့အဝတ်အစားများကို ကူညီသန့်ရှင်းပေးပြီးသည့်နောက်တွင် သူ့ကိုအိပ်ရာထဲမှ ခေါ်ထုတ်လာခဲ့လိုက်သည်။ "ခဏနေ အန်တီလေးက ကိတ်မုန့်နည်းနည်းပါးပါး လုပ်ပြီးတော့ နေ့လယ်ခင်းကျရင် သားရဲ့မူကြိုကျောင်းက ကလေးတွေအတွက် လာပို့ပေးမယ်နော်"

ဆက်ပြီးမစောင့်နိုင်တော့သည့် မောက်ဟွေ့ကျူးကတော့ အပြေးဝင်လာပြီး ထိုစကားကို ကြားလိုက်ချိန်တွင် ချက်ချင်းဆိုသလို မကျေမနပ်ဖြစ်သွားလေသည်။ "သမီးတို့က ဘာဖြစ်လို့ အားလုံးကို ကျွေးရမှာလဲ"

"နင်တို့တွေ ဒီအကြောင်းကို နေ့တိုင်းကြွားလုံးထုတ်နေကြတာ မဟုတ်လား။ ငါ ကြားထားပါတယ်။ နင်က မနာလိုဖြစ်ပြီးတော့ ဝမ်ဖန်ကိုတောင် ငိုအောင်လုပ်လိုက်သေးတယ်ဆို" ရှမြန်က ပြုံးကာ မောက်ဟွေ့ကျူး၏ စည်းထားသည့် ဆံပင်လေး၂ဖက်ကို လှမ်းဆွဲလိုက်လေသည်။

မောင်ဟွေ့ကျူးက အထင်သေးစွာ ပြောလိုက်၏။ "တခြား ဘယ်သူမှတော့ မငိုဘူး။ သူတစ်ယောက်တည်းပဲ ငိုနေတာ။ တော်တော်လေးကို လောဘကြီးတဲ့ သရဲတ‌စ္ဆေပဲ"

ရှမြန်က ရှောင်ဖုန်း၏ထောင်တက်နေသည့်ဆံပင်လေးကို သပ်ချပေးပြီး ပြောလိုက်လေသည်။

"ရှောင်ဖုန်းရဲ့မွေးနေ့ကိတ်မုန့်ကို စားတယ်ဆိုတာ ရှောင်ဖုန်း ဒီကမ္ဘာကြီးထဲကို ရောက်လာတာကို ဂုဏ်ပြုတဲ့အဓိပ္ပာယ်ပဲ"

အဝတ်အစားအသစ်များ ဝတ်ဆင်ထားသည့်ချန်းချန်းကလည်း ပြေးဝင်လာကာ ပြောလိုက်သည်။

"ဒါဆိုရင် တကယ်လို့ သားက ကိတ်မုန့်အကြီးကြီးတစ်တုံးကို စားတယ်ဆိုရင် ညီလေးရှောင်ဖုန်းကို ကံကောင်းခြင်းအကြီးကြီး ယူလာပေးမှာပေါ့နော်"

ရှမြန်...

"ဟုတ်တယ်" လော့ဂျစ်ကတော့ တကယ့်ကို ကောင်းပါပေတယ်။

ချန်းချန်းက ထပ်ပြီး သတိပေးလိုက်သေးသည်။ "အန်တီရှမြန် ကျေးဇူးပြုပြီးတော့ အကြီးကြီး ပိုလုပ်ပေးပါနော်"

"ဟုတ်ပါပြီ သိပါပြီ။ ဒီနေ့ နင်တို့လေးတွေ ကြိုက်သလောက် အဝစားလို့ရတယ်လို့ ငါပြောထားတာပဲ"

ရှမြန်က အော်ရယ်လိုက်ပြီးနောက် မောက်ဟွေ့ကျူးကို ပြောလိုက်၏။ "နေ့လယ်ခင်း မူကြိုကျောင်းက ကလေးတွေကို ပေးမဲ့ဟာက နည်းနည်းသေးတဲ့ ကိတ်မုန့်တွေပါ။ ဒီနေ့ည နင်တို့ပြန်လာရင် စားရမဲ့ဟာက အကြီးကြီးနဲ့ ကိတ်မုန့်လှလှလေးတစ်ခုဖြစ်မှာ"

"ဟုတ်ပြီလေ"မောက်ဟွေ့ကျူးက တွေဝေမနေတော့ချေ။

ကလေး၃ယောက်သည် ဝမ်းသာအားရ ခုန်ဆွခုန်ဆွဖြင့် မူကြိုကျောင်းသို့ သွားလိုက်ကြလေသည်။

ရှ၀မ်ယွဲ့က သူမ၏ဆိုင်ကို မခင်းရသေးချေ။ ထို့ကြောင့် ရှမြန်နှင့် မောက်ဟွေ့လန်တို့က မီးဖိုဆောင်တွင်ပုန်းပြီး ကြက်ဥခေါက်နေသည်ကို မိသွားတော့သည်။

