← Chapters

အခန်း (၁၆၀၆-၁၆၀၈)

Vol. 108 Ch. 1606-1608

အခန်း (၁၆၀၆-၁၆၀၈)

Vol. 108 Ch. 1606-1608

အဆတစ်ရာစနစ် စာစဥ်(၁၀၈)

အခန်း(၁၆၀၆)

"ကျန်းချန်က ကိုယ်ခံပညာဥပဒေသရဲ့ မူလစွမ်းအားကို ရင်ဆိုင်နိုင်ပါ့မလား"

သူ၏ရှေ့မှ မြင်ကွင်းကို မြင်လျှင် လျှိုထျန်းရှင်း၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ လေးနက်သွားခဲ့သည်။

ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားကို နားလည်သူများအား ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားဟု ခေါ်ဆိုကြသည်။

သူကဲ့သို့သော အဆင့်မြင့် ပကတိနတ်ဘုရား တစ်ဦးပင်လျှင် ကိုယ်ခံပညာ ဥပဒေသ၏ မူလစွမ်းအားအောက်တွင် လုံးဝ ခုခံနိုင်စွမ်း မရှိပေ။

ကျန်းချန်က တိုက်ခိုက်ရေးစွမ်းရည်တွင် တုန်လှုပ်ဖွယ်ရာကောင်းပြီး ဥပဒေသ ၆မျိုးကို ကျင့်ကြံထားသူ ဖြစ်သော်လည်း ကျင့်ကြံခြင်းအဆင့်သည် အလွန်တရာ နိမ့်ကျနေခဲ့၏။

"ဟားဟား.. ဒါက ကိုယ်ခံပညာဥပဒေသရဲ့ မူလစွမ်းအားလေးပါပဲ.. ဒီလောက်နဲ့ ငါ့ကို သတ်ဖို့တော့ မလုံလောက်သေးဘူး.. ဒီကမ္ဘာမှာ ကိုယ်ခံပညာဥပဒေသရဲ့ မူလစွမ်းအားကို နားလည်နိုင်တာ မင်းတစ်ယောက်တည်း မဟုတ်ဘူး"

ကျန်းချန်က မထီမဲ့မြင် ရေရွတ်လိုက်ပြီး ဓားဥပဒေသ၏ မူလစွမ်းအားကို အထူးပြုကာ ဥပဒေသ၆မျိုး၏ စွမ်းအားကို တိုက်ရိုက်ပင် ပေါင်းစည်းလိုက်သည်။

ယင်းနောက်တွင် ဥပဒေသ၆မျိုး၏ စွမ်းအားသည် ၆‌ရောင်ခြယ် ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လေထုကို ထိုးဖောက်သွားခဲ့သည်။

၆‌ရောင်ခြယ်ဓားအလင်းနှင့် ရေခဲဓားအလင်း တို့သည် လေထဲတွင် ထိပ်တိုက် ရင်ဆိုင်ခဲ့ကြရာ ရေခဲဓားအလင်းကြောင့် အေးခဲထားသော နေရာလွတ်သည် ၆‌ရောင်ခြယ် ဓားအလင်း၏ ဖောက်ထွင်းခြင်းကို ခံလိုက်ရပြီး အဆုံးမဲ့ ရေခဲအပိုင်းအစများ အဖြစ်သို့ ပြောင်းလဲကာ ခန်းမထဲတွင် ပြန့်ကျဲသွားခဲ့သည်။

"မင်း.. မင်းက တကယ်ပဲ ဓားဥပဒေသရဲ့ မူလစွမ်းအားကို နားလည်ထားတယ်လား.. ဒါ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ကျန်းချန်က ဓားဥပဒေသ မူလစွမ်းအားဖြင့် သူ၏ ရေခဲဥပဒေသ မူလစွမ်းအားကို ချေဖျက်လိုက်သည်အား မြင်လျှင် ယောင်ဟုန်ရှန်သည် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ သူ့မျက်လုံးကိုပင် မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။

ကျန်းချန်က ဓားဥပဒေသ၏ မူလစွမ်းအား ၁၀ရာခိုင်နှုန်းကိုသာ နားလည်ထားသော်လည်း ယင်းမှာ စစ်မှန်သော ဓားဥပဒေသ မူလစွမ်းအား ဖြစ်သည်။

"အလယ်အလတ် ပကတိနတ်ဘုရား ကျင့်ကြံခြင်းအဆင့်နဲ့ ဓားဥပဒေသရဲ့ မူလစွမ်းအားကို နားလည်ထားတယ်လား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ညီနောင်ကျန်းချန်က တကယ်ပဲ ဓားဥပဒေသရဲ့ မူလစွမ်းအားကို နားလည်သွားခဲ့ပြီလား"

ထိုမြင်ကွင်းကို တအံ့တသြ စူးစိုက်ကြည့်ရင်း လျှိုထျန်းရှင်းသည် အချိန်အတော်ကြာအောင် အံ့သြမှင်တက်နေခဲ့သည်။

