အပိုင်း(၁၀၃)
Vol. 7 Ch. 103
အနီးကပ်သင်တန်းသို့ သွားသည့်လမ်းတွင် မောက်ဟွေ့လန်သည် ပတ်ဝန်းကျင်ကို ခဏတိုင် လှမ်းကြည့်မိနေပြီး မနေနိုင်ဘဲ ရှမြန်ကို သေချာလေး မေးမြန်းတော့သည်။ "အစ်မ နင် တကယ်မအေးဘူးလား"
ရှမြန်က လက်ကိုဆန့်လိုက်ပြီး သူမ၏မျက်နှာကို ထိကိုင်လိုက်၏။ "မအေးပါဘူး"
သူမ၏လက်က နွေးထွေးနေသည်ကို ခံစားလိုက်ရသည်တွင် မောက်ဟွေ့လန်မှာ အားကျသွားတော့သည်။ "ငါလဲ ခါးရှည်အနွေးထည်လေးတစ်ထည်လောက် လိုချင်လိုက်တာ။ ဂွမ်းသားအနွေးထည်က အရမ်းကို ထူနေတယ်လေ။ စာရေးတဲ့အခါ လက်ကိုမ,ရတာနဲ့တင် တော်တော်လေးကို လက်ကညောင်းနေပြီ"
"ငါ့အထင်တော့ ဒီကိစ္စက နင့်အဖေပေါ်မှာ ပဲမူတည်သေးတယ်" ရှမြန်က ပြောလိုက်၏။ "ဦးလေး၂ရဲ့ ပထမဦးဆုံးဇာတ်လမ်းက လစာ ရလာတော့မှာ မဟုတ်လား"
မောက်ဟွေ့လန်က သက်ပြင်းချပြီး ပြောလိုက်သည်။ "ထားလိုက်စမ်းပါလေ။ ခါးရှည်အနွေးထည်က အဲ့ဒီလောက်စျေးကြီးတာ" ထို့နောက်တွင် သူမက တစ်ဖန် ဝမ်းသာအားရ ပြောလိုက်၏။ "ငါ့အဖေ ပိုက်ဆံရလာရင် အရင်ဆုံး တီဗီတစ်လုံး ဝယ်ရမှာ"
ရှမြန်ကတော့ တီဗီအပေါ် အရမ်းကြီး အစွဲအလမ်း မဖြစ်ချေ။ အဓိကအကြောင်းအရင်းမှာ ယခုခေတ်တွင် ကြည့်ရှုရန် ချန်နယ်လ်အလွန်မှနည်းပါးပြီး ကြည့်ရှုရန်စိတ်ဝင်စားစရာလဲ ဘာမှမရှိချေ။
သို့သော်ငြားလဲ မောက်မိသားစုအတွက်တော့ တီဗီတစ်လုံး ဝယ်ယူရခြင်းက သေချာပေါက် ကြီးမားသည့်ကိစ္စတစ်ခု ဖြစ်ပေသည်။
မောက်ဟွေ့လန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး သူမကိုယ်သူမ နှစ်သိမ့်လိုက်၏။ "ရပါတယ်လေ ဘာပဲဖြစ်ဖြစ် အားလုံးက အတူတူပါပဲ။ နင်က အလှဆုံးပဲ။ ပြီးတော့ နင်က ငါ့ရဲ့အစ်မဆိုတော့ နင့်ရဲ့အလှက ငါ့အလှနဲ့အတူတူပဲပေါ့"
ရှမြန်က အော်ရယ်လိုက်သည်။ "ငါ့ကို ယုံထားလိုက်။ ငါတို့တွေ နောက်နှစ်ကျရင် ခါးရှည်အနွေးထည် တတ်နိုင်လာလိမ့်မယ်"
နှစ်ယောက်သား၏ စာသင်ခန်းများက မတူကြချေ။ သူတို့သည် လှေကားရင်းတွင် လမ်းခွဲလိုက်ကြပြီးနောက်တွင် ရှမြန်က အနောက်ဘက်ကို သွားရပြီး မောက်ဟွေ့လန်က အရှေ့ဘက်ကို သွားရသည်။
ရှမြန်သည် စာသင်ခန်းထဲသို့ လျှောက်ဝင်လာချိန်တွင် သူသည် ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်မှုကို ရရှိခဲ့၏။
ရှမြန်က အလွန်မှ ကျေနပ်သွားသည်။ ဒါက နတ်သမီးလေးတစ်ယောက်နဲ့ ထိုက်တန်သည့် ဆက်ဆံမှုမျိုး ဖြစ်လေသည်။
သူမက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ထိုင်ဖို့ရန် နေရာတစ်ခုကို ကြိုးစားရှာဖွေလိုက်သည်။ သူမသည် အနည်းငယ် နောက်ကျမှ ရောက်လာပြီး နေရာအလွတ်က အများအပြား မရှိတော့ချေ။
