မင်းမှန်တယ်။
Vol. 9 Ch. 111
ဤမတိုင်မီ သူတို့သုံးယောက်သည် စုန့်လောင်စန်းချန်ထားခဲ့သော ခြေရာများကို ဖယ်ရှားရန် ချင်းယွမ်ဈေးမြို့သို့ဝင်ခဲ့၏။
လုပ်ကြံသတ်ဖြတ်ခြင်း အဖွဲ့အစည်းများ၏ ဘုံသဘောတူညီချက်သည် အဖွဲ့ဝင်များစွာတို့၏ နောက်ခံနှင့်မူလကို ဖုံးကွယ်ခြင်းပေပင်။
ဤသည်မှာ အဖွဲ့ဝင်များအတွက် များစွာလုံခြုံစေသည်။ သို့သော် သူတို့အဖွဲ့သည် ထိုအဆင့် ကျွမ်းကျင်အဖွဲ့အစည်းတစ်ခု မဟုတ်ချေ။
နောက်ခံကို ထုတ်မပြနိုင်သည့် မဟာမိတ်ဖွဲ့ထားသော လူသတ်သမားများသာ ဖြစ်သည်။
သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ယောက်အကြောင်း တစ်ယောက် သိရှိလာ ကြသဖြင့် ကျိန်ဆိုချက်များ ထည့်သွင်း လိုက်ရခြင်းပေပင်။ ။
လက်ရှိအချိန်၌ စုန့်လောင်စန်း အဖမ်းခံထားရသဖြင့် သူတို့အချက်အလက်များ ဖော်ထုတ်ခံရမည်ကို စိုးရိမ်လာခြင်းဖြစ်၏။
“ စုန့်လောင်စန်း မသေသေးဘူး ... ဒါကငါတို့အကြောင်း သူထုတ်မပြောတာမျိုး ဖြစ်နိုင်သလို ... သူ့အတွက် သတ်သေဖို့ အခွင့်အလမ်းမရှိတာလည်း ဖြစ်နိုင်တယ် ပစ်မှတ်က သန်မာပုံပဲ ... ။ ”
အဖိုးအိုမှ မှတ်ချက်ပေးသည်။
“ ... ငါတို့က သုံးယောက်ဆိုပေမယ့် သေသေချာချာ စဉ်းစားဖို့တော့ လိုနေသေးတယ် သူ့အနားကို ဘယ်လိုချဉ်းကပ်ရမလဲ ...
... စုန့်လောင်စန်းရဲ့ ... မြူခန္ဓာကိုယ် နည်းစနစ်က ရောင်ဝါကို ဖုံးကွယ်တဲ့နေရာမှာ အရမ်းကောင်းတယ် ... သူ့ကိုရှာတွေ့ခဲ့တာက ပစ်မှတ်မှာ အတွေ့အကြုံရှိတာ ပြနေတယ်။ ”
တာအိုအဖိုးအိုမှလည်း မှတ်ချက်ဝင်ပေးသည်။ ထိုစကားကြောင့် အမျိုးသမီးမျက်နှာပေါ်တွင် မနှစ်မြို့ဖွယ် အမူအရာ ဖြစ်ပေါ်လာ၏။
“ ဒီစုန့်လောင်စန်းက ယွမ်ဖူနယ်ပယ် ကျင့်ကြံသူနှစ်ဦးကို သတ်နိုင်တဲ့ ပြိုင်ဘက်ကင်း ယွမ်ဖူကျင့်ကြံသူပဲ ... သူ့လိုလူမျိုးကို ပစ်မှတ်က ဘယ်လိုဖမ်းမိမှန်း ငါမှန်းဆလို့မရဘူး ...