ကိုယ်ခံပညာဥပဒေသ၏ မူလစွမ်းအားကို နားလည်ရန်မှာ မည်မျှခက်ခဲမှန်း သူကောင်းစွာသိသည်။

"မင်းက အလယ်အလတ် ပကတိနတ်ဘုရားအဆင့်မှာတင် ဓားဥပဒေသရဲ့ မူလစွမ်းအားကို နားလည်ထားတဲ့ အနှိုင်းမဲ့ ပါရမီရှင်တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"

ယောင်ဟုန်ရှန်က သူ၏ စိတ်နှလုံးထဲမှ ကြောက်လန့်မှုကို ထိန်းချုပ်လိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

"ငါသိသလောက်တော့ နယ်မြေ၄ခုမှာ မင်းလိုပါရမီရှင်မျိုး ရှိမနေဘူး.. မင်းက ရှေးဟောင်းနဂါးမျိုးနွယ်စုက မဟုတ်လား"

"ငါဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး"

ကျန်းချန်က အရေးမစိုက်သော အမူအရာဖြင့် ပြောလိုက်သည်။

"နောက်ဆုံးအနေနဲ့ မင်းကို ရွေးချယ်ခွင့်ပေးမယ်.. ကိုယ့်ဘာသာကိုယ် ထွက်သွားမလား ဒါမှမဟုတ် ဒီမှာနေပြီး အသေခံမလား"

"မင်းက တကယ်ပဲ သန်မာပါတယ်.. ဒါပေမဲ့ ဒီနေရာက ရတနာတွေအားလုံးကို မင်းတစ်ယောက်တည်း သိမ်းပိုက်ချင်တာကတော့ နည်းနည်း လွန်လွန်းတယ်လို့ မထင်ဘူးလား"

ထိုစကားကိုပြောရင်း ယောင်ဟုန်ရှန်၏ မျက်နှာအမူအရာသည် အနည်းငယ်‌ လေးနက်သွားခဲ့သည်။

"ဒီက ရတနာတွေကို အညီအမျှ ခွဲဝေကြရအောင်.. မဟုတ်ရင် ငါတို့နှစ်ယောက်လုံး ကြီးလေးတဲ့အဖိုးအခကို ပေးဆပ်ပြီးမှပဲ ရနိုင်လိမ့်မယ်"

"ကောင်းပြီလေ.. ဒါဆို နယ်မြေနတ်ဘုရား သလင်းကျောက်နဲ့သစ်ကိုင်းခတ်ကို ငါယူမယ်.. ကျန်တဲ့ နှစ်ခုကိုတော့ မင်းယူလိုက်.. ဒီလိုမှမဟုတ်ရင် ဆက်ဆွေးနွေးစရာမလိုတော့ဘူး"

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

"မင်းက လောဘ အတော်ကြီးတာပဲ"

ယောင်ဟုန်ရှန်က အေးစက်စက် ပြောလိုက်သည်။

နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရား သေဆုံးသွားပြီးနောက်တွင် ကျန်ရစ်ခဲ့သော အဆီအနှစ် ဖြစ်၍ ဤခန်းမထဲတွင် အဖိုးတန်ဆုံးအရာ ဖြစ်သည်။

ကျန်းချန်က အဖိုးအတန်ဆုံး ပစ္စည်းနှစ်ခုကို ရွေးချယ်လိုက်ရာ ယောင်ဟုန်ရှန်သည် မည်ကဲ့သို့ ကျေနပ်နိုင်ပါမည်နည်း။

"မင်းကို ရတနာနှစ်ခု ပေးတာက ငါ့ရဲ့ နောက်ဆုံး လိုက်လျောခြင်းပဲ"

ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။

"မင်းသဘောမတူရင် ငါတို့ ဆက်ပြီး တိုက်ခိုက်ကြတာပေါ့"

"ဟမ့်.. မင်းကို ငါက ကြောက်နေတယ်များ ထင်နေလား"

ယောင်ဟုန်ရှန်က အေးစက်စက် ကြုံးဝါးလိုက်သည်။

ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ အေးစက်စက် အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်တို့နှစ်ဦး ထပ်မံ တိုက်ခိုက်တော့မည့် အချိန်မှာပင် ခန်းမထဲတွင် ရယ်သံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ဟားဟား ဒီနေရာမှာ နယ်မြေနတ်ဘုရား သလင်းကျောက် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. မင်းတို့နှစ်ယောက်က အငြင်းပွားနေမှတော့ ဒီက ရတနာတွေအားလုံးကို ငါပဲ ယူလိုက်တော့မယ်"

စကားသံဆုံးသည်နှင့် အနီရောင်ပုံရိပ် တစ်ခုသည် ခန်းမ၏ ဝင်ပေါက်ကနေ ရုတ်တရက် ပြေးဝင်လာခဲ့သည်။

