← Chapters

အခန်း (၁၆၀၉-၁၆၁၁)

Vol. 108 Ch. 1609-1611

အခန်း (၁၆၀၉-၁၆၁၁)

Vol. 108 Ch. 1609-1611

အခန်း(၁၆၀၉)

သေခြင်းတရား၏ ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်ရသောအခါတွင် ကျွမ်းရှန့်ယန်သည် အဆုံးသတ်တွင် ဆောက်တည်ရာမရဖြစ်ကာ ထိတ်လန့်တကြား တောင်းပန်လိုက်သည်။

"ကျန်းချန် ရှေးဟောင်းနဂါးမျိုးနွယ်စုက တပည့်အချင်းချင်း သတ်ဖြတ်တာကို တားမြစ်ထားတယ်.. မင်းင့ါကို သတ်ဖြတ်ရင် ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်"

ထိုစကားကိုကြားလျှင် ကျန်းချန်က လှောင်ပြောင်စွာ ရယ်မောလိုက်သည်။

"မင်းက အခုမှ စည်းမျဥ်း စည်းကမ်းတွေကို သတိရနေတာလား.. မင်း ငါ့ကိုသတ်ဖြတ်ဖို့ ကြိုးစားတုန်းက ဘာလို့ အဲဒီစည်းမျဥ်းစည်းကမ်းတွေကို မတွေးမိရတာလဲ"

ရှေးဟောင်းနဂါး မျိုးနွယ်စုတွင် ထိုကဲ့သို့ စည်းမျဥ်းစည်းကမ်း ရှိသည်ကို ကျန်းချန်သိသည်။

သို့သော်လည်း ယန်ကွမ်နှင့် ကျွမ်းရှန့်ယန် တို့ကို ဤနေရာတွင် သတ်ပစ်လိုက်လျှင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ မည်သူမှ သိနိုင်မည်မဟုတ်ပေ။

ကျွမ်းရှန့်ယန်ကို သတ်ဖြတ်လိုက်ခြင်းဖြင့် နောင်လာမည့်ပြဿနာများကို ရှောင်ရှားနိုင်မည်ဟု သူဆုံးဖြတ်ခဲ့သည်။

ကျန်းချန်၏ မျက်ဝန်းတွင် အေးစက်သော အရှိန်အဝါများ လင်းလက်သွားခဲ့၏။

သူက လက်ထဲမှ ဓားကို ဖွင့်ကာ ၇ရောင်ခြယ် ဓားအလင်းဖြင့် ကျွမ်းရှန့်ယန်၏ ပကတိနတ်ဘုရား ကမ္ဘာငယ်လေးကို ခုတ်ပိုင်းလိုက်သည်။

"ဝုန်း.."

ပကတိနတ်ဘုရား ကမ္ဘာငယ်လေးက ပျက်စီးသွားခဲ့ပြီး နဂိုကတည်းက ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သော ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်သည် ပို၍ပင် ဒဏ်ရာရရှိသွားခဲ့ပြီး ပါးစပ်ကနေလည်း သွေးများက ရေပန်းကဲ့သို့ ထွက်လာခဲ့သည်။

ထို့နောက်တွင် ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် လေထဲတွင် မီတာထောင်ချီအကွာအဝေးအထိ နောက်ပြန် လွင့်စေသွားခဲ့၏။

ကျွမ်းရှန့်ယန်က လဲကျနေရာကနေ ထလိုက်ပြီးနောက်တွင် ဆေးလုံးတစ်လုံးကို ယူထုတ်၍ မျိုချလိုက်သည်။

ထို့နောက် ကျန်းချန် ဘက်သို့ လှည့်၍ပင် မကြည့်တော့ဘဲ အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

"ငါ့လက်ထဲကနေ ထွက်ပြေးချင်တယ်လား"

ကျန်းချန်က မထီတရီ ပြုံးလိုက်ပြီး လေထဲတွင် ခြေတစ်လှမ်း လှမ်းလိုက်ရာ ကျွမ်းရှန့်ယန်၏ ရှေ့သို့ တည်နေရာ ရွှေ့ပြောင်းလိုက်သကဲ့သို့ ရုတ်တရက် ရောက်ရှိလာခဲ့၏။

ကျွမ်းရှန့်ယန်က သူ၏ရှေ့တွင် ရှိနေသော ကျန်းချန်ကို မြင်လျှင် ရူးသွပ်ချင်စိတ်ပင် ပေါက်သွားခဲ့သည်။

သူက ကျန်းချန်ကို တိုက်ခိုက်ရန် လက်ကျန် ခွန်အားများဖြင့် ကြိုးစားလိုက်၏။

သို့သော်လည်း ကျွမ်းရှန့်ယန်၏ တိုက်ခိုက်မှုကို ကျန်းချန်က လုံးဝ အရေးမစိုက်ဘဲ ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်။

ကျန်းချန်၏ ဓားချက်က ကျွမ်းရှန့်ယန်၏ တိုက်ခိုက်မှုအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့ကာ ခန္ဓာကိုယ်ထဲရှိ အရိုးနှင့် အသားများကို စုတ်ပြတ်သတ်သွားစေခဲ့၏။

