အခန်း (၁၆၁၈-၁၆၂၀)
Vol. 108 Ch. 1618-1620
အခန်း(၁၆၁၈)
ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း လျှို့ဝှက်နည်းစနစ်သည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေထဲကနေ ဖန်းချင်းယွမ် ယူလာခဲ့သော နည်းစနစ် ဖြစ်သည်။
ဖန်းချင်းယွမ်က ထိုလျှို့ဝှက်နည်းစနစ်ကို မည်ကဲ့သို့ ရရှိမှန်း သူ မသိသော်လည်း ဤနတ်ဘုရင်အဆင့် လျှို့ဝှက်နည်းစနစ်သည် မဟာနဂါးနန်းတော်နှင့် ပတ်သက်မှု ကြီးကြီးမားမား ရှိနေသည်ကို သူခန့်မှန်းမိခဲ့သည်။
သို့သော်လည်း သူ၏ လျှို့ဝှက်နည်းစနစ်သည် မဟာနဂါးကျောက်တိုင်ကို လှုံ့ဆော်မှုပေးနိုင်လိမ့်မည်ဟု ကျန်းချန် မထင်ထားခဲ့ပေ။
ကျန်းချန်၏ ခန္ဓာကိုယ်က တဖျပ်ဖျပ်လက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် မဟာနဂါးကျောက်တိုင်၏ အနီးသို့ ရောက်ရှိလာခဲ့သည်။
ထို့နောက်တွင် သူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ သူ၏ လက်ဖဝါးကို မဟာနဂါးကျောက်တိုင်နှင့် ထိကပ်လိုက်ပြီး ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို လှုံ့ဆော်လိုက်သည်။
ထိုခဏတွင် ကျန်းချန်သည် မဟာနဂါးကျောက်တိုင်ထဲမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားကို အရူးအမူး စုပ်ယူနေသလို ခံစားမိခဲ့သည်။
သိပ်မကြာခင်မှာပင် မဟာနဂါးတောင်ထိပ်ရှိ မည်သူကမှ ယူဆောင်နိုင်ခြင်း မရှိသော မဟာနဂါးကျောက်တိုင်သည် ရုတ်တရက် တုန်ခါလာခဲ့သည်။
ယင်းနောက်တွင် မဟာနဂါးကျောက်တိုင်သည် တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင်ယံကို ရုတ်တရက် ထိုးတက်သွားခဲ့ကာ အဆုံးမဲ့ဟင်းလင်းပြင် ထဲသို့ တိုးဝင်သွားခဲ့သည်။
ကောင်းကင်ယံကိုပင် တုန်ခါစေသည့် ကျယ်လောင်သောအသံသည် အဆုံးမဲ့ ဟင်းလင်းပြင်ကနေ ထွက်ပေါ်လာခဲ့ပြီး မဟာနဂါးတောင်ထိပ်ရှိ ပတ်ဝန်းကျင် တစ်ခုလုံးကို အဆက်မပြတ် တုန်ခါစေခဲ့သည်။
"ရှေးဟောင်းနဂါး မျိုးနွယ်စုရဲ့ ကောင်လေးက မဟာနဂါးကျောက်တိုင်ကို လှုံ့ဆော်နိုင်ခဲ့တဲ့ပုံပဲ"
သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် နယ်မြေ၄ခုမှ ပါရမီရှင်များသည် ချက်ချင်းဆိုသလို အံ့သြ ထိတ်လန့်သွားခဲ့ကြသည်။
ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေကို ရှာဖွေတွေ့ရှိကတည်းကပင် နယ်မြေ၄ခုသည် မဟာနဂါး ကျောက်တိုင်ကို ရယူရန် အစဥ်တစ်စိုက် ကြိုးစားခဲ့ကြသည်။
သို့သော်လည်း နယ်မြေ၄ခုသည် နည်းလမ်းမျိုးစုံကို ကြိုးစားခဲ့သည့်တိုင် မဟာနဂါး ကျောက်တိုင်ကို လှုံ့ဆော်မှု မပေးနိုင်ခဲ့ပေ။
သို့ရာတွင် သူတို့ရှေ့မှ ကောင်လေးကမူ မဟာနဂါးကျောက်တိုင်ကို အလွယ်တကူပင် လှုံ့ဆော်နိုင်ခဲ့သည်။
မူလက နယ်မြေ၄ခုမှ ပါရမီရှင်များသည် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ ကျန်းချန်တို့ကို မဟာနဂါးနန်းတော်၏ အဆက်အနွှယ်များ ဟုတ်မဟုတ် သံသယ ဖြစ်နေကြသေး၏။
သို့သော်လည်း သူတို့မျက်စိရှေ့မှ အခြေအနေကို မြင်တွေ့ပြီးနောက်တွင် မည်သည့်သံသယမှ မရှိတော့ပေ။
မဟာနဂါးနန်းတော်၏ မျိုးဆက် မဟုတ်ဘဲ ထိုကောင်လေးသည် မဟာနဂါးနန်းတော်၏ အထွတ်အမြတ်ရတနာကို မည်ကဲ့သို့ လှုံ့ဆော်နိုင်ပါအံ့နည်း။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. သူက တကယ်ပဲ မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်လား"
ထျန်းလဲ့ဂိုဏ်းမှ စုမိန်က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
စုမိန်သည် ကျန်းချန်နှင့် ပတ်သက်လျှင် နယ်မြေ၄ခုမှ အခြားသူများထက် ပိုသိသည်။
သူမ သိသလောက် ကျန်းချန်သည် ရှေးဟောင်းနဂါး အမွေအနှစ် နယ်မြေ၏ အချက်အလက် အနည်းငယ်ကိုသာ သိရှိထားခဲ့သည်။
ရှင်းလင်းစွာ ဆိုရလျှင် မဟာနဂါးနန်းတော်၏ အကြောင်းကို ကြားပင် မကြားဖူးခဲ့ပေ။
ထို့ကြောင့် ကျန်းချန်နှင့် မဟာနဂါးနