← Chapters

အပိုင်း(၆၁)

Vol. 5 Ch. 61

အပိုင်း(၆၁)

Vol. 5 Ch. 61

သို့သော်ငြားလည်း...

“၅၀/၅၀ ကတော့ အရမ်းများတယ်။ ၂၀/၈၀ဆိုရင် အဆင်ပြေလိမ့်မယ်”

ရှ၀မ်ယွဲ့က တစ်ခုခုပြောမည်ကို မြင်လိုက်သဖြင့် ရှမြန်က ပြောလိုက်လေသည်။ “ကျွန်မ စကားကို နားထောင်ပါဦး။ ကျွန်မက ဒီလို တွေ့ကရာပြောလိုက်တာ မဟုတ်ပါဘူး။ ခြုံပြောရမယ်ဆိုရင် ဒီလိုလက်တွဲရမဲ့လုပ်ငန်းတွေအတွက် အကြမ်းဖျဥ်း စံသတ်မှတ်ချက်တွေတော့ ရှိပါတယ်”

“ကျွန်မက လုပ်နည်းအမယ်နဲ့ပဲ ကုမ္ပဏီကို ရင်းနှီးမြှုပ်နှံမှာလေ။ ဒါပေမဲ့ လုပ်ငန်းမှာတော့ လုံး၀ ပါ၀င်မှာ မဟုတ်ပါဘူး။ ဒီဝေစုက အရမ်းကို သင့်တော်ပါတယ်” ရှမြန်ကပြောလိုက်၏။ “တကယ်လို့ ဒီလုပ်ငန်းက နောက်ပိုင်းပိုပြီးတော့ ကြီးလာမယ်ဆိုရင် တခြားစံနှုန်း‌ေတွလည်း ရှိလာဦးမှာ။ အဲဒီအချိန်ကျရင် စာချုပ်မှာလက်မှတ်ထိုးဖို့ ရှေ့နေတစ်ယောက်ကို ငှားလို့ရပါတယ်”

သူမ ပြောလိုက်သည့်စကားကို ကြားပြီးနောက်တွင် ရှ၀မ်ယွဲ့သည် ချက်ချင်းဆိုသလို စိတ်အေးသွားတော့သည်။ “ကောင်းပြီလေ အရင်ဆုံး ဒီလိုပဲလုပ်ကြတာပေါ့။ (၁)နှစ် နေပြီးသွားလို့ ငါတို့တွေမှာ အခြေအနေတစ်ခု ရှိလာတယ်ဆိုရင် ရှေ့နေတစ်ယောက်နဲ့တိုင်ပင်ပြီး ပုံမှန်စာချုပ်စာတမ်းကို ရေးကြတာပေါ့”

ရှ၀မ်ယွဲ့သည် ဆုံးဖြတ်ချက်ပြတ်သားသူ ဖြစ်လေသည်။ ပါ၀င်ပစ္စည်းအညွှန်းများကို အတည်ပြုလိုက်ပြီးနောက်တွင် သူမက ပစ္စည်းများကို၀ယ်ရန် ဟွေ့မေနှင့်ဟွေ့လန်တို့ကို ချက်ချင်းအပြင်ခေါ်သွားတော့သည်။

နောက်ဆုံး သူမသည် ရှမြန်လို အနာဂတ်က လာသူမဟုတ်ဘဲ ဒီလုပ်ငန်းက အဆင်ပြေလိမ့်မည့်အကြောင်း သေချာသိနေသူ မဟုတ်ချေ။ အန္တရာယ်ကင်းစေရန် သူမသည် ဆိုင်တည်ဖို့ ပစ္စည်းပစ္စယများ မပြင်ဆင်ခင်တွင် ဘာပြဿနာမှမရှိအောင် အစားအသောက်နှင့် ပက်သက်ပြီး အရင်ဆုံးအတည်ပြုဖို့ပဲ လိုအပ်လေသည်။

ဒေါ်ဒေါ်ဝေက ဒီအကြောင်းကို ကြားလိုက်ချိန်တွင် သူမသည် သူတို့ကဒီနေရာနှင့် မရင်းနှီးမှာစိုးရိမ်သဖြင့် အတူတူလိုက်ပါလာခဲ့သည်။

