← Chapters

အပိုင်း(၁၀၂)

Vol. 7 Ch. 102

အပိုင်း(၁၀၂)

Vol. 7 Ch. 102

ရှောင်ဖုန်း၏မွေးနေ့ပွဲ ပြီးသွားသည့်နောက်တွင် ရာသီဥတုသည် ပိုပြီးအေးလာကာ ဆောင်းတွင်းသည် နေ့ချင်းညချင်း ဝင်ရောက်လာသလိုပင်။

ရှမြန်သည် ထိုနေ့တွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဉ် ရှဝမ်ယွဲ့၏ အပြင်ဘက်က တအံ့တဩအော်သံကို ကြားလိုက်ရ၏။ "နှင်းကျနေပြီ။ အိုး နှင်းတွေ အရမ်းကျနေတာပဲ"

ရှမြန်သည် ရုတ်တရက် သူမ၏မျက်လုံးများကို ဖွင့်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ကြည့်ရန် စောင်ကို မ တော့မည်ပြင်လိုက်၏။ သို့သော်ငြားလည်း သူမသည် ဝင်လာသည့်လေအေးကြောင့် အေးခဲသွားပြီး စောင်ထဲသို့ မြန်မြန်ပြန်ကျုံ့ကာ ဝင်နေလိုက်၏။

ရလဒ်အနေဖြင့် သူမသည် စောင်ကိုမ,လိုက်သည့်အချိန်တွင် မတော်တဆ ရှောင်ဖုန်း၏စောင်ကိုပါ မ,မိသွားသဖြင့် ကောင်ကလေးက တုန်ယင်သွားပြီး အအေးဒဏ်ကြောင့် နိုးလာတော့သည်...

"အန်တီလေး"ကလေးက သူ့မျက်လုံးများကို ပွတ်သပ်လိုက်ပြီး အအေးဓာတ်ကို ခံစားမိသယောင် စောင်ထဲတွင်ကျုံ့နေလေသည်။

"ကလေးတွေ မထကြသေးနဲ့" ရှဝမ်ယွဲ့က အပြင်မှ လှမ်းအော်လိုက်သည်။ "ဘွိုင်လာထဲကို မီးသွေးတချို့ ထပ်ထည့်လိုက်ဦးမယ်။ နည်းနည်းလေး နွေးလာတဲ့အခါကျမှပဲ နင်တို့တွေ အိပ်ရာထကြ။ အအေးမမိကြစေနဲ့နော်"

ဒီခြံဝန်းကြီး၏ နောက်ထပ်အားသာချက်တစ်ခုမှာ အပူပေးစနစ်ကို ထည့်သွင်းပြီးသားဖြစ်သည်။ ဒါသည် အလွန်မှ ရှေးကျလှသည့် သံဖြင့်လုပ်ထားသည့် အပူပေးပစ္စည်းတစ်ခုဖြစ်သော်ငြားလည်း မီးဖိုတစ်ခုဖြင့် အပူပေးသည်ထက် အများကြီးပိုအဆင်ပြေသည်။

သို့မဟုတ်လျှင် သူတို့သည် သနားစရာကောင်းသည့် ဆောင်းရာသီတစ်ခုကို ရင်ဆိုင်ရပေလိမ့်မည်။ မူလခန္ဓာကိုယ်၏မှတ်ဉာဏ်ထဲတွင် မီးဖိုသည် လုံးဝမနွေးလှချေ။ သို့အပြင် အလွန်မှလည်း ညစ်ပတ်သေးသည်။ အိမ်ထဲကနေရာတိုင်းတွင် မီးခိုးမှိုင်းများ ပြည့်နှက်နေသည်။ လက်ချောင်းများ ကြားထဲတွင်လည်း အမြဲတမ်းမည်းနက်နေ၏။

ထိုကိစ္စနှင့်ပတ်သက်ပြီး သက်သာရာရမှုကို စဉ်းစားမိသည်တွင် ရှမြန်သည် မနေနိုင်ဘဲ ကိုယ်ကိုတွန့်လိုက်မိ၏။

ရှဝမ်ယွဲ့သည် အရင်က အပူပေးစနစ်ကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သို့သော်ငြားလည်း သူမသည် ဒါကို စတင်အသုံးပြုပြီးသည့်နောက် အကျိုးကျေးဇူးများကို သဘောပေါက်လာ၏။ သို့သော် သူမ၏ မျိုးဆက်သည် ချွေတာခြင်းနှင့် အသားကျနေခဲ့ပြီ။ ကျောက်မီးသွေးကို ချွေတာဖို့ရန်အတွက် သူတို့သည် ကျောက်မီးသွေးကို အများအပြားသုံးရမည်ကို တွန့်ဆုတ်နေ၏။ အိမ်ကို နွေးထွေးရုံလောက်သာ ထားလေသည်။

ဒီမနက်ခင်းကတော့ လုံးဝကို ခြွင်းချက်တစ်ခုဖြစ်နေ၏။

ရှောင်ဖုန်းကလည်း ရှဝမ်ယွဲ့ပြောသည့်စကားကို ကြားလိုက်ပြီး သူက ဂွမ်းစောင်လေးထဲတွင် ပြန်ကျုံ့ဝင်နေလိုက်သည်။ ခဏအကြာတွင် ရှမြန်သည် နွေးထွေးနေသည့်ခြေထောက်လေးတစ်ဖက်က ဆန့်ထုတ်လာပြီး သူမ၏လက်မောင်းကို ပွတ်သပ်နေလေသည်။

