အပိုင်း(၁၀၅)
Vol. 7 Ch. 105
ဆွန်းယွဲ့ရှင်းက ပြောလိုက်၏။ "အခုပဲ ပိတ်ရက် ရောက်သွားပြီတဲ့လား။ အချိန်ကုန်တာ မြန်လိုက်တာ"
ရှမြန်က ဒါကို မြန်သည်ဟုတော့ မထင်ချေ။ သူမသည် အနီရောင်များဖြင့် ပြည့်နှက်နေသည့် စည်ကားသည့်လမ်းကို လှမ်းကြည့်လိုက်ပြီး မျှော်လင့်နေမိလေသည်။ "နှစ်သစ်ကိုတောင် ရောက်တော့မှာပဲ"
အရင်ဘဝတုန်းကဆိုရင် နှစ်သစ်ကူးပွဲက နှစ်သစ်ကူးအရသာတွေ အများကြီး မကျန်တော့ဘူးလေ။ နှစ်သစ်ကူးအတွက် မျှော်လင့်တယ်ဆိုတာထက် ပိတ်ရက်ကို မျှော်လင့်တာနဲ့ပဲ ပိုတူနေကြတယ်။
ဒါပေမဲ့ ဒီခေတ်မှာတော့ လမ်းတလျှောက်လုံးမှာ ချိတ်ဆွဲထားတဲ့ အနီရောင်မီးပုံးတွေကို ကြည့်လိုက်ပြီး လက်ထဲမှာလည်း နှစ်သစ်ကူးပစ္စည်းတွေ အပြည့်သယ်ထားတဲ့ လမ်းလျှောက်သူတွေရဲ့ အပြုံးတွေကို မြင်နေရပြီး ကလေးတွေကလည်း မီးရှူးမီးပန်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆော့နေကြတာပဲ။
ရုတ်တရက်ဆိုသလို သူမသည် တရုတ်နှစ်သစ်ကူးက ပျော်ရွှင်ဖို့ရန် ထိုက်တန်သည့် အရာတစ်ခု ဖြစ်သည်ဟု ခံစားနေရလေသည်။
မနေ့က အိမ်မှာရှိနေရမည့် ရှ၀မ်ယွဲ့မှာ အချိန်မီ ပြန်ရောက်မလာခဲ့ချေ။ သူမသည် ဖုန်းခေါ်လာခဲ့ပြီး ဖြေရှင်းစရာ အရေးကြီးကိစ္စတချို့ ရှိနေသေးသည့်အတွက် ရက်အနည်းငယ် ထပ်နေရလိမ့်မည်ဟု ပြောသည်။
သူမက မောက်ဟွေ့မေကို ရှမြန်နှင့် မောက်ဟွေ့လန်တို့ကိုခေါ်ကာ ဒေါ်ဒေါ်ဝေနှင့်အတူလိုက်သွားပြီး နှစ်သစ်ကူးပစ္စည်းများကို ပြင်ဆင်ခိုင်းထားသည်။
အမှန်တွင်တော့ မောက်ဟွေ့မေက လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ဒေါ်ဒေါ်ဝေနှင့်အတူ နှစ်သစ်ကူးပစ္စည်းများကို ပြင်ဆင်ထားခဲ့ပြီဖြစ်သည်။ မြေပဲ၊ ကွာစိ၊ သစ်သီးချိုချဉ်များအပါအဝင် ဒေါ်ဒေါ်ဝေသည် အပြင်ထွက်ကာစျေးဝယ်ချိန်က အားလုံးကို ဝယ်လာခဲ့ပြီးဖြစ်သည်။
သို့မဟုတ်လျှင်လည်း မောက်ဟွေ့မေက အလုပ်ဆင်းလာပြီးသည့်နောက်တွင် သူမ၏အဖော်များနှင့် စျေးဝယ်ထွက်တတ်ပြီး ရှောင်ဖုန်းနှင့် ဟွေ့ကျူးတို့ကိုလည်း တစ်ခါတည်းခေါ်သွားပြီး အဝတ်အစားအသစ်များကိုလည်း ဝယ်ပေးခဲ့သည်။
သို့သော်ငြားလည်း မနက်ခင်းစောစောတွင် အသားနှင့် အသီးအရွက်များလို အစားအသောက်များကိုတော့ သွားဝယ်ဖို့ရန် လိုအပ်သေးသည်။ အလုပ်ဆင်းသည့်အချိန်မှ သွားဝယ်ခဲ့လျှင် အကျန်များသာ ရပေလိမ့်မည်။ အရည်အသွေးနှင့် လတ်ဆတ်မှုကလည်း လုံးဝကောင်းတော့မည် မဟုတ်ချေ။
ရှမြန်နှင့် မောက်ဟွေ့လန်တို့က အားလပ်ရက်ရသွားပြီးနောက်တွင် ဒီတာဝန်က သူတို့ထံသို့ ကျရောက်လာသည်။