သူမသည် ဒီနေရာနှင့်ရင်းနှီးပြီး အတွေ့အကြုံလည်း ပိုရှိလေသည်။ “ဒီလုပ်နည်းအမယ်အတွက် ဟင်းခတ်အမွှေးအကြိုင်တွေကို တစ်နေရာတည်းမှာ ၀ယ်လို့မရနိုင်ဘူး။ တကယ်လို့ နောက်ပိုင်းကျရင် ဒါကိုလုပ်လို့ အောင်မြင်သွားမယ်ဆိုရင် လူတွေက နင်တို့ဆီကနေ သင်ယူတတ်မြောက်သွားနိုင်တယ်”

ထို့ကြောင့် လူတော်တော်များများသည် ဟင်းခတ်အမွှေးအကြိုင်များကို ရရှိဖို့ရန် နေရာအများစုကို ပြေးလွှားသွားကြရလေသည်။ တချို့ကဆိုလျှင် တရုတ်တိုင်းရင်းဆေးဆိုင်သို့ပင် သွားရောက်ခဲ့ကြရသည်။

အရိုးပြုတ်ရည်လိုဟာမျိုးကိုလည်း ပြုလုပ်ဖို့လိုအပ်သည်။ ထို့ကြောင့် အချောသတ်ကုန်ပစ္စည်းသည် ထိုမျှလောက် မြန်မြန်ဆန်ဆန် ထွက်လာလိမ့်မည် မဟုတ်ချေ။

ရှမြန် လိုက်မသွားခဲ့သည့် အကြောင်းအရင်းကတော့ သူမသည် နဉ်ရှောက်ယွင်နှင့်အတူ ရှောင်ဖုန်း၊ ချန်းချန်းနှင့် ဟွေ့ကျူးတို့ကို မူကြိုကျောင်းဆီသို့ ‌ခေါ်သွားချင်သောကြောင့်ဖြစ်လေသည်။

အိမ်နှင့်အခြားလိုအပ်ချက်များကို ဖြည်းဖြည်းချင်းပြင်ဆင်ဖို့ရန် လိုအပ်သည်။ သို့သော်ငြားလည်း မူကြိုကျောင်းကိစ္စကိုတော့ မြန်မြန်ဆန်ဆန် စတင်နိုင်ပေသည်။

ချန်းချန်းသည် မူကြိုကျောင်းတွင် (၂)နှစ်သာ တက်ရောက်ခဲ့ပြီးသား ကလေးတစ်ယောက်ဖြစ်သည်။ သူ့အတွက် နေရာအသစ်ပြောင်းလဲခြင်းနှင့် သူငယ်ချင်း အသစ်ပြုလုပ်ခြင်းများက စိုးရိမ်စရာမရှိချေ။

မောက်ဟွေ့ကျူးကလည်း ချန်းချန်းထက် (၁)နှစ်ပိုကြီးသည်။ သူတို့သည် နယ်မြို့ငယ်လေးက လာသော်ငြားလည်း ရှ၀မ်ယွဲ့က ကလေးများကို လုံလောက်သည့် စိတ်လုံခြုံမှု ခံစားချက်တစ်ခုရအောင် ပေးထားသည်။ ကလေးက မရင်းနှီးသည့် ပတ်၀န်းကျင်ကို သိလိုစိတ်ဖြစ်သည့်အပြင် လုံး၀လည်း မကြောက်ရွံ့တတ်ပေ။

ရှ၀မ်ယွဲ့၏အစီအစဉ်က ဟွေ့ကျူးနှင့် ချန်းချန်းတို့ကိုအတူတူ အကြီးတန်းတွင် တက်ရောက်စေချင်သည်။

ရှောင်ဖုန်းတစ်ယောက်သာ ကျန်ခဲ့သည်။ သူက အငယ်တန်းမှစပြီး တစ်ယောက်တည်း စတင်သင်ယူရမည်။

ရှမြန်သည် ကလေးကို အပြင်ခေါ်ထုတ်လာချိန်တွင် ရုတ်တရက်ဆိုသလို အမေများ၏ခံစားချက်ကို နားလည်လိုက်၏။ ဒီကလေးသည် စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာကြီးကြီးမားမား ရခဲ့ပြီးသားဖြစ်သည်။ သူသည် အနိုင်ကျင့်ခံရပြီး စကားမပြောပြနိုင်ခဲ့လျှင်ရော...။ သူက ဆရာမဆီသို့ အလျင်စလို သွားပြီး ပြောပြရဲနိုင်သည်လား။ သူက သန့်စင်ခန်းသို့ သွားလျှင်ရော...။