ရှမြန်က ခြေထောက်ကို ဖမ်းဆွဲကာ ပြောလိုက်၏။ "ကြည့်ပါဦး၊ ဘာကို ဖမ်းမိလိုက်တာပါလိမ့်"

ရှောင်ဖုန်းက တခစ်ခစ် ရယ်မောကာ ရုန်းကန်လေသည်။ ရှမြန်က သူမဆုပ်ထားသည့်လက်ကို လွှတ်ပေးလိုက်ပြီး စောင်ကိုဖွင့်ပေးလိုက်၏။ ကောင်ကလေးက သူမ၏ရင်ခွင်ထဲသို့ မြန်မြန်ဆန်ဆန် လှိမ့်ဝင်လာခဲ့သည်။ "အန်တီလေး"

"အင်း"ကလေး၏ခန္ဓာကိုယ်က သေးငယ်သည့် မီးဖိုလေးတစ်ခုနှင့်တူနေ၏။

"လုပ်ပါ၊ အရပ်ကြီး ရှည်ထွက်လာပြီးတော့ ပိုပြီးတော့ကြီးလာခဲ့နော်" ရှမြန်က သူ့ကိုခေါင်းမှ ခြေထောက်အထိ သပ်ချပေးလိုက်သည်။ ကောင်ကလေးက သူ့ခန္ဓာကိုယ်ကို ဖြောင့်ထားလိုက်ပြီး ပျင်းရိလေးတွဲစွာဖြင့် အကြောဆန့်လိုက်သေးသည်။ ပြီးသွားသည့်နောက်တွင်တော့ သူက အသံထွက်ကာ ရယ်မောနေ၏။

အပြင်ဘက်တွင် ခဲနေအောင် အေးနေသော်ငြားလည်း သူတို့သည် နွေးထွေးလှသည့်အိပ်ရာထဲတွင် အချင်းချင်း တိုးဝှေ့နေကြပြီး နှလုံးသားထဲက ပျော်ရွှင်မှုတစ်ခုကို ခံစားနေမိသည်။

ခဏအကြာတွင် ရှဝမ်ယွဲ့က တံခါးကို တွန်းဖွင့်လိုက်ကာ သူတို့အိပ်ရာဘေးက အပူပေးစက်ပေါ်တွင် ဂွမ်းသားအနွေးထည်နှင့် ဘောင်းဘီတစ်စုံကို တင်ပေးလိုက်သည်။ "ဒီနေ့ အရမ်းအေးတယ်။ ကလေးတွေကို အနွေးထည်ထူထူ ပြောင်းဝတ်ပေးလိုက်နော်"

ရှောင်ဖုန်းက ကိုယ်ကိုလှည့်လိုက်ပြီး မှောက်ချလိုက်ကာ အပူပေးစက်ပေါ်က ဂွမ်းသားအနွေးထည်နှင့် ဘောင်းဘီကို လှမ်းကြည့်ဖို့ရန် သူ့ခေါင်းသေးသေးလေးကိုသာ ထုတ်ထားလိုက်လေသည်။ "သားဟာ"

"ဟုတ်တယ် သားရဲ့ဟာ"ရှဝမ်ယွဲ့က ပြောလိုက်သည်။ "ဘွားဘွားလေးက သားအတွက် သီးသန့် လုပ်ပေးထားတာလေ။ ဒါကို ဝတ်ထားရင် အရမ်းနွေးတယ်"

ရှောင်ဖုန်းက ပြုံးပြလိုက်၏။

ကလေးက ရှမြန်၏လက်မောင်းပေါ်တွင် ခဏလောက် လူးလိမ့်နေလိုက်သည်။ အခန်းထဲက အပူချိန်သည် တိုးလာပြီး ရှမြန်သည် သူ့ကို အဝတ်အစား မြန်မြန်ဝတ်ပေးလိုက်ပြီးနောက် အပူပေးစက်ပေါ်က ဂွမ်းသားအနွေးထည်နှင့် ဘောင်းဘီကိုလှမ်းယူပြီး နွေးအောင် လုပ်ပေးလိုက်သည်။

"ဝိုး အရမ်းနွေးတာပဲ။ မြန်မြန်၊ နွေးနေတုန်းဝတ်ထားလိုက်"

ရှောင်ဖုန်းက မြန်မြန်ထထိုင်လိုက်ပြီး သူ့လက်နှင့်ခြေထောက်များကို ဆန့်တန်းကာ ပူးပေါင်းပေးလေသည်။

ဂွမ်းသားအနွေးထည်နှင့် ဘောင်းဘီများကို ဝတ်ပေးပြီးနောက်တွင် ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ ဂွမ်းသားဘောင်းဘီနှင့် အနွေးထည်များသည် အနီရောင်နောက်ခံထားပြီး အဖြူရောင်အစက်လေးများပါရှိကာ “အဒေါ်၂၏ အအေးမိမှာ ကြောက်သည်"ဟူသည့် ချီးမြှောက်ခြင်းကြောင့် ကလေးလေးသည် အခုတော့ ဘောလုံးလေးတစ်လုံးလို ပွယောင်းယောင်း ဖြစ်နေလေသည်။

သူ့လက်သေးသေးလေးများက သူ့ခန္ဓာကိုယ်ကိုပင် မထိနိုင်တော့ချေ။ ၂ဖက်စလုံးက ဆန့်ထွက်နေပြီး သူ့ကိုပင်ဂွင်းပေါက်လေးနှင့် ပိုပြီးတူနေစေတော့သည်။