"ကျန်းချန် မင်းငါ့ကို သတ်လို့မဖြစ်ဘူး.. ငါ့ဆရာက ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ စတုတ္ထမြောက် အရှင်သခင်ဖြစ်တဲ့အပြင် ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားလည်း ဖြစ်တယ်.. မင်းငါ့ကို သတ်ရင် သူက မင်းကို လုံးဝ အလွှတ်ပေးမှာမဟုတ်ဘူး"

ကျွမ်းရှန့်ယန်က ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။

"တကယ်လား ဒီကမ္ဘာမှာ ငါမသတ်ရဲတဲ့သူ မရှိဘူး"

စကားဆုံးသည်နှင့် ကျန်းချန်က ကျွမ်းရှန့်ယန် ရှိနေသည့် လေထုရှိရာသို့ ရည်ရွယ်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။

ကျန်းချန်၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် ထိုနေရာရှိ နေရာလွတ်များသည် ဆက်တိုက်ဆိုသလို တွန့်လိမ်သွားခဲ့ပြီး ကျွမ်းရှန့်ယန်၏ ခန္ဓာကိုယ်ကို ကြေမွသွားစေခဲ့ကာ ဝိညာဥ်ကိုပင် ပျက်စီးသွားစေခဲ့သည်။

ဤသို့ဖြင့်ပင် ကျွမ်းရှန့်ယန်သည် ကျန်းချန်၏ ရှေ့မှာပင် ပြာမှုန် အဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့၏။

ကျွမ်းရှန့်ယန်ကို အလွယ်တကူ သုတ်သင်လိုက်ပြီးနောက်တွင် ကျန်းချန်သည် လျှိုထျန်းရှင်းနှင့် တိုက်ခိုက်နေသော ယန်ကွမ်ဆီသို့ ရောက်ရှိလာခဲ့သည်။

"ကျန်းချန်"

သူ၏ရှေ့တွင် ရုတ်တရက် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် ယန်ကွမ်၏ မျက်နှာထက်တွင် မျှော်လင့်ချက်မဲ့မှုနှင့် ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

သူက ကျန်းချန်နှင့် ကျွမ်းရှန့်ယန်တို့၏ တိုက်ပွဲကို မြင်တွေ့ခဲ့ရသည်။

ကျန်းချန်၏ ဓားကွက်နှစ်ကွက်ဖြင့် ယောင်ဟုန်ရှန် အပြင်းအထန် ထိခိုက်ဒဏ်ရာရကာ ထွက်ပြေးသွားသည်ကို မြင်ကတည်းကပင် သူသည်လည်း ထွက်ပြေးရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း လျှိုထျန်းရှင်းသည် သူ့ကို လုံးဝ ထွက်ပြေးဖို့အခွင့်အရေးမပေးဘဲ အခိုင်အမာပင် ပိတ်ဆို့ထားခဲ့၏။

ယခု ကျန်းချန် ရောက်ရှိလာပြီဖြစ်ရာ ယန်ကွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲတိုက်ထဲ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သေခြင်းတရား၏ အရိပ်အ‌‌ငွေ့သည် သူ၏နှလုံးသားထဲတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့၏။

"ကျန်း.. ကျန်းချန်.. ငါ.. ငါ မှားခဲ့ပါတယ်"

ယန်ကွမ်က ကျန်းချန်၏ ရှေ့တွင် ဒူးထောက်လိုက်ကာ ကြောက်လန့်တကြား တောင်းပန်လိုက်သည်။

"ငါ မင်းရဲ့အသက်ကို ကယ်တင်ခဲ့ပေမဲ့ မင်းက ငါ့ကို လက်စားချေဖို့အတွက် ကျွမ်းရှန့်ယန်ကို ဒီနေရာဆီ ခေါ်လာခဲ့တယ်.. မင်းလို အချိန်မရွေး ပြန်ကိုက်နိုင်တဲ့ မြေခွေးကို အသက်ရှင်ခွင့်ပေးတာထက် တစ်ခါတည်း သတ်ပစ်လိုက်တာက အကောင်းဆုံးပဲ"

ကျန်းချန်၏ မျက်လုံးများက အေးစက်နေခဲ့သည်။

သူက လက်ထဲမှ ရှေးဟောင်းဓားဖြင့် ယန်ကွမ်ကို ရက်ရက်စက်စက်ပင် ခုတ်ချလိုက်သည်။

"ငါ့ကိုမသတ်ပါနဲ့"

ယန်ကွမ်က မျှော်လင့်ချက်မဲ့စွာဖြင့် ကျန်းချန်၏ ဓားချက်ကို ခုခံရန် အစွမ်းကုန် ကြိုးစားခဲ့သည်။

သို့သော်လည်း ကျန်းချန်၏ ဓားချက်ကို ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရားပင် ရှောင်ရှားရန် မတတ်နိုင်ခဲ့သည် ဖြစ်ရာ ယန်ကွမ်က မည်ကဲ့သို့ ခုခံနိုင်ပါအံ့နည်း။

မျက်တောင်တစ်ခတ် အတွင်းမှာပင် ယန်ကွမ်သည် ကျန်းချန်၏ ဓားချက်အောက်တွင် ပေါက်ကွဲထွက်သွားခဲ့ပြီး လေထဲတွင် သွေးမိုးများ အဖြစ် ပြန့်ကျဲသွားခဲ့သည်။