ရှ၀မ်ယွဲ့သည် ခဏလောက်ဘာမှမပြောဘဲ သူတို့၂ယောက်ကို ကြည့်နေမိ၏။ ရှမြန်က အောင့်သက်သက်ဖြင့် ပြုံးပြကာ ပြောလိုက်သည်။ "အဒေါ်၂ ဒါကိုဖြေရှင်းဖို့က ဒီနည်းလမ်းတစ်ခုတည်း ရှိလို့ပါ။ ပြီးတော့ ဒါက ပြန်တပ်ဆင်ရ လွယ်ကူပါတယ်။ ပျက်စီးမှာ မဟုတ်ပါဘူး"

"ရှောင်ဖုန်းရဲ့မွေးနေ့ ဖြစ်နေလို့ပေါ့နော်" ရှ၀မ်ယွဲ့သည် သူတို့၂ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။ "နင်တို့တွေ ဒါကိုအေးအေးချမ်းချမ်းနဲ့ ပြန်မပေးနိုင်ဘူးဆိုရင် ဒီတစ်ခါတော့ ငါ နင်တို့ကိုရိုက်တော့မှာ"

ရှမြန်နှင့် မောက်ဟွေ့လန်တို့က အချင်းချင်း လျှာထုတ်ပြလိုက်ပြီး ခေါင်းငုံ့ကာ ဆက်လုပ်လိုက်ကြလေသည်။

အတွေ့အကြုံရှိခဲ့ပြီဖြစ်သဖြင့် ကိတ်မုန့်နှင့် ခရင်မ်လုပ်ရာတွင်တော့ နှေးကွေးမနေတော့ချေ။ သို့သော်ငြားလည်း ကျွမ်းကျင်သည့်ပစ္စည်းပစ္စယများနှင့် ပန်းအလှဖော်ရန်ပစ္စည်းများ မရှိသဖြင့် တိုးတက်မှုကတော့ နှေးနေဆဲပင်။

ရှမြန်က မူကြိုကျောင်းကကလေးများအတွက် ကိတ်မုန့်အတုံးငယ်လေးများကို ခွဲလိုက်ပြီး ကိတ်မုန့်တစ်တုံးစီ၏ အပေါ်တွင် ခရင်မ်ဖြင့်လုပ်ထားသည့် ပန်းလေးတစ်ပွင့်ကို ညှစ်ထည့်လိုက်ကာ ကိစ္စကို ပြီးစီးအောင် လုပ်လိုက်သည်။

ဒါက ရိုးရှင်းသည့်ဟန်ဖြစ်သော်ငြားလည်း အရသာကတော့ အင်မတန်မှ ကောင်းမွန်လှသည်။

သို့တိုင် ကိတ်မုန့်အတုံးငယ်လေး အခု၄၀၊ ၅၀ကို ပြုလုပ်ပြီးသွားသည့်အချိန်တွင်တော့ နေ့လယ်ရောက်ခါနီး ဖြစ်သွား၏။ ထို့ကြောင့် ရှမြန်က မောက်ဟွေ့လန်နှင့်အတူ ကိတ်မုန့်များကို မူကြိုကြောင်းသို့ အလောတကြီး သွားပို့ရတော့သည်။

သူတို့၂ယောက်သည် မူကြိုကျောင်းလမ်းကြား၏ အဝင်ဝတွင် ပေါ်လာချိန်တွင် ကလေးတစ်ယောက် အော်ဟစ်သံကို ကြားလိုက်ရ၏။ "ရှောင်ဖုန်း ရှောင်ဖုန်း မင်းရဲ့အန်တီ ရောက်လာပြီ"

"မောက်ဟွေ့ကျူး နင့်အစ်မ ရောက်လာပြီး"

"ဟော်ယွိချန်း ခရင်မ်ကိတ်မုန့် ရောက်လာပြီ"

"..."

ရှမြန်နှင့် မောက်ဟွေ့လန်တို့နီးကပ်လာကြချိန်တွင် သူတို့သည် သူတို့ကို စိတ်အားထက်သန်စွာ ကြည့်နေကြသည့် သံလက်ရန်းအတွင်းဘက်တွင် လဲလျောင်းနေကြသော ကလေးငယ်လေးတစ်အုပ်ကို မြင်လိုက်ရလေသည်။

အကောင်ပေါက်လေးတစ်အုပ်က အစားအသောက်ကို တမ်းတနေသည့်ပုံနှင့် တူနေ၏။

ကျောင်းအုပ်ကြီးလျိုက မူကြိုကျောင်းတံခါးဝကို ဖွင့်ပေးလိုက်ပြီး ရှမြန်နှင့် မောက်ဟွေ့လန်တို့ကို ဝင်လာခိုင်းလိုက်သည်။

"မောက်ဟွေ့ကျူးနဲ့ ချန်းချန်းတို့က ဒီနေ့ရှောင်ဖုန်းရဲ့မွေးနေ့တဲ့။ သူတို့တွေကို ခရင်မ်ကိတ်မုန့်တစ်တုံးစီလဲ ကျွေးမယ်လို့ပြောနေတယ်" ကျောင်းအုပ်ဆရာမက ဘာမှမတတ်သာတော့သလို ပြောလိုက်လေသည်။

"ကလေးတွေက တစ်မနက်လုံး မျှော်လင့်နေကြတာလေ"