... ကြည့်ရတာ ပစ်မှတ်က ဝင်္ကပါပညာရှင်ဖြစ်မယ် ထင်တယ် ဒီနည်းနဲ့သာ စုန့်လောင်စန်းကို ထောင်ခြောက် ဆင်ခဲ့တာနေမယ်။ ”
အဘိုးကြီးနှင့် တာအိုအဖိုးကြီးတို့ နှစ်ယောက်လုံး ခေါင်းညိတ်ပြီး ထိုအကြောင်းကို ဆက်တွေးနေခဲ့သည်။
စုန့်လောင်စန်းအနေဖြင့် ပစ်မှတ်သည် ယွမ်ဖူနယ်ပယ်ကျင့်ကြံသူ ဖြစ်သဖြင့် ပေါ့ဆခဲ့ ပုံရချေပြီ။
ထို့ကြောင့် ပစ်မှတ်ခြံဝင်းထဲအထိ ဝင်ရောက်ကာ လုပ်ကြံရန် ကြိုးစားခြင်းသည် သက်သေဖြစ်၏။
“ ဘာပဲဖြစ်ဖြစ် ... စုန့်လောင်စန်းမှာ အပြစ်ရှိတယ်။ ”
အမျိုးသမီးက မှတ်ချက်ပေးသည်။ အဖိုးအိုနှစ်ယောက်မှ အချင်းချင်း ပြန်ကြည့်၏။ စုန့်လောင်စန်း မသေသေးသည်မှာ ကောင်းသော ကိစ္စမဟုတ်ချေ။
ပစ်မှတ်သည် ဝင်္ကပါပညာရှင်ဖြစ်ပါက တစ်ချိန်ချိန်တွင် ကျိန်စာအစီရင်တံဆိပ်အပေါ် အဖြေရှာတွေ့နိုင်မည်။ ဤနည်းဖြင့် သူတို့ကို ဖော်ထုတ်ခံရနိုင်၏။ မဟုတ်သော် သူတို့ ဤမျှ အလုပ်ရှုပ်ခံမည် မဟုတ်ချေ။
“ သူ့ကိုယ်သူ သတ်သေသင့်တယ်။ ”
အလားတူပင် ထိုအတွေးမျိုး အမျိုးသမီးမှ တွေးမိလာပြီး အေးစက်စွာ ပြောကြားလိုက်၏။ စုန့်လောင်စန်းသည် ကယ်တင်ရန် မျှော်လင့် နေပုံပေပင်။ အဘိုးအိုက တုံ့ဆိုင်းလာပြီး၊
“ သူ့ကိုယ်သူ သက်သေဖို့ အခွင့်အရေး မရှိတာများလား။ ”
-ဟု ရေရွတ်လိုက်၏။
ထိုစကားကြောင့် အမျိုးသမီးမှ သူ့ထံ အထင်သေးစွာဖြင့် တစ်ချက်ပြန်ကြည့်လိုက်ပြီး၊
“ ဘယ်လိုများ မိုက်မဲနေရတာလဲ ... သူ့ပါးစပ်ကနေ ငါတို့အပေါ် သစ္စာဖောက်မဲ့ စကားတစ်ခွန်းပြောဖို့ ကြိုးစားတာနဲ့တင် ကျိန်စာအသက်ဝင်ပြီး သူသေလို့ရတယ်။ ”
-ဟု ထောက်ပြလိုက်၏။
အဘိုးအိုတစ်ယောက် တိတ်ဆိတ်သွား တော့သည်။ သူတို့ကြားတွင် နက်ရှိုင်းလှသော ပတ်သတ်မှု မရှိချေ။
အဖမ်းခံရသော် ကျန်သူများထံမှ ကယ်တင်ရန် အဘယ့်ကြောင့် စောင့်မျှော်နေ သနည်း။ အမျိုးသမီးမှ နှာခေါင်းရှုံ့လျက်၊
“ မေ့လိုက်ပါ ... ငါနောက်မှ ဒီအကြောင်း ထပ်ပြောမယ်၊ အဖိုးကြီး ... မင်းဗေဒင်တွက်တာ ကျွမ်းကျင်တယ်မဟုတ်လား အစီရင်ကိုဖြိုခွင်းဖို့ တာဝန်ယူပါ ... ။ ”
-ဟု တာဝန်ကို ခွဲဝေလိုက်သည်။
“ ငါ အကောင်းဆုံးလုပ်မယ်။ ”
အဘိုးအိုမှ ခေါင်းညိတ်ပြ၏။