ရက်ပေါင်းများစွာ ဖိနှိပ်ခံထားရသည့် ရှမြန်သည် သူမ၏ရင်ဘတ်ကို ပုတ်ပြီးပြောလိုက်၏။ "စိတ်မပူပါနဲ့ အစ်မဟွေ့မေ။ အလုပ်ကိုသာသွားပါ။ ကျန်တာကိုတော့ ကျွန်မတို့ တာဝန်ထားလိုက်"
မောက်ဟွေ့မေက ရှမြန်ကို စာရင်းတစ်ခုလှမ်းပေးလိုက်၏။ "အားလုံးကို ဒီထဲမှာချရေးပေးထားတယ်။ ဒီထဲကအတိုင်းပဲ ဝယ်လာခဲ့လိုက်။ ဒေါ်ဒေါ်ဝေလည်း အတူသွားမှာ။ ဒီတော့အချိန်တန်ရင် ဒေါ်ဒေါ်ဝေကို နင်တို့အတွက် ကူပြီးတော့ရွေးခိုင်းလိုက်"
ရှမြန်က အိုကေ လုပ်ပြလိုက်လေသည်။
နောက်တစ်နေ့တွင် ရှောင်ဖုန်းနှင့် ဟွေ့ကျူးတို့ကို နဥ်ရှောက်ယွင်ထံတွင်ထားခဲ့ပြီး ရှမြန်နှင့် မောက်ဟွေ့လန်တို့က ဒေါ်ဒေါ်ဝေနှင့် စျေးကိုသွားကြသည်။ သူတို့သည် ထွက်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်က ကားတစ်စီးဖြင့် သူတို့ရှေ့တွင်ပေါ်လာ၏။
နဥ်ရှောက်ယွင်က ပြုံးကာပြောလိုက်လေသည်။ "ငါ သူ့ကို လာခိုင်းထားတာ။ နောက်ဆုံး သူလည်း စားဖို့လိုတာပဲလေ။ အဆင်သင့်ပြင်ထားတာတွေပဲ စားလို့တော့ဘယ်ရပါ့မလဲ။ သူ့ကိုလည်း ဒီနေ့တော့ အလုပ်ကြမ်းလုပ်ခိုင်းလိုက်"
ရှမြန်သည် နဥ်ရှောက်ပိုင်က မျက်မှောင်ကြုတ်ကာ ပလတ်စတစ်အိတ်များကို လက်အပြည့်ဖြင့်သယ်ပြီး သူတို့နောက် လိုက်လာသည်ကို စိတ်ကူးကြည့်သည်တွင် သူမမှာ အသံထွက်မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
နဥ်ရှောက်ပိုင်က သူမ၏ ညစ်ကျယ်ကျယ်ရုပ်လေးကို မြင်လိုက်သည့်အခိုက်အတန့်တွင် သူမ၏ မကောင်းသည့်စိတ်ကူးများကို သိလိုက်တော့သည်။ "မင်းက ဘာကိုရယ်တာလဲ"
ရှမြန်က အားပေးနေသည့်အပြုံးတစ်ခုကို ပြုံးပြလိုက်ပြီး "ဒေါက်တာနဉ် ဒီနေ့ အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပဲနော်"
နဥ်ရှောက်ပိုင်က ပြုံးကာ ဘာမှမပြောလိုက်ချေ။
ထို့နောက်တွင်တော့ ရှမြန်သည် သူမက အလွန်မှရိုးအမှန်း သဘောပေါက်သွားတော့သည်။
သူတို့သည် စျေးသို့ရောက်လာသည်တွင် လူစုခွဲလိုက်ကြသည်။ ဒေါ်ဒေါ်ဝေက ဝက်သားကို အရေအတွက် အများကြီး ဝယ်ဖို့ရန်သွားခဲ့ပြီး ရှမြန်နှင့် မောက်ဟွေ့လန်တို့ကတော့ ငါးများကို ရွေးချယ်ဖို့ရန် အတူတူထွက်လာခဲ့ကြသည်။
ငါးဆိုင်ရှေ့တွင် လူအများကြီးရှိနေ၏။ ရှမြန်နှင့် မောက်ဟွေ့လန်တို့သည် နောက်ဆုံးတော့ အတင်းတိုးဝှေ့နိုင်ခဲ့ကြသည်။ သူတို့သည် ရွေးချယ်ဖို့ရန် အလှည့်ရောက်မလာသေးခင်မှာပင် ဒေါ်ဒေါ်ဝေက ရောက်လာပြီး သူမနောက်တွင်တော့ လက်ဗလာဖြစ်နေသည့် နဥ်ရှောက်ပိုင်က လိုက်ပါလာသည်။