ရှမြန်နှင့် မောက်ဟွေ့လန်တို့က ကိတ်မုန့်ကို မြန်မြန်လှမ်းပေးလိုက်လေသည်။

ရှမြန်က ရှက်ရှက်ဖြင့် ပြောလိုက်၏။ "ဒါကို လတ်လတ်ဆတ်ဆတ် လုပ်ထားတာပါ။ နည်းနည်းတော့ နည်းသွားတယ်။ ကျောင်းအုပ်ကြီးရှင့် ကျေးဇူးပြုပြီးတော့ ကလေးတွေကို ဝေပေးလိုက်ပါနော်။ ဒါကို နေ့လယ်ခင်းကျရင် စားလို့ရပါပြီ"

သူမက ပိုပြီးကြီးမားသည့် မုန့်များကိုပေးလိုက်ပြီး ပြောလိုက်၏။ "ဒါတွေကတော့ ဆရာမတွေအတွက်ပါ။ ကျွန်မတို့ကလေးတွေက အဆော့သန်တော့ ဆရာမတို့လည်း ကျွန်မတို့အတွက် အလုပ်ကြိုးစားပေးခဲ့ရပါပြီ"

ကျောင်းအုပ်ဆရာမကြီးမှာ မနေနိုင်ဘဲ အော်ရယ်လိုက်၏။ "ဒါဆိုရင်တော့ ကျွန်မ အားမနာနေတော့ဘူးနော်။ ရှင်တို့ရဲ့ဟွေ့ကျူးက ရှင်လုပ်ထားတဲ့ခရင်မ်ကိတ်မုန့်က ကမ္ဘာကြီးထဲမှာ အကောင်းဆုံးပဲလို့ ချီးကျူးနေတာလေ။ ကျွန်မတို့လည်း ရှောင်ဖုန်းရဲ့မွေးနေ့ပွဲကို အခွင့်ကောင်းယူသလို ဖြစ်ခဲ့ပါပြီ"

ရှောင်ဖုန်းသည် မျက်နှာပေါ်တွင် ပီတိဖြာနေသည့် အပြုံးတစ်ခုဖြင့် ဝမ်းသာအားရ အပြေးရောက်လာ၏။ သူက ရှမြန်၏ခြေထောက်ကို ဖက်လိုက်ပြီး ကျောင်းအုပ်ဆရာမကြီးကို တောက်ပနေသည့်အပြုံးတစ်ခု ပြုံးပြလိုက်သည်။

ကျောင်းအုပ်ဆရာမကြီးက မနေနိုင်ဘဲ သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ကာ "ရှောင်ဖုန်းက ဒီနေ့အရမ်းပျော်နေတာပဲ"

နေ့လယ်ခင်း ရောက်တော့မည်ဖြစ်သဖြင့် ကျောင်းအုပ်ဆရာမကြီးက ကလေးများကို ကိတ်မုန့်များကို ဝေပေးလိုက်ပြီးနောက် သူတို့သည် ကျောင်းမှအိမ်သို့ တန်းပြန်လာကြတော့သည်။

ရှမြန်နှင့် မောက်ဟွေ့လန်တို့က ကလေး၃ယောက်ကို အိမ်ပြန်ခေါ်လာခဲ့သည်။

"ကိတ်မုန့်အကြီးကြီးကို ညကျမှစားရမှာပေါ့နော် ဟုတ်လား" မောက်ဟွေ့ကျူးက စိုးရိမ်တကြီး မေးလိုက်၏။

"ဟုတ်တယ်။ နင်တို့တွေ ဒီနေ့ညနေပိုင်း ကျောင်းက ပြန်လာတဲ့အခါကျရင် အသင့်ဖြစ်လိမ့်မယ်"

ရှမြန်က သူမကို စနောက်လိုက်သည်။ "ကိတ်မုတ်စားဖို့ပဲ တွေးမနေနဲ့နော်။ ရှောင်ဖုန်းရဲ့ မွေးနေ့လက်ဆောင်ကိုရော ပြင်ဆင်ပြီးပြီလား"

"ဒါပေါ့" မောက်ဟွေ့ကျူးက ပြောလိုက်သည်။ "သမီး ဒီနေ့ညလာပို့ပေးမှာပါ အစ်မမြန်ရဲ့။ အစ်မ ပြောထားတယ် မဟုတ်လား။ စပရိုက် တစ်ခုရှိလိမ့်မယ်ဆို"

ရှမြန်က ချန်းချန်းကို ကြည့်လိုက်သည်။ ချန်းချန်းကလည်း တလေးတနက် ပြောလိုက်၏။ "အန်တီမြန် သား ဒီနေ့ညလာပို့တဲ့အခါကျရင် အန်တီ သိပါလိမ့်မယ်"

မွေးနေ့ကိတ်မုန့်ကိစ္စကိုတော့ တစ်လောကလုံး သိနေကြသော်ငြားလည်း မွေးနေ့လက်ဆောင်များကိုတော့ သေချာစွာ လျှို့ဝှက်ထားကြလေသည်။

ရှောင်ဖုန်းသည် ဒီအတွက် မျှော်လင့်ချက်အပြည့်ဖြစ်နေ၏။ နေ့လယ်စာ ခဏနားသည့်အချိန်တွင် သူသည် အိပ်ရာပေါ်တွင် ဝမ်းသာအားရဟိုလှိမ့်ဒီလှိမ်လုပ်နေကာ အိပ်မပျော်နိုင်ခဲ့ချေ။

"အန်တီလေး ညနေခင်းရောက်ဖို့ ဘယ်လောက်ကြာအုံးမှာလဲ"

