← Chapters

အခန်း (၁၆၁၂-၁၆၁၄)

Vol. 108 Ch. 1612-1614

အခန်း (၁၆၁၂-၁၆၁၄)

Vol. 108 Ch. 1612-1614

အခန်း(၁၆၁၂)

လျှိုထျန်းရှင်း၏ တအံ့တသြ ရေရွတ်သံကိုကြားလျှင် ကျန်းချန်သည်ပင် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

သူက ဤသစ်ကိုင်းကို အသက်သစ်ပင်၏ အကိုင်းအခက်မှန်း သိရသည့် အကြောင်းအရင်းမှာ အဆ ၁၀၀ စနစ်၏ ဖော်ပြမှုကြောင့် ဖြစ်သည်။

အသက်သစ်ပင်၏ နတ်ဘုရားနယ်မြေတွင် တည်ရှိမှုနှင့်ပတ်သက်ပြီး ကျန်းချန်သည် အမှန်တကယ် မသိခဲ့ပေ။

"ဒဏ္ဍာရီအရ နတ်ဘုရားနယ်မြေမှာ ကမ္ဘာဦး အစကတည်းက ရှိခဲ့တဲ့ မဟာသစ်ပင် သုံးပင် ရှိခဲ့တယ်.. သစ်ပင်သုံးပင်လုံးက အထွတ်အထိပ် စွမ်းအားတွေကို အသီးသီး ပိုင်ဆိုင်ထားကြတယ်.. အသက်သစ်ပင်က မဟာသစ်ပင် သုံးပင်ထဲမှာ တစ်ခုအပါအဝင်ပဲ ရှေးဟောင်းကျမ်းစာတွေထဲက မှတ်တမ်းတွေအရဆိုရင် မဟာသစ်ပင် သုံးပင်က ပျောက်ကွယ်သွားတာ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီ.. နယ်ဘုရားနယ်မြေမှာ ဒီသစ်ပင်တွေက ဒဏ္ဍာရီလောက်ပဲ ကျန်ရှိတော့တယ်"

ကျန်းချန်၏ လက်ထဲမှ သစ်ကိုင်းကိုကြည့်ရင်း လျှိုထျန်းရှင်းသည် အချိန်အတော်ကြာ အံ့အားသင့်နေခဲ့သည်။

ဤသစ်ကိုင်းက မဟာအသက်သစ်ပင်မှ သစ်ကိုင်းဖြစ်လိမ့်မည်ဟု လျှိုထျန်းရှင်းသည် ယခုအချိန်ထိ မယုံကြည်နိုင်သေးပေ။

သို့သော်လည်း သစ်ကိုင်းတွင် စီးဆင်းနေသော အသက်စွမ်းအားကြောင့် မဟာအသက်သစ်ပင် ဖြစ်နိုင်ခြေ ရှိသည်ကို သူလက်ခံခဲ့သည်။

မဟာအသက်သစ်ပင်မှ သစ်ကိုင်းက လွဲလျှင် ဤကမ္ဘာပေါ်တွင် မည်ကဲ့သို့သော သစ်ကိုင်းမျိုးသည် အသက်စွမ်းအားကို နှစ်သန်းပေါင်းရာချီ ထိန်းသိမ်းထားနိုင်ပါအံ့နည်း။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လျှိုထျန်းရှင်းကို တောင်းပန်သောလေသံဖြင့် ပြောလိုက်သည်။

"ညီနောင်လျှို ဒီအသက်သစ်ပင်က ငါ့အတွက် အရမ်းအသုံးဝင်နေတယ်.. အသက်သစ်ပင်ကို ယူလိုက်ရတဲ့အတွက် ညီနောင်လျှိုကို တောင်းပန်ပါတယ်"

ဤအသက်သစ်ပင်၏ တန်ဖိုးသည် နယ်မြေနတ်ဘုရားသလင်းကျောက်ထက်ပင် ပို၍ အဖိုးတန်သည်။

ထို့ကြောင့် ကျန်းချန်သည် နယ်မြေနတ်ဘုရား သလင်းကျောက်နှင့် အသက်သစ်ပင်ကို ယူရန်အတွက် အနည်းငယ်အားနာနေခဲ့သည်။