"သွားစို့.. ခန်းမထဲက ရတနာတွေကို သွားယူကြမယ်"

ဓားကွက်တစ်ကွက်တည်းဖြင့် ယန်ကွမ်ကို ရှင်းပစ်လိုက်ပြီးနောက်တွင် ကျန်းချန်သည် လျှိုထျန်းရှင်းကို ခပ်သွက်သွက်ပြောလိုက်သည်။

အစောပိုင်းက ထွက်ပြေးသွားသော ယောင်ဟုန်ရှန်သည် ပိုင်ယွင်နန်းတော်မှ အားကောင်းသော ပုဂ္ဂိုလ်ကို ခေါ်ဆောင်၍ ပြန်လည် ရောက်ရှိလာနိုင်ဖွယ် ရှိသည်။

ထို့ကြောင့် လုံခြုံရေးအတွက် ရတနာကို အလျင်အမြန်ယူကာ ထွက်ခွာသွားခြင်းသည် ပို၍ ကောင်းမွန်သည် မဟုတ်ပါလော။

"ညီနောင်ကျန်းချန်.. ခန်းမထဲက ပစ္စည်းတွေမှာ အကာအကွယ်အစီအရင်တွေ ရှိနေတယ်.. ငါတို့ လွယ်လွယ်နဲ့ ယူလို့ မရလောက်ဘူး ထင်တယ်"

လျှိုထျန်းရှင်းက အနည်းငယ် တုံ့ဆိုင်းနေခဲ့သည်။

အစောပိုင်းက ကျွမ်းရှန့်ယန်ကြောင့် ခန်းမထဲတွင် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ်စွမ်းအားကို သူမြင်တွေ့ခဲ့ရသည်။

ထိုကဲ့သို့သော စွမ်းအားကို သူတို့ လုံးဝ ခုခံနိုင်မည်မဟုတ်ပေ။

"စိတ်မပူပါနဲ့ ငါ့မှာ ဖြေရှင်းဖို့ နည်းလမ်းရှိပါတယ်"

ကျန်းချန်က ပေါ့ပါးစွာပြုံးလိုက်ပြီး ခန်းမထဲသို့ ထပ်မံ ဝင်ရောက်သွားခဲ့သည်။

ထိုမြင်ကွင်းကိုမြင်လျှင် လျှိုထျန်းရှင်းသည် သွားများကိုအံကြိတ် နောက်ကနေအလျင်အမြန် လိုက်ပါသွားခဲ့သည်။

ကျန်းချန်နှင့် လျှိုထျန်းရှင်းတို့ ခန်းမထဲသို့ ပြန်ဝင်သွားသည့် အချိန်တွင် ကျွမ်းရှန့်ယန် သေဆုံးသွားသောနေရာတွင် သေးငယ်သည့်လေလှိုင်းတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာခဲ့သည်။

နောက်ထပ် တစ်ခဏမှာပင် အနီရောင်ပုံရိပ် တစ်ခုသည် လေထုထဲတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအနီရောင်ပုံရိပ်သည် တခြားသူမဟုတ်ပေ။ ကျန်းချန် သတ်ဖြတ်လိုက်သော ကျွမ်းရှန့်ယန်ပင် ဖြစ်သည်။

ကျွမ်းရှန့်ယန်သည် ဝိညာဥ်ခွဲထုတ်ခြင်း လျှို့ဝှက်နည်းစနစ်ကို ကျင့်ကြံထားခဲ့၏။

ထို့ကြောင့် ကျန်းချန် သူ့ကို သတ်ဖြတ်လိုက်သည့် အချိန်တွင် သူသည် သူ၏ ဝိညာဥ်တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်လိုက်ကာ လေထုထဲသို့ ရှောင်ပြေးခဲ့သည်။

သူက အသက်ဘေးမှ လွတ်မြောက်ခဲ့သော်လည်း ယခုအခါတွင် ဝိညာဥ်အခြေအနေ၌သာ ရှိနေခဲ့၏။

"ကျန်းချန် မင်းစောင့်နေလိုက်.. သိပ်မကြာခင်မှာ ငါကျွမ်းရှန့်ယန် မင်းဆီကနေ ဒီအကြွေးကို အဆ ၁၀၀ ပြန်တောင်းယူမယ်"

ကျွမ်းရှန့်ယန်က ခန်းမဆီသို့ စူးရှစွာ စိုက်ကြည့်လိုက်ပြီးနောက်တွင် ဒေါသတကြီး ကြုံးဝါးလိုက်သည်။

မကြာမီမှာပင် သူက ပေါ့ပါးသော လေပြေ အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားခဲ့ပြီး လေထဲတွင် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။

အခန်း(၁၆၀၉)ပြီး၏။

အခန်း(၁၆၁၀)

ကျန်းချန်တို့နှစ်ဦးက ခန်းမထဲသို့ ပြန်ဝင်လာခဲ့သည်။

ခန်းမအလယ်ဗဟိုရှိ စင်မှလွဲ၍ ခန်းမတစ်ခုလုံးသည် လုံးဝကို ရှုပ်ထွေးနေခဲ့၏။

ထို့အပြင် စင်ပေါ်မှ အရှင်ဝူရှန့်၏ ရုပ်ကြွင်းခန္ဓာကိုယ်သည်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