ထိုအနီရောင်ပုံရိပ်က လုံးဝပင် တုံ့ဆိုင်းမနေဘဲ မျက်တောင်တစ်ခတ်အတွင်း စင်အနားသို့ ရောက်ရှိလာခဲ့ပြီး အရှင်ဝူရှန့်၏ ရုပ်ကြွင်း ခန္ဓာကိုယ်ကို ဆုပ်ကိုင်လိုက်သည်။

"ရပ်လိုက်စမ်း"

ရုတ်တရက် ထွက်ပေါ်လာသော မြင်ကွင်းကြောင့် ကျန်းချန်တို့နှစ်ဦး၏ အမူအရာသည် အပြင်းအထန် ပြောင်းလဲသွားခဲ့သည်။

သို့သော်လည်း ဤအချိန်တွင် သူတို့နှစ်ဦးအနေဖြင့် အနီရောင်ပုံရိပ်ကို ဟန့်တားရန် အချိန်မရှိတော့၍ အနီရောင်ပုံရိပ်က အရှင် ဝူရှန့်၏ ခန္ဓာကိုယ် ရုပ်ကြွင်းအား ယူနေသည်ကို ငေးကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

"ညီနောင်လျှို.. ခန်းမထဲက မြန်မြန်ထွက်တော့"

အနီရောင်ပုံရိပ်က စင်ပေါ်ရှိ တားမြစ် အစီအရင်ကို ဖြစ်ပေါ်စေတော့မည်အား မြင်လျှင် ကျန်းချန်သည် အထိတ်တလန့် အော်ဟစ် သတိပေးလိုက်ပြီး ကိုယ်တိုင်လည်း ခန်းမတံခါးဝ ရှိရာသို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။

အခန်း(၁၆၀၆) ပြီး၏။

အခန်း(၁၆၀၇)

ကျန်းချန်၏ သတိပေးသံကိုကြားလျှင် လျှိုထျန်းရှင်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သို့သော်လည်း ကျန်းချန်က ခန်းမ၏ ဝင်ပေါက်ဆီသို့ အရူးအမူး ထွက်ပြေးသွားသည်ကိုမြင်လျှင် သူသည်လည်း တုံ့ဆိုင်းမနေတော့ဘဲ အားကုန်ထုတ်ကာ ခန်းမ၏ ဝင်ပေါက်ဆီသို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။

ကျန်းချန်နှင့် အခြားနှစ်ဦး ခန်းမ၏ ဝင်ပေါက်ဆီသို့ အသားကုန် ထွက်ပြေးနေသောအချိန်မှာပင် အနီရောင်ပုံရိပ်၏ လက်တစ်ဖက်သည် အရှင်ဝူရှန့်၏ ခန္ဓာကိုယ်ရုပ်ကြွင်းကို ဆုပ်ကိုင်လိုက်သည်။

ထိုခဏမှာပင် ကြောက်မက်ဖွယ် စွမ်းအားတစ်ခုသည် အနီရောင်ပုံရိပ်၏ လက်ပေါ်သို့ သက်ရောက်လာခဲ့ပြီး အနီရောင်ပုံရိပ်၏ လက်ဖဝါးကို ပြင်းထန်သော နာကျင်မှုအား ဖြစ်ပေါ်စေခဲ့သည်။

အနီရောင်ပုံရိပ်က အတော်လေး ထိတ်လန့်သွားခဲ့၏။

သူ သတိမပြုမိခင်မှာပင် သူ၏ လက်မှ အနီရောင် သွေးစက်တစ်စက်သည် သူ၏ရှေ့ရှိ အရှင်ဝူရှန့်၏ ခန္ဓာကိုယ်ရုပ်ကြွင်းထဲသို့ တိတ်တဆိတ် ထိုးဖောက် ဝင်ရောက်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် မကောင်းသော ခံစားချက် တစ်ခုသည် အနီရောင်ပုံရိပ်၏ စိတ်နှလုံးထဲကို ဝင်ရောက်လာခဲ့၏။

"မကောင်းတော့ဘူး"

အနီရောင်ပုံရိပ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး လျှပ်စီးကဲ့သို့ လျင်မြန်စွာဖြင့် နောက်သို့ အလျင်အမြန် ခုန်ဆုတ်လိုက်သည်။

သို့သော် သူနောက်ဆုတ်လိုက်သည့် ခဏမှာပင် အရှင်ဝူရှန့်၏ ခန္ဓာကိုယ် ရုပ်ကြွင်းသည် အနည်းငယ် တုန်ခါသွားခဲ့ပြီး မျက်လုံးအိမ်တွင် သွေးနီရောင်အလင်းများ တဖျပ်ဖျပ် လင်းလက်သွားခဲ့သည်။

"သေစမ်း"

ကြောက်မက်ဖွယ် ကြုံးဝါးလိုက်သော အသံတစ်သံသည် ခန်းမထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထို့အပြင် အရှင်ဝူရှန့်၏ ခန္ဓာကိုယ်ရုပ်ကြွင်းထံကနေ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖိအား ထွက်ပေါ်လာခဲ့ပြီး ခန်းမတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။