"ညီနောင်ကျန်းချန်.. ဒီရတနာတွေက မင်းရဲ့အားထုတ်မှုကြောင့် ရခဲ့တာပါ.. မင်းက ဒီရတနာနှစ်မျိုးကို ငါ့ကို ပေးတာနဲ့တင် ငါအတော်လေး အားနာနေပါပြီ"

သူက ကျန်းချန်ကို ဤရှေးဟောင်းလိုဏ်ဂူသို့ ခေါ်လာပေးခြင်းကလွဲလျှင် ကူညီပေးခဲ့ခြင်း သိပ်မရှိခဲ့ပေ။

ပိုင်ယွင်နန်းတော်မှ ယောင်ဟုန်ရှန်ကို အနိုင်ယူပြီး ရှေးဟောင်းနဂါး မျိုးနွယ်စု၏ နဂါးအစောင့်အရှောက်ထဲတွင် ဒုတိယနေရာ၌ ရှိသော ကျွမ်းရှန့်ယန်ကို သတ်ဖြတ်ခဲ့ခြင်းသည် ကျန်းချန်၏ ကိုယ်ပိုင်အားထုတ်မှုကြောင့်သာ ဖြစ်သည်။

"ညီနောင်ကျန်းချန်.. ဒီကိစ္စကို ဘယ်တော့မှ ထုတ်ဖော်ပြောမှာမဟုတ်ဘူးလို့ င့ါရဲ့ဝိညာဥ်နဲ့ ကျိန်ဆိုပါတယ်.. ဒါပေမဲ့ မင်းသတိထားရမယ်. အသက်သစ်ပင်ရဲ့ သတင်း ပေါက်ကြားသွားတာနဲ့ အကျိုးဆက်တွေက ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မယ်"

လျှိုထျန်းရှင်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

အကြောင်းအရင်းမှာ အသက်သစ်ပင်သည် ကမ္ဘာပေါ်ရှိ မဟာသစ်ပင်သုံးပင်ထဲတွင် တစ်ပင် အပါအဝင် ဖြစ်ပြီး မယုံကြည်နိုင်စရာ စွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့်ပင်။

"ကျေးဇူးပဲ ညီနောင်လျှို"

ကျန်းချန်က ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက်တွင် သစ်ကိုင်းကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်သည်။

သူက အသက်သစ်ကိုင်းမှ စွမ်းအားကို စုပ်ယူ၍ သူ၏ အသက်ဥပဒေသစွမ်းအားကို အဆက်မပြတ် မြှင့်တင်ချင်ခဲ့သည်။

သို့သော်လည်း အသက်သစ်ကိုင်း၏ စွမ်းအားသည် အလွန်တရာကြွယ်ဝနေခဲ့သည်။

ထို့ကြောင့် အသက်သစ်ကိုင်း၏ စွမ်းအားကို ဖုံးကွယ်ရန် နည်းလမ်း မရှာတွေ့သေးသရွေ့ သူ့အနေဖြင့် လွယ်လွယ်ကူကူ မထုတ်ဖော်ရဲပေ။

"ညီနောင်ကျန်းချန် ငါတို့ ဘယ်ကိုဆက်သွားကြမလဲ"

ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။

"ဒီနေရာကနေ အရင်ထွက်သွားမယ်.. ပြီးရင် တစ်ခဏလောက်လေ့ကျင့်ပြီးမှ မဟာနဂါးနန်းတော် ဆီကို သွားကြမယ်"

သူက ယောင်ဟုန်ရှန်နှင့် ကျွမ်းရှန့်ယန် တို့ကို တိုက်ခိုက်ခဲ့သောကြောင့် ခွန်အားအနည်းငယ် ကုန်ဆုံးနေခဲ့သည် ဖြစ်ရာ သူ၏ ခွန်အားကို ပြန်လည်ရရှိရန် အတွက် နေရာတစ်ခုကို ရှာဖွေကာ ကျင့်ကြံရမည် ဖြစ်သည်။