သူ့ရုပ်ကို မြင်လိုက်ရသည်တွင် ရှမြန်သည် ရှဝမ်ယွဲ့က ဆိုင်ဖွင့်ရင်းအလုပ်များနေကာ သူတို့အားလုံးအတွက် ဂွမ်းသားအနွေးထည် ချုပ်ပေးဖို့ အချိန်မရှိသည်ကို အလွန်မှ ဝမ်းသာမိသွားတော့သည်။ သူမသည် ကလေး၂ယောက်ကို တစ်ယောက်ချင်းစီအတွက်သာ တစ်ထည်ချင်းစီ ပြုလုပ်ပေးနိုင်၏။ သို့မဟုတ်လျှင် သူမကိုယ်တိုင်က ဘောလုံးလေးတစ်လုံးလို ဝဖိုင့်ဖိုင့် ဖြစ်လာပေတော့မည်။

အပြင်ဘက်က မောက်ဟွေ့ကျူးကတော့ စတင်ပျော်ရွှင်နေနှင့်ပြီး ဖြစ်သည်။ ရှမြန်က လိုက်ကာကို ဖွင့်လိုက်သည်တွင် အပြင်ဘက်က ဖြူဖွေးနေသည့် ကွင်းပြင်ကြီးတစ်ခုကို မြင်လိုက်ရ၏။

ရှောင်ဖုန်းကလည်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး တအံ့တဩဖြစ်သွားလေသည်။

ရှမြန်သည် မြောက်ပိုင်းတွင် ကြီးပြင်းလာခဲ့သော်ငြားလည်း နှင်းများ အသည်းအသန်ကျသည့်အချိန်တိုင်း နှင်းများဖြင့်ဖုံးအုပ်နေသည့် ဖြူစင်သန့်ရှင်းလှသည့် လောကကြီးကို မြင်လိုက်ရချိန်တွင် ဝမ်းသာပျော်ရွှင်သလို ခံစားမိသေးသည်။

ထို့အပြင် ရှမြန်၏ခေတ်တွင် ဒီလိုနှင်းများ ထူထပ်အောင်ကျနေသည်က ယန်မြို့တွင် ရှားပါးလှသည်။ ဒါကိုမြင်ရချိန်တွင် အစောပိုင်းကျောင်းစာအုပ်ထဲတွင် ဖော်ပြထားခဲ့သည့် ငန်းမွေးလို နှင်းလုံးကြီးဟူသည့် တင်စားပြောဆိုသည့်စကားက ချဲ့ကားပြောနေခြင်းမဟုတ်မှန်း လုံးဝသဘောပေါက်လိုက်၏။

ရှောင်ဖုန်းက အင့်ခနဲ ညည်းညူလိုက်ပြီး အိပ်ရာပေါ်က လျှောဆင်းသွားကာ အပြင်ထွက်ပြီး မောက်ဟွေ့ကျူးနှင့် ကစားရန် အသင့်ဖြစ်နေသည်။

ရှမြန်က သူ့အတွက် ဦးထုပ်တစ်လုံးကို ဆောင်းပေးလိုက်ပြီး လက်အိတ်ဝတ်ပေးလိုက်ပြီးနောက် အပေါ်မှကုတ်အင်္ကျီတစ်ထည် ထပ်ပေးလိုက်သည်။ သူကလေးက တံခါးဘောင်ကိုကျော်ဖို့ရန် ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး ဒယိမ်းဒယိုင်ဖြင့် ပြေးထွက်သွားသည်ကို ကြည့်နေမိရင်း သူမမှာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။

အပြင်ဘက်တွင် ကလေးများ၏ပျော်ရွှင်ဖွယ်ရာ အော်ဟစ်သံများကို ကြားနေရ၏။

ရှမြန်က အပြင်သို့ထွက်လာချိန်တွင် မြေကြီးပေါ်က နှင်းများက ခြေကျင်းဝတ်အထိ ရောက်နေပြီ။ နှင်းများက ကောင်းကင်မှ ကျဆင်းနေဆဲ။ မောက်ကျစ်ရှန်းကတော့ ပင်မအိမ်မှစတင်ကာ အခန်းတစ်ခုချင်းစီ၏ တံခါးသို့ လျှောက်သွားဖို့ရန် လမ်းတစ်ခုဖြစ်အောင် နှင်းများကော်ထုတ်ပေးနေသည်။

ရှောင်ဖုန်းက မောက်ဟွေ့ကျူးနောက်သို့ လိုက်ပြေးနေပြီး ဒီလမ်းကြောင်းလေးများပေါ်တွင် သူမနှင့်အတူ ကစားနေသည်။ ပင်ဂွင်းပေါက်လေးတစ်ကောင်မှ ယိုင်တိယိုင်တိုင် ပင်ဂွင်းပေါက်လေး၂ကောင် ဖြစ်သွားသည်။

ရှောင်ဖုန်းသည် ဝါဂွမ်းအနွေးထည်နှင့် ဘောင်းဘီထူထူကြီးနှင့် အသားမကျနေချေ။ ပြေးရင်းလွှားရင်းက သူ့ခန္ဓာကိုယ်လေးသည် စောင်းသွားပြီး သူ့ဘေးက နှင်းပေါ်သို့ ပစ်လဲကျသွားတော့သည်။