ဤအချိန်တွင် အနီးအနားရှိ ယောင်ဟုန်ရှန်သည် ထိုကြောက်မက်ဖွယ်ကောင်းသော ဖိအားအောက်တွင် အသက်ရှူကြပ်သလိုပင် ခံစားလိုက်ရ၏။

ယောင်ဟုန်ရှန်က အတော်လေး ထိတ်လန့်သွားခဲ့ပြီး တုံ့ဆိုင်းမနေတော့ဘဲ ထိတ်လန့်တကြားဖြင့် ခန်းမ၏ ဝင်ပေါက်ဆီသို့ အလျင်အမြန်ပင် ပြေးထွက်သွားခဲ့သည်။

အားလုံး ထိတ်လန့်တကြား ထွက်ပြေးနေသော အချိန်မှာပင် အရှင်ဝူရှန့်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သွေးရောင်မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ခန်းမထဲတွင် ပျံ့နှံ့သွားခဲ့သည်။

မီးလျှံများက အလွန်လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အနီးဆုံးတွင် ရှိသော အနီရောင်ပုံရိပ်ကို လိုက်မီသွားခဲ့သည်။

အနီရောင်ပုံရိပ်က ချက်ချင်းဆိုသလိုပင် လက်ဟန်များကို ထုတ်ဖော်လိုက်ရာ သူ၏ခန္ဓာကိုယ်ကနေ တောက်ပသော အနီရောင် အလင်းများ ထွက်ပေါ်လာခဲ့ပြီး အနီရောင်အလင်း အကာအကွယ်အဖြစ်သို့ ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ်ကို ကာကွယ်၍ မီးလျှံများကို ပိတ်ဆို့လိုက်သည်။

ဤသို့ဖြင့် မီးလျှံများသည် အနီရောင်ပုံရိပ်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ကာရံထားသော အနီရောင်အကာအကွယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

အနီရောင်ပုံရိပ်က အနီရောင် အကာအကွယ်ကို အားကိုး၍ မီးလျှံများကို တားဆီးလိုက်ပြီးနောက်တွင် ထိတ်လန့်တကြားဖြင့် ခန်းမ၏ ဝင်ပေါက်ဆီသို့ အလျင်အမြန် ဆုတ်ခွာသွားခဲ့သည်။

သို့‌သော်လည်း ခန်းမသို့ မရောက်မီမှာပင် ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ကာရံထားသော အနီရောင်အကာအကွယ်သည် မီးလျှံများ၏ ရိုက်ခတ်မှုအောက်တွင် လေထဲ၌ ပျောက်ကွယ်သွားခဲ့သည်။

အကာအကွယ် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် အနီရောင်ပုံရိပ်၏ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်ယင်သွားခဲ့ပြီး မျက်နှာတစ်ခုလုံးသည် ရုတ်တရက် ဖြူဖျော့သွားခဲ့သည်။

သူက ချက်ချင်းဆိုသလိုပင် ကျောက်စိမ်း တံဆိပ်ပြား တစ်ခုကို အလျင်အမြန် ထုတ်ယူကာ ခြေမွလိုက်၏။

မကြာမီမှာပင် တောက်ပသော ရွှေရောင်အလင်းတန်း တစ်ခုသည် ကျောက်စိမ်းတံဆိပ်ပြားထဲကနေ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်လက်ဝါး အဖြစ်သို့ ပြောင်းလဲသွားကာ မီးလျှံများကို တိုက်ခိုက်လိုက်သည်။

"ဝုန်း.."

ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲသံသည် အဆုံးမရှိ ပဲ့တင်ထပ်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအင်လှိုင်းသည် ခန်းမတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။

အနီရောင်ပုံရိပ်က နောက်ပြန် လွင့်စင်သွားခဲ့ပြီး အဖျက်စွမ်းအင် လေလှိုင်း၏ ရိုက်ခတ်မှုအောက်တွင် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ခန်းမ၏ အပြင်ဘက်သို့ လွင့်စင်သွားခဲ့၏။

ထိုအချိန်တွင် ယောင်ဟုန်ရှန်သည် သူ၏ အမြန်နှုန်းကို အဆုံးစွန်အထိ မြှင့်တင်လိုက်ပြီး ခန်းမထဲမှ အဖျက်စွမ်းအင်မုန်တိုင်းကို ခုခံကာ ခန်းမအပြင်ကို ပြေးထွက်လာခဲ့သည်။

ပိုင်ယွင်နန်းတော်မှ အခြား တပည့်တစ်ဦးကမူ ထွက်ပြေးရန် အချိန် မရှိတော့၍ မီးလျှံများအောက်မှာပင် အစအနပင် မကျန်ရှိတော့ဘဲ ပျောက်ကွယ်သွားခဲ့သည်။

ခန်းမထဲကနေ ဦးစွာ ထွက်ပြေးခဲ့ကြသော ကျန်းချန်နှင့်လျှိုထျန်းရှင်းတို့သည် ထိခိုက်မှု အနည်းငယ်သာ ရှိခဲ့၏။