"ဘာဖြစ်လို့လဲ" ရှမြန်က ဇဝေဇဝါဖြစ်သွားပြီး "မဝယ်ခဲ့ရဘူးလား"
ဒေါ်ဒေါ်ဝေက ပြောလိုက်သည်။ "အားလုံးကို ဝယ်ပြီးသွားပါပြီ။ ရှောက်ပိုင်က ဝက်ပေါင်ရင်းသား တစ်ဝက်ကို ဝယ်လာခဲ့ပြီး ဝက်အဆီနဲ့ ဝက်အသားတွေကိုလည်း ဝယ်လာခဲ့တယ်။ ငါတို့တွေ ဆိုင်က ပစ္စည်းသယ်ပေးတဲ့သူကို အပြင်ဘက်က ကားဆီကို သွားပို့ခိုင်းလိုက်ရုံပဲ"
စည်ကားနေသည့်စျေးတစ်ခုတွင်ပင် ဒါကကြီးမားသည့် ဖြေရှင်းချက်တစ်ခု ဖြစ်လေသည်။
အဆင်ပြေပြေ ခပ်မိုက်မိုက်ပုံစံများက ငွေနှင့် ဖြေရှင်းလို့ရနိုင်လေသည်။
ရှမြန်၏ ဝိုင်းစက်နေသည့် မျက်လုံးများကို ကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်က မသိမသာပြုံးလိုက်၏။ ရှမြန်က ဒေါသထွက်ထွက်ဖြင့် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ငါးများကို ရွေးချယ်လိုက်သည်။
ထို့နောက်တွင်တော့ လူအုပ်ကြီး၏အပြင်ဘက်မှနေ၍ သူမကို တစ်ခုခုမေးလာသည့် နဥ်ရှောက်ပိုင်၏အသံကို ကြားလိုက်ရသည်။ သူမ၏ပတ်ဝန်းကျင်မှ အသံများက အလွန်ဆူညံလှသဖြင့် ရှမြန်သည် သေချာမကြားရချေ။ သူမက ထရပ်လိုက်ပြီး သိပ်မဝေးလှသည့် နေရာတွင်ရှိသည့်လူကို လှမ်းကြည့်လိုက်ကာ မေးလိုက်၏။ "ရှင် ဘာပြောလိုက်တာလဲ"
နဥ်ရှောက်ပိုင်က ဒီအတိုင်း သူမဆီသို့လျှောက်လာကာ သူမနားသို့ အနည်းငယ် ကပ်လာပြီး သူမနားထဲတွင် တိုးတိုးလေး ပြောလိုက်လေသည်။ "အမဲသားချက်နည်းကို သိလား"
ရှမြန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့် မေးကိုချီထားလိုက်သည်။ "ကြက်သား၊ ဘဲသား၊ ငါး၊ အမဲသား၊ သိုးသား။ ကျွန်မ မချက်တတ်တာ ဘာမှမရှိဘူး"
နဥ်ရှောက်ပိုင်က မသိမသာ ပြုံးပြလိုက်လေသည်။
ရှမြန်က အစပိုင်းတွင် ဒီကိစ္စကိုစိတ်ထဲမထားချေ။ သို့သော်ငြားလည်း သူမသည် စျေးအပြင်ဘက်က ကားဆီသို့ ပြန်ရောက်လာသည့်အချိန်တွင်တော့ တစ်ခုပြီးတစ်ခုလာပို့ပေးနေသည့် အသားအမျိုးမျိုးကို မြင်လိုက်ရပြီး သူမ၏မျက်လုံးများမှာ ဝိုင်းစက်သွားတော့သည်။ "ဒေါက်တာနဥ် ရှင် ကျွန်မကို ဒါတွေအားလုံး လုပ်စေချင်နေတာတော့ မဟုတ်ဘူးမလား။ ရှင် ကျွန်မကို ပင်ပန်းပြီးသေအောင် လုပ်ချင်နေတာလား"
နဥ်ရှောက်ပိုင်ကပြုံးကာ ညင်ညင်သာသာပြောလိုက်၏။ "ရှောင်ဖုန်းက ပြောတယ်လေ။ သူ အသားအများကြီး မစားရသေးဘူးတဲ့"
"နောက်ပြီးတော့ ဒါက မင်းတို့တွေ ယန်မြို့ကို ပထမဦးဆုံးရောက်လာတဲ့နှစ်ပဲ။ ဒီတော့ မင်းတို့တွေ သေချာပေါက် ကောင်းကောင်းလေး စားသင့်တယ်လေ"
ရှမြန်...