သူသည် ကိုယ်ကိုလှည့်လိုက်ချင်သော်ငြားလည်း သူ၏ဝါဂွမ်းအနွေးထည်လေးက အလွန်မှထူထဲနေ၏။ အချိန်တော်တော်ကြာအောင် သူ့ခြေထောက်လေးများကို ရုန်းကန်လိုက်ပြီးနောက်တွင် သူသည် ကိုယ်ကိုလှည့်ဖို့ ကျရှုံးနေဆဲဖြစ်သည်။ ထိုအစား သူက ခြေထောက်များကို လေထဲတွင် မြှောက်ထားလိုက်ပြီး ကျောခင်းကာ လှဲလိုက်ပြီးနောက် မလှုပ်ရှားနိုင်တော့ချေ။

မောက်ဟွေ့ကျူးက ကိုယ်ကို လှည့်လိုက်ပြီး သူ့ပုံစံကို မြင်လိုက်ရချိန်တွင် လက်ခုပ်တီးကာ ရယ်မောလေတော့သည်။

ရှမြန်က လိပ်လေးတစ်ကောင်လို သူ့ခြေထောက်များကို ယက်ကန်ယက်ကန် လုပ်နေသော်ငြားလည်း ကိုယ်ကိုမလှည့်နိုင်ဘဲဖြစ်နေသည်ကို မြင်လိုက်ရသည်တွင် သူမမှာ မနေနိုင်ဘဲ အော်ရယ်တော့သည်။

သူမ၏ရယ်သံကို ကြားလိုက်ရပြီးနောက် ရှောင်ဖုန်းက ထပ်ပြီးစိုးရိမ်မနေတော့ချေ။ သူက ခေါင်းလေးကိုလှည့်ကာ သူမကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူခြေထောက်များက ငြိမ်ကျသွားပြီး လက်နှင့်ခြေထောက်များကို ဖြန့်ထားလိုက်ကာ လှဲချလိုက်ပြီးနောက် လုံးဝမလှုပ်ရှားတော့ချေ။

ရှမြန်က လျှောက်လာခဲ့ပြီး ကောင်ကလေးက မျက်လုံးအဝိုင်းသားများဖြင့် ကောင်းကင်ကို ကြည့်နေသည်ကို မြင်လိုက်ရသည်။ ကြီးမားလှသည့် နှင်းပွင့်များက သူ့ခန္ဓာကိုယ်၊ မျက်နှာနှင့် မျက်လုံးပေါ်တွင် ကျဆင်းနေ၏။ ဒါက အံ့သြစရာကောင်းသည်ဟု သူကထင်နေသယောင် ရှိသည်။ အမှတ်တမဲ့ ပြုံးပြလိုက်၏။ "လှလိုက်တာ"

သူ၏ပျော်ရွှင်ဖွယ်ကောင်းသည့် ခံစားချက်ကို ဆွဲဆောင်ခံလိုက်ရသည့်နှယ် မောက်ဟွေ့ကျူးကလည်း အပြေးရောက်လာပြီး မြေကြီးပေါ်တွင် လှိမ့်ချလိုက်ကာ သူ့ဘေးတွင် လဲလျောင်းလိုက်ပြီးနောက် မကြာမီတွင် တအံ့တဩပြောလေသည်။ "အိုး အရမ်းလှတာပဲ"

"တကယ်လား"ရှမြန်က မြေကြီးပေါ်ကထူထဲနေသည့် နှင်းများကိုကြည့်လိုက်ပြီး သူမကိုလှဲချလိုက်ဖို့ ဆွဲဆောင်နေသယောင်ခံစားလိုက်ရ၏...

ခဏအကြာတွင်တော့ လူ၄ယောက်သည် ခြံဝင်းအလယ်က နှင်းများပေါ်တွင် တန်းစီပြီး လဲလျောင်းနေကြလေသည်။ နဉ်ရှောက်ပိုင်သည် ချန်းချန်းကို ခေါ်ဝင်လာသည့်အချိန်တွင် အိတ်တစ်လုံးထဲတွင် တင်းကြပ်နေအောင် ရစ်ပတ်ခံထားရသည့် ချန်းချန်းမှာ အလန့်တကြား ဖြစ်သွားပြီး ငယ်သံပါအောင် အော်ဟစ်လိုက်၏။ "အိုး အိုးအိုး သူတို့သေသွားပြီ"

နဥ်ရှောက်ပိုင်...

"မသေပါဘူး" နဥ်ရှောက်ပိုင်က ချန်းချန်းကိုချပေးလိုက်ပြီး "ကြည့်လေ။ သူတို့တွေ အခုထိ လှုပ်ရှားနေသေးတယ်"

ဒီမိသားစုကတော့ ဘယ်လိုပျော်ရွှင်ရမယ်ဆိုတာ တကယ်သိကြတာပဲ။

ချန်းချန်းကလည်း ဘာဖြစ်နေသည်ကိုကြည့်ဖို့ရန် ဒယိမ်းဒယိုင် လျှောက်လာခဲ့၏။

ရှဝမ်ယွဲ့က အသံကို ကြားလိုက်ရပြီးနောက် ထွက်လာသည်တွင် နှင်းများပေါ်ကမြင်ကွင်းကို တွေ့လိုက်ရလေသည်။ သူမသည် အလွန်မှဒေါသထွက်သွားပြီး ဘေးဘီကိုကြည့်လိုက်ပြီးနောက် သူမဘေးက တံမြက်စည်းကို ကောက်ကိုင်ကာ မောက်ဟွေ့လန်ဆီသို့ ပစ်ထည့်လိုက်တော့သည်။