“ ဒါနဲ့ ... အခုဒီခရီးက ဘယ်လိုလဲ မင်းတွက်ကြည့်ပါလား ... ။ ”
အမျိုးသမီးမှ ရုတ်တရက်သတိရလာပြီး အဖိုးအိုထံ ပြန်ကြည့်ကာတောင်းဆိုလိုက်သည်။ အဖိုးအိုခမျာ အနည်းငယ် ငြိမ်သက်နေလျက် အဆုံးတွင် သက်ပြင်းချကာ၊
“ ကောင်းပြီ ... ဒါပေမယ့် ငါက ဒီဗေဒင်ပညာကို အခြေခံလောက်ပဲ သင်ယူထား နိုင်သေးတာပါ ... ။ ”
“ အဆင်ပြေတယ် ... မြန်မြန်လုပ်။ ”
အမျိုးသမီးက စိတ်မရှည်တော့ချေ။ ထို့ကြောင့် အဘိုးအိုသည် ထိုတာအိုအဖိုးအိုထံ ခေါင်းညိတ်ပြကာ ဒင်္ဂါးပြားများကို ထုတ်ယူလိုက်သည်။
အရေအတွက် ဆယ်ပြားတိတိရှိ၏။ ရွှေဒင်္ဂါးလေးပြားနှင့် ငွေဒင်္ဂါးခြောက်ပြားပေပင်။ ဤဒင်္ဂါးပြားများသည် ရှေးဟောင်းပစ္စည်းများ ဖြစ်ကာ ဗေဒင်တွက်ချက်ရာ၌ အသုံးဝင်၏။
၎င်းတွက်ချက်ရန် နည်းစနစ်သည် မည်သို့သောအဆင့်တွင် ဖြစ်မည်ကို မသိချေ။ ကံကြမ္မာကို တွက်နိုင်၏။ မှန်သည်လည်း ရှိသကဲ့သို့၊ မှားသည်လည်းရှိသည်။
ယင်းသည် တိုက်ဆိုင်ပင်လော သူ မသိတော့ချေ။ သေချာသည်မှာ သေမျိုးမှသည် ကျင့်ကြံသူအဖြစ်သို့ ဤနည်းစနစ်အားကိုးဖြင့် ရောက်ရှိလာခြင်းဖြစ်သည်။
“ ဝှစ် ... ။ ”
သုံးယောက်သား တောအုပ်တစ်ခုအတွင်း ဆင်းသက်လိုက်သည်။ အဘိုးအိုမှ သူ့ကိုယ်သူ ချိန်ညှိရန် ဦးစွာတင်ပျဉ်ခွေထိုင်၏။
ဝိညာဉ်စွမ်းအင်နှင့် စိတ်ဝိညာဉ်တို့ အထွတ်အထိပ်သို့ ရောက်ရှိသောအခါမှသာလျှင် ကောင်းကင်နှင့် တသားတည်းဖြစ်တည်ကာ နတ်အသိကို ရရှိနိုင်မည်။
လူတိုင်းက အဖိုးအို လုပ်ရပ်အပေါ် ကြည့်နေသည်။ များမကြာခင် အဘိုးအိုသည် မျက်ဝန်းများပြန်ဖွင့်ကာ ဒင်္ဂါးဆယ်ပြားထံ ကြည့်ပြီး မန္တန်တစ်ပုဒ် ရွတ်ဆို၏။
“ ထွီး ... ။ ”
ထို့နောက် ဝိညာဉ်စွမ်းအင်များ လောင်းထည့်လိုက်ကာ သူ့လျှာဖျားကိုက်ပြီး သွေးများ ထွေးထုတ်လိုက်သည်။
“ ဝှစ် ... ။ ”
လက်ထဲရှိ ဒင်္ဂါးပြားများတွင် သွေးအနှစ်သာရများ စွန်းထင်းသွားလေသည်။ အဆုံး၌ ရုတ်တရက် လေထဲပစ်တင်လိုက်ကာ ပြန်လည်ဖမ်းယူလိုက်၏။
အမျိုးသမီးနှင့် တာအိုအဖိုးအိုသည် စိတ်ဝင်စားစွာဖြင့် ကြည့်နေသည်။ အဘိုးအိုမှ သူတို့နှစ်ယောက်ထံ မော့ကြည့်၏။
“ မြန်မြန် ဖွင့် ... ။ ”