ထိုနေရာတွင် လက်သီးဆုပ် အရွယ်အစားခန့်ရှိ ထူးဆန်းသော သလင်းကျောက် တစ်ခုသာလျှင် လေထဲတွင် လွင့်မျောကာ အလွန်တရာ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်ကို ထုတ်လွှတ်၍ ကျန်ရှိနေခဲ့သည်။

"ဒါက နယ်မြေနတ်ဘုရား သလင်းကျောက်လား.. အရှင်ဝူရှန့်ရဲ့ရုပ်ကြွင်းက ဘယ်ကိုရောက်သွားတာများလဲ"

လျှိုထျန်းရှင်းက လေထဲတွင် လွင့်မျောနေသည့် ထူးဆန်းသော သလင်းကျောက်ကို ကြည့်ကာ တအံ့တသြ ရေရွတ်လိုက်သည်။

"အစောပိုင်းက ခန်းမထဲမှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုက အရှင်ဝူရှန့်ရဲ့ ရုပ်ကြွင်းခန္ဓာကိုယ်ကို အခြေခံပြီး စီရင်ထားတာပဲ.. ဒါကြောင့် အရှင်ဝူရှန့်ရဲ့ ရုပ်ကြွင်းခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး အတွင်းထဲမှာ ထိန်းသိမ်းထားတဲ့ နယ်မြေနတ်ဘုရားသလင်းကျောက်ပဲ ကျန်ရှိခဲ့တယ်"

ကျန်းချန်က ညင်သာစွာ ပြုံး၍ ရှင်းပြလိုက်သည်။

ထို့နောက် သူက စင်ပေါ်မှ အခြေအနေကို လေ့လာလိုက်ရာ စင်ပေါ်တွင် အစီအရင်တစ်ခု ရှိနေသည်ကို သိရှိခဲ့သည်။

ထိုအစီအရင်သည် နယ်မြေနတ်ဘုရား တစ်ပါး၏ အပြင်းအထန်ဆုံး တိုက်ကွက်တစ်ကွက်နှင့် ညီမျှသော အစီအရင် ဖြစ်သည်။

အစီအရင်၏ အသေးစိတ် အချက်အလက်ကို သူမသိသော်လည်း ထိုတိုက်ခိုက်မှုက အလွန်တရာ ပြင်းထန်မည်ကို သူ ခန့်မှန်းနိုင်ခဲ့သည်။

သို့သော်လည်း ယင်းမှာ သူ၏ ကိုယ်ပိုင် ခန့်မှန်းချက်မျှသာ ရှိသေး၏။

သို့ဖြစ်ရာ ကျန်းချန်က စင်အနီးသို့ ချက်ချင်း မချဥ်းကပ်သေးဘဲ ဓားစွမ်းအင် တစ်ခုကို စင်ဆီသို့ ရည်ရွယ်ကာ ထုတ်လွှတ်လိုက်သည်။

"ရွှစ်.. ရွှစ်.."

ဓားစွမ်းအင်နှစ်ခုက နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့ပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် စင်နှင့် မီတာ အနည်းငယ်အကွာတွင် ပေါ်လာခဲ့သည်။

သို့သော် ထိုအချိန်မှာပင် စင်ပေါ်ကနေ ဆန်းကြယ်သောစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်၏ ဓားစွမ်းအားနှစ်ခုကို လေထဲတွင် တိုက်ရိုက် ရပ်တန့်စေခဲ့သည်။

ဤမြင်ကွင်းကိုမြင်လျှင် လျှိုထျန်းရှင်းသည် အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

"စင်ပေါ်က အစီအရင်က တိုက်ခိုက်တဲ့ အစီအရင်ကနေ ကာကွယ်ရေး အစီအရင်အဖြစ် ပြောင်းလဲသွားတာလား"

"အစီအရင်က ပြောင်းလဲသွားတာ မဟုတ်ဘူး.. အစီအရင်က နှစ်မျိုး ရှိနေတာပဲ.. စင်ပေါ်မှာ အစီအရင် နှစ်မျိုးလုံးကို သေသေသပ်သပ် စီရင်ထားတယ်.. အရှင်ဝူရှန့်ရဲ့ ခန္ဓာကိုယ်ရုပ်ကြွင်းကို ထိမိတာနဲ့ တိုက်ခိုက်ရေး အစီအရင်က အသက်ဝင်လာပြီး တိုက်ခိုက်လိမ့်မယ်.. အဲဒီနောက်မှာ တိုက်ခိုက်ရေးအစီအရင်နဲ့အတူ အရှင်ဝူရှန့်ရဲ့ ခန္ဓာကိုယ်ရုပ်ကြွင်းကလည်း ပျောက်ကွယ်သွားလိမ့်မယ်.. တိုက်ခိုက်ရေးအစီအရင် ပျောက်ကွယ်သွားပြီးတဲ့နောက်မှာတော့ နယ်မြေနတ်ဘုရား သလင်းကျောက်ကို အခြေခံထားတဲ့ ဒီကာကွယ်ရေး အစီအရင်က ထွက်ပေါ်လာလိမ့်မယ်"

ကျန်းချန်က စင်ပေါ်သို့ စူးစိုက်ကြည့်ရင်း လျှိုထျန်းရှင်းကို ရှင်းပြလိုက်သည်။

"ညီနောင်ကျန်းချန် နယ်မြေနတ်ဘုရား သလင်းကျောက်ကို အခြေခံထားတဲ့ ဒီအကာအကွယ် အစီအရင်က ဖျက်ဆီးဖို့ ခက်ခဲမယ်ထင်တယ်"

လျှိုထျန်းရှင်းက ခါးသီးစွာပြုံး၍ ပြောလိုက်သည်။

"ဒီလောက်က ငါဖြေရှင်းလို့ရတယ်.. မင်းက ငါ့အတွက် ခန်းမကို စောင့်ကြည့်ပေးထားဖို့ပဲ လိုအပ်တယ် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးလိုက်ပြီးနောက်တွင် ခန်းမ၏ အလယ်ဗဟိုဆီသို့ တန်းတန်းမတ်မတ်ပင် လျှောက်သွားခဲ့သည်။

သူ့တွင် အဆ ၁၀၀ စနစ် ရှိနေ၍ မည်သည့် အစီအရင်ကိုမဆို နားလည်နိုင်လိမ့်မည်ဖြစ်၏။

အလွန်တရာ ခက်ခဲသော အစီအရင် ဖြစ်လျှင်ပင် အချိန်အနည်းငယ် ပိုယူလိုက်ရုံသာ ဖြစ်သည်။

ရှန်းဝူတိုက်နှင့် ရွှယ်လင်ကုန်းမြေတိုက်တွင် ရှိစဥ် ကျန်းချန်သည် သွေးဝိညာဥ် မျိုးနွယ်စုနှင့် ရင်ဆိုင်နေရသဖြင့် အကျပ်အတည်းများကို ရင်ဆိုင်ဖြေရှင်းရန် အတွက် အချိန်အများစုကို ကိုယ်ခံပညာ တိုးတက်စေရန် အတွက်သာ အာရုံစိုက်ခဲ့သည်။

သူက အစီအရင်ပညာရပ်နှင့် အဂ္ဂိရတ်ပညာရပ် တို့ကို လုံးဝပင် ရပ်နားထားခဲ့၏။

ယခုတော့ ကျန်းချန်သည် စင်၏ အရှေ့တွင် ရပ်ကာ အစီအရင်ကို နားလည်ရန် စတင် ကြိုးပမ်းခဲ့သည်။

"ဒင်.. သင်က နယ်မြေနှလုံးသား တားမြစ်အစီအရင်ကို ကြည့်ရှုပြီး အဆ ၁၀၀ စနစ်ကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်.. သင် နယ်မြေနှလုံးသား တားမြစ်အစီအရင်ကို ၁၀၀၀၀၀၀ပုံ ၁ပုံ နားလည်သွားခဲ့ပါပြီ"

ခဏအကြာမှာပင် စနစ်ထံမှ ရင်းနှီးသောအသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်‌ပေါ်လာခဲ့သည်။

"ဒီနယ်မြေနှလုံးသား တားမြစ်အစီအရင်က နယ်မြေနတ်ဘုရားတစ်ပါး စီရင်ထားတဲ့ အစီအရင်ဖြစ်ဖို့ ထိုက်တန်ပါပေတယ် အစီအရင်ကို နားလည်ဖို့က အရမ်းကို ခက်ခဲလွန်းတာပဲ"

ကျန်းချန်သည် ခဏမျှ မှင်တက်နေခဲ့သည်။

သူ၏‌ရှေ့ရှိ နယ်မြေနှလုံးသား တားမြစ်အစီအရင်သည် ကျိုးယိုကို ထိန်းချုပ်ထားသော အစီအရင်ထက်ပင် အဆ ၁၀၀ လောက် ခက်ခဲနေခဲ့သည်။

"ဒီနယ်မြေနှလုံးသား တားမြစ်အစီအရင်ကို နားလည်ဖို့အတွက် အဆ ၁၀၀ စနစ်ရဲ့စွမ်းအားကို အသုံးပြုမယ်ဆိုရင် အချိန်အကြာကြီး ပေးရလိမ့်မယ်"

ကျန်းချန်က မျက်မှောင်ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

"အရှင်ဝူရှန့်က နောင်လာနောင်သားတွေ သူ့ရဲ့အမွေကို ဆက်ခံခွင့်မရအောင်တော့ မလုပ်လောက်ဘူး ထင်တယ်.. အခြားနည်းလမ်းတွေ သေချာပေါက် ရှိလောက်တယ်"

ကျန်းချန်၏ မျက်ဝန်းများက တဖျပ်ဖျပ်လက်သွားခဲ့သည်။

သူက ခေါင်းငုံ့ကာ စဥ်းစားခန်း ဝင်နေခဲ့၏။

ကောင်းကင်နတ်ဘုရားအဆင့်သို့ ရောက်လျှင် ကျင့်ကြံသူများသည် ကိုယ်ခံပညာ ဥပဒေသများစွာကို စတင် လေ့ကျင့်ကြသည်။