သို့သော်လည်း ထိုသို့ ထိခိုက်မှု သိပ်မရှိသည့်တိုင် လျှိုထျန်းရှင်း၏ မျက်နှာသည် ဖြူဖျော့နေခဲ့ပြီး အတော်လေး ထိတ်လန့်တုန်လှုပ်နေခဲ့သည်။

"ဒီလောက် ကြောက်ဖို့ကောင်းတဲ့ တားမြစ်အစီအရင် ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

ယောင်ဟုန်ရှန်က သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်ပြီးနောက်တွင် ခန်းမထဲကနေ ဆက်တိုက် ပျံ့နှံ့လာသော ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းကို ကြည့်ကာ ထိတ်လန့်နေခဲ့သည်။

သူက သွေးအလိမ်းလိမ်း ဖြစ်နေသော အနီရောင်ဝတ်စုံဝတ် လူငယ်ကို ကြည့်လိုက်ရာ အတော်လေး ထိခိုက် ဒဏ်ရာရထားသည်ကို တွေ့ခဲ့ရသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ယောင်ဟုန်ရှန်သည် အလွန်အမင်းတုန်လှုပ်သွားခဲ့၏။

ကျန်းချန်သာ သူ့ကို မတားမြစ်ခဲ့လျှင် သူသည် တားမြစ်အစီအရင်ကို လှုံ့ဆော်ခဲ့သူ ဖြစ်နိုင်ခြေ အလွန်များသည် မဟုတ်ပါလော။

"အစ်ကိုကျွမ်း.. ဒါဘယ်လိုဖြစ်ရတာလဲ"

လူတိုင်းက ခန်းမထဲရှိ အခြေအနေကို အကဲခတ်နေစဥ်မှာပင် တအံ့တသြ ရေရွတ်လိုက်သော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ညီနောင်ကျန်းချန်.. ယန်ကွမ် ရောက်လာပြီ.. ကျွမ်းရှန့်ယန်ကို သူခေါ်လိုက်တာ ဖြစ်ရမယ်"

လျှိုထျန်းရှင်းက အသံထွက်ပေါ်လာရာ ဆီသို့ ကြည့်ကာ ကျန်းချန်ကို ပြောလိုက်သည်။

အစောပိုင်းက အပြင်းအထန် ထိခိုက်ဒဏ်ရာရသွားခဲ့သော အနီရောင်ဝတ်စုံဝတ် လူငယ်သည် နဂါးအစောင့်အရှောက်များထဲတွင် ဒုတိယနေရာ၌ ရှိသည့် ကျွမ်းရှန့်ယန် ဖြစ်သည်။

ကျန်းချန်က အနည်းငယ် မျက်မှောင်ကြုတ်၍ ယန်ကွမ်နှင့် ကျွမ်းရှန့်ယန် တို့ကို ကြည့်လိုက်သည်။

ယန်ကွမ်က ကျွမ်းရှန့်ယန်ကို ဤနေရာသို့ ခေါ်လိုက်ပြီး ကျွမ်းရှန့်ယန်၏ ခွန်အားဖြင့် သူ့ကို ကိုင်တွယ်လိုခြင်း ဖြစ်ပုံရ၏။

"ဟမ့်.. မင်းက ငါ ယောင်ဟုန်ရှန်ရဲ့ ရှေ့မှာတောင် ငါယောင်ဟုန်ရှန်ရဲ့ပစ္စည်းကို လုရဲတယ်"

ယောင်ဟုန်ရှန်က သတိပြန်ဝင်လာပြီးနောက်တွင် ကျွမ်းရှန့်ယန်ကို စူးစိုက်ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ ဖုံးလွှမ်းနေခဲ့၏။

"ကျန်းချန်.. မင်းနဲ့ငါက တစ်ဖွဲ့တည်းပဲဆိုတော့ ဒီကောင့်ကို ရှင်းပစ်ဖို့ မင်းနဲ့ငါ ပူးပေါင်းကြမလား"

ထိုစကားကိုကြားလျှင် ကျွမ်းရှန့်ယန်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ဘယ်လိုလဲ ကျန်းချန်.. မင်းနဲ့ငါပူးပေါင်းပြီ ဒီကောင့်ကို သတ်လိုက်မယ်.. ပြီးရင် ရတနာတွေကို အညီအမျှ ခွဲဝေယူကြတာပေါ့"

"ဒီနှစ်ယောက်က ရှေးဟောင်းနဂါးမျိုးနွယ်စုကလား"

ကျွမ်းရှန့်ယန်၏ ကျန်းချန်အပေါ် စည်းရုံးသော စကားကို ကြားလျှင် ယောင်ဟုန်ရှန်၏ မျက်နှာ အမူအရာသည် ပြင်းထန်စွာ ပြောင်းလဲသွားခဲ့သည်။