သူက သိုလှောင်လက်စွပ်ထဲမှ နှစ်၁၀၀၀၀ သွေးဆီးသီးများကို စားသုံးရန် တွေးထားခဲ့သည်။

"ကျန်းချန်.. မဟာနဂါးနန်းတော်ဆိုတာကဘာလဲ"

ကျန်းချန်၏ စကားကိုကြားလျှင် လျှိုထျန်းရှင်းက အံ့အားသင့်ကာ မေးခွန်းထုတ်လိုက်သည်။

ကျန်းချန်က ပြုံး၍ ပြန်ဖြေလိုက်၏။

"မဟာနဂါးနန်းတော် ဆိုတာ ရှေးကာလက မဟာနဂါးနယ်မြေရဲ့ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုပဲ"

ကျန်းချန်၏ စကားကိုကြားလျှင် လျှိုထျန်းရှင်းသည် မှင်တက်သွားခဲ့သည်။

"သွားကြစို့.. ငါတို့ဒီမှာ အကြာကြီးနေလို့ မသင့်တော်ဘူး ဒီကနေ အရင်ဆုံး ထွက်သွားကြမယ်"

လျှိုထျန်းရှင်း မှင်တက်နေသောအချိန်တွင် ကျန်းချန်၏ သတိပေးသံသည် လျှိုထျန်းရှင်း၏ နားထဲကို ဝင်ရောက်လာခဲ့သည်။

ယောင်ဟုန်ရှန်က ထွက်ပြေးသွားသည်မှာ အတော်ကြာပြီဖြစ်၍ ပိုင်ယွင်နန်းတော်မှ အစွမ်းထက် ကျင့်ကြံသူအား ခေါ်ဆောင်ကာ ပြန်ရောက်လာမလား ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

ကျန်းချန်က ခွန်အားအတော်လေး ဆုံးရှုံးထားခဲ့၍ လက်ရှိအချိန်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်နှင့် ထပ်မံ တိုက်ခိုက်လိုခြင်း မရှိချေ။

လျှိုထျန်းရှင်းကို သတိပေးပြီးနောက်တွင် ကျန်းချန်၏ ပုံရိပ်သည် အနက်ရောင်အရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ထိုနေရာကနေ ထွက်လာခဲ့သည်။

ကျန်းချန်နှင့် လျှိုထျန်းရှင်းတို့ နှစ်ဦးက သက်မဲ့တောင်ကြားကနေ ထွက်ခွာလာခဲ့ပြီးနောက်တွင် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးရှိ လုံခြုံသော လိုဏ်ဂူတစ်ခုကို ရှာဖွေကာ စတင်ကျင့်ကြံခဲ့ကြသည်။

ကျန်းချန်က တစ်ခဏမျှ ကျင့်ကြံလိုက်ပြီး သူ၏ စွမ်းအားများကို ပြန်လည်ရရှိအောင် အရင်လုပ်လိုက်သည်။

ထို့နောက် သူက သိုလှောင်လက်စွပ်ထဲမှ နှစ်၁၀၀၀၀ သွေးဆီးသီးများကို တိုက်ရိုက် ထုတ်ယူကာ အရူးအမူး စားသုံးလိုက်၏။

"ဒင်.. သင်က နှစ်၁၀၀၀၀ သွေးဆီးသီးကို စားသုံးပြီး နတ်စွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"ဒင်.. သင်က နှစ်၁၀၀၀၀ သွေးဆီးသီးကို စားသုံးပြီး နတ်စွမ်းအား အတွေ့အကြုံရမှတ် ၅၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်"

"............."

သူ၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်သည် ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ နတ်စွမ်းအားသည်လည်း အချိန်နှင့်အမျှ လျင်မြန်စွာ တိုးတက်လာခဲ့၏။

အခန်း(၁၆၁၂)ပြီး၏။

အခန်း(၁၆၁၃)

ကျန်းချန်က သူ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် အတွက် နှစ်၁၀၀၀၀ သွေးဆီးသီးများကို အရူးအမူးစားသုံးခဲ့သည်။

ရက်အနည်းငယ်ကြာပြီးနောက်တွင် စနစ်ထံမှ သာယာနာပျော်ဖွယ်ကောင်းသော အသံသည် သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