ကိုယ်ခံပညာ ဥပဒေသ တစ်မျိုး၏ မူလစွမ်းအားကို နားလည်ပြီး ကမ္ဘာ့စွမ်းအားကို စုစည်းနိုင်လျှင် ကျင့်ကြံခြင်းအဆင့်တစ်ဆင့် တိုးမြင့်လာနိုင်ပေသည်။

ကိုယ်ခံပညာ ဥပဒေသ ၆မျိုးကို အခြေခံ၍ ကမ္ဘာ့စွမ်းအားကို ဖွဲ့စည်းထား‌သော ဆဋ္ဌမအဆင့် ကောင်းကင်နတ်ဘုရားများသည် သူတို့ အထူးပြုအားသန်သည့် ကိုယ်ခံပညာဥပဒေသကို အခြေပြု၍ စွမ်းအားများ ပေါင်းစပ်ကာ သာမန် နယ်မြေနတ်ဘုရားအဆင့် ကျင့်ကြံသူများကို တိုက်ခိုက်နိုင်ကြသည်။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် သက်မဲ့တောင်ကြားတွင် နေထိုင်သော အရှင်ဝူရှန့် အထူးပြု ကျင့်ကြံခဲ့သည့် ဥပဒေသသည် အသက်ဥပဒေသ ဖြစ်လောက်၏။

"နယ်မြေနှလုံးသား တားမြစ်အစီအရင်ကို အသက်ဥပဒေသနဲ့ စမ်းသပ်ကြည့်ရမယ်"

ကျန်းချန်၏ မျက်ဝန်းများက တဖျပ်ဖျပ် လက်သွားခဲ့သည်။

ထို့နောက်တွင် သူက ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည့် အသက်ဥပဒေသ စွမ်းအားကို တိုက်ရိုက်ပင် အသုံးပြုလိုက်သည်။

အခန်း(၁၆၁၀)ပြီး၏။

အခန်း(၁၆၁၁)

သူ၏ အသက်ဥပဒေသ စွမ်းအားက သူ၏ရှေ့မှ နယ်မြေနှလုံးသား တားမြစ်အစီအရင်ကို ထိုးဖောက်နိုင်သည်အား သိလိုက်ရလျှင် ကျန်းချန်သည် အံ့သြဝမ်းသာသွားခဲ့သည်။

"ကြည့်ရတာ အရှင်ဝူရှန့် ဒီအစီအရင်ကို စီရင်ခဲ့တာက အသက်လမ်းစဥ်ကို လေ့လာလိုက်စားတဲ့ သူတွေကိုပဲ သူ့ရဲ့အမွေအနှစ်ကို ရရှိစေချင်တာကြောင့် ဖြစ်လိမ့်မယ်"

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ဒုတိယအဆင့်ကို ရောက်ရှိနေသည့် အသက်ဥပဒေသ စွမ်းအားကို အစွမ်းကုန် ထုတ်ဖော်ကာ လက်ဖဝါးအဖြစ်သို့ ပြောင်းလဲလိုက်ပြီး သူ၏ရှေ့မှ အစီအရင်ကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားလိုက်သည်။

ကျန်းချန်၏ ဥပဒေသများထဲတွင် အသက် ဥပဒေသသည် အားအနည်းဆုံး ဖြစ်သော်လည်း နယ်မြေနှလုံးသား အစီအရင်ကို ထိုးဖောက်ရန်အတွက် သက်ရောက်မှု ရှိခဲ့သည်။

၁၅မိနစ်ခန့် အကြာတွင် ကျန်းချန်၏ လက်ဖဝါးသည် အစီအရင်ကို လုံးဝ ထိုးဖောက်နိုင်ခဲ့ပြီး စင်ပေါ်မှ နယ်မြေနတ်ဘုရားသလင်းကျောက်ကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။

နယ်မြေ နတ်ဘုရားသလင်းကျောက်သည် ဤကာကွယ်ရေး အစီအရင်၏ အဓိက အချက်အချာပင် ဖြစ်သည်။

ထို့ကြောင့် နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရယူလိုက်သည်နှင့် ကာကွယ်ရေး အစီအရင်သည် အလိုလို ပျက်စီးသွားမည် ဖြစ်၏။

ကျန်းချန်၏ ထိန်းချုပ်မှုအောက်တွင် အသက်စွမ်းအားများဖြင့် စုဖွဲ့ထားသော လက်ဖဝါးသည် နယ်မြေနှလုံးသား သလင်းကျောက်ထံသို့ ဖြည်းဖြည်းချင်း ချဥ်းကပ်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်၏ လက်ဖဝါးသည် လေထဲတွင် ပျံဝဲနေသော နယ်မြေနတ်ဘုရား သလင်းကျောက်ကို ဆုပ်ကိုင်လိုက်၏။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေး အစီအရင်၏ စွမ်းအားများသည် လျင်မြန်စွာ ပျောက်ကွယ်သွားသည်ကို ကျန်းချန်က ခံစားလိုက်ရသည်။

"လာခဲ့စမ်း"

ကျန်းချန်က အတွေးတစ်ချက်ဖြင့်ပင် စေစားလိုက်ရာ သူ၏ အသက်ဥပဒေသစွမ်းအားဖြင့် လွှမ်းခြုံထားသော နယ်မြေနတ်ဘုရား သလင်းကျောက်သည် စင်ပေါ်ကနေ သူ့ဆီသို့လျင်မြန်စွာပျံသန်းလာခဲ့သည်။