သူမက အရှေ့ဘက်တွင် ထိုင်ရနိုးနိုး အနောက်ဘက်တွင် ထိုင်ရနိုးနိုး စဉ်းစားနေချိန်တွင် ချက်ချင်းဆိုသလို ရင်းနှီးသည့်မျက်နှာ၂ခုကို တွေ့လိုက်ရ၏။
လီလီကျန်းနှင့် ဆွန်းယွဲ့ရှင်းတို့ မိန်းကလေး၂ယောက်သည် အနီးကပ်ကျောင်းကို အချိန်အကြာကြီး တက်လာခဲ့သည်ဖြစ်၏။ သို့သော်ငြားလဲ သူတို့သည် ဆောင်းတွင်း ကျောင်းပိတ်ရက်သင်တန်းကိုလဲ တက်ရလိမ့်မည်ဟု ထင်မထားခဲ့ချေ။
အင်းလေ။ စာလေ့လာတဲ့အပေါ် သူတို့ရဲ့သဘောထားကို စဉ်းစားကြည့်မယ်ဆိုရင် သူတို့တွေ စာသင်ကြားတဲ့နေရာမှာ အချိန်ဘယ်လောက်ပဲ သုံးနေပါစေ အသုံးမဝင် ဖြစ်သွားတော့မယ် ထင်ပါတယ်။
ဒီလူ၂ယောက်သည် ကိုယ့်ဟာကိုယ် စာမလေ့လာကြသော်ငြားလဲ တခြားသူကိုတော့ မနှောင့်ယှက်ချေ။ သူတို့က ငြိမ်ငြိမ်လေး နေပြီး အတူတူထိုင်သည့် သူငယ်ချင်းကောင်းများဟု သတ်မှတ်နိုင်ပေသည်။
ရှမြန်က လျှောက်လာချိန်တွင် သူတို့၂ယောက်ကြား၌ ထိုင်ခုံလွတ်တစ်ခု ရှိနေသည်ကိုလဲ သိလိုက်ရ၏။
နှစ်ယောက်သားက ခေါင်းချင်းဆိုင်ကာ ဝတ္ထုတစ်ခုကို ဖတ်နေကြ၏။ ထို့နောက်တွင် တစ်ယောက်ချင်းစီ၏ ခြေထောက်တစ်ဖက်က ထိုင်ခုံပေါ်တွင် ဆန့်တင်ထားကာ တော်တော်လေးကို စီးပိုးနေသည့်ဟန်တူသည်။
လီလီကျန်းသည် ဆံပင်ကိုနောက်တွင် စုစည်းထားသဖြင့် အနည်းဆုံးတော့ သာမန်ရုပ်ရည်တစ်ခု ဖြစ်နေ၏။ ဆွန်းယွဲ့ရှင်း၏ဆံပင်ကတော့ ပိုလို့ပင် တိုအောင်ညှပ်ထားကာ ဘတ်စကက်ပုံစံတစ်ခုနှင့် တူနေသည်။ ဆောင်းတွင်းကာလအတွင်းတွင် သူမသည် အအေးဒဏ်ကို မကြောက်လေသလား သို့မဟုတ် အအေးခံချင်နေ၍လားတောင် မသိတော့ချေ။ သူမသည် သူမ၏ထူထဲသည့် ဆွယ်တာပေါ်တွင် အနက်ရောင်လည်သာဂျာကင်တစ်ခုကိုသာ ဝတ်ဆင်ထားလေသည်။
ရှမြန်ကဲ့သို့ပင် သူမသည် လူအုပ်ထဲတွင် ထင်သာမြင်သာရှိလိုသည့် လူမျိုးဖြစ်ကာ အာရုံအများအပြားကို ဆွဲဆောင်ခံထားရသည်။ သို့သော်ငြားလဲ ဆွန်းယွဲ့ရှင်းက ချဉ်းကပ်ဖို့ ရန်ခက်ခဲသည့် ပုံစံမျိုးဖြစ်နေသည်။
ရှမြန်က ထိုင်ခုံကိုဆွဲပြီး ထိုင်ချလိုက်သည်။ နောက်ဆုံးတော့ သူတို့၏အလုပ်ပေါ်တွင် အာရုံစိုက်နေကြသည့် လူ၂ယောက်ကို လှမ်းနိုးလိုက်၏။
ဆွန်းယွဲ့ရှင်းက မကျေမနပ် ပြောလိုက်သည်။ "ဟဲ့ နင် ဒီမှာ ဘာလုပ်နေတာလဲ။ ထိုင်စရာနေရာ အများကြီး ရှိတဲ့ဟာကို ဘာဖြစ်လို့ ဒီမှာလာထိုင်နေတာလဲ"
လီလီကျန်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။ "နင် ပြဿနာရှာနေတာလား"
ရှမြန်...