လက်စားချေနေတာ။ ဒါက ဒီသေးသိမ်လှတဲ့ယောကျ်ားရဲ့ လက်စားချေမှုတစ်ခုပဲ။
"ရှင် အရမ်းရက်စက်တာပဲ"
ကားသည် အိမ်တံခါးရှေ့တွင် ရပ်လိုက်၏။ ရှမြန်က သူမဘေးတွင် ဝမ်းသာအားရ ဝိုင်းရံနေသည့် ကလေး၃ယောက်ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "အသားတွေ အားလုံးကို ဒေါက်တာနဥ် ဝယ်လာတာ။ သူက သူကိုယ်တိုင် နင်တို့အတွက် အရသာရှိတဲ့အစားအသောက်ကို လုပ်ပေးမယ်လို့ ပြောတယ်။ နင်တို့တွေ ပျော်ကြရဲ့လား"
ကလေး၃ယောက်မှာ ခုန်ဆွခုန်ဆွလေး လုပ်ပြီးပြောလိုက်လေသည်။ "ပျော်တယ် ပျော်တယ်"
ချန်းချန်း: "ဦးဦး သားလေ ပဲငံပြာရည်နဲ့ အမဲသားနှပ်စားချင်တယ်။ နောက်ပြီးတော့ငါးရော"
ဟွေ့ကျူး: "သမီးကတော့ ဝက်ခြေထောက်နှပ်စားချင်တယ်။ နောက်ပြီးတော့ အသားလုံးရော"
ရှောင်ဖုန်းကတော့ သူ့နှုတ်ခမ်းလေးများကို စူထားကာ ရှက်ရှက်ဖြင့်ပြောလိုက်လေသည်။ "ဦးဦးနဥ် သားက ကြက်ကင်နဲ့ ဝက်သားနှပ်စားချင်တယ်"
နဥ်ရှောက်ပိုင်...
ရှမြန်က အသံထွက်ကာ အော်ရယ်တော့သည်။
ပါဝင်ပစ္စည်းအားလုံးကို ဝယ်လာခဲ့ပြီးသည့်နောက်တွင် နောက်တစ်ဆင့်မှာ အနားမယူဘဲ ဝယ်လာသည့်ပစ္စည်းများကို တစ်ဝက်ပြင်ဆင်ပြီးသား အခြေအနေဖြစ်သည်အထိ ပြုလုပ်ရခြင်း ဖြစ်လေသည်။
ကံအားလျော်စွာ မိသားစု၃ခုက အတူတူအလုပ်လုပ်ကြသည်။ ဦးလေးလီနှင့် ဒေါ်ဒေါ်လီတို့၏ အကူအညီရှိနေသဖြင့် စိုးရိမ်စရာ များများပြားပြား မရှိခဲ့ချေ။
ဒီတစ်ကြိမ်တွင်တော့ ရှမြန်သည် နဥ်ရှောက်ပိုင်ကို ဖမ်းထားဖို့ရန် ဆုံးဖြတ်ချက်ချလိုက်ပြီး သူ့ကို အလုပ်ကြမ်း လုပ်ခိုင်းဖို့ စဉ်းစားထားလိုက်ကာ သူ့ကို ငါးကိုင်ဖို့အလုပ်အား တာဝန်ပေးလိုက်လေသည်။ ထို့ကြောင့် သူသည် အိမ်မှုကိစ္စတာဝန်များကို မယူခဲ့လျှင် ချက်ပြုတ်ရခြင်း၏ ပင်ပန်းမှုကို သိလာလိမ့်မည် မဟုတ်ချေ။
ရှမြန်သည် မုန်လာဥကို လှီးဖြတ်ပြီး ထွက်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်က မီးဖိုချောင်ဓားကြီးတစ်လက်ဖြင့် ကြက်သားနှင့်ဘဲသားများနှင့် ရုန်းကန်နေရသည်ကို မြင်လိုက်ရသဖြင့် အော်ရယ်မိလေသည်။
"ဒေါက်တာနဥ် ခွဲစိတ်ခံရဖို့အတွက် စောင့်ဆိုင်းနေကြတဲ့ တိရစ္ဆာန်ငယ်လေးတွေ အများကြီး ရှိသေးတယ်။ ရှင်ရဲ့မရင်းမနှီး ဖြစ်နေတဲ့ နည်းလမ်းတွေက အဆင်ပြေမှာ မဟုတ်ဘူးနော်"
နဥ်ရှောက်ပိုင်က နှာခေါင်းရှုံ့ကာ သူမကို လျစ်လျူရှုထားလိုက်သည်။