နောက်ဆုံးတော့ ပတ်၀န်းကျင်အသစ်က သူ့ကိုပျော်ရွှင်စရာ လုပ်ပေးနိုင်သည်။ သို့သော်ငြားလည်း သူသည် နောက်တစ်ဖန် အနိုင်ကျင့်ခံရလျှင် စိတ်ဒဏ်ရာရသွားနိုင်သည်။ သို့ဆို့လျှင် မည်သို့ပြုလုပ်ရမည်နည်း။

မရေမတွက်နိုင်သည့် မရေမရာကိစ္စများက ရှမြန်ကို နောက်ပြန်ဆွဲနေသလို ဖြစ်နေ၏။ “တကယ်တော့လည်း (၁)နှစ်နောက်ကျပြီးမှ စတာကလည်း အဆင်ပြေပါတယ်။ ရှောင်ဖုန်းက တော်တော်လေး ငယ်ပါသေးတယ်”

နဉ်ရှောက်ယွင်သည် ရှမြန်၏ စိုးရိမ်ပူပန်နေသည့်ရုပ်ကို မြင်လိုက်ရသည်တွင် မနေနိုင်ဘဲ အော်ရယ်ချင်သွားတော့သည်။ “နင် သူတို့တွေကို ယုံကြည်မှရမယ်။ ကလေးတွေက နင် ထင်သလောက် မပျော့ညံ့ကြပါဘူး”

“ချန်းချန်း မူကြိုပထမဦးဆုံး သွားတဲ့နေ့တုန်းကဆိုရင် ငါက တစ်နေ့လုံးနီးပါး မူကြိုတံခါးပေါက်နား ရပ်နေခဲ့တာလေ”

“ချန်းချန်း ဘယ်လိုနေလဲ။ သူငိုလား” ရှမြန်သည် သူ့ထံမှ လေ့လာဖို့လိုအပ်သည်ဟု ခံစားလိုက်ရသည်။

ချန်းချန်းက စိတ်အားတက်ကြွစွာ ချက်ချင်းပြောလိုက်၏။ “မငိုပါဘူး”

သူသည် ရုပ်တည်မျက်နှာတစ်ခုဖြင့် ခေါင်းကိုမော့လိုက်ပြီး သူ၏မကောင်းသည့်သမိုင်းကို ဖာထေးဖို့ ကြိုးစားနေလေသည်။ “မေမေ အဲဒီလိုမဟုတ်ဘူးနော်။ တခြား‌ကလေးတွေအားလုံးက ငိုပေမဲ့ သားက မငိုတာ”

နဉ်ရှောက်ယွင်က ပြုံးလိုက်ကာ ဘာမှမပြောချေ။ ရှမြန်ကတော့ သူ့ကိုထုတ်ဖော်မနေတော့ဘဲ ဒီအတိုင်း ပြောလိုက်လေသည်။ “ဒါဆိုရင် ရှောင်ဖုန်းက အရင်ဆုံး မူကြိုကိုသွားကြည့်ရမယ်။ ဒီတော့ သူ့ကိုစောင့်ရှောက်ပေးဖို့ ချန်းချန်းကို တောင်းဆိုရမယ်နော်”

ချန်းချန်းသည် ပြင်ဆင်ထားပြီးသားဖြစ်လေရာ သူ့ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်၏။ “စိတ်မပူပါနဲ့ သားက သူ့ကို စောင့်ရှောက်မှာပါ”

ရှမြန်သည် ဒီအကြောင်းကို စဉ်းစားလိုက်မိပြီး ပြောလိုက်၏။ “ငါတို့တွေ အိမ်ပြန်ရောက်တဲ့အချိန်ကြရင်တော့ ငါက နင်တို့ကို ကိုယ်ခံပညာ နည်းနည်းပါးပါးလောက် သင်ပေးမှရမယ်” နဉ်ရှောက်ယွင်မှာ ဝါးလုံးကွဲ အော်ရယ်လေတော့သည်။ “သတိလည်းထားဦး အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဆရာမက နောက်ပိုင်းကျရင် နင့်ကိုနေ့တိုင်း မိဘခေါ်နေဦးမယ်”

ရှမြန်သည် ရှောင်ဖုန်း၏ ထောင်နေသည့်ဆံပင်လေးကို သပ်ချပေးလိုက်ပြီး ပြောလိုက်၏။

“ငါတို့ရှောင်ဖုန်းက အရမ်းလိမ္မာတာ။ သူက အဲဒီလို သေချာပေါက် လုပ်မှာမဟုတ်ဘူး။ ဟုတ်တယ်နော်”