"ဒါက နယ်မြေ နတ်ဘုရား သလင်းကျောက်လား"

ကျန်းချန်က နယ်မြေနတ်ဘုရား သလင်းကျောက်ကို လက်ဖြင့်ဆုပ်ကိုင်လိုက်ပြီးနောက်တွင် နယ်မြေ နတ်ဘုရား သလင်းကျောက်ထဲကနေ ထွက်ပေါ်လာသည့် သန့်စင်သော စွမ်းအားနှင့် လျှို့ဝှက်ဆန်းကြယ်သော ဥပဒေသများကို ခံစားမိခဲ့သည်။

"ဒီနယ်မြေနတ်ဘုရား သလင်းကျောက်နဲ့ဆို အကြီးအကဲဖန်းရဲ့ ကမ္ဘာ့စွမ်းအားကို ပြုပြင်နိုင်ပြီ"

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် နယ်မြေနတ်ဘုရား သလင်းကျောက်ကို သိုလှောင်အိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။

နယ်မြေနတ်ဘုရား သလင်းကျောက်သည် နယ်မြေနတ်ဘုရားတစ်ပါး၏ အဆီအနှစ် ဖြစ်၍ တန်ဖိုးသည် တိုင်းတာ၍ပင် မရပေ။

ကျန်းချန်သာ နယ်မြေနတ်ဘုရား သလင်းကျောက်ကို တိုက်ရိုက် စုပ်ယူခဲ့လျှင် ကျန်းချန်၏ ခွန်အားသည် အလွန်အမင်း မြင့်မားလာလိမ့်မည် ဖြစ်၏။

သို့သော်လည်း ဤအရာက ဖန်းချင်းယွမ်၏ ကမ္ဘာ့စွမ်းအားကို ပြန်လည်ပြုပြင်ရာတွင် အထောက်အကူ ပြုနိုင်သောကြောင့် ကျန်းချန်သည် လုံးဝ အသုံးမပြုခဲ့ပေ။

နယ်မြေနတ်ဘုရား သလင်းကျောက်ကို ရရှိပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် စင်ပေါ်တွင် ကျန်ရှိနေသာ ရတနာသုံးမျိုး ပေါ်သို့ ကျရောက်သွားခဲ့သည်။

ဘယ်ဘက်ရှိ အနီရောင်သစ်သားသေတ္တာ ထဲတွင် လက်မအရွယ်အစားရှိ ရွှေရောင်ဆေးလုံး တစ်လုံး ရှိနေခဲ့၏။

ထိုဆေးလုံးက မည်သည့် ဆေးလုံးမှန်း ကျန်းချန် မသိပေ။

သို့သော်လည်း ဆေးလုံးကနေ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားသည် ထိုဆေးလုံးက မည်မျှထူးခြားသည်ကို ဖော်ပြနေခဲ့၏။

အရှင်ဝူရှန့်သည် ရှေးခေတ်ကာလက အစွမ်းအထက်ဆုံး နယ်မြေနတ်ဘုရား ဖြစ်သောကြောင့် ဤနေရာတွင် ချန်ထားခဲ့သော ဆေးလုံးသည် အနည်းဆုံး နယ်မြေနတ်ဘုရားအဆင့် ဆေးလုံး ဖြစ်ရပေမည်။

အလယ်တွင် ရှိနေသော ကျမ်းစာလိပ်သည် ကျန်းချန် ခန့်မှန်းထားသည့် အတိုင်းပင် နယ်မြေနတ်ဘုရားအဆင့် နည်းစနစ်ဖြစ်သည်။

သို့သော်လည်း သူက ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်ကို ကျင့်ကြံထားပြီးပြီ ဖြစ်သောကြောင့် ဤကျင့်ကြံခြင်း နည်းစနစ်သည် သူ့အတွက် အရေးမကြီးတော့ပေ။

ထို့နောက်တွင် သူ၏အကြည့်သည် ညာဘက်ရှိ သစ်ကိုင်းတစ်ခုပေါ်သို့ ရောက်ရှိသွားခဲ့သည်။

ထိုသစ်ကိုင်းက သုံးပေခန့် ရှည်လျားပြီး အစိမ်းရောင်အလင်းများ စီးဆင်းနေကာ မြင့်မြတ်သော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။

ထိုသစ်ကိုင်းက ဤနေရာတွင် နှစ်သန်းပေါင်းများစွာ ရှိနေသော်လည်း အားကောင်းသော အသက်ဓာတ်ကို ထုတ်လွှတ်နေဆဲပင်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး စင်ပေါ်မှာ သစ်ကိုင်းကို ဆုပ်ကိုင်လိုက်သည်။

"ဒင်.. သင်က မဟာအသက်သစ်ကိုင်းရဲ့ စွမ်းအားကို ခံစားပြီး အဆ ၁၀၀ နားလည်မှုကို လှုံ့ဆော်လိုက်ပါပြီ"

"ဒင်..သင့်ရဲ့ အသက်ဥပဒေသက အတွေ့အကြုံရမှတ် ၁၀၀ ကို အဆ ၁၀၀ ရရှိပါတယ်"

"........."