"နှင်းတွေကို မြန်မြန်သွားပြီးတော့ ရှင်းလင်းကြစမ်း။ နင်ကရော ကလေး မလို့လား"

မောက်ဟွေ့လန်နှင့် ရှမြန်တို့သည် ခုန်ထလိုက်ပြီး ထွက်ပြေးသွားကြကာ ခြေထောက်များကို လေပေါ်တွင်ထောင်ထားပြီး မြေကြီးပေါ်တွင် လဲလျောင်းနေသည့် ကလေး၂ယောက်ကို ချန်ထားခဲ့လေသည်။

ချန်းချန်းက ဒါကိုမြင်လိုက်ချိန်တွင် အသံထွက်ကာ အော်ရယ်လေသည်။

သို့သော် ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် တံခါးနားကနှင်းများကို လှည်းကျင်းပြီး ပြန်ရောက်လာချိန်တွင် တန်းစီကာ လဲလျောင်းနေကြသည့်ကလေးများသည် ၃ယောက်ဖြစ်လာ၏။ သူတို့သည် တန်းစီကာ လဲလျောင်းနေခြင်းမဟုတ်ဘဲ တန်းစီပြီးလိမ့်နေကြလေသည်။

ဒါသည် ဂွမ်းသားအနွေးထည်ကြီး၏ အားသာချက်ဖြစ်သည်။ ထူထဲလေးလံနေသော်ငြားလည်း စိုးရိမ်စရာ မလိုဘဲ ကစားနိုင်သည်။

နှင်းများက ရက်ပေါင်းများစွာကြာအောင် ကျဆင်းခဲ့၏။ ထို့ကြောင့် မူကြိုကျောင်းကို ပိတ်ထားရသည်။ ရှဝမ်ယွဲ့၏ ဝက်သားတုတ်ထိုးဆိုင်ကိုလည်း ပိတ်ထားရသည်။ အခုတော့ သူမက နှမ်းမုန့်ကိုသာ ရောင်းချသည်။

နှမ်းမုန့်လုပ်သည့် ရှဝမ်ယွဲ့၏စကေးက အင်မတန်မှ ကောင်းမွန်သည်။ နှမ်းမုန့်များကို ဝက်သားတုတ်ထိုးနှင့် ခဏလောက် အတူတူရောင်းချလိုက်ပြီးနောက်တွင် သူမသည် ပုံမှန်ဖောက်သည်များကိုပင် ရလာခဲ့ပြီဖြစ်သည်။ သူမက ကျောင်းတက်ချိန် တစ်နာရီလောက်သာ ဆိုင်ဖွင့်စရာ လိုအပ်ပြီး ကျန်သည့်အချိန်ကိုတော့ ပုံမှန်ဖောက်သည်များက သူမအိမ်သို့ တိုက်ရိုက်လာကာ ဝယ်ယူကြပြီး ဒါက တော်တော်လေး အဆင်ပြေလှသည်။

မူလတန်းကျောင်းနှင့် အလယ်တန်းကျောင်းများက ဆောင်းတွင်းပိတ်ရက် ရောက်လာသည့်အချိန်တွင် ရှဝမ်ယွဲ့၏ ပန်ကိတ်ဆိုင်ကိုလည်း ပိတ်ထားလိုက်ရသည်။ ဤတွင်တော့ ရှမြန်နှင့် မောက်‌ဟွေ့လန်တို့သည် တစ်နေ့လုံး အရှေ့ဘက်အခန်းထဲက စာကြည့်ခန်းတွင်သာ ပိုပြီး တလေးတနက်နေရပြီး ကြိုးကြိုးစားစား စာလုပ်ရလေတော့သည်။

မောက်ကျစ်ရှန်းသည် ယန်မြို့က ရိုက်ကူးရေးပြီးစီးသွားပြီးနောက် စီမြို့သို့ ခရီးသွားရမည်ဟု ကြားလိုက်ကြသည့်အချိန်တွင် ရှဝမ်ယွဲ့ကလည်း သူနှင့်အတူလိုက်သွားမည်ဟု ကြားလိုက်သဖြင့် ရှမြန်နှင့် မောက်ဟွေ့လန်တို့က ထခုန်မတတ်ပင် ပျော်ရွှင်သွားကြတော့သည်။

"ငါတို့တွေ သန်ဘက်ခါကျရင် ခရီးစထွက်ကြလိမ့်မယ်" ရှဝမ်ယွဲ့က ပြောလိုက်သည်။ ရှမြန်နှင့် မောက်ဟွေ့လန်တို့ကြားက မျက်လုံးဖြင့် စကားပြောနေသည်ကို ကြည့်လိုက်ပြီး သူမက ခနဲ့ကာ ပြောလိုက်၏။ "ငါ နင်တို့အတွက် ဆောင်းတွင်းကျောင်းပိတ်ရက် အထူးသင်တန်းကို စာရင်းပေးထားပြီးပြီ။ နေ့တိုင်း အချိန်မှန်သွားတက်ကြ"