ရှောင်ဖုန်းသည် ရှမြန်၏လက်ကို ပျော်ရွှင်စွာတွဲထားပြီး‌ ခေါင်းခါပြလိုက်၏။ နဉ်ရှောက်ယွင်က ဒီမှာ အခြေချတော့မည့် အစီအစဉ်ရှိနေသဖြင့် ချန်းချန်း၏ကျောင်းကိစ္စကလည်း ထိုအစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းဖြစ်လာလေသည်။

မူကြိုကျောင်းသည် ဘေးလမ်းကြားထဲတွင်ရှိကာ သူ့ကပ်ရပ်က လုံချန်းလမ်းမကြီးပေါ်တွင် အမှတ်(၁) အခြေခံကျောင်း ရှိလေသည်။

အစိမ်းရောင် အုတ်ကြွပ်နံရံပေါ်တွင် ကြီးမားသည့် သက်တန့်ရောင်စဉ်တစ်ခုနှင့် တိရစ္ဆာန်ကောင်လေးများကို ဆွဲသားထားကာ လုံချန်းမူကြိုကျောင်းဟူသည့် စကားလုံးကို ခုန်ထွက်လာသလိုဖြစ်အောင် ရေးဆွဲထားသည်။ ကလေးများက စာလုံးများကို မမှတ်မိသည့်တိုင် သူတို့သည် ဒါက မူကြိုကျောင်း တစ်ကျောင်းဖြစ်သည်ကို သိကြလေသည်။

မူကြိုကျောင်းက စတင်ဖွင့်လှစ်နေပြီဖြစ်သည်။ ယခုအချိန်တွင် ညနေခင်း(၃)နာရီ ထိုးနေပြီဖြစ်ရာ ကလေးများသည်သူတို့၏ နေ့လယ်ခင်းတစ်ရေးအိပ်ပြီး ထလာပြီးနောက်တွင် ကစားနေကြလေသည်။

ကလေးများက လျှော၊ ဆီးဆော၊ သစ်သားမြင်းနှင့် အပေါ်သို့ တက်ကစားရသည့် သစ်သားဘောင်များတွင် တန်းစီနေလေသည်။ အသက်ကြီးကြီး ဆရာမ(၂)ယောက်က သူတို့ကို စောင့်ကြည့်ပေးနေသည်။

ရှောင်ဖုန်းက ရှမြန်၏လက်ကို တွဲထားပြီး စောင့်ကြည့်နေ၏။ ဟွေ့ကျူးကတော့ အရင်ကဒါကို တစ်ခါမှ မမြင်ဘူးခဲ့ဖူးချေ။ ချန်းချန်းသည် အထက်တန်းစား မိသားစု၀င်များသာသွားသည့် မူကြိုကျောင်းကို သွားနေကျဖြစ်လေရာ ဒီတစ်ကျောင်းနှင့်တော့ အတော်လေးကွာခြားလှသည်။ သူကလည်း သိလိုစိတ်ဖြင့် ကြည့်နေ၏။

ကလေးတစ်အုပ်က ရွှေစွန်ညိုလုပ်တမ်း ကစားနေကြသည်။ ရှောင်ဖုန်းက အနီးအနားတွင် ရပ်နေ၏။ မထွေးလေးက အဖမ်းခံရမည်ကို မြင်လိုက်သည့်အချိန်တိုင်း သူက စိုးရိမ်တကြီး ရှမြန်၏ခြေထောက်ကို ဖက်ထားတတ်သည်။ ချန်းချန်းက ခြေဆောင့်ကာ ပြောလိုက်၏။ “စွန်ဆိုးကြီး”

မောက်ဟွေ့ကျူးကတော့ လှုပ်ရှားဖို့ရန် စိတ်အားထက်သန်နေသည်။ “အစ်မမြန် မနက်ဖြန်ကျရင် သမီးတို့က သူတို့နဲ့ ကစားလို့ရလား”

ရှမြန်က ပြုံးပြပြီး ပြောလိုက်၏။ “မနက်ဖြန်ကျရင် ငါတို့တွေက လုပ်စရာတချို့ရှိတော့ လာနိုင်မှာ မဟုတ်ဘူး။ နင်က ကိုယ့်ဟာကိုယ် ကျောင်းလာနိုင်လား”

မောက်ဟွေ့ကျူးသည် ခဏလောက် ချီတုံချတုံဖြစ်သွားပြီးမှ ပြောလိုက်၏။ “သမီး ပြန်ရောက်သွားရင် အမေ့ကို မေးလိုက်ဦးမယ်”