ရှမြန်သည် အသားများကို လှီးဖြတ်ပြီးသွားသည့်အချိန်တွင် သူ မသိလိုက်သည့်အချိန်မှာပင် သူက စကေပယ်လ်(ခွဲစိတ်ခန်းသုံးဓား)တစ်ခုဖြင့် ရောက်လာသည်ကို မြင်လိုက်ရ၏။
ကလေး၃ယောက်မှာ သူ့နည်းလမ်းများကိုကြည့်ပြီး တအံ့တဩဖြစ်နေကြလေသည်။
စကေပယ်လ်သည် နဥ်ရှောက်ပိုင်၏လက်ထဲတွင် အသုံးပြုရန် အလွန်မှလွယ်ကူနေသည်။ ကြက်သားနှင့် ဘဲများကို အူထုတ်ရသည့်နေရာတွင် အလွန်မှ ပြီးပြည့်စုံလွန်းလှသည်။
ဒေါ်ဒေါ်ဝေက ဝက်သားများကို အတုံးလေးတုံးဖို့ရန် သူ့ဆီကိုယူလာပေးသည့် ဝက်သားများကလည်း သူ့ဘေးတွင်ရှိနေကာ သပ်သပ်ရပ်ရပ် အတုံးလေးများဖြစ်အောင် လှီးဖြတ်ပေးထားပြီး အရွယ်အစားအားလုံးက တစ်ခုတည်းဖြစ်နေလေသည်။
နဥ်ရှောက်ပိုင်က သူ့မျက်လုံးများထဲတွင် ဘဝင်ခိုက်နေသည့်အကြည်တစ်ခုဖြင့် သူမကို မော့ကြည့်လိုက်၏။
ရှမြန်က လက်မထောင်ပြလိုက်သည်။ "ဒေါက်တာနဥ်လို့ မပြောရဘူး။ ဒီနည်းလမ်းက တကယ် အံ့သြစရာကောင်းတာပဲ"
သူမသည် စကားပြောပြီးသွားသည်နှင့် ကိုယ်ကိုပြန်လှည့်လိုက်ကာ အမဲသားနှင့်ငါးကို လှမ်းယူလိုက်ပြီး သူ့ဘေးတွင် ချပေးလိုက်လေသည်။ "လုပ်ပါဦး ဒေါက်တာနဥ်ရဲ့ သာလွန်တဲ့ဆေးပညာစွမ်းရည်က ဒါကိုကိုင်တွယ်နိုင်လိမ့်မယ်လို့ ကျွန်မတော့ ယုံတယ်"
နဥ်ရှောက်ပိုင်က ချက်ချင်းဆိုသလို စုတ်သပ်လိုက်ပြီး စကေပယ်လ်ဓားကို ချထားလိုက်လေသည်။ ချန်းချန်းက စိုးရိမ်တကြီး မေးလိုက်၏။ "ဦးဦး ဘာဖြစ်လို့လဲ"
နဥ်ရှောက်ပိုင်က သူ့လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်ကာ ပြောလိုက်လေသည်။ "ငါ အများကြီး လှီးပြီးသွားပြီ။ ငါ့လက်ကောက်ဝတ်တွေ နာသွားပြီ"
"သားဦးဦးရဲ့လက်ကို နှိပ်ပေးမယ်နော်" ချန်းချန်းက ချက်ချင်းဆိုသလို သူ၏ ပြည့်ဖောင်းဖောင်းလက်လေးကို ဆန့်ထုတ်လိုက်ကာ ကျွမ်းကျင်နေသည့်အပြုအမူတစ်ခုဖြင့် လက်ကောက်ဝတ်ကို စတင်နှိပ်နယ်ပေးတော့သည်။
မောက်ဟွေ့ကျူးကလည်း ချန်းချန်းက သူ့လက်ကောက်ဝတ်ကို ပွတ်သပ်ပေးနေသည်ကို မြင်လိုက်ရသဖြင့် သူမကလည်း သူမ၏လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ကောက်ဝတ်ကို နှိပ်နယ်ပေးနေ၏။ ရှောင်ဖုန်းကလည်း သူ့လက်ချောင်းလေးများဖြင့် ကူပြီးတော့နှိပ်နယ်ပေးနေသည်။ ထို့နောက်တွင်တော့ ရှမြန်ကိုမော့ကြည့်လိုက်ကာ ပြောလိုက်လေသည်။ "အန်တီလေး ဒေါ်ဒေါ်ဝေက ပြောတယ်။ သားတို့တွေ မနက်ဖြန်ကျရင် ကျန်တာကိုလုပ်လို့ရတယ်တဲ့။ သားတို့တွေက ဒါတွေကို အခုလည်း ကြော်လို့ပြီးမှာ မဟုတ်ဘူးလေ"
ရှမြန်...