ရှမြန်က ပြောလိုက်၏။ "ဒေါ်ဒေါ်၂ မလိုပါဘူး။ ဆရာတွေ ပေးထားတဲ့ အဖြေလွှာတွေအားလုံးကို ကိုယ့်ဟာကိုယ် လုပ်တတ်ပါတယ်။ ရာသီဥတုက အရမ်းအေးနေတာလေ။ အိမ်မှာပဲနေရရင် အရမ်းကောင်းမှာပဲ။ စာသင်ခန်းက အိမ်လောက်တော့ သေချာပေါက် နွေးနေမှာ မဟုတ်ဘူးလေ"

"ဒါဆိုရင်လည်း ဆက်ပြီးတော့ လုပ်လိုက်လေ။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နင်တို့တွေ မိသားစုကို ပြဿနာတွေသယ်လာမှာ စိုးရိမ်လို့ပါ။ ငါတို့မိသားစုတင် မဟုတ်ဘူး။ တခြားမိသားစုတွေပါ ပါနေမှာစိုးလို့"

ရှဝမ်ယွဲ့က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့ကာပြောလိုက်၏။ "ဘာပဲဖြစ်ဖြစ်ပါ။ ငါ နင်တို့၂ယောက်ကို မယုံဘူး။ အတန်းကို ပုံမှန်တက်ကြ။ ငါ ပြန်လာတဲ့အချိန်ကျရင် ဆရာမကို သွားမေးမှာနော်။ တကယ်လို့ နင်တို့တွေ အတန်းလစ်တာ တစ်ခုခုလုပ်တယ်ဆိုတာ သိလို့ကတော့..."

သူတို့၂ယောက်သည် စကားပြောဖို့ရန် အလွန်မှမလုံမလဲ ခံစားလိုက်ရ၏။ ရှဝမ်ယွဲ့သည် နဥ်ရှောက်ပိုင်အိမ်က လျှပ်စစ်ပန်ကာကိစ္စကို မှတ်မိနေသေးသည်။ သူမသည် လျှပ်စစ်ပန်ကာကို ပထမဦးဆုံး ဖြုတ်သည့်အချိန်ကတော့ ယုံကြည်မှုအပြည့် ရှိနေ၏။ ဒါက စကူလေးများကို ဖြုတ်ရသည့်ကိစ္စတစ်ခုသာ ဖြစ်ပြီး ခက်ခဲလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ချေ။ သို့သော်ငြားလည်း ပစ္စည်းများကို ပြန်တပ်သည့်အချိန်တွင်တော့ ပန်ကာတစ်လက်ကို မှန်အောင်မတပ်နိုင်တော့ချေ...

မောက်မိသားစုသည် အရင်ကပန်ကာတစ်ခု မပိုင်ဆိုင်ခဲ့ဖူးသဖြင့် မောက်ကျစ်ရှန်းကလည်း ပန်ကာကို တပ်ဆင်နည်းမသိချေ။ ရှမြန်မှာ ကူကယ်ရာမဲ့သွားတော့သည်။ ရှမြန်က ပန်ကာကို ပြန်လည်တပ်ဆင်ဖို့ရန် လူတစ်ယောက်ကို တိတ်တိတ်ကလေး သွားရှာဖို့ ပြင်လိုက်ချိန်တွင် ဖြတ်သွားသည့်ဦးလေးလီနှင့် မတော်တဆတွေ့လိုက်ရသည်။

ဦးလေးလီသည် သူမက အပြင်ထွက်ပြီး ပန်ကာကိုပြင်ဆင်ရန် ငွေနည်းနည်း သုံးမည်ဟု သိလိုက်ရသည့်အချိန်တွင် အမှန်ပင် သူက ဒါကို သဘောမတူဘဲ ဒီအတိုင်းယူပြန်သွားကာ သူ့ဟာသူ တပ်ဆင်ပေးလိုက်လေသည်။

ထိုနောက် တစ်ချိန်တွင်တော့ သူသည် ပြေစာတစ်ခုကို ချန်ထားခဲ့၏။ ရှဝမ်ယွဲ့က ထိုပြေစာကို တွေ့သွားသည့်အချိန်တွင်တော့ ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် ကျောတွင် အရိုက်ခံလိုက်ရပြီး နောက်တစ်ခါ ဒီလိုပေါ့ပျက်ပျက်ကိစ္စများ မလုပ်ဖို့ရန် ကတိပေးကြရသည်။

သို့သော်ငြားလည်း ရှမြန်တစ်ယောက်သည်ကလည်း အဆော့သန်သည့် ကလေးတစ်ယောက်ဖြစ်နေပြီး လုံးဝမယုံကြည်ရကြောင်း သိလိုက်ရသည်။

သူတို့က တစ်ခဏသာ စကားနားထောင်ကြသည်ကို မြင်လိုက်ရသည်တွင် ရှဝမ်ယွဲ့က သူမ၏သတိကို မပေါ့လျော့ထားဘဲ သူတို့ကို ခြိမ်းခြောက်ပြန်၏။ "နှစ်သစ်ကူးပြီးသွားရင် ကျောင်းပြောင်းရမဲ့ စာမေးပွဲရှိတယ်။ နင်တို့တွေ ကောင်းကောင်းလုပ်တာ ပိုကောင်းမယ်နော်။ ငါ နင်တို့ကို အခွင့်အရေးတစ်ခုပဲပေးမှာ။ တကယ်လို့ နင်တို့တွေကျခဲ့တယ်ဆိုရင် ငါနဲ့အတူ ဆိုင်ဖွင့်ရလိမ့်မယ်"