ရှမြန်က သူ့ကိုလှမ်းချီလိုက်ကာ "တရေးလောက်အိပ်လိုက်ရင် အချိန်ကုန်မြန်သွားမှာပါ"

သို့သော်ငြားလည်း နေ့လယ်ခင်းအချိန်သည် သည်းခံဖို့ရန် ခက်ခဲသည်မဟုတ်တာတော့ သိသာနေသည်။

ရှမြန်က ညနေပိုင်း ရှောင်ဖုန်းကို သွားကြိုသည့်အချိန်တွင် ကောင်ကလေးသည် မနက်ခင်းတုန်းကထက်ပင် အများကြီး ပိုပြီးပျော်ရွှင်နေ၏။

အမြီးလေးတစ်ခုလို သူသည် ရှေ့တွင်ခုန်လိုက်ကျော်လိုက်ဖြင့် လုပ်နေပြီး ပုံမှန်ဆိုလျှင် သူဌေးလိုပြုမူနေတတ်သည့် မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့ကလည်း သူ့နောက်မှ လိုက်လုပ်ကာ တစ်ယောက်ချင်းစီက သူတို့လက်ထဲတွင် အိတ်တစ်လုံးစီကို ကိုင်ထားကြလေသည်။

ရှောင်ဖုန်းက ရှမြန်ကို မြင်လိုက်သည့်အချိန်တွင် သူသည် ချက်ချင်းဆိုသလို လက်ကိုဆန့်လိုက်ပြီး တခစ်ခစ်ရယ်မောကာ ပြေးလာ၏။ "အန်တီလေး"

ရှမြန်က သူ့ကိုဖက်ပေးလိုက်ပြီး သူ့ကိုကောက်ချီလိုက်ကာ ၂ပတ်လောက် ဝှေ့ရမ်းပေးလိုက်သည်။ "သား အရမ်း ပျော်နေတာလား"

ရှောင်ဖုန်းက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။ "ပျော်နေတာ"

သူက စကားပြောနေရင်းတွင် ဘေးမှဖြတ်သွားသည့် ကလေးတစ်ယောက်က ပြောလိုက်သည်။

"ရှောင်ဖုန်း ဟက်ပီးဘက်ဒေး"

သူနှင့်အတူတူ ပြန်လာကြသည့်ကလေးတချို့ကလည်း သူ့အတွက် မွေးနေ့သီချင်းများပင် ဆိုပေးလိုက်သေးသည်။

ရှောင်ဖုန်း၏ မျက်နှာပေါ်က အပြုံးလေးသည် ပိုလို့ပင် သိသာထင်ရှားလာပြီး အမဲရောင်စပျစ်သီးများလို သူ့မျက်လုံးများက ရယ်မောသံများဖြင့် ဆေးဆိုးထားသယောင်ပင်။

"ဒါလေးက ရှယွီဖုန်းလေးပေါ့။ အန်တီက သားကို ပျော်ရွှင်စရာမွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းပေးတယ်နော်" ဖြတ်သွားသည့်မိဘတစ်ယောက်က ဆုတောင်းစကား ပြောပေးလေသည်။

ရှောင်ဖုန်းသည် အနည်းငယ် ရှက်ရွံ့နေသော်ငြားလည်း သူက ပွင့်ပွင့်လင်းလင်း ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ် အန်တီ"

"အရမ်းလိမ္မာတာပဲ" မိဘက ရှမြန်ကို ပြောလိုက်သည်။ "ဒီနေ့မွေးနေ့ကိတ်မုန့်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မသမီးက ကိတ်မုန့်ကို အရမ်းသဘောကျနေတာလေ"

"ကျွန်မသားကလည်း ကိတ်မုန့်ကို အရမ်းသဘောကျနေတာ" နောက်ထပ်မိဘတစ်ယောက်ကလည်း ရောက်လာပြီး ရှောင်ဖုန်းကိုကြည့်ကာ ပြောလေသည်။ "ရှယွီဖုန်း ဟက်ပီးဘက်ဒေးနော်"

"ဟက်ပီးဘက်ဒေးပါ ရှယွီဖုန်း"

"ရှယွီဖုန်း ဟက်ပီးဘက်ဒေး"

...

ဖြတ်သွားကြသည့်မိဘများသည် ရှောင်ဖုန်းအတွက် ဆုတောင်းစကားများကို ဆက်တိုက် ပြောပေးနေကြ၏။ ရှောင်ဖုန်းက သူ့မျက်လုံးများ ကွေးသွားသည်အထိ ပြုံးပျော်နေပြီး ပျော်ရွှင်စွာဖြင့် သူ့ခြေထောက်လေးများကို လှုပ်ရှားနေလေသည်။

"အစ်မမြန်"

"အန်တီမြန်"

မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့က အပြေးရောက်လာသည်။

ရှမြန်က သူတို့ကိုငုံကြည့်လိုက်ပြီး "နင်တို့ပြောထားတဲ့ ကိစ္စကရော"

ကလေး၂ယောက်က တပြိုင်နက်တည်း ပြောလိုက်သည်။ "ရှောင်ဖုန်းရဲ့ မွေးနေ့လက်ဆောင်လေ"