သူမ၏ပုံရိပ်က တော်တော်လေး အောင်မြင်သွားဟန် တူသည်။ သူတို့၂ယောက်စလုံးက သူမကို မမှတ်မိကြချေ။
ရှမြန်က သက်ပြင်းချလိုက်ပြီး "နင်တို့ပြောတဲ့စကားတွေကလေ တကယ်စိတ်မကောင်းဖြစ်စရာပဲ။ ဒီထိုင်ခုံက နင်တို့ ငါ့အတွက် ဦးထားပေးတယ်လို့ ငါက ထင်ထားတာ"
"ရှမြန်လား" ဆွန်းယွဲ့ရှင်းက အရင်ဆုံးသတိဝင်လာသည်။
ရှမြန်က သူမကို ပြုံးပြလိုက်ပြီး သူမထံမှချီးကျူးစကားကို စောင့်စားနေသော်ငြားလဲ သူမကတော့ ရှုံ့မဲ့ကာဖြင့်ပြောလေသည်။ "နင် ဘာဖြစ်လို့ ဒီလိုကြီးဝတ်စားထားတာလဲ"
ရှမြန်၏အပြုံးမှာ ပျောက်ကွယ်သွားပြီး သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ "ဒါက ဘယ်လိုသဘောထားကြီးလဲဟဲ့"
လီလီကျန်းက ပြောလိုက်သည်။ "သူ အရင်တုန်းက အဲဒီလောက်အထိ မိမိုက်တာပါ။ ဘယ်လိုလုပ်ပြီး ရုတ်တရက် ဒီလိုဖြစ်သွားတာလဲ။ သူက ငါတို့အခန်းထဲက ထျန်းရွှယ်ယာနဲ့တောင် တူနေပြီ"
"ထျန်းရွှယ်ယာက ဘာဖြစ်လို့လဲ" ရှမြန်က မေးလိုက်၏။ "သူက နင်တို့ကို ဒေါသထွက်အောင် လုပ်ထားလို့လား"
"ဟွန့် သူလား ငါတို့ကို လာပြီးတော့ ရှုပ်ရဲမှာ" ဆွန်းယွဲ့ရှင်းက အထင်သေးစွာဖြင့် စုပုံကာပြောလိုက်သည်။ "ငါက သူ့ကို ဒီအတိုင်း သည်းမခံနိုင်တာပါ။ သူက ဟန်ဆောင်တဲ့နေရာမှာ အရမ်းတော်တယ်လေ။ မိန်းကလေးတွေအရှေ့မှာဆိုရင်တော့ ဟိုဟာကို အထင်သေးလိုက် ဒီဟာကိုအထင်သေးလိုက်နဲ့ပေါ့"
"သူက ယောက်ျားလေးတွေရှေ့မှာဆိုရင် တစ်ချိန်လုံးသနားစရာ၊ ချစ်စရာကောင်းအောင် လုပ်နေတာလေ။ အဲဒီယောက်ျားလေးတွေကလဲ မျက်လုံးမပါတဲ့အတိုင်းပဲ သူ့ကိုပဲ ကြိုက်နေကြတာ"
ထို့နောက်တွင်တော့ သူမက မကျေမနပ်ဖြင့် ပြောလိုက်၏။ "ကုကျိုးတောင်မှ ကြွေသွားတယ်လေ။ သူက အခန်းထဲမှာဆိုရင် အတော်ဆုံး ကျောင်းသားတစ်ယောက်ပဲ။ ဒါပေမဲ့ သူကတော့ ထျန်းရွှယ်ယာဘေးမှာ အရူးတစ်ယောက်လို ကစားခံနေရတာလေ"
လီလီကျန်းကတော့ ဒါကိုလုံးဝကို မယုံကြည်ချင်တာ သိသာသည်။ "ဘာလဲဟ၊ ကုကျိုးက သူနဲ့အတူတူ လေ့ကျင့်ရေးအခန်းတစ်ခုထဲမှာ ပီယာနို သင်နေတာပါ။ သူနဲ့ ဘာမှမဆိုင်ပါဘူး"
ရှမြန်...
အံမယ် ဒါကဆယ်ကျော်သက်ကလေးမလေးတွေရဲ့ ပြဿနာပဲ။
ရှမြန်၏ ဆရာမဝိညာဉ်က ရုတ်တရက်နိုးထလာလေသည်။ ဒါက အာခံဆန့်ကျင်တတ်သည့် ကလေးမများကို ကယ်တင်ပေးဖို့ရန် မဟာအခွင့်အရေးတစ်ခု ဖြစ်သည်ဟု သူမ ခံစားမိလိုက်၏။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ နင်တို့အတွက် ဝေဖန်ဆန်းစစ်ပေးမယ်"
လီလီကျန်းက ချက်ချင်းဆိုသလို စိတ်ဝင်စားလာသည်။ "နင်က ဘာကိုဆန်းစစ်ပေးမှာလဲ"
"ကုကျိုးက ထျန်းရွှယ်ယာကို ကြိုက်၊ မကြိုက် ဝေဖန်ဆန်းစစ်ပေးမယ်လေ"
ဆွန်းယွဲ့ရှင်းက မေးလိုက်သည်။ "နင်ဟာလေ ဘယ်လိုလုပ်ပြီး အဲဒီလောက် စိတ်ဝင်စားစရာ ကောင်းနေပါလိမ့်"
"ငါ့ကို အရှိအတိုင်းဖြေကြ" ရှမြန်ကပြောလိုက်သည်။ "ထျန်းရွှယ်ယာက လှလား"
သူတို့၂ယောက်သည် ခဏလောက်တုံ့ဆိုင်းသွားလိုက်ပြီး နောက်ဆုံးတော့ ဆွန်းယွဲ့ရှင်းက အင်တင်တင်ဖြင့် ပြောလိုက်သည်။ "လှတယ် ဆိုရုံလောက်ပါပဲ။ နင့်ထက်နည်းနည်းလေး ပိုဆိုးတယ်"
ရှမြန်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်လေသည်။ "ဒါဆိုရင် သူက လှတာပဲ"
ဆွန်းယွဲ့ရှင်း...