အနီးကပ်သင်တန်းမတက်ခင်တွင် ရှမြန်သည် အရည်အသွေးကောင်းမွန်သည့် ဆံပင်တုတစ်ခုကို ဝယ်ခဲ့ရသေးသည်။ ယခုတော့ ရာသီဥတုက အေးစက်နေသည်ဖြစ်ရာ ဆံပင်အတုတစ်ခု ဝတ်ဆင်ထားလျှင်အလွန်မှ မွန်းကျပ်နေသည်ဟု မခံစားရချေ။

လီလီကျန့်နှင့် ဆွန်းယွဲ့ရှင်းတို့က သူမနှင့် ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ရသည့်အချိန်တွင် သူမမှာ မိန်းမဆိုးလေးတစ်ယောက်ဟု သတ်မှတ်ခံလိုက်ရပြီးနောက် ရှမြန်သည် ဒီနေရာမှာ စတင်ဖို့ရန် သူမ၏ ပထမဦးဆုံးခြေလှမ်းက အာရုံဆွဲဆောင်မှု ထိုက်တန်သေးသည်ဟု ခံစားမိသည်။

ထို့အပြင် ဆောင်းတွင်းကျောင်းပိတ်ရက် အနီးကပ်ကျောင်းများသည် ပုံမှန်အနီးကပ်ကျောင်းများနှင့် မတူချေ။

နောက်ဆုံးစာမေးပွဲက အခုလေးတင်မှ ပြီးမြောက်သွားသဖြင့် အနီးကပ်ကျောင်းက ကျောင်းသားအရေအတွက်ကလည်း ပုံမှန်အရေအတွက်ထက် ၂ဆ၊ ၃ဆပိုများနေသည်။ သူတို့ထဲက တစ်ဝက်ကျော်က သူမ၏ကျောင်းသားဟောင်းများ ဖြစ်လာလိမ့်မည်ဖြစ်ကာ သူမ၏ အတန်းဖော်များပင် ဖြစ်လာနိုင်ပေသည်။ ထို့ကြောင့် ရှမြန်က ဒါကိုသေချာပေါက် ဂရုစိုက်ရပေမည်။

သူမ ဝယ်လာသည့် ဆံပင်တုသည် ကျောင်းသူလေးပုံစံ ဆံပင်တုတစ်ခုဖြစ်သည်။ ပထမအချက်မှာ ဆံပင်တိုနေသည့်အချိန်တွင် ဒါက ဂရုစိုက်ရပိုပြီး လွယ်ကူသည်။ ဒုတိယအချက်မှာ နောက်တစ်နှစ် ရာသီဥတု ပူလာသည့်ချိန်တွင် သူမ၏တကယ့်ဆံပင်ကလည်း ထိုတူညီသည့် အရှည်လောက် ရောက်လာလိမ့်မည်။ အပြောင်းအလဲက သဘာဝကျသွားလိမ့်မည်။

မိတ်ကပ်ရောင် သိုးမွှေးဦးထုပ်တစ်လုံး၊ အညိုရောင်လည်ထောင် ဆွယ်တာတစ်ထည်နှင့် အပေါ်မှနေ၍ အနွေးထည်အရှည်ကြီးတစ်ထည်ကို ထပ်ဝတ်ထားသည်။

ဒါသည် ရှမြန်က စျေးကြီးပေးပြီး ဝယ်လာသည့်ပစ္စည်းများဖြစ်သည်။ ပုံစံက ထူးခြားလှသည့် စတိုင် မဟုတ်သော်ငြားလည်း ဂွမ်းသားအနွေးထည်ထက် အများကြီးပိုပါးသည်။ အနည်းဆုံးတော့ ဒါကအလွန်မှ ဖောင်းပွနေသည့်ဟန် မတူချေ။ သူမက အလယ်တွင် ခါးပါတ်ပြားအကြီးတစ်ခုကို ထပ်ဖြည့်ထားလိုက်ပြီး ဒါက ချက်ချင်းဆိုသလိုပင် ဖက်ရှင်အမြင်တစ်ခုကို ပေးစွမ်းနေ၏။

ဂျင်းဘောင်းဘီနှင့် ကပ်ရှ်မီးရားလည်သာဘွတ်ဖိနပ်ကို တွဲဝတ်လိုက်သည်တွင် သေးသိမ်သည့် ခါးတစ်ခုနှင့် ရှည်လျားသည့်ခြေတံများ ပိုင်ဆိုင်ထားသည့် နတ်သမီးလေး အသွင်တစ်ယောက်ဖြစ်နေ၏။

ရှောင်ဖုန်းက သူမ၏ ပြောင်းလဲသွားသည့်အသွင်ကို အောင်အောင်မြင်မြင် စောင့်ကြည့်နေလိုက်ပြီးနောက် လက်ခုပ်တီးကာ ပြောလိုက်လေသည်။ "အန်တီလေးက လှလိုက်တာ"

ရှမြန်က သူ့ပါးလေးကို လှမ်းဖျစ်လိုက်ပြီးပြောလိုက်၏။ "နင်လေးရဲ့မျက်လုံးထဲမှာတော့လေ အန်တီလေးက ရုပ်ဆိုးတယ်ဆိုရင်တောင် လှနေဦးမှာပဲ။ အန်တီနဥ်ကို သွားရှာရအောင်"

ဆောင်းတွင်းအားလပ်ရက် ပြီးသွားသည့်နောက်တွင် ရှောင်ဖုန်းသည် ၂ရက်တစ်ခါဆိုသလို ပန်းချီဆွဲသင်ဖို့ရန် ကျူးယွင်ဟိုင်ဆီသို့ သွားရသည်။