"အယ်" ရှမြန်က အနည်းငယ် အံ့အားသင့်သွားသည်။

ချန်းချန်းက ပလတ်စတစ်အိတ်လေးကို ဖွင့်လိုက်ကာ ရှမြန်ကိုပြလိုက်၏။ "ဒီနေ့ဆရာမက သားတို့ကို မွေးနေ့သီချင်းဆိုဖို့ သင်ပေးခဲ့တယ်။ အတန်းထဲက အတန်းဖော်တွေ အားလုံးကလည်း ရှောင်ဖုန်းကို မွေးနေ့လက်ဆောင် ပေးခဲ့ကြတယ်လေ"

ရှောင်ဖုန်းက ခဏလောက် ရုန်းကန်လိုက်သဖြင့် ရှမြန်က သူ့ကို မြေကြီးပေါ်သို့ ချပေးလိုက်လေသည်။

ရှောင်ဖုန်းက ပလတ်စတစ်အိတ်ထဲက ပစ္စည်းများကို ဆွဲထုတ်လိုက်ပြီး ထိုပစ္စည်းများကို သူမအား စိတ်လှုပ်ရှားစွာဖြင့် ပြလိုက်၏။ "အန်တီလေး သားရဲ့မွေးနေ့လက်ဆောင်တွေ"

ရှမြန်မှာ မရယ်ဘဲ မနေနိုင်တော့ချေ။ ဖယောင်းတိုင်၊ အရုပ်၊ ခဲတံ၊ ခဲဖျက်၊ ဂေါ်လီလုံး၊ ကာတွန်းပန်းချီကားများပင် ပါသေးသည်။ ဘူးလေးထဲတွင် ပစ္စည်းအမျိုးမျိုးရှိနေ၏။ သို့သော်ငြားလည်း အားလုံးက ကလေးကြိုက်နှစ်သက်သည့် ပစ္စည်းများဖြစ်နေ၏။

"ဝိုး ဒီလက်ဆောင်တွေ အားလုံးက ရှောင်ဖုန်းရဲ့သူငယ်ချင်းတွေဆီကနေ ရတာလား"

ရှောင်ဖုန်းက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးများက အံ့သြတကြီးဖြင့် တောက်ပနေပေသည်။ "ဟုတ်တယ်။ ကလေးတွေ အများကြီးက သားကို လက်ဆောင်ပေးခဲ့တာလေ"

ရှမြန်က ကလေး၂ယောက်ဆီမှ ပလတ်စတစ်အိတ်ကို လှမ်းယူလိုက်ပြီး ရှောင်ဖုန်း၏ခေါင်းကို ထိကိုင်ပေးလိုက်ကာ ပြောလိုက်သည်။ "အိမ်ပြန်ကြမယ် ငါတို့မှာလည်း ရှောင်ဖုန်းအတွက် လက်ဆောင်တစ်ခု ရှိတယ်ဟေ့"

ရှောင်ဖုန်းက ခေါင်းမော့လိုက်ပြီး ရှမြန်ကိုဝမ်းသာအားရ ပြုံးပြလိုက်ကာ ရှေ့သို့ ပြေးထွက်သွားလေသည်။ "အိမ်ပြန်ကြမယ်"

မောက်ဟွေ့ကျူးကနောက်မှ အမှီအပြေးလိုက်လာပြီး ချန်းချန်းက သူမကို သတိပေးလိုက်လေသည်။

"ဖြည်းဖြည်းပြေးလေ။ ဒီနေ့ နင်ရှောင်ဖုန်းထက်ကျော်ပြီးတော့ ပြေးလို့မရဘူး"

ထိုအခါမှ မောက်ဟွေ့ကျူးကလည်း အရှိန်လျှော့လိုက်ပြီး ကလေးနောက်မှ ဝမ်းသာအားရ လိုက်ပြေးလာ၏။

ရှမြန်သည် သူတို့၏ကျောပြင်လေးကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ သူတို့တွေဟာလေ ဘယ်လိုလုပ်ပြီး အဲဒီလောက် ချစ်စရာကောင်းနေပါလိမ့်။

အိမ်သို့ပြန်ရောက်လာချိန်တွင် ခြံဝင်းက အလွန်မှ အသက်ဝင်စည်ကားလွန်းနေ၏။ စားပွဲကြီးတစ်လုံးကို ချထားပြီး စားပွဲပေါ်တွင် ကြီးမားသည့် ၂ထပ်ကိတ်မုန့်တစ်လုံး ရှိနေသည်။

ရှ၀မ်ယွဲ့၏ မိသားစု၊ နဥ်ရှောက်ယွင်၊ နဥ်ရှောက်ပိုင်၊ ဒေါ်ဒေါ်ဝေနှင့် ကျူးယွင်ဟိုင်တို့ကလည်း ထိုနေရာတွင် ရှိနေကြသည်။

ရှောင်ဖုန်းက အခန်းထဲသို့ဝင်လာသည်နှင့်ချက်ချင်း အားလုံးက တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။

"ရှောင်ဖုန်း ဟက်ပီးဘက်ဒေး"

ရှောင်ဖုန်းသည် သွားများပေါ်သည်အထိ ပြုံးလိုက်ကာ ဖြူဖွေးနေသည့် သွားတန်းလေးက ပေါ်လာခဲ့သည်။ "ကျေးဇူးတင်ပါတယ်ခင်ဗျ"