"ငါ နင့်ကို ယုံလိုက်ပါပြီ။ နင်က အရင်တုန်းက ရှမြန်အတိုင်းပဲ"
ရှမြန်က သူမကို လျစ်လျူရှုထားလိုက်ကာ ဆက်ပြီးမေးလိုက်၏။ "သဘောက သူက စာမှာလဲ တော်တာပေါ့ ဟုတ်လား။ ထားလိုက်ပါ။ ငါ နင်တို့ကို မေးပါဦးမယ်။ အခန်းထဲမှာ အဆင့်ဘယ်လောက်လဲ။ တစ်ကျောင်းလုံးမှာရော အဆင့်ဘယ်လောက်လဲ"
သူတို့သည် တစ်ဖန် တိတ်ဆိတ်သွားလေသည်။ ခဏအကြာတွင်တော့ လီလီကျန်းက ခက်ခက်ခဲခဲဖြင့် ပြောလိုက်၏။ "အခန်းထဲမှာ အဆင့်၅အထိ ဝင်ပြီးတော့ တစ်ကျောင်းလုံးမှာတော့ အဆင့်၂၀အတွင်းရှိတယ်"
"ဝိုး... သူက တော်တော်လေးလှပြီး ဉာဏ်ကောင်းတဲ့သူပဲ" ရှမြန်က ပြောလိုက်သည်။ "ဒါက တခြားသူတွေ သဘောကျတာ ပုံမှန်ပဲ မဟုတ်ဘူးလား။ ကောင်လေးတွေက မျက်လုံးမပါဘူးလို့တော့ ငါ မထင်ဘူး။ ကုကျိုး သူ့ကိုကြိုက်နိုင်ခြေက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်"
ဆွန်းယွဲ့ရှင်းက ဒေါသတကြီး မေးလိုက်လေသည်။ "နင်က ဘယ်သူ့ဘက်ကလဲ"
"ငါမှ ထျန်းရွှယ်ယာကို မသိတာ။ ဒီတော့ ငါက နင်တို့တွေနဲ့ပဲ တစ်ဖက်တည်းနေရမှာပေါ့"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ဒီလေသံက နည်းနည်းလေး မှားယွင်းနေတယ်လို့ ဘာဖြစ်လို့ ခံစားနေရပါလိမ့်"
လီလီကျန်းက ခေါင်းညိတ်လိုက်သည်။ ရှမြန်က ပြောလိုက်၏။ "နည်းနည်းလေးပိုပြီး ယုံကြည်ချက်ရှိစမ်းပါ။ တချို့အချက်တွေကိုတော့ ဖယ်ထားလိုက်။ ဒါကလဲ မှန်ချင်မှ မှန်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ငါ့မှာလဲ ရွေးချယ်စရာမရှိဘူးလေ"
"ရှမြန်" ဆွန်းယွဲ့ရှင်းမှာ ဒေါသတကြီး ပြောတော့သည်။
ရှမြန်က ပြုံးကာပြောလိုက်၏။ "အေးပါ ငါက အချက်အလက်ပေါ် မူတည်ပြီးတော့ အရှိအတိုင်း ပြောလိုက်တာပါ။ ယောက်ျားလေးတွေ မပြောနဲ့ဦး နင်တို့တွေလဲပဲ လှပပြီး စမတ်ကျတဲ့လူတွေကို ကြိုက်တာပဲ မဟုတ်လား။ ကုကျိုးက အခန်းထဲက မင်းသားချောလေး မဟုတ်ဘူးဆိုရင် ကျောင်းရဲ့မင်းသားချောလေးပဲ ဖြစ်ရမယ်။ ငါမှန်းတာ မှန်တယ် မဟုတ်လား"
လီလီကျန်းက နှာခေါင်းရှုံ့လိုက်ပြီး "ဒါပေါ့ သူကကျောင်းရဲ့ လူချောလေးလေ"
"အဆင့်ကလဲ နံပါတ်၁ ဖြစ်နေသေးတယ် ဟုတ်တယ်မလား"
ဒီအချိန်တွင်တော့ သူတို့၂ယောက်စလုံးက ဝမ်းသာအားရ ခေါင်းညိတ်ပြလိုက်သည်။
"ဒီတော့ ဒီလိုလူမျိုးက လှပပြီးစမတ်ကျတဲ့လူတွေကို သဘောကျတာ မမှားပါဘူး"
"တကယ်လို့ နင်တို့တွေက ဒီလိုလူမျိုးကို နင်တို့ကို နက်နက်ရှိုင်းရှိုင်း သတိရစေချင်တယ်ဆိုရင် နောက်ထပ် နည်းလမ်းတစ်ခုရှိသေးတယ်"
"ဘာနည်းလမ်းလဲ" လီလီကျန်း၏မျက်လုံးများက လင်းလက်သွားသည်။
"သူ့ကို နင်းခြေပစ်ရမယ်"ရှမြန်က ပြောလိုက်၏။ "သူ့ကို ကျရှုံးသွားတယ်လို့ ခံစားရအောင် လုပ်ရမယ်။ ဒါဆိုရင် သူနင်တို့ကို ဘယ်တော့မှမေ့မှာ မဟုတ်တော့ဘူး"
"သူ့ကို အနိုင်ရအောင် လုပ်ရမှာလား" ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။ "ဒါက မကောင်းတဲ့ စိတ်ကူးတစ်ခု မဟုတ်ဘူးလား။ တကယ်လို့ နင်က ဒါကိုမမေ့နိုင်ဘူးဆိုရင် ဒါကိုလဲ ကြိုက်လို့မရနိုင်ဘဲ ဖြစ်သွားနိုင်တယ်လေ"
ရှမြန်...