"ဒင်.. သင်က အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်ကို အောင်မြင်စွာ ရောက်ရှိသွားခဲ့ပြီ"

ကျန်းချန်က မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

အဆုံးသတ်တွင် သူသည် အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်ကို ရောက်ရှိသွားခဲ့ချေပြီ။

"ခွန်အားကို ဆက်လက်မြှင့်တင်ဖို့အတွက် ဆိုရင် ဒီလိုရတနာမျိုးကို စူးစမ်းရှာဖွေရဦးမယ် ထင်တယ်"

အဆင့်မြင့် ပကတိနတ်ဘုရား၏ စွမ်းအားကို ခံစားရင်း ကျန်းချန်က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။

သူက နတ်ဘုရားနယ်မြေတွင် နှစ်အနည်းငယ်အတွင်း အဆင့်မြင့်ပကတိနတ်ဘုရား အဆင့်ကို ရောက်ရှိသွားခဲ့၏။

ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေထဲသို့ ဝင်ရောက်ပြီး ၁၀ရက် အတွင်းမှာပင် ဝူရှို့သစ်သီးကို ရရှိခဲ့ကာ အလယ်အလတ် ပကတိနတ်ဘုရား အလယ်အဆင့်ကနေ အလယ်အလတ် ပကတိနတ်ဘုရား အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့သည့်အပြင် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကိုပါ နားလည်ခဲ့သည်။

နှစ်၁၀၀၀၀ သွေးဆီးသီးများကို စားသုံးပြီးနောက်တွင်မူ အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်ကိုပင် ရောက်ရှိသွားခဲ့၏။

အဆင့်မြင့် ပကတိနတ်ဘုရား အဆင့်ကို ရောက်ရှိသွားခဲ့သော ကျန်းချန်၏ လက်ရှိကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားနယ်မြေတွင် နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံခဲ့သော ပါရမီရှင်များကို လိုက်မီပြီဟု ဆိုနိုင်သည်။

"မဟာနဂါးနန်းတော်ဆီ သွားဖို့ အချိန်တန်ပြီ"

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ် လက်သွားခဲ့သည်။

ရှေးခေတ်ကာလတွင် မဟာနဂါးနန်းတော်သည် မဟာနဂါးနယ်မြေကို လွှမ်းမိုးအုပ်ချုပ်ခဲ့သော နတ်ဘုရင်အဆင့်အင်အားစု ဖြစ်သည်။

သူ၏ နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်သည် မဟာနဂါးနန်းတော်နှင့် ကြီးမားသော ဆက်စပ်မှု ရှိနေလောက်သည်ဟု ကျန်းချန် တွေးမိခဲ့၏။

ကျန်းချန်က သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်ပြီးနောက်တွင် လိုဏ်ဂူ၏ တစ်ဖက်ခြမ်းတွင် ကျင့်ကြံနေသော လျှိုထျန်းရှင်းကို နှိုးရန် ပြင်ဆင်လိုက်သောအချိန်မှာပင် ထိတ်လန့်ဖွယ်ကောင်းသော ဓားစွမ်းအား တစ်ခုသည် လျှိုထျန်းရှင်း၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။

ထိုဓားစွမ်းအားတွင် ဓားလမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားပါဝင်နေသည်ကို သူရှင်းရှင်းလင်းလင်း ခံစားမိခဲ့၏။

"လျှိုထျန်းရှင်းက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိသွားပြီထင်တယ်"

ကျန်းချန်က ရုတ်တရက် အံ့အားသင့်သွားခဲ့၏။

လျှိုထျန်းရှင်းက ကျင့်ကြံခြင်း၏ အရေးပါသော အခိုက်အတန့်သို့ ရောက်ရှိနေသောကြောင့် ကျန်းချန်သည် အနှောင့်အယှက် မပေးတော့ဘဲ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်သည်။

၂နာရီခန့် ကြာပြီးနောက်တွင် လျှိုထျန်းရှင်း၏ ခန္ဓာကိုယ်မှ အဆက်မပြတ် ထွက်ပေါ်လာသော ဓားစွမ်းအား အရှိန်အဝါသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