အမျိုးသမီးက စိတ်မရှည်စွာ ပြောကြားလိုက်၏။ အဘိုးအိုမှ အသက်ပြင်းပြင်း ရှူလိုက်ပြီး လက်သီးဆုပ်ကို ဖြည်ကြည့်သည်။
ရရှိလာသော ရလာဒ်ကြောင့် ချက်ချင်းမျက်နှာပြောင်းသွား၏။ အမျိုးသမီးက တုန်လှုပ်သွားပြီး၊
“ မင်းရဲ့သုံးစားမရတဲ့ ဒီပညာရပ်က တကယ်ယုံလို့မရဘူး ဒီနေ့တော့အသုံးမဝင်တာ မြင်သာနေတယ်။ ”
-ဟု ဆိုကာ လှည့်ထွက်သွားသည်။
တာအိုအဖိုးအိုက စိတ်ဝင်စားလာကာ၊
“ ဘယ်လိုနေလဲ။ ”
-ဟု အဖိုးအိုထံ မေးမြန်းလိုက်၏။
အဖိုးအိုမှ ခေါင်းယမ်းလျက်၊
“ ဒီတစ်ကြိမ်တော့ ငါမှားသွားပြီထင်တယ် မေ့လိုက်ပါ။ ”
-ဟု တုန့်ပြန်သည်။
“ မဟုတ်ဘူး မင်းပြောရမယ်။ ”
တာအိုအဖိုးအိုမှ ခေါင်းမာစွာ တောင်းဆိုသည်။ အဆုံးတွင် ဒင်္ဂါးပြားများကို ပြန်ငုံ့ကြည့်လျက် ဗေဒင်ဟောသည့်အဖိုးအိုက အဝေးရှိအမျိုးသမီးထံ ခိုးကြည့်လိုက်ကာ၊
“ ဒီနေ့ခရီးစဉ်က သေခြင်း ... ။ ”
-ဟု ဖြေကြားလိုက်တော့၏။
တာအိုအဖိုးကြီး မျက်နှာ ပျက်ယွင်းသွား လေသည်။ အဝေးမရှိ အမျိုးသမီးက ဒေါသဖြင့် ပြန်လှည့်ကြည့်ကာ၊
“ အဲဒါကြောင့် မင်းရဲ့ဗေဒင်ပညာက အသုံမဝင်ဘူးလို့ ငါပြောနေတာ။ ”
-ဟု ပြန်လည် အော်ဟစ်တော့၏။
အဘိုးအိုက သူမကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။ ကံကြမ္မာကို တွက်ချက်ရန် အတင်းအကြပ်တောင်းဆိုသူမှာ မည်သူနည်း။ တစ်ဖက်တွင် တာအိုအဖိုးအိုမှ အသက်ပြင်းပြင်း ရှူလျက်၊
“ ဒီတစ်ခါတော့ မင်းရဲ့တွက်ချက်မှုက တကယ်မှားနေပြီ ထင်တယ်။ ”
-ဟု ရေရွတ်လိုက်သည်။
ဗေဒင်တွက်ပေးသော အဖိုးအိုမှ တုန့်ပြန်ခြင်းမပြုတော့ချေ။ သုံးယောက်သား တိတ်ဆိတ်နေသည်။
လူတိုင်းသည် မစ်ရှင်ရုတ်သိမ်းကာ ချက်ချင်းပြန်လှည့်လို၏။ သို့သော် ကျန်နှစ်ဦးမှ ခွင့်ပြုမည် မဟုတ်ကြောင်း ပြောနိုင်သည်။
“ ဒီတစ်ခါတော့ ငါမှားသွားပြီထင်တယ်။ ”
အဖိုးအိုက ကျန်နှစ်ယောက်မှ စိတ်အေးသွားစေရန် ဝန်ခံလိုက်သည်။ သူတို့ သုံးယောက်လုံး၏ နှလုံးသား၌ သိမ်မွေ့သော ပြောင်းလဲမှု အချို့ရှိလာခဲ့ချေပြီ။
“ မင်းတွက်တာ မမှားပါဘူး။ ”
သူ့ စကားဆုံးသည်နှင့် ရုတ်တရက် တောအုပ်အတွင်း မှတ်ချက်ပေးသံ ပဲ့တင်ထပ်လာသောကြောင့် သုံးယောက်သား ချက်ချင်း လှည့်ကြည့်လိုက်ကြတော့သည်။
***