နဥ်ရှောက်ပိုင်က သူ၏ကျန်နေသည့်လက်တစ်ဖက်ဖြင့် ကလေး၃ယောက်၏ခေါင်းလေးကို တစ်ခုပြီးတစ်ခု ထိကိုင်ပေးလိုက်ကာ ပြောလိုက်လေသည်။ "မင်းတို့လေးတွေက တကယ် သိတတ်ကြတာပဲ"
ရှမြန်က မျက်စောင်းထိုးလိုက်တော့သည်။
လူကြီးများက အလုပ်များနေလေလေ ကလေးများက ပိုပြီးပျော်ရွှင်လေလေပင်။
အသားအားလုံးကို ကိုင်တွယ်ပြီး အရသာသွင်းထားပြီးနောက်တွင် ရှမိသားစုသည် အစားအသောက်များကို ကြော်လှော်ဖို့ရန် ကြီးမားသည့် ဒယ်အိုးကြီးတစ်လုံးကို ခင်းကျင်းထားလိုက်သည်။
တစ်နေ့လုံး လေထဲတွင် အနံ့များဖြင့် ပြည့်နှက်နေ၏။
တိုဟူးကြော်၊ အသားလုံး၊ ဆာရှီမိ၊ ကြာစွယ်၊ ကန်စွန်းဥ၊ နှမ်းလုံးမုန့်။
ဝက်သားကင်၊ နံရိုးကင်၊ ကြက်သားကင်၊ ဘဲကင်...
ရှမြန်၏အစားအသောက်များက အိုးထဲက ထွက်လာသည့်အကြိမ်တိုင်း ကလေး၃ယောက်က ပျံလွှားလေးများလို အလောတကြီး ရောက်လာကြကာ သူတို့၏ပါးစပ်များကို ဖွင့်ပြီး အစားတောင်းကြလေသည်။
မောက်ဟွေ့မေက အနည်းငယ်အအေးခံထားသည့် အစားအသောက်များကို သူတို့တစ်ယောက်ချင်းစီအား ပါးစပ်အပြည့်ကျွေးလိုက်ပြီး နောက်ထပ်တစ်ပိုင်းကိုတော့ သူတို့လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ ကလေးလေး၃ယောက်သည် ထို့နောက်တွင်တော့ ပြန်လှည့်သွားကာ ဝမ်းသာအားရ ထွက်သွားကြပြန်သည်။
သူတို့သည် အရသာသစ်အနံ့ကို ရလာချိန်တွင် တစ်ဖန် ထိုဖြစ်စဉ်ကို လုပ်ကြပြန်သည်။
ထို့နောက်တွင်တော့ အသားကင်နှင့် အသားနှပ် အမျိုးစုံပါလာသည်။
လိုရင်းကိုပြောရလျှင် ၃ရက်တာလုံးလုံး ကလေး၃ယောက်၏ပါးစပ်မှာ စကားပြောနေသည်ကို မရပ်နိုင်ခဲ့ချေ။
အားလုံးပြီးစီးသွားပြီးသည့်နောက်တွင် ရှမြန်သည်လည်း ပင်ပန်းနွမ်းနယ်သွားတော့သည်။
သူမက ဧည့်ခန်းထဲကဆိုဖာပေါ်တွင် လဲလျောင်းနေလိုက်ပြီး ကလေး၃ယောက်ကိုကြည့်ကာ ပဲငံပြာရည် ဝက်သားနှပ်တစ်တုံးစီကိုင်ပြီး အားရပါးရစားသောက်နေသည်ကို တွေ့လိုက်ရ၏။
ရုတ်တရတ်ဆိုသလို ဒီခေတ်၏စည်ကားလှသည့်အငွေ့အသက်က မည်သည့်နေရာမှ လာသည်ကို သဘောပေါက်သွားတော့သည်။
ဒီခေတ်အခါတွင် အသင့်စားအစားအသောက်များ အများအပြားမရှိသေးချေ။ ထို့ကြောင့် မိတ်ဆွေများနှင့် မိသားစုများသည် အတူတူစုဝေးကြပြီး အိမ်ချက်အစားအသောက်များကို လုပ်ဖို့ရန် အတူတူစုပေါင်းလုပ်ဆောင်ကြသည်။