"ဓားလမ်းစဥ်ဥပဒေသရဲ့ မူလစွမ်းအားကို နားလည်ခဲ့ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ် ညီနောင်လျှို"

ကျန်းချန်က ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဒါက ကံကောင်းသွားလို့ပါ.. ညီနောင်ကျန်းချန် ပေးခဲ့တဲ့ဆေးလုံးသာမရှိရင် ဓားလမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် နားလည်နိုင်မှာမဟုတ်ဘူး"

လျှိုထျန်းရှင်း၏ မျက်နှာထက်တွင် ဝမ်းသာသော အရိပ်အယောင်များသည် ဖုံးဖိမရစွာ ပြည့်နှက်နေခဲ့သည်။

"ညီနောင်လျှို.. မင်း အဲဒီဆေးလုံးကို သောက်လိုက်တာလား"

အရှင်ဝူရှန့် ချန်ထားရစ်ခဲ့သော ဆေးလုံးသည် နယ်မြေနတ်ဘုရားအဆင့် ဆေးလုံးဖြစ်၍ ကျန်းချန်သည် အလွန်တရာ အံ့အားသင့်သွားခဲ့သည်။

"ဒီဆေးလုံးရဲ့ အရည်အသွေးက အရမ်းမြင့်မားတယ်.. ဒါ့အပြင် ဆေးလုံးထဲမှာ ပါဝင်တဲ့စွမ်းအားက သာမန်မှမဟုတ်တာ ငါက ဘယ်လိုလုပ် စိတ်ရှိတိုင်း သောက်ရဲမှာလဲ"

လျှိုထျန်းရှင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။

"ငါက ဆေးလုံးကို တစ်ချက် ကြည့်လိုက်ရုံပဲရှိသေးတယ်.. ဓားလမ်းစဥ် ဥပဒေသရဲ့ မူလစွမ်းအားကို မမျှော်လင့်ဘဲ နားလည်သွားခဲ့တယ်"

ထိုစကားကို ပြောနေသည့် လျှိုထျန်းရှင်း၏ မျက်ဝန်းတွင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့သည်။

ဆေးလုံးကို တစ်ချက်ကြည့်ရုံဖြင့်ပင် ဓားလမ်းစဥ် ဥပဒေသကို နားလည်နိုင်သည် ဖြစ်ရာ ထိုဆေးလုံးတွင် မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေသည်ကို သူ မတွေးနိုင်တော့ပေ။

ထို့နောက်တွင် လျှိုထျန်းရှင်းက ဆေးလုံးကို ကျန်းချန်အား ပြန်ပေးရန် ကြိုးစားခဲ့သော်လည်း ကျန်းချန်က လက်ကာပြလိုက်ပြီး ပြုံးရွှင်စွာ ပြောလိုက်သည်။

"ငါက မင်းအတွက် ဒီဆေးလုံးကို ပေးပြီးပြီဆိုတော့ ဒါက မင်းအပိုင်ပဲ.. ငါ့ကို ပြန်ပေးစရာ မလိုဘူး"

-----------------

မဟာနဂါးနန်းတော်သည် ရှေးဟောင်းနဂါး အမွေအနှစ်နယ်မြေ၏ အလယ်ဗဟိုချက် နေရာတွင် တည်ရှိသည်။

ရက်အနည်းငယ် ကြာပြီးနောက်တွင် ကျန်းချန်တို့နှစ်ဦးသည် ကြီးမားသော ချိုင့်ဝှမ်းကို ဖြတ်ကျော်ကာ ကျယ်ပြန့်သော လွင်ပြင်ဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုလွင်ပြင်၏ အဆုံးသတ်တွင် အလွန်တရာ မြင့်မားသော တောင်ထွတ်တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲကို ဝင်ရောက်လာခဲ့သည်။

ထိုတောင်က အလွန်တရာ မတ်စောက်ပြီး ကောင်းကင်ထိတိုင် မြင့်မားစွာ တည်ရှိနေသည်။

အဝေးကနေ ကြည့်လျှင် ကောင်းကင်ကို ထောက်ထားသော ကောင်းကင်ထောက်တိုင် တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။