ရှမြန်က ဒေါသတကြီး ပြောလိုက်၏။ "ဒါက နင်တို့ရဲ့ခံစားချက်တွေကို ဖော်ပြမဲ့ ထူးခြားတဲ့နည်းလမ်းတစ်ခုလဲ မဖြစ်နိုင်ဘူးလား"
"ဒီလိုနည်းလမ်းမျိုးနဲ့ဆိုရင် သူ ဘယ်တော့မှ မေ့သွားမှာ မဟုတ်ဘူး"
"စဉ်းစားကြည့်လေ" ရှမြန်က ချော့မော့ပြီးပြောလေသည်။ "မိန်းကလေးတစ်ယောက်က သူ့ကိုဖွင့်ပြောတဲ့အချိန်တိုင်း အဲဒီမိန်းကလေးက ထျန်းရွှယ်ယာ ဖြစ်နေတယ်ဆိုရင်တောင် သူက နင်တို့ကို အမှတ်တမဲ့တော့ စဉ်းစားမိမှာပဲလေ..."
လီလီကျန်းသည် ထပ်မစောင့်နိုင်တော့ဘဲ မေးလေတော့သည်။ "နင့်ရဲ့ဖွင့်ပြောမဲ့နည်းလမ်းက ဘယ်လိုမျိုးလဲ"
"ဒါက အဆင့်၁ကျောင်းသားတစ်ယောက်က သူ့ရဲ့အချစ်ကို ဖွင့်ပြောမဲ့ နည်းလမ်းတစ်ခုပဲ" ရှမြန်သည် နောက်ဆုံးတော့ လိုရင်းကို ပြောလိုက်လေသည်။ သို့သော်ငြားလဲ မနေနိုင်ဘဲ စနောက်လိုက်သေး၏။ "စာကြိုးစားပြီးတော့ သူ မဖြေရှင်းနိုင်တဲ့ ပုစ္ဆာတစ်ခုကို ပေးလိုက်။ တစ်နှစ်လုံးလုံး မဖြေရှင်းနိုင်တဲ့ ပုစ္ဆာဖြစ်ရမယ်နော်။ သူ့ရဲ့ကျန်တဲ့တစ်ဘဝလုံးမှာ နင်တို့ကို သေချာပေါက် သတိရနေလိမ့်မယ်လို့ ငါ အာမခံတယ်။ ဟားဟားဟား..."
"ရှမြန်" လီလီကျန်းသည် ဒေါသထွက်ချင်ဟန်ဆောင်လိုက်ပြီး "နင်ငါ့ကို လာနောက်နေတာပဲ"
"ငါပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ပြောလိုက်စမ်းပါဟယ်" ရှမြန်က ပြောလိုက်သည်။ ဆွန်းယွဲ့ရှင်းက ဒေါသထွက်ထွက်ဖြင့် ပြောလိုက်၏။ "ဒါက အဓိပ္ပာယ်ရှိတယ်ဆိုရင်တောင် လက်တွေ့ကျဦးမှ ဖြစ်မှာပေါ့"
"ကဲပါ တကယ်လို့ နင်တို့တွေက ဒါကို လက်တွေ့မကျဘူးလို့ထင်တယ်ဆိုရင် ငါ နင်တို့ကို ဥပမာတစ်ခုပေးမယ်။ အတွက်အချက်ကို သုံးပြီးတော့လေ..." ရှမြန်က သူ့အင်္ကျီလက်ကို ပင့်တင်လိုက်လေသည်။ "သင်္ချာပုစ္ဆာကို ဖော်ထုတ်လို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတယ်။ ငါနင်တို့ကို အရိုးရှင်းဆုံးတစ်ခုပြောပြမယ်"
ရှမြန်သည် ရှေးအကျဆုံးနှင့် အရိုးရှင်းဆုံးဖြစ်သည့် 128√e980 ဟူသည့် ဖွင့်ပြောသည့်နည်းလမ်းကို သုံးပြလိုက်လေသည်။ သူမသည် အပေါ်ပိုင်းတစ်ဝက်ကို ဖျက်လိုက်ချိန်တွင် "Iloveyou"ဟူသည့်စကားလုံးသာ ကျန်ခဲ့သည်။ လောကကြီးကို တစ်ခါမှ မမြင်တွေ့ဖူးသည့် ကလေးမ၂ယောက်သည် သူမ၏အလှတရားကြောင့် ချက်ချင်းဆိုသလို အထိတ်တလန့် ဖြစ်သွားတော့သည်။
"ဘယ်လိုလဲ သူက သူ့လက်ကျန်တစ်ဘဝလုံးမှာ ဒါကိုမှတ်မိနေလိမ့်မယ်လို့ နင်တို့ထင်လား"
ဆွန်းယွဲ့ရှင်းနှင့်လီလီကျန်းတို့က ကပျာကယာ ခေါင်းညိတ်ပြလိုက်သည်။
ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။ "ငါ့ရဲ့ကျန်တဲ့တစ်ဘဝလုံးမှာ ဒါကိုမှတ်မိနိုင်တယ်"
ရှမြန်က ပြောလိုက်သည်။ "ဒါကအရိုးရှင်းဆုံး ပုစ္ဆာဖြစ်နေသေးတယ်နော်။ တခြား ဖန်ရှင်နဲ့လုပ်လို့ရတဲ့ နည်းလမ်းတွေလဲ ရှိသေးတယ်။ အဲဒီပုစ္ဆာတွေကို ဖြေရှင်းလိုက်မယ်ဆိုရင် အရံမျဉ်းကြောင်းတွေကနေပြီးတော့ အသည်းပုံတစ်ခုပုံစံ ချက်ချင်းဖြစ်သွားတာ။ တရုတ်ဘာသာစကားနဲ့ ပထဝီဝင်ဘာသာစကားကို သုံးပြီးတော့လဲ ဒီလိုဟာမျိုးတွေ လုပ်လို့ရသေးတယ်"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့သည် လေးစားအားကျစိတ်ဖြင့် သူမကို ကြည့်လိုက်လေသည်။ "နင် အများကြီး သိနေတာပဲ။ အခု ငါတို့ကိုသင်ပေး"