သူက ကျူးယွင်ဟိုင်ဆီသို့ ပြေးသွားကာ ဝမ်းသာအားရ အော်ခေါ်လိုက်သည်။ "ဆရာ"

ကျူးယွင်ဟိုင်က သူ့ကိုပန်းချီဆွဲနည်း စတင်သင်ပေးနေပြီဖြစ်ပြီး ဒီအသက်အရွယ်တွင် သူသည် ရှောင်ဖုန်းကို ဘာနည်းပညာမှ မသင်ပေးရသေးသော်ငြားလည်း သူ့ကို ဒီအတိုင်းဆွဲချက်များကို သင်ပေးကာ ရှောင်ဖုန်းကလည်း အမြဲတမ်း အလွန်ပျော်ရွှင်နေ၏။

ကျူးယွင်ဟိုင်သည် သူ၏တောက်ပနေသည့် မျက်နှာသေးသေးလေးကို ချစ်စနိုးဖြင့် ထိကိုင်လိုက်ကာ စုတ်တံတစ်စုံကို ထုတ်ပေးလိုက်သည်။ "ငါ့တပည့်လေး အနာဂတ်မှာ တစ်သက်လုံးပန်းချီဆွဲရင်း ပျော်ရွှင်နိုင်သွားပါစေလို့ ဆုတောင်းပေးတယ်နော်"

ဒါသည် ကလေးများအတွက် အထူးတလည် ပြုလုပ်ပေးထားသည့် စုတ်တံအသေးစားတစ်စုံဖြစ်ကာ စျေးကွက်ထဲတွင် မတွေ့နိုင်ချေ။

ရှောင်ဖုန်းက လက်နှစ်ဖက်ဖြင့် စုတ်တံကို လှမ်းယူလိုက်ပြီး သူ့မျက်လုံးများက အံ့သြခြင်းကြီးစွာဖြင့် တောက်ပသွားသည်။ "ဆရာ"

ကျူးယွင်ဟိုင်သည် သူ့ဆံပင်ကိုမနေနိုင်ဘဲ ထပ်ဖွပေးလိုက်တော့သည်။ "လိမ္မာတဲ့ကောင်ကလေးပဲ"

နဥ်ရှောက်ယွင်ကလည်း ပြုံးကာပြောလိုက်၏။ "ရှောင်ဖုန်း ဒါက အန်တီလေး သားအတွက် မွေးနေ့လက်ဆောင် ယူလာပေးတာ"

သူမ ထုတ်လာပေးသည့်အရာမှာ ပန်းချီဆေးနှင့် ပန်းချီဆွဲစက္ကူတစ်စုံ ဖြစ်လေသည်။

ရှောင်ဖုန်းသည် သူ့လက်ထဲက စုတ်တံကိုကြည့်လိုက်ပြီး ထိန်းမထားနိုင်တော့သလို ခံစားလိုက်ရသည်။ သူက ဝမ်းသာအားရ သူ့ခြေထောက်လေးများကို ဆောင့်လိုက်ကာ ရှမြန်ကို စိုးရိမ်တကြီး မော့ကြည့်လိုက်၏။ "အန်တီလေးရေ"

ရှမြန်က အသံထွက်ကာ ရယ်မောတော့သည်။ သူမက သူ့ကို အရှေ့ဘက်ခြမ်းက အခန်းဆီသို့ ခေါ်သွားလိုက်ပြီး ပြောလိုက်သည်။ "ဒါက သားရဲ့အန်တီလေးဆီက သားအတွက် မွေးနေ့လက်ဆောင်လေ။ ဒီနေရာမှာ အားလုံးရဲ့ မွေးနေ့လက်ဆောင်ကို သိမ်းထားလို့ရတယ်"

အခန်းကို စတူဒီယိုတစ်ခုလို ပြင်ဆင်ထားပြီး အခန်းအပြင်အဆင်မှာ နဥ်ရှောက်ယွင်၏ အခန်းနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူနေသည်။ ကုလားထိုင်နှင့် တခြားပစ္စည်းများကို ကလေးတစ်ယောက်၏ အချိုးအစားအတိုင်း ကိုက်ညီဖို့ရန် အရွယ်အစား သေးငယ်ထားသည်ကလွဲလျှင် တစ်ပုံစံတည်းဖြစ်သည်။

ရှောင်ဖုန်းသည် အလွန်မှဝမ်းသာသွားသဖြင့် အနည်းငယ် ဆွံ့အသွားသလိုဖြစ်သွား၏။ သူက စတူဒီယိုထဲသို့ ပြေးဝင်သွားကာ ရှမြန်ကို ကြည့်လိုက်လေသည်။ "သားရဲ့ဟာလား"

"ဟုတ်တယ် သားရဲ့ဟာ" ရှမြန်ကပြုံးပြသည်။ "ဒီနေရာမှာ အားလုံးက သားကိုပေးထားတဲ့ လက်ဆောင်တွေကို သိမ်းထားလို့ရတယ်"

ရှောင်ဖုန်းက သူ့လက်ထဲက စုတ်တံကို ငုံ့ကြည့်လိုက်ပြီး ပန်းချီဆွဲစားပွဲပေါ်တွင် တည်တည်ငြိမ်ငြိမ်လေးဖြင့် လှမ်းတင်ထားလေသည်။