"ညီနောင်ကျန်းချန် ဒီအရှေ့ကတောင်က မဟာနဂါးနန်းတော်ရှိတဲ့နေရာလား"

"ဖြစ်နိုင်တယ်"

ကျန်းချန်က တောင်ထွတ်ကို အကဲခတ်ကြည့်ကာ ပြောလိုက်သည်။

သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ဤကဲ့သို့သော တောင်ထွတ်ကို နတ်ဘုရင်အဆင့်မှသာ ဖန်တီးနိုင်မည်ဟု သူတွေးမိခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ လျှိုထျန်းရှင်းနှင့်အတူ ထိုတောင်ထွတ်ဆီသို့ လျင်မြန်စွာ ဦးတည်သွားခဲ့သည်။

အခန်း(၁၆၁၃)ပြီး၏။

အခန်း(၁၆၁၄)

ရက်အနည်းငယ်ကြာပြီးနောက်တွင် ရှေးဟောင်းအမွေအနှစ်နယ်မြေ၏ အလယ်ဗဟိုရှိ တောင်ထွတ်ဆီသို့ လူသုံးဦးသည် ပျံသန်း၍ ရောက်ရှိလာခဲ့ကြသည်။

ထိုအထဲမှ နှစ်ဦးမှာ ကျန်းချန်နှင့် လျှိုထျန်းရှင်းတို့ ဖြစ်ပြီး ထိုနှစ်ဦး နောက်တွင် ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးလည်း လိုက်ပါလာခဲ့သည်။

ထိုဆွဲဆောင်မှုရှိသော အမျိုးသမီးမှာ ဝူရှို့သစ်သီး အတွက် တိုက်ခိုက်စဥ်က ကျန်းချန်နှင့် တွေ့ဆုံခဲ့သော ထျန်းလဲ့ဂိုဏ်း၏ တပည့်မ စုမိန် ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ရက်အကြာက စုမိန်သည် ပိုင်ယွင်နယ်မြေမှ လူများ၏ လိုက်လံရှင်းလင်းမှုကို ခံခဲ့ရသည်။

ထိုသို့ပြေးလွှားရင်း ကျန်းချန်တို့နှစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။

ကျန်းချန်က ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ခဲ့ခြင်း မရှိသော်လည်း ပိုင်ယွင်နယ်မြေမှ ပါရမီရှင်များသည် သူ့ကိုပါ ဒုက္ခပေးချင်နေသည့် အတွက် ပိုင်ယွင်နယ်မြေမှ လူအနည်းငယ်ကို သူက ရှင်းလင်းပစ်လိုက်သည်။

ရလဒ်အနေဖြင့် သူကယ်တင်ပေးခဲ့သော စုမိန်သည် သူတို့နောက်သို့ လိုက်ပါလာခဲ့၏။

စုမိန်သည် နယ်မြေ၄ခုမှ လူတစ်ဦး ဖြစ်ပြီး မဟာနဂါးနန်းတော်အကြောင်းကို များစွာ သိရှိထားသောကြောင့် ကျန်းချန်သည် စုမိန်ကို သူနှင့်အတူ ခေါ်လာခဲ့ခြင်း ဆိုလည်း မမှားပေ။

ကျန်းချန်က တောင်၏ အရှေ့သို့ ရောက်ရှိလာပြီးနောက်တွင် အနီးကပ် အကဲခတ်လိုက်ရာ အံ့အားသင့်ဖွယ် မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။

ထိုတောင်သည် မိုးထိအောင် မြင့်မားနေခဲ့ပြီး ရှေးဟောင်းအငွေ့အသက်များဖြင့် ပြည့်နှက်နေခဲ့သည်။

"စုမိန် ဒီတောင်က မဟာနဂါးနန်းတော်ရဲ့ တည်နေရာလား"