"ဒါဆိုရင် နင်တို့တွေ အရင်ဆုံး စာကြိုးစားရမယ်" ရှမြန်ကပြောလိုက်သည်။ "ဒါက အရိုးရှင်းဆုံး တရုတ်ဘာသာစကား ဖြစ်နေတယ်ဆိုရင်တောင် နင်တို့တွေက တစ်စုံတစ်ယောက်ကို "ဖြစ်ချင်တော့ နင့်ရဲ့အသည်းနှလုံးက ငါ့ရဲ့အသည်းနှလုံးအတိုင်းပဲ ကျောင်းတော်ရဲ့မင်းသားလေးရေ။ ကျေးဇူးပြုပြီး ငါ့နှလုံးသားလေးကို ဖက်ပေးပါ" လို့ရွတ်ချင်တယ်ဆိုရင် နင်တို့တွေမှာ ရှေးဟောင်းကဗျာစာပေရသ လုံလုံလောက်လောက် ရှိဖို့လိုတယ်"
"ဟယ် ဒါလဲကောင်းတာပဲ။ ရှမြန် ကျေးဇူးပြုပြီးတော့ ငါ့ကိုသင်ပေးစမ်းပါ" လီလီကျန်းက ဝမ်းသာအားရအော်ပြောလိုက်၏။
"ငါ နင်တို့ကို မပြောထားဘူးလား။ စာကြိုးစားပါလို့။ ငါ့ဆီမှာ နည်းလမ်းတွေ အများကြီးရှိသေးတယ်"
ရှမြန်က ပြောလိုက်သည်။ "အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါ နင်တို့ကို ပြောပြတယ်ဆိုရင်တောင် နင်တို့ကနားလည်မှာ မဟုတ်ဘူးလေ"
"မဟုတ်လဲ ဒီလိုစဉ်းစားကြည့်လိုက်။ ကျောင်းတော်ရဲ့မင်းသားလေးက အရမ်းကို ဉာဏ်ကောင်းပြီးတော့ သူ့ရဲ့ဖြေရှင်းပုံတွေက သမရိုးကျအဖြေတစ်ခုတော့ သေချာပေါက် ဖြစ်မှာမဟုတ်ဘူးလေ။ တကယ်လို့ သူက ဒါကိုမဖြေရှင်းနိုင်ဘဲ နင်တို့ကို လာမေးမယ်ဆိုရင် နင်တို့တွေကလဲ သူ့ရဲ့အတွေးစဥ်ကို မလိုက်နိုင်ဘဲ အဖြေကိုပဲ အလွတ်ကျက်ထားခဲ့မယ်ဆိုရင် လူတွေက တစ်ချက်ကြည့်ရုံနဲ့ ဒါကိုသိနိုင်တယ်။ ဒါဆိုရင် တော်တော်လေး ဆိုးသွားလိမ့်မယ်"
"ဒါပေမဲ့ တကယ်လို့ နင်တို့တွေက ဒါကိုဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် သူက နင်တို့ကို မကျေနပ်တာပဲဖြစ်ဖြစ် လေးစားအားကျသွားတာပဲဖြစ်ဖြစ် သူက နင်တို့ဆီကို ဆက်တိုက်လာနေရတော့မှာ မဟုတ်လား"
နှစ်ယောက်သားက ကပျာကယာခေါင်းညိတ်လိုက်ပြန်သည်။
လီလီကျန်းက ပြောလိုက်၏။ "ရှမြန် နင်က အရမ်းအံ့ဩဖို့ကောင်းတာပဲ။ နင် ငါတို့ကို ဘာတွေ လေ့လာစေချင်လဲ။ ငါတို့ကိုပြောလိုက်"
"ဒီတော့ မိန်းမလှလေးရဲ့နာမည်က ရှမြန်ပေါ့" အသံတစ်ခုသည် ကျောဘက်မှ ပေါ်ထွက်လာလေသည်။ အဓိကအချက်မှာ အသံပိုင်ရှင်သည် စကားပြောလိုက်သည့်အပြင် လက်ဟန်အမူအရာပါ ပါလာလေသည်။
ရှမြန်က သူမ၏ပခုံးပေါ်ကလက်ကို ခါချဖို့ရန် ဘေးသို့စောင်းလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြန်ကြည့်လိုက်၏။
ထိုနောက်တွင်တော့ သူမဘေးတွင်ရပ်နေသည့် အရပ်မြင့်မြင့်၊ သန်သန်မာမာ ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးများရှိပြီး ရုပ်မဆိုးသော်ငြားလဲ သူ့မျက်လုံးများက သူ့အသက်အရွယ်တွင်ရှိသင့်သည့် ကောင်လေးတစ်ယောက်၏ ဖြူစင်သန့်ရှင်းမှု မရှိနေသလို အနည်းငယ် အပေါစားဆန်နေလေသည်။
ဒီအချိန်တွင် သူ့လက်သည် မိန်းကလေးတစ်ယောက်၏ ပခုံးပေါ်တွင် ရှိနေပြီး ခပ်စိမ်းစိမ်း မျက်လုံးများဖြင့် သူ့ကိုစိုက်ကြည့်နေလေသည်။
ရှမြန်...