သူက နဥ်ရှောက်ယွင် သူ့အားပေးထားသည့် ပန်းချီဆေးနှင့်စက္ကူများကို ထောင့်နားက ဗီရိုပေါ်တွင် တင်ထားလိုက်ပြီး လင်းလက်နေသည့်မျက်လုံးများဖြင့် အားလုံးကို လှည့်ကြည့်လိုက်၏။

နဥ်ရှောက်ပိုင်က ပန်းချီဆွဲဘုတ်ပြားနှင့် ထောက်တိုင်လေးတစ်ခုကို ထုတ်လာပြီး သူလေးကို ကူညီကာ ပန်းချီဆွဲရန် ပြင်ဆင်ပေးလိုက်လေသည်။

ရှ၀မ်ယွဲ့နှင့် မောက်ဟွေ့လန်တို့ကလည်း လက်ဆောင်များကို ထုတ်ပေးလိုက်သည်။ မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့၏ စပရိုက်ကတော့ နောက်ဆုံးမှ ပေါ်လာလေသည်။

မောက်ဟွေ့ကျူးက ရှောင်ဖုန်းကို သူမ၏အကြိုက်ဆုံးဖြစ်သည့် အော်တတ်သည့် သစ်သားဖားရုပ်လေးကို ပေးသည်။ ချန်းချန်းကလည်း legoဖြင့် လုပ်ထားသည့် မွေးနေ့ကိတ်လေးတစ်ခုကို ပေးသည်။ အရွယ်အစားကို ခန့်မှန်းကြည့်လျှင် သူ၏ legoအတုံးလေးများအားလုံးကို သုံးထားသည့်ဟန်တူသည်။

ရှောင်ဖုန်းမှာ ပျော်ရွှင်နေသည့် မှင်စာလေးတစ်ယောက်နှင့် တူနေသည်။ သူက ခြေတိုလေးများဖြင့် လျှောက်လာကာ အားလုံးက သူ့ကိုပေးထားသည့် လက်ဆောင်များကို သူ့စတူဒီယိုထဲတွင် တစ်ခုချင်းစီ စီထားလိုက်လေသည်။ သူသည် ပြီးမြောက်သွားသည့်နောက်တွင် မနေနိုင်တော့ဘဲ လက်ကို ဖြန့်လိုက်ပြီး အခန်းထဲတွင် ပတ်ပြေးလိုက်ပြီးသည့်နောက် ရှမြန်ဆီသို့ ပြေးဝင်လာလေသည်။

"အန်တီလေး"

"ကျွန်တော် နောက်မကျပါဘူးနော် ဟုတ်တယ်မလား" ဟော်ရွှယ်ဝမ်၏အသံက တံခါးမှပေါ်လာသည်။

အားလုံးက အခိုက်အတန့် မှင်တက်အံသြသွားပြီးနောက် လှည့်ကြည့်လိုက်၏။

ချန်းချန်းသည် တအံ့တဩ ဖြစ်သွားပြီးသည့်နောက်တော့ ဝမ်းသာအားရ ပြေးသွားလိုက်သည်။ "ဖေဖေ ဖေဖေ တကယ်လာတာပဲ"

ဒီစကားလုံးများက ကျောဘက်မှ နေ၍ ဓားတစ်ချောင်းဖြင့် ထိုးခံလိုက်ရသလို ခံစားလိုက်ရလေသည်။

ကံအားလျော်စွာ ဟောရွှယ်ဝမ်ကတော့ ဂရုမစိုက်ချေ။ သူက မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှုတစ်ခုဖြင့် သူ့သားကို ကောက်ချီလိုက်၏။ "ဒါပေါ့ ဖေဖေက လာမယ်လို့ပြောထားရင် သေချာပေါက်လာမှာပေါ့"

သူသည် အထဲသို့ဝင်လာပြီး အလွန်မှလှပသည့် ရောင်စုံရေဆေးဘောပင်တစ်စုံကို ကိုင်ထားလေသည်။

"ရှောင်ဖုန်းက ပန်းချီဆွဲရတာ ကြိုက်တယ်လို့ ဦးဦးကကြားထားလို့။ သားအတွက် ဟက်ပီးဘက်ဒေးလို့ ဦးဦးက ဆုတောင်းပေးတယ်နော်"

ရှောင်ဖုန်းက ရှမြန်ကို လှမ်းကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ယူလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ဦးဦး"

နဥ်ရှောက်ယွင်က သူ့ကိုကြည့်လိုက်ပြီး စိတ်အေးသွားသလို သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သူ့အမူအရာက အားလုံးအဆင်ပြေနေသည်ဟု သက်သေပြနေ၏။

ရှမြန်သည် နဥ်ရှောက်ပိုင်၏မျက်နှာကို ခိုးကြည့်လိုက်သည်တွင် သူက မပျော်မရွှင် ဖြစ်မနေသည်ကို မြင်လိုက်ရ၏။ ဟော်ရွှယ်ဝမ်က နဥ်ရှောက်ယွင်နှင့် သူမသားဆီသို့ ချဥ်းကပ်လာနိုင်ရန် နဥ်ရှောက်ပိုင်ကို လိုက်လျောလာအောင် မည်သို့လုပ်ခဲ့သည်ကိုတော့ မသိတော့ချေ။

"အခုဆုတောင်းပြီးရင် ကိတ်မုန့်စားလို့ရပြီလား" မောက်ဟွေ့ကျူးက စိုးရိမ်တကြီး မေးလိုက်လေသည်။