ကျန်းချန်က မေးခွန်းထုတ်လိုက်သည်။

"ဒဏ္ဍာရီအရ မဟာနဂါးနန်းတော်က မဟာနဂါးတောင်ထိပ်မှာ တည်ရှိပြီး ကောင်းကင်မှာ ပျံဝဲနေတဲ့ နန်းတော်တစ်ခု ဖြစ်တယ်လို့ သိရတယ်.. မဟာနဂါးနယ်မြေမှာ မဟာတိုက်ပွဲကြီးဖြစ်ပွားပြီးတဲ့အချိန်ကစပြီး မဟာနဂါးနန်းတော်က မဟာနဂါး တောင်ထိပ်ကနေ ပျောက်ကွယ်သွားခဲ့တယ်.. နယ်မြေ၄ခုက မဟာနဂါးတောင်ကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရှာဖွေခဲ့ကြပေမဲ့ မဟာနဂါး နန်းတော်ကိုတော့ ရှာမတွေ့ခဲ့ဘူး"

စုမိန်၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့သည်။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူကာ ပြောလိုက်သည်။

"ငါတို့သွားကြစို့"

မဟာနဂါးတောင်တွင် ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသများကို ပြင်းထန်စွာဖိနှိပ်ထားသောကြောင့် ကျန်းချန်တို့သည် မတ်စောက်သော တောင်တန်းအတိုင်းသာ ဖြည်းဖြည်းချင်း တက်လာခဲ့ကြသည်။

အချိန်အတော်ကြာ တောင်တက်လာပြီးနောက်တွင် ကျန်းချန်တို့သည် တောင်ထိပ်ပေါ်ရှိ ကြီးမားကျယ်ပြန့်သော ကွင်းပြင်တစ်ခုဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုကွင်းပြင်တွင် နယ်မြေ၄ခုမှ ပါရမီရှင် ဆယ်ယောက်ကျော်ခန့်သည် စုဝေးနေခဲ့ကြသည်။

ထိုအထဲတွင် ပိုင်ယွင်နယ်မြေမှ ယောင်ဟုန်ရှန်နှင့် စုမိန်ကို ထားခဲ့ပြီး ထွက်ပြေးခဲ့သော ထျန်းလဲ့ဂိုဏ်းမှ လဲ့ခွမ်းအပါအဝင် သူနှင့်မစိမ်းသော လူအနည်းငယ်ကို တွေ့ခဲ့ရ၏။

ထိုနယ်မြေလေးခုမှ ပါရမီရှင်များသည် ကွင်းပြင်၏ အလယ်ဗဟိုရှိ ပေ၁၀၀ မြင့်မားသော ကျောက်တိုင်တစ်ခုကို စူးစိုက်၍ ကြည့်နေခဲ့ကြသည်။

"ဒီကျောက်တိုင်က ဘာကျောက်တိုင်လဲ.. ဘာလို့ လူတွေ အများကြီးက အဲဒီနေရာမှာ စုဝေးနေကြတာလဲ"

ကျန်းချန်က စုမိန်ကိုမေးလိုက်သည်။

"ဒါက မဟာနဂါးကျောက်တိုင်ပဲ"

စုမိန်က ပြန်ဖြေလိုက်၏။

"ထျန်းလဲ့ဂိုဏ်းရဲ့ ရှေးဟောင်းကျမ်းစာအုပ်တွေထဲက မှတ်တမ်းအရဆိုရင် မဟာနဂါးနန်းတော်ကို တည်ထောင်သူဖြစ်တဲ့ သူတော်စင်နဂါးဘုရင်က ဒီကျောက်တိုင်ကို လက်နက်အဖြစ် ကိုင်ဆောင်ခဲ့တယ်.. မဟာတိုက်ပွဲကြီး ပြီးတဲ့နောက်မှာ မဟာနဂါးတောင်ထိပ်မှာ ဒီကျောက်တိုင်တစ်ခုပဲ ကျန်ရစ်ခဲ့တယ်"

စုမိန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး လေးနက်စွာပြောလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်တို့ နှစ်ဦးစလုံးသည် အံ့သြ ထိတ်လန့်သွားခဲ့ပြီး ကျောက်တိုင်ကို ကြည့်လိုက်ကြ၏။

သူတို့၏ မျက်ဝန်းထဲတွင် အံ့သြထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