"မိတ်ဆွေ.. မင်းသူ့ကိုမယုံနဲ့.. ဒီလူက မင်းနဲ့ တစ်ဖွဲ့တည်းသားချင်းဖြစ်ပေမဲ့ အမှောင်ထဲမှာ ပုန်းအောင်းနေခဲ့တယ်.. သူက မင်းကို ကူညီဖို့ ဆန္ဒမရှိတဲ့အပြင် ငါတို့နှစ်ယောက် တိုက်ခိုက်နေတဲ့ အချိန်မှာတောင် ရတနာကို သိမ်းပိုက်ဖို့ အခွင့်အရေး ယူခဲ့တယ်.. ဒီကောင်က လုံးဝမရိုးသားဘူး.. မင်းသာ ငါနဲ့ ပူးပေါင်းမယ်ဆိုရင် နယ်မြေနတ်ဘုရားသလင်းကျောက်နဲ့ သစ်ကိုင်းခက်က မင်းအပိုင် ဖြစ်စေရမယ်.. ဘယ်လိုသဘောရလဲ"

ယောင်ဟုန်ရှန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။

"စိတ်မကောင်းပါဘူး အဲဒါအရင်ကပဲ.. အခုတော့ ဒီက ရတနာအားလုံးကို ငါလိုချင်တယ်"

ကျန်းချန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

သူက ယန်ကွမ်၏ လျှို့ဝှက် အကြံအစည်ကို တားဆီးရန်အတွက် အစောပိုင်းက ယောင်ဟုန်ရှန်နှင့် အပေးအယူလုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် ကျွမ်းရှန့်ယန်သည် ခန်းမထဲရှိ နယ်မြေနတ်ဘုရား ခန္ဓာကိုယ်ရုပ်ကြွင်းကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိသွားပြီ ဖြစ်သည်။

ထို့အတူ‌ယောင်ဟုန်ရှန်သည်လည်း ပြင်းထန်သော ဒဏ်ရာများကို ရရှိထားခဲ့၏။

ထို့ကြောင့် ယခုအချိန်တွင် ထိုနှစ်ဦး ပူးပေါင်း၍ တိုက်ခိုက်လာလျှင်ပင် ကျန်းချန်သည် ကြောက်ရွံ့နေမည် မဟုတ်တော့ပေ။

အခန်း(၁၆၀၇)ပြီး၏။

အခန်း(၁၆၀၈)

"မင်းသိပ်ပြီး အနိုင်မကျင့်နဲ့"

ယောင်ဟုန်ရှန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူ၏မျက်နှာက ချက်ချင်းဆိုသလို အလွန်တရာ အကျည်းတန်လာခဲ့သည်။

"ငါက မင်းကို အနိုင်ကျင့်တော့ရော မင်းဘာလုပ်နိုင်မှာမို့လဲ"

ကျန်းချန်က အေးစက်စက် ရယ်မောလိုက်သည်။

သူက ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို အထူးပြုကာ ကိုယ်ခံပညာ ဥပဒေသ ၇မျိုးကို ပေါင်းစပ်လိုက်ရာ အရောင်၇မျိုး တောက်ပနေသော ရှေးဟောင်း ဓားတစ်လက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ လက်ထဲသို့ ရောက်ရှိလာခဲ့သည်။

ထို့‌နောက်တွင် ကျန်းချန်က ရှေးဟောင်းဓားကို ဝှေ့ယမ်းလိုက်ရာ ၇ရောင်ခြယ် ဓားအလင်းသည် ဓားထိပ်ကနေ ထွက်ပေါ်လာခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် ယောင်ဟုန်ရှန်ဆီသို့ သက်ရောက်လာခဲ့သည်။

ယောင်ဟုန်ရှန်က ကျန်းချန်၏ ဓားအလင်းတွင် ပါဝင်နေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ခံစားမိလျှင် ထိတ်လန့်သွားခဲ့သည်။

"ပျက်စီးစမ်း"

ယောင်ဟုန်ရှန်က ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ရေခဲလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ထုတ်ဖော်ကာ အအေးဓာတ်စွမ်းအင်ကို ထုတ်လွှတ်နေသော ရေခဲနဂါးအဖြစ်သို့ ပြောင်းလဲလိုက်ပြီး ၇ရောင်ခြယ်ဓားအလင်းကို ရင်ဆိုင်လိုက်သည်။

သို့သော်လည်း ကျန်းချန်၏ ကိုယ်ခံပညာ ဥပဒေသ ပေါင်းစပ်စွမ်းအားတွင် ဓားလမ်းစဥ်၏ မူလစွမ်းအားကိုပါ ပေါင်းစပ်ထားသောကြောင့် ယောင်ဟုန်ရှန်၏ အထွတ်အထိပ်အခြေအနေတွင်ပင် အလွယ်တကူ ခုခံနိုင်လိမ့်မည် မဟုတ်ပေ။

"ဝုန်း.."