"ခွေးကောင် နင် ဒီကိုဘာလုပ်တာလဲ" ဆွန်းယွဲ့ရှင်းက ချက်ချင်းဆိုသလို သူမ၏လက်ကို ရှမြန်၏ပခုံးပေါ်သို့ တင်ထားလိုက်ပြီး သူမကို မျက်နှာလွှဲထားခိုင်းလိုက်ကာ သူမကတော့ ခေါင်းမော့လိုက်ပြီး ထိုကောင်လေးကို ရင်ဆိုင်လိုက်လေသည်။
"ဆွန်းလောင်စန်း ဒီတော့ ဒီမိန်းမလှလေးက နင့်သူငယ်ချင်းပေါ့။ သူက ဘယ်အခန်းကလဲ။ ငါ သူ့ကို အရင်တုန်းက ဘာဖြစ်လို့ မမြင်ဖူးတာလဲ။ နင် ငါ့ကို သူနဲ့ဘာဖြစ်လို့ မိတ်မဆက်ပေးတာလဲ"
"သောက်ကျိုးနည်း ဘာမိတ်ဆက်ပေးရတာဖြစ်ရဦးမှာလဲ" ဆွန်းယွဲ့ရှင်းက ကျိန်ဆဲလိုက်လေသည်။
"ငါဒီမှာ စာလာသင်တာလေ။ နင်တို့နဲ့ဘာမှမဆိုင်ဘူး။ ဒီနေရာကနေ ထွက်သွားတော့"
ကောင်လေးသည် ဆွန်းယွဲ့ရှင်းကို လျစ်လျူရှုထားပြီး ရှမြန်၏နောက်ကျောမှ နေ၍ ပြောလိုက်လေသည်။ "မိန်းမလှလေး ငါက ဟောက်ကျန်းပါ။ သူငယ်ချင်းလုပ်ရအောင်"
"အပေါစား ဆန်လိုက်တာ"
ရှမြန်သည် သူမကဒီလိုကိစ္စကို အာရုံစိုက်ဖို့ရန် စိတ်ကူးမရှိဟု ကျိန်ဆဲလိုက်၏။ သို့သော်ငြားလဲ ဒီလိုရှေးဆန်သည့်နာမည်တစ်ခုကို ကြားရလိမ့်မည်ဟုလို့တော့ ထင်မထားခဲ့ချေ...
သူ့မက အော်ရယ်မိမလိုပင် ဖြစ်သွားတော့သည်။ သူမ၏မျက်နှာပေါ်က အပြုံးကို မြင်လိုက်သည်တွင် ဟောက်ကျန်းက သူဘယ်သူဖြစ်ကြောင်းကို သူမ သိသည်ဟုထင်သွား၏။
သူက သူ့ဘေးတွင်ထိုင်နေသည့် ကောင်လေးကို လှမ်းပုတ်လိုက်သည်။ ကောင်လေးက မြန်မြန် ထရပ်လိုက်ပြီး သူ့ထိုင်ခုံကို ပေးလိုက်လေသည်။
ဟောက်ကျန်းက ထိုင်ချလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ကျောင်းသူလေးရှမြန် မင်း ငါနဲ့ မတွဲချင်ဘူးလား"
ဆွန်းယွဲ့ရှင်းက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "သူ့ကို ဂရုစိုက်မနေနဲ့"
ရှမြန်ကိုယ်တိုင်ကလဲ ဂရုစိုက်ဖို့ စိတ်ကူးမရှိချေ။ သူမသည် ဒီလိုလူမျိုးနှင့် မဆက်ဆံလိုသဖြင့် စကားကောင်းကောင်းသာ ပြောလိုက်လေသည်။ "အားနာပါတယ် ငါဒီကို စာလာသင်တာ။ သူငယ်ချင်းလုပ်ဖို့ မဟုတ်ဘူး"
ခဏလောက် စဉ်းစားလိုက်ပြီးနောက်တွင် သူ မငြင်းဆန်နိုင်မည့် အကြောင်းပြချက်တစ်ခုကို တစ်ဖက်လူအား ပေးလိုက်လေသည်။ "ငါ့မိဘတွေက ယောက်ျားလေးတွေနဲ့ သူငယ်ချင်းလုပ်ခွင့် မပေးထားဘူးလေ။ မဟုတ်ရင် ငါ့မိဘတွေ ငါ့ခြေထောက်ကို ရိုက်ချိုးလိမ့်မယ်"
ဟောက်ကျန်းသည် ရှမြန်က ထိုသို့ပြောလာမည်ကို ထင်မထားခဲ့ဟန်တူသည်။ အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွား၏။
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကတော့ ဝါးလုံးကွဲမတတ် အော်ရယ်ကြတော့သည်။