သူတို့ရှေ့မှ ကျောက်တိုင်သည် မဟာနဂါးနန်းတော်၏ နတ်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်သည့် သူတော်စင်နဂါးဘုရင်၏ လက်နက် ဖြစ်နေလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

"မဟာနဂါးကျောက်တိုင်က သူတော်စင်နဂါးဘုရင်ရဲ့ လက်နက် ဖြစ်တဲ့အပြင် မဟာနဂါးနန်းတော်ရဲ့ အမြင့်မြတ်ဆုံးအမွေအနှစ်လည်း ဖြစ်တယ်.. ဒါ့အပြင် မယုံကြည်နိုင်လောက်စရာကောင်းတဲ့ စွမ်းအားကိုလည်း ပိုင်ဆိုင်ထားတယ်"

စုမိန်၏အသံက သူတို့၏ နားထဲကို ထပ်မံ ဝင်ရောက်လာခဲ့သည်။

"ဒီမဟာနဂါးကျောက်တိုင်က ဒီလောက်တောင် လျှို့ဝှက်ဆန်းကြယ်နေမှတော့ ဘာလို့ နယ်မြေ၄ခုက ယူမသွားတာလဲ"

ကျန်းချန်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

"နယ်မြေ၄ခုက မလိုချင်ဘူးလို့ ရှင်ထင်လား"

စုမိန်က ခါးသီးစွာ ပြုံးလိုက်၏။

"နယ်မြေ၄ခုက မဟာနဂါး ကျောက်တိုင်ကို ရှာဖွေတွေ့ရှိပြီးနောက်မှာ နယ်မြေ၄ခုရဲ့ အစွမ်းထက် နယ်မြေနတ်ဘုရား ၁၀ပါးက ဒီနေရာမှာ စုဝေးခဲ့ကြတယ်.. ဒါပေမဲ့ အဆုံးသတ်မှာတော့ ဘယ်သူကမှ မဟာနဂါးကျောက်တိုင်ကို ယူဆောင်လို့ မရခဲ့ဘူး"

"သွားစို့ ငါတို့လည်း သွားလေ့လာရအောင်"

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ကွင်းပြင်၏ အလယ်ဗဟိုဆီသို့ လျှောက်သွားလိုက်သည်။

ကျန်းချန်တို့က မဟာနဂါးကျောက်တိုင်ကို လေ့လာရန်အတွက် နေရာတစ်ခုကို ရှာဖွေရန် ပြင်ဆင်နေချိန်မှာပင် ဒေါသတကြီးအော်ဟစ်သံ တစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

"ကောင်လေး မင်းဖြစ်နေတာကိုး"

ကျန်းချန်က ခေါင်းလှည့်၍ ကြည့်လိုက်ရာ မဟာနဂါးကျောက်တိုင်ကို လေ့လာနေသော ယောင်ဟုန်ရှန်သည် သတိပြန်ဝင်လာပြီး သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကို တွေ့လိုက်ရသည်။

ယောင်ဟုန်ရှန်၏ မျက်လုံးထဲတွင် ခါးသီးသော အမူအရာများ ရှိနေခဲ့၏။

"ကောင်းတယ် သိပ်ကောင်းတယ်.. ငါမင်းကိုရှာချင်နေတာနဲ့အတော်ပဲ.. မင်းဘာသာမင်း ဒီနေရာကို ရောက်လာမယ်လို့ မထင်ထားမိဘူး.. ဒီလိုဆိုမှတော့ မင်းနဲ့ငါ့ရဲ့အကြွေးကို ဒီမှာပဲ ရှင်းလိုက်ကြတာပေါ့"

ယောင်ဟုန်ရှန်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

ထို့နောက်တွင် ယောင်ဟုန်ရှန်၏ အဆုံးမဲ့သတ်ဖြတ်လိုသော စိတ်ဆန္ဒများပါဝင်နေသော အသံသည် ပတ်ဝန်းကျင်တွင် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။

"ဒီနေ့ မဟာနဂါးတောင်ထိပ်က မင်းရဲ့သင်္ချိုင်း ဖြစ်စေရမယ်"

အခန်း(၁၆၁၄)ပြီး၏။

All Chapters