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်တွင် ၇ရောင်ခြယ်ဓားအလင်းသည် မီတာ၃၀ ရှည်လျားသော ရေခဲနဂါးကို အလွယ်တကူပင် ထိုးဖောက်ကာ ကျိုးပျက်သွားစေခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ယောင်ဟုန်ရှန်၏ မျက်လုံးများသည် ပြုးကျယ်သွားခဲ့သည်။

သူက မီတာ၃၀အထိ နောက်သို့ဆုတ်လိုက်ပြီး ၇ရောင်ခြယ်ဓားအလင်း၏ စွမ်းအားကို ရှောင်ရှားနိုင်ခဲ့သည်။

သို့သော်လည်း ကျန်းချန်သည် ယောင်ဟုန်ရှန်ကို အသက်ရှူရန်ပင် အခွင့်အရေးမပေးဘဲ သူ၏လက်ထဲမှ ရှေးဟောင်းဓားကို နောက်ထပ် ဝှေ့ယမ်းလိုက်ရာ ၇ရောင်ခြယ်ဓားအလင်းသည် ယောင်ဟုန်ရှန်ဆီသို့ ချက်ချင်းဆိုသလို သက်ရောက်သွားခဲ့၏။

"အစ်ကိုကျွမ်း ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ"

သူ့ရှေ့မှမြင်ကွင်းကိုကြည့်ရင်း ယန်ကွမ်၏ မျက်ဝန်းထဲတွင် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအင်က ကောင်းကင်ကိုပင် ဆန့်ကျင်နေမှန်း ယန်ကွမ် သိထားသော်လည်း ယောင်ဟုန်ရှန်ကဲ့သို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အဆင့်ကိုပင် အနိုင်ယူနိုင်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျွမ်းရှန့်ယန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏မျက်ဝန်းတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။

"ငါတို့နှစ်ယောက် လက်တွဲပြီး ကျန်းချန်ကို ရှင်းလိုက်ကြစို့"

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ မဝင်ရောက်မီ သူ၏ ဆရာသည် ကမ္ဘာ့စွမ်းအားကို ပြန်လည် ထူထောင်နိုင်စေမည့် ရတနာအား ကျန်းချန် မရရှိအောင် လုပ်ဆောင်ရန် သူ့ကို အမိန့်ပေးခဲ့သည်။

ထို့ကြောင့်ပင် ယန်ကွမ်က သူ့ကို ဆက်သွယ်လာသောအခါ ချက်ချင်းဆိုသလို အပြေးလာခဲ့ခြင်း ဖြစ်၏။

ကျွမ်းရှန့်ယန်သည် သူ့ကိုသူ ကာကွယ်ရန်အတွက် ကျောက်စိမ်း တံဆိပ်ပြားကို အသုံးပြုခဲ့ရသည့် အပြင် ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ရာ တိုက်ခိုက်ရေး စွမ်းရည်သည်လည်း တစ်ဝက်ခန့် ကျဆင်းသွားခဲ့သည်။

"ယန်ကွမ် မင်းက လျှိုထျန်းရှင်းကို ကိုင်တွယ်ဖို့ တာဝန်ယူလိုက် မင်းသူ့ကို မသတ်နိုင်ရင်တောင် ခဏတော့ ထိန်းထားနိုင်မှဖြစ်မယ် သူ့ကို ထွက်သွားခွင့် လုံးဝ ပေးလို့မဖြစ်ဘူး"

စကားဆုံးသည်နှင့် ကျွမ်းရှန့်ယန်က သူ၏ ခန္ဓာကိုယ် အတွင်းမှ ဒဏ်ရာများကို အတင်းအကျပ် ဖိနှိပ်လိုက်ကာ အနီရောင် အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲ၍ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

သူ၏နံဘေးရှိ ယန်ကွမ်ကလည်း ခွန်အားကို အစွမ်းကုန်မြှင့်တင်လိုက်ပြီး လျှိုထျန်းရှင်းကို ဝင်ရောက် တိုက်ခိုက်လိုက်သည်။

လျှိထျန်းရှင်းက သူ့ကို ရုတ်တရက် တိုက်ခိုက်လာသော ယန်ကွမ်ကို ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"ယန်ကွမ် မင်းက ကိုယ့်အချင်းချင်း တိုက်ခိုက်ရဲတယ်လား"

ယန်ကွမ်က လျှိုထျန်းရှင်း၏ စကားကို လျစ်လျူရှုထားလိုက်ပြီး လျှိုထျန်းရှင်းကို သတ်ပစ်ရန်ကိုသာ အာရုံစိုက်ခဲ့သည်။

ကျန်းချန်၏ ၇ရောင်ခြယ် ဓားအလင်းသည် ယောင်ဟုန်ရှန်၏ အကာအကွယ် အားလုံးကို တိုက်ရိုက်ပင် ချိုးဖျက်ပစ်လိုက်ပြီး ယောင်ဟုန်ရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

"အား.."

ယောင်ဟုန်ရှန်က နာကျင်စွာ အော်ဟစ်လိုက်၏။

သူ၏ ခန္ဓာကိုယ်က ကျန်းချန်၏ ဓားချက်ကြောင့် မီတာ၁၀၀၀ အကွာအဝေးအထိ လွင့်စင်သွားခဲ့ပြီး တောင်ငယ်လေးတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်။

"ဝုန်း.."