"ရပြီ" ရှမြန်က ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီး အလယ်တွင် မွေးနေ့ကုလားထိုင်လေးပေါ်တွင် သူ့ကို တင်ပေးလိုက်ကာ သူ့ခေါင်းပေါ်တွင် စက္ကူဖြင့် ပြုလုပ်ထားသည့် သရဖူလေးတစ်ခုကို ဆောင်းပေးလိုက်သည်။

မောက်ဟွေ့လန်က ဖယောင်းတိုင်ကို မီးထွန်းထားပြီးသားဖြစ်သည်။ "ကဲကဲ ရှောင်ဖုန်း ဆုတောင်းတော့"

ရှောင်ဖုန်းသည် နားမလည်ခြင်းကြီးစွာဖြင့် ရှမြန်ကို ကြည့်လိုက်၏။ "ဆုတောင်းရမှာလား"

ရှမြန်က ပြုံးကာ ရှင်းပြလိုက်သည်။ "ဟုတ်တယ်လေ ဒီနေ့က ပေါင်ပေါင်းရဲ့မွေးနေ့။ သားက ဆုတစ်ခု တောင်းလို့ရတယ်။ ဒါက နောက်ဆိုရင် ပြည့်လာမှာ"

သူမက သူမ၏ရင်ဘတ်ပေါ်တွင် လက်အုပ်လေးကို ချီပြလိုက်ကာ ရှောင်ဖုန်းကို သရုပ်ပြလိုက်လေသည်။ "မွေးနေ့ကိတ်ကို မျက်နှာမူထားပြီး ဆုတောင်းတစ်ခုလုပ်ရင် အထိရောက်ဆုံး နည်းလမ်းပဲတဲ့"

ရှောင်ဖုန်းက နားလည်သွားသည်။ သူက သူ့လက်၂ဖက်လေးကို လက်အုပ်ချီထားလိုက်ပြီး လေးနက်သည့် ကလေးသံလေးတစ်ခုဖြင့် ဖယောင်းတိုင်ကို ပြောလိုက်လေသည်။

"သားရဲ့အန်တီလေးမှာလည်း မွေးနေ့တစ်ခုရှိပါစေလို့ ဆုတောင်းပါတယ်"

"ဒေါ်ဒေါ်ဟွေ့ကျူး၊ ကိုကိုချန်းချန်း၊ ဘွားဘွားလေး၊ ဒေါ်ဒေါ်နဉ်၊ ဦးဦးနဥ်နဲ့ ဆရာတို့အားလုံးမှာလည်း.. .ပျော်ရွှင်စရာမွေးနေ့လေးတစ်ခု ရှိပါစေ"

ဒါသည် သူမွေးဖွားလာကတည်းက အပျော်ရွှင်ရဆုံး နေ့ရက်တစ်ခုဖြစ်လေသည်။ သူသည် သူချစ်မြတ်နိုးသည့်လူတိုင်းကို ဒီလိုပျော်ရွှင်မှုမျိုး ရရှိစေချင်သည်။

သူက မျက်လုံးကိုဖွင့်လိုက်ပြီး ဝမ်းသာအားရပြုံးလိုက်၏။

ရှမြန်သည် သူ၏အပြစ်ကင်းစင်လှသည့် မျက်နှာသေးသေးလေးကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ ရှက်မိသလို ခံစားလိုက်ရ၏။ ရှ၀မ်ယွဲ့ကတော့ အားတက်သရောဖြင့် သူ့ခေါင်းလေးကို အသာအယာ လှမ်းပွတ်ပေးလိုက်ကာ သူမ၏အသံက အနည်းငယ် ဆို့နစ်နေလေသည်။ "ဒီကလေးကတော့လေ..."

သူ့အတိတ်အကြောင်းကို သိပ်မကြာသေးခင်က သိရှိခဲ့ရသည့် ကျူးယွင်ဟိုင်ကတော့ မနေနိုင်ဘဲ သက်ပြင်းချမိလေသည်။ "လိမ္မာတဲ့ ကောင်ကလေးပဲ"

နဥ်ရှောက်ပိုင်က သူ့ကင်မရာကိုထုတ်လာပြီး ပြောလိုက်၏။ "ကဲကဲ ဖယောင်းတိုင်မှုတ်လိုက် ဓာတ်ပုံရိုက်ပေးမယ်"

"၁ ၂ ၃"

"ဟက်ပီးဘက်ဒေး ရှောင်ဖုန်း"

ကင်မရာက ကလေး၏တောက်ပနေသည့်အပြုံးကို ရိုက်ယူထားလေသည်။

သူသည် အရာဝတ္ထုများကို တောင်းဆိုဖို့ရန် မသင်ယူခဲ့ရသေးသော်ငြားလည်း သူ တွေ့ကြုံခဲ့ရသည့်အရာများသည် နောက်ဆုံးတော့ သူ့နှလုံးသားထဲတွင် မြူခိုးငွေ့လို ပျောက်ကွယ်သွားပြီး သူ့ကိုတစ်သက်လုံး ပျော်ရွှင်နွေးထွေးအောင် ပြုလုပ်ပေးနိုင်မည်ဟု ရှမြန်က ယုံကြည်ထားလေတော့သည်။

...

All Chapters