ထိုအချိန်မှပင် ဆရာမက တံခါးဖွင့်ပြီး ဝင်လာ၏။ "ကလေးတို့ အတန်းစတော့မယ်"
စာသင်ခန်းသည် ငြိမ်ကြသွားပြီး ဟောက်ကျန်းက ပါးစပ်ပိတ်ထားလိုက်သည်။ ဒါသည် လေ့ကျင့်ရေးအတန်းတစ်ခု ဖြစ်ပြီး လှပသည့်အမျိုးသမီးတစ်ယောက်က ကိုယ့်ဟာကိုယ် တိတ်တိတ်လေး ဝင်လာသည်ကို မြင်လိုက်ရသည်။ အကယ်၍ သူမကို သတိထားမိသွားလျှင် ချက်ချင်း မောင်းထုတ်ခံရပေလိမ့်မည်။
အနီးကပ်ကျောင်းကဆရာမသည် အမှန်တကယ်ကောင်းမွန်သည့် သင်ခန်းစာများကို သင်ကြားပို့ချပေးလေသည်။ ရှမြန်က အာရုံစိုက်ကာ နားထောင်နေချိန်တွင် ထိုင်ခုံကလှုပ်သွားသည်ကို ခံစားလိုက်ရ၏။
သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အောက်ကို ငုံကြည့်လိုက်သည့်အချိန်တွင် ရှည်လျားသည့်ခြေထောက်တစ်ဖက်သည် သူမ၏အနောက်မှနေ၍ စားပွဲအောက်မှ ဆန့်ထုတ်ထားသည်ကို မြင်လိုက်ရကာ သူမ၏ထိုင်ခုံကို ဆက်တိုက် ကန်ကျောက်နေသည်ကို တွေ့လိုက်ရ၏။
သူမ လှည့်ကြည့်လာသည်ကို မြင်လိုက်သည်တွင် ဟောက်ကျန်းက ချက်ချင်း ပြုံးပြလိုက်ပြီး သူ့ကိုယ်သူ ဆွဲဆောင်မှုရှိသည်ဟု ထင်ထားသည့်ပုံစံဖြင့် မျက်လုံးမှိတ်ပြလိုက်သည်တွင် ရှမြန်မှာ ရွံရှာသဖြင့် အန်ချင်စိတ်ပင် ဖြစ်သွားတော့သည်။
ရှမြန်က တစ်ခုခုလုပ်ရန် ပြင်ဆင်လိုက်သည်တွင် သူမ၏ဘေးက ဆွန်းယွဲ့ရှင်းက အရင်ဆုံး လှုပ်ရှားလိုက်လေသည်။
တစ်ဖက်လူက ဟောက်ကျန်း၏ညို့သကျီးကိုကန်ပစ်လိုက်ပြီး အသံတိုးတိုးဖြင့် အော်လိုက်၏။
"ထွက်သွားနော် ခွေးကောင်၊ သူက ငါကာကွယ်ပေးနေတဲ့သူ။ နင်သူနဲ့ဝေးဝေးနေတာ ပိုကောင်းမယ်"
ဟောက်ကျန်းကစုတ်သပ်လိုက်ပြီး သရော်လှောင်ပြောင်စွာဖြင့် သူ၏တခြားခြေတစ်ဖက်ကို မြှောက်ကာ ရှမြန်ထိုင်ခုံ၏ တခြားဘက်ကို ရန်စသလို ကန်ကျောက်နေလေသည်။ "နင်က ဘယ်လို ကာကွယ်ပေးမှာ...အ!"
"လီလီကျန်း နင်တော့ သေတော့မှာပဲ"
လီလီကျန်းက စက္ကူဖြင့် ထောက်ဆူးပေါ်ကသွေးကို သုတ်လိုက်ပြီး လက်ကိုမြှောက်ကာ စင်ပေါ်ကို လှမ်းပြောလိုက်လေသည်။ "ဆရာမ ဒီမှာကျွန်မတို့အတန်းထဲက မဟုတ်တဲ့လူ တစ်ယောက်ရှိနေတယ်။ သူ ကျွန်မတို့ကို နှောက်ယှက်နေပြီး ကျွန်မတို့ သင်တန်းတက်နေတာကို တားဆီးနေတယ်"
ဆရာမကလဲ ထိုနေရာက ဆူညံသံကြောင့် ဆွဲဆောင်ခံလိုက်ရပြီး မျက်မှောင်ကြုတ်ကာ ဟောက်ကျန်းကို မေးလိုက်လေသည်။ "ကျောင်းသား မင်းနာမည် ဘယ်လိုခေါ်လဲ"
ဟောက်ကျန်းသည် မျက်နှာကိုရှုံ့မဲ့လိုက်ကာ ထရပ်လိုက်ပြီး ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းကို လက်ညှိုးထိုးလိုက်ပြီးနောက်
"စောင့်နေလိုက်"
...