မီတာ၃၀ရှိသော တောင်ငယ်လေးသည် ယောင်ဟုန်ရှန်၏ ဝင်ဆောင့်မှုအောက်တွင် ချက်ချင်းဆိုသလို ပြိုလဲသွားခဲ့သည်။

ကျန်းချန်က တတိယမြောက် ဓားကွက်ကို ထုတ်ဖော်ကာ ယောင်ဟုန်ရှန်ကို ထပ်မံ တိုက်ခိုက်တော့မည့် အချိန်မှာပင် သူ၏ နောက်ကနေ ဆန်းကြယ်သော အနီရောင် မီးတောက်များ ထွက်ပေါ်လာခဲ့သည်။

ထိုအနီရောင်မီးတောက်များသည် မီတာ၁၀၀၀ အကျယ်ရှိသော မီးပင်လယ် အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ထိုမီးပင်လယ်ထဲမှ မီးတောက်များသည် ကြောက်မက်ဖွယ် အဖျက်စွမ်းအားများ အဖြစ် ကျန်းချန်ဆီသို့ အရှိန်အဟုန်ဖြင့် သက်ရောက်လာခဲ့သည်။

"ကျွမ်းရှန့်ယန်.. ဒီလောက်အထိ ဒဏ်ရာရထားတာတောင် ငါ့ကို တိုက်ခိုက်ရဲတယ်လား.. မင်းက ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ ငါမင်းဆန္ဒကို ဖြည့်ဆည်းပေးမယ်"

ကျန်းချန်၏ မျက်ဝန်းများက အေးစက်နေခဲ့သည်။

သူက လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်ရာ ၇ရောင်ခြယ်ဓားအလင်းသည် မီတာထောင်ချီ အကျယ်ရှိသော မီးပင်လယ်ကိုချက်ချင်းပင် ပိုင်းဖြတ်လိုက်ပြီး ကျွမ်းရှန့်ယန် ဆီသို့ သက်ရောက်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျွမ်းရှန့်ယန်၏ မျက်လုံးများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့၏။

သူက ချက်ချင်းဆိုသလို နတ်စွမ်းအားနှင့် ဥပဒေသစွမ်းအားများကို ထုတ်ဖော်ကာ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ဖန်တီး၍ ကျန်းချန်၏ ၇ရောင်ခြယ်ဓားအလင်းကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ကျွမ်းရှန့်ယန်သည် အစောပိုင်းက ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့၍ တိုက်ခိုက်ရေးစွမ်းရည်သည် ထက်ဝက်ခန့် ကျဆင်းနေခဲ့သည်။

ထိုအတွက်ကြောင့် ကျန်းချန်၏ ဓားစွမ်းအားကို ခုခံရန်မှာ သူ့အတွက် အလွန်တရာ ခက်ခဲနေခဲ့သည်။

"ဟေ့လူ ခင်ဗျား ကျုပ်ဘက်ကနေ ဝင်မတိုက်ဘူးလား.. ခင်ဗျား ဝင်မတိုက်ဘူးဆိုရင် ခင်ဗျားရော ကျုပ်ပါ အားလုံးသေဆုံးရလိမ့်မယ်"

ကျွမ်းရှန့်ယန်က ဒဏ်ရာ အပြင်းအထန် ရရှိနေသော ယောင်ဟုန်ရှန်ကို ‌အော်ဟစ် ပြောဆိုလိုက်သည်။

သို့သော်လည်း ယောင်ဟုန်ရှန်သည် ဆက်လက် တိုက်ခိုက်လိုစိတ် မရှိတော့ဘဲ ကောင်းကင်ယံသို့ ခုန်တက်ကာ ထွက်ပြေးသွားခဲ့သည်။

ဤမြင်ကွင်းကိုမြင်လျှင် ကျွမ်းရှန့်ယန်သည် ကြောက်လန့်သွားခဲ့သည်။

သူ၏မျက်နှာတစ်ခုလုံးသည် ရုတ်တရက် ဖြူဖျော့သွားခဲ့၏။

သူက ယောင်ဟုန်ရှန်နှင့် ပူးပေါင်းကာ ကျန်းချန်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သော်လည်း သေရေးရှင်ရေး အခြေအနေတွင် ယောင်ဟုန်ရှန်က ထွက်ပြေးသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတစ်ယောက်တည်းအားဖြင့် ကျန်းချန်၏ ပြိုင်ဘက် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။

ကျွမ်းရှန့်ယန်သည် အလွန်တရာ ထိတ်လန့်နေပြီး မျှော်လင့်ချက် မဲ့နေခဲ့သည်။

ဤသည်မှာ သေခြင်းတရား၏ ခြိမ်းခြောက်မှုကို သူ့အနေဖြင့် ပထမဆုံးအကြိမ် ခံစားရခြင်း ဆိုလည်းမမှားပေ။

အခန်း(၁၆၀၈)ပြီး၏။

All Chapters