အစပိုင်းတွင်တော့ ရှမြန်က သူနှင့်အတူ ၂ခါလောက်လိုက်သွားသည်။ ကျူးယွင်ဟိုင်က ရှောင်ဖုန်းကို အလွန်မှ ချစ်မြတ်နိုး၏။ သူ၏အငယ်ဆုံး တပည့်လေးဖြစ်သည့် ရှောင်ဖုန်းသည် သူ၏စီနီယာအစ်ကို၊ အစ်မများ၏ အချစ်ခံလေးလည်း ဖြစ်သည်။ အဓိကအကြောင်းအရာမှာ သူသည် အလွန်မှပါရမီရှိပြီး ပန်းချီဆွဲရန် သူ့ကိုခေါ်ထားရသည်ကို အားလုံးက သဘောကျကြ၏။

ရှောင်ဖုန်းသည် ထိုနေရာတွင် ရေထဲကငါးလေးတစ်ကောင်လို ဖြစ်နေတော့သည်။ နောက်ပိုင်းတွင် ရှမြန်က ထိုနေရာသို့ မသွားတော့ချေ။ နဥ်ရှောက်ယွင်ကသာ သူမ ထိုနေရာသို့သွားသည့်အချိန်တိုင်း သူ့ကို အမြဲတမ်း ခေါ်သွားတတ်သည်။ သူတို့သည် ပြန်လာသည့်အချိန်တွင်လည်း အတူတူ ပြန်လာကြသည်။ ရှောင်ဖုန်းသည်လည်း အလွန်မှ ပျော်ရွှင်နေ၏။

နဥ်ရှောက်ယွင်သည် သူမကို မြင်လိုက်ချိန်တွင် ပြေးလိုက်သည်။ "ဒါက ဘယ်သူ့ရဲ့အလှရှင်လေးလဲ အရမ်းလှတာပဲ"

ရှမြန်က ဂုဏ်ယူ၀င့်ကြွားစွာဖြင့် ကိုယ်ကိုလှည့်ပြလိုက်သေးသည်။ "ဟီးဟီး ကျွန်မ ဒီနေ့ ကျောင်းသွားရမှာလေ။ ကျွန်မရဲ့အတန်းဖော်တွေအတွက် အမြင်ကောင်းလေးတစ်ခုတော့ ချန်ထားချင်လို့ပါ"

"ဒါက အတုအယောင် အမြင်တစ်ခုတော့ မဟုတ်တာသေချာတယ် မဟုတ်လား"

နဥ်ရှောက်ပိုင်၏အသံက နောက်မှထွက်လာသည်။ "နောက်ပိုင်း နင် ပေါ်ပေါက်သွားတဲ့အချိန်ကျမှ နင့်အတန်းဖော်တွေကို ကြောက်လန့်အောင် မလုပ်မိစေနဲ့နော်"

ရှမြန်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ဒီနေ့ကစပြီး သူမသည် နတ်သမီးလေးတစ်ယောက် စလုပ်တော့မည်ဟု စိတ်ထဲတွင်ကြိတ်ပြီး ပြောလိုက်တော့သည်။ သူမက သူမ၏ဒေါသကို မျိုသိပ်ထားလိုက်ပြီး အလွယ်တကူ ဒေါသမထွက်ပြလိုက်တော့ချေ။

သူမက ကိုယ်ကိုလှည့်ကာ ပြုံးပြလိုက်၏။ "အဲဒီကိစ္စကိုတော့ စိတ်မပူပါနဲ့ ဒေါက်တာနဉ်"

"တကယ်ကြီးပေါ့" နဥ်ရှောက်ပိုင်က မျက်ခုံးများကို ပင့်ပြလိုက်၏။

နဥ်ရှောက်ပိုင်က သူမ၏ဆံပင်တုကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်တွင် သူ၏ရာဇဝတ်မှုမှတ်တမ်းကို စဉ်းစားလိုက်မိသည်နှင့် တစ်ပြိုင်နက် ရှမြန်က သတိဖြင့် သူမ၏ ခေါင်းလေးကို အုပ်ထားလိုက်ပြီး ရှောင်ဖုန်းကို မြန်မြန်ပြောလိုက်တော့သည်။ "အန်တီလေး ကျောင်းသွားတော့မယ်နော်။ သားက အန်တီနဥ်နောက် လိုက်သွားလိုက်"

သူမသည် နတ်သမီးတစ်ယောက် ဖြစ်လာမည့်သူမ၏လမ်းတွင် ပိတ်ဆို့နေသည့် ဒီအရာကို ရှောင်ရှားဖို့ ဆုံးဖြတ်ချက်ချလိုက်လေသည်။ ထိုမှသာ သူမ၏အားစိုက်ထုတ်မှုများက အချည်းနှီး မဖြစ်ပေမည်။

နဥ်ရှောက်ယွင်က ရှမြန်၏ကျောပြင်ကို ကြည့်လိုက်ပြီး အနားသို့ မြန်မြန်လေး ကပ်လာကာ နဥ်ရှောက်ပိုင်ကို ပြောလိုက်လေသည်။ "နင်ဟာလေ ဘာဖြစ်လို့သူ့ကို အမြဲတမ်းစနောက်နေတာလဲ"

နဥ်ရှောက်ပိုင်က မသိမသာ ပြုံးမိသွားတော့သည်။

...

All Chapters