သူ၏ စိတ်ထဲကနေ စနစ်၏ သတိပေးချက်ကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့ပြီး အချိန်အတော်ကြာ မှင်တက်နေခဲ့သည်။

အသက်စွမ်းအားများ စီးဆင်းနေသော ဤသစ်ကိုင်းသည် မဟာအသက် သစ်ပင်မှ သစ်ကိုင်း ဖြစ်နေခဲ့၏။

ဤသစ်ကိုင်းကို လက်ထဲတွင် ကိုင်ထားရုံမျှဖြင့် အသက်ဥပဒေသကို နားလည်နိုင်လိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။

ဤအတိုင်းသာဆိုလျှင် မဟာအသက်သစ်ပင် အကိုင်းအခက်ကို သူနှင့်အတူ ယူဆောင်သွားလျှင် အသက်လမ်းစဥ်၏ အကန့်အသတ်မရှိသော အသက်စွမ်းအားကို ရယူနိုင်သည့်အဓိပ္ပါယ်ပင် မဟုတ်ပါလော။

ကျန်းချန်၏ မျက်ဝန်းတွင် အလွန်အမင်း အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ဤအကိုင်းအခက်လေးသည် အသက်ဥပဒေသ အတွက် အချိန်တိုင်းတွင် အတွေ့အကြုံရမှတ်များ ပေးစွမ်းနိုင်သည် ဆိုလျှင် ၈နှစ် သို့မဟုတ် ၁၀နှစ်အတွင်းမှာပင် သူသည် အသက်လမ်းစဥ်တွင် အလွန်တရာ ခရီးပေါက်သွားနိုင်ပေသည်။

ဆိုရလျှင် အသက်လမ်းစဥ် ဥပဒေသသည် သူ၏ ဒုတိယမြောက် မူလစွမ်းအား မွေးဖွားနိုင်သော ကိုယ်ခံပညာ ဥပဒေသပင် ဖြစ်ကောင်း ဖြစ်လာနိုင်၏။

ကျန်းချန်က လက်ထဲမှ သစ်ကိုင်းကို ကြည့်ကာ အလွန်တရာပင် စိတ်လှုပ်ရှားနေခဲ့သည်။

မူလ အသက်သစ်ပင်က မည်ကဲ့သို့သော အရာ ဖြစ်သည်ကို သူ မသိသော်လည်း ၎င်းက အလွန်တရာ အင်အားကြီးမားကြောင်း သူကောင်းစွာသိ၏။

သူက စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ထိန်းချုပ်လိုက်ပြီးနောက်တွင် ခန်းမအပေါက်ဝကို အသေအချာ စောင့်ကြပ်နေသော လျှိုထျန်းရှင်းဆီသို့ လျှောက်လာခဲ့သည်။

ကျန်းချန်၏ လက်ထဲမှ ရတနာသုံးပါးကို မြင်လျှင် လျှိုထျန်းရှင်း၏ မျက်ဝန်းတွင် မယုံကြည်နိုင်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

"ညီနောင်ကျန်းချန်.. မင်းရတနာတွေကို ရသွားပြီလား"

ကျန်းချန်က ပြုံးပြ၍ ခေါင်းညိတ်လိုက်ပြီး အနီရောင်သစ်သားသေတ္တာနှင့် နယ်မြေနတ်ဘုရားအဆင့် လျှို့ဝှက်နည်းစနစ်ကို လျှိုထျန်းရှင်းထံသို့ ပေးလိုက်သည်။

"ညီနောင်လျှို နယ်မြေနတ်ဘုရားသလင်းကျောက်နှင့်ဒီသစ်ကိုင်းက ငါ့အတွက် အသုံးဝင်တဲ့အတွက် ငါယူထားလိုက်မယ်.. ဒီပစ္စည်းနှစ်ခုကိုတော့ မင်းပဲ ယူလိုက်ပါ"

ထိုစကားကိုကြားလျှင် လျှိုထျန်းရှင်းက ခေါင်းကို ခါရမ်းကာ ငြင်းဆိုလိုက်သည်။

"ညီနောင်ကျန်းချန် ငါ့အတွက်က ရပါတယ်"

"ယူထားလိုက်ပါ"

ကျန်းချန်က လျှိုထျန်းရှင်းကို တည်ငြိမ်စွာ ပြောလိုက်သည်။

"နယ်မြေနတ်ဘုရား သလင်းကျောက်နဲ့ သစ်ပင်အကိုင်းအခက်နဲ့တင် ငါက အကျိုးအမြတ် အများကြီး ရနေပါပြီ"

"ဘယ်လို.. ဒါ ဒါက နယ်ဘုရားနယ်မြေရဲ့ မဟာသစ်ပင်သုံးပင်ထဲက တစ်ပင်ဖြစ်တဲ့ အသက်သစ်ပင်လား"

လျှိုထျန်းရှင်းက ကျန်းချန်၏ လက်ထဲမှ သစ်ကိုင်းကိုကြည့်ကာ အထိတ်တလန့် ရေရွတ်လိုက်သည်။

အခန်း(၁၆၁၁)ပြီး၏။

All Chapters