ကလေးများ၏ ရွှင်လန်းနေသည့်ရယ်သံများသည် မူကြိုကျောင်းထဲတွင် ပဲ့တင်ထပ်နေလေသည်။ ရှောင်ဖုန်းသည် သူတို့နှင့်အတူလိုက်ပြီး ရယ်မောနေမိ၏။

ရှမြန်သည် သူ့ကို နည်းနည်းလေးကြီးလောက်မှ ကျောင်းလွှတ်မည့်စိတ်ကူးကို လက်လျှော့လိုက်တော့သည်။ အမှန်တွင်တော့ နဉ်ရှောက်ယွင်၏စကားက မှန်ပေသည်။ သူမက သူ့ကို ယုံကြည်သင့်သည်။

နောက်ဆုံး သူ၏အရင်ဘ၀တွင် ဒီလို‌အ‌ခြေအနေ တွေ့ကြုံခဲ့ရသော်ငြားလည်း သူသည် ဒီလိုထူးချွန်သည့် လူတစ်ယောက်အဖြစ် ကြီးပြင်းလာခဲ့သေးသည်။

မူကြိုကျောင်းတွင် စာရင်းသွင်းခြင်းက တော်တော်လေး မြန်ဆန်သည်။ ထိုခေတ်ကာလများတွင် လူများသည် နောက်ပိုင်းမျိုးဆက်များလို ထူးထူးခြားခြား ရှိမနေချေ။ ကျောင်းတွင် နေရာလွတ်ရှိနေသရွေ့ ဒေသခံကလေးများမဟုတ်သည့် ရှောင်ဖုန်းနှင့် ဟွေ့ကျူးတို့လိုကလေးများသည် ကျောင်းလခပေးနိုင်သရွေ့ ကျောင်းသွားနိုင်လေသည်။

ကျောင်းအပ်ပြီး ပြန်လာသည့်နောက်တွင် ရှမြန်နှင့် နဉ်ရှောက်ယွင်တို့သည် လွတ်လပ်ပေါ့ပါးနေသည့် ကလေး(၃)ယောက်ကိုခေါ်ကာ ကျောင်းလွယ်အိတ်နှင့် စာရေးကိရိယာများ၀ယ်ဖို့ သွားလိုက်ကြသည်။ အမှန်တွင်တော့ တကယ်လိုအပ်သည့်သူက ချန်းချန်းနှင့် ဟွေ့ကျူးတို့သာဖြစ်သည်။ အတန်းငယ်သည့် ကလေးများကတော့ ဒီအတိုင်းပျော်နေဖို့ရန်သာလိုသည်။

ရှောင်ဖုန်းက နားမလည်ချေ။ သို့သော်ငြားလည်း ရှမြန်ကတော့ သူ့အတွက်အားလုံးကို ၀ယ်ပေးလိုက်၏။ သူက ရောင်စုံခဲတံများကို သဘောကျသည်ကို မြင်လိုက်ရသဖြင့် သူ့ကို တစ်ဘူးလောက် ၀ယ်ပေးလိုက်သည်။

သတိရသည်နှင့် သူမက အပြန်တွင် ရေသေနတ်များကိုလည်း ၀ယ်ပေးလိုက်သေးသည်။

ကလေး(၃)ယောက်သည် ကျောင်းလွယ်အိတ်လေးကိုယ်စီကို သယ်ကာ ရေဖြည့်ထားသည့် ရေသေနတ်ကို ကိုင်ဆောင်ထားကြသည်။

မောက်ဟွေ့ကျူးသည် အရင်က ဒီကစားနည်းကို တစ်ခါမှ မကစားခဲ့ဘူးချေ။ ထို့ကြောင့် သူမက သေနတ်မောင်းကို စတင်ဆွဲလိုက်ကာ ဖိချလိုက်သည်။ ထို့နောက်တွင်တော့ သူမဘေးတွင် ရပ်နေသည့် ချန်းချန်းကလည်း ရုတ်တရက်မျက်နှာကို ရေပက်ခံလိုက်ရပြီး အလန့်တကြား ဖြစ်သွားလေသည်။