လုပ်ရသည့်ကိစ္စများက ခက်ခဲသော်ငြားလည်း စိတ်ဝင်စားစရာကောင်းသည့်အရာများလည်း ကိစ္စတိုင်းတွင် ဖြစ်ပျက်နေသည်။ အကြောင်းအရာတိုင်းက မတူညီသည့်အမှတ်တရများကို ယူဆောင်လာပေးခဲ့သည်။
နောက်ဆုံးတော့ ကလေးများ၏မျက်နှာပေါ်က ကျေနပ်နေသည့်အပြုံးများကို ကြည့်လိုက်မိသည်တွင် သူမသည် မည်မျှပင် ပင်ပန်းခဲ့သည်ဖြစ်စေ သူမ၏စိတ်နှလုံးသားထဲက ပျော်ရွှင်မှုနှင့် ဆန္ဒပြည့်မြောက်မှုတို့ကို မဖုံးကွယ်နိုင်ခဲ့ပေ။
ရှမြန်သည် သူမဘေးက ပင်ပန်းနွမ်းနယ်နေသည့် နဥ်ရှောက်ပိုင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး ဘဝင်ခိုက်သွားကာ မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားပြန်သည်။ "ကိုယ့်လုပ်ရပ်ရဲ့ နောက်ဆက်တွဲရလဒ်ကို ခံစားရတာဘယ်လိုနေလဲ ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က သူမကို လှမ်းကြည့်လိုက်ပြီး စကားပင် မပြောချင်တော့ပေ။
ရှမြန်သည် ဒီနေ့၏ သေသေသပ်သပ်လေး လှီးဖြတ်ထားသည်အသားတုံးများကို စဉ်းစားမိသည်တွင် မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ သူမသာ လာမကြည့်ခဲ့မိလျှင် သူ့ကို ၀က်ခြေထောက်များအား အကုန်လုံး လှီးဖြတ်နေသည်ကို မြင်ရပေလိမ့်မည်။
"တရုတ်နှစ်သစ်ကူးပြီးသွားလို့ အလုပ်ကိုပြန်သွားတဲ့အခါကျရင် ဌာနကဆရာဝန်တွေကတော့ ရှင့်ရဲ့ခွဲစိတ်တဲ့အရည်အချင်း အများကြီး တိုးတက်လာတာကြောင့် တအံ့တဩ ဖြစ်သွားကြလိမ့်မယ်နော် ဒေါက်တာနဉ်"
နဥ်ရှောက်ပိုင်က လက်ကိုဆန့်လိုက်ပြီး ပင်ပန်းလွန်းလှသဖြင့် သူမ အနာကျင်ဆုံးနေရာဖြစ်သည့် ရှမြန်၏ လက်မောင်းကို ဆွဲညှစ်လိုက်လေသည်။
"အား"ရှမြန်သည် နာကျင်ရသဖြင့် မနေနိုင်ဘဲ အော်ဟစ်လိုက်တော့သည်။
ရှောင်ဖုန်းက သူမ၏အသံကိုကြားလိုက်ရပြီးနောက် ချက်ချင်းပြေးထွက်လာလေသည်။ "အန်တီလေး ဘာဖြစ်လို့လဲ"
ရှမြန်က သူမ၏လက်မောင်းကို ပွတ်သပ်နေသည်ကို မြင်ရသည်တွင် သူက မျက်မှောင်ကြုတ်သွား၏။
"အန်တီလေးရဲ့လက်မောင်းတွေ ထပ်ပြီးနာနေလို့လား"
သူသည် ပြောရင်းဆိုရင်းဖြင့် ကျန်နေသည့် အမဲသားနှပ်ကို သူ့ပါးစပ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက် သူ့လက်ကို နဥ်ရှောက်ပိုင်ဘက်သို့ ဆန့်ပေးလိုက်ကာ မျက်တောင်ခတ်ပြလိုက်လေသည်။
နဥ်ရှောက်ပိုင်မှာ ကူကယ်ရာမဲ့သွားသလို ခေါင်းခါပြလိုက်ပြီး သူ့လက်ကို သုတ်ပေးဖို့ရန်အတွက် သူ့ဘေးတွင်ရှိနေသည့် တဘက်အစိုကို လှမ်းဆွဲလိုက်ရတော့သည်။
သန့်ရှင်းရေးလုပ်ပေးပြီးသွားသည့်နောက် ကလေးက ဆိုဖာပေါ်သို့ တက်လာကာ ရှမြန်ဘေးတွင် ရပ်လိုက်၏။ သူသည် ပါးစပ်ထဲတွင် ၀က်သားကို ဝါးနေသော်လည်း သူမကို နှိပ်နယ်ပေးနေသည့် သူ့လက်သေးသေးလေး၂ဖက်ကတော့ ရပ်မသွားချေ။
ပြီးခဲ့သည့်ဒီ၂ရက်အတွင်းတွင် ရှမြန် လက်မောင်း နာသည့်အချိန်တိုင်း သူက ဒီလိုလုပ်ပေးတတ်လေသည်။
ရှမြန်သည် အလွန်ဝမ်းသာနေဟန်တူ၏။ "ဝိုး အရမ်းနေလို့ကောင်းတာပဲ။ ရှောင်ဖုန်း နှိပ်ပေးတာက တကယ်နေလို့ ကောင်းတယ်"
ရှောင်ဖုန်းသည် မျက်လုံးများကွေးသွားသည်အထိ ပြုံးလိုက်လေသည်။
ချန်းချန်းကလည်း တစ်ချက်လောက် လှမ်းကြည့်လိုက်ပြီး နဥ်ရှောက်ပိုင်ကို ပြောလိုက်၏။ "ဦးဦး ဦးဦးရဲ့လက်ကောက်ဝတ် နာနေသေးလား"
နဥ်ရှောက်ပိုင်က ချန်းချန်း၏လက်ကို သုတ်ပေးလိုက်ပြီး ဆိုဖာပေါ်တွင် လဲလျောင်းကာ သူ့တူလေး၏ နှိပ်ပေးနေသည်ကို ခံစားနေလေသည်။
ဒါကိုမြင်လိုက်သည်တွင် ဟွေ့ကျူးက တံခါးကိုဖွင့်လိုက်ပြီး မောက်ဟွေ့လန်ဆီကို အပြေးအလွှား သွားရှာတော့၏။ "အစ်မ နင်ရော ဘယ်နားမှာနာနေသေးလဲ"
ရှမြန်မှာ မနေနိုင်ဘဲ အော်ရယ်လေသည်။
တစ်နေရာတွင် ချန်းချန်းက သူ့ဦးလေးကို နှိပ်နယ်ပေးရင်း ရှမြန်ကို မျှော်လင့်တကြီးဖြင့် မေးလိုက်၏။
"အန်တီမြန် မနက်ဖြန်ကျရင် ဘယ်လိုအရသာရှိတဲ့ အစားအသောက်လုပ်မှာလဲ"
"အားလုံးပြီးသွားပြီလေ" ရှမြန်က လက်ကိုဆန့်လိုက်ကာ သူ၏ခေါင်းသေးသေးလေးကို လှမ်းပုတ်ပေးလိုက်ပြီး "ဒီလောက်အများကြီးကတောင် နင် စားဖို့မဝသေးဘူးလား။ ဒီရက်ပိုင်းတွေမှာ နင် အစားအသောက်အမျိုးမျိုး စားခဲ့ရတာပဲ မဟုတ်လား"
ရှောင်ဖုန်းသည် ပြီးခဲ့သည့်ရက်အနည်းငယ်က ပျော်ရွှင်မှုကို ပြန်စဉ်းစားမိသွားဟန်တူပြီး သူ့မျက်လုံးလေးများက ဝမ်းသာအားရကျုံ့သွားကာ ခေါင်းညိတ်ပြလိုက်လေသည်။
"နောက်တစ်ခုကတော့ ဖက်ထုပ်ထဲမှာထည့်မဲ့အစာကို ပြင်ဆင်ပြီးရင် သားရဲ့ဘွားဘွားလေးနဲ့ ဘိုးလေးတို့ ပြန်လာတာကိုစောင့်ပြီး အတူတူဖက်ထုပ်လုပ်ကြပြီးရင် နှစ်သစ်ကူးအတွက် ပြင်ဆင်ကြမယ်"
...