ရှောင်ဖုန်းလည်း ‌ဇဝေဇဝါဖြစ်သွားပြီး ဘာလုပ်ရမည်မသိ ဖြစ်သွားလေသည်။ မောက်ဟွေ့ကျူးက အသစ်အဆန်း တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသယောင် နောက်တစ်ကြိမ် သေနတ်မောင်းကို ဆွဲလိုက်သည့်အချိန်တွင်တော့... ချန်းချန်းက ထပ်ပြီး ရေပက်ခံလိုက်ရ၏။ သူသည် အစပိုင်းတွင်တော့ မယုံကြည်နိုင်သေးချေ။ သို့သော်ငြားလည်း မောက်ဟွေ့ကျူးက စိတ်အားထက်သန်နေပြီး ဆက်ကစားချင်နေသည်ကို မြင်လိုက်ရသည်တွင် သူက တွေဝေမနေဘဲ ချက်ချင်း ပြောလိုက်တော့သည်။ “နင်တော့သွားပြီ” သူက မောက်ဟွေ့ကျူးကို ရေသေနတ်ဖြင့်ချိန်ထားလိုက်ကာ သူမကို စတင်ဆူဆဲတော့သည်။

မောက်ဟွေ့ကျူးကလည်း အကြောမခံချေ။ ကလေး(၂)ယောက်သည် ချက်ချင်းဆိုသလို စတင်ဆူညံလာတော့သည်။

ခုနတုန်းက စိတ်နှင့်ကိုယ် မကပ်ဖြစ်သွားသည့် ရှောင်ဖုန်းသည် ကလေး(၂)ယောက်က ၀မ်းသာအားရ ကစားနေသည်ကို မြင်လိုက်ရချိန်တွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်၏။ ထို့နောက်တွင် သူကလည်း ခြေထောက်တိုတိုလေးများဖြင့် ကလေး(၂)ယောက်နောက်က လိုက်ပြေးသွားကာ ရေသေနတ်ကိုကိုင်ပြီး သစ်ပင်နှင့်နံရံများကို ပစ်ဆော့ရင်း အလွန်မှပျော်ရွှင်နေလေသည်။

နဉ်ရှောက်ယွင်က ရယ်မောလိုက်၏။ “ရှောင်ဖုန်းက ဒီလိုကြမ်းကြမ်းတမ်းတမ်း ကစားနည်းမျိုးနဲ့ မသင့်တော်ဘူးပဲ”

“ဟားဟား ဘာဖြစ်လို့လဲဆိုတော့ သူကကုစားပေးတဲ့ နတ်သားလေးတစ်ယောက်လေ”

ရှမြန်သည် တက်တက်ကြွကြွ ကစားနေကြသည့် ကလေး(၃)ယောက်၏ ကျောပြင်ကိုကြည့်လိုက်ပြီး ရုတ်တရက် စိတ်အေးသလို ခံစားလိုက်ရ၏။ ဒါက သူတို့ အသက်ရှင်နေထိုင်ရမည့် နေရာဖြစ်လာလိမ့်မည်။

ယခုတော့ ဖြေရှင်းရန်ကျန်သည့် ကိစ္စတစ်ခုမှာ မျက်နှာချင်းဆိုင်က ခြံဝင်းသာဖြစ်တော့သည်။

နေ့လယ်စာ စားပြီးနောက်တွင် နဥ်ရှောက်ပိုင်က ကျိုးချန်ချန်နေခဲ့သည့် မျက်နှာချင်းဆိုင်က ခြံဝင်းကို ဝယ်ရန် သူမကို ကူညီပေးမည်ဟု သီးသန့်လာပြောလေသည်။ သူက သူ လုပ်ချင်သည်မှန်သမျှကို အကုန်လုပ်နိုင်သည်ပဲ။

ဟုတ်ပါသည်။ နဂိုကလည်း ဒီလိုစကားအခံရှိထားသည်ပဲ။ “ကြီးသူကို ရိုသေပြီး ငယ်သူကိုလေးစားတတ်တဲ့ နတ်သမီးလေးက မနက်ဖြန်ကျရင် လူကြီးတစ်ယောက်ကို ကြမ်းကြမ်းတမ်းတမ်း အနိုင်ကျင့်မှာတော့ မဟုတ်ပါဘူး။ နောက်ဆုံး သူတို့ရဲ့အိမ်ကို ဝယ်ရဦးမှာ မဟုတ်လား”

ရှမြန်သည် စုတ်သပ်လိုက်ပြီး ခေါင်းခါလိုက်၏။

ငါ့မှာတော့ ဒီလောက်ကောင်းမွန်တဲ့ နားလည်နိုင်စွမ်း ရှိနေတဲ့ဟာကို နဥ်ရှောက်ပိုင်ကတော့ အရမ်းကို အကျင့်ပုပ်တာပါပဲ။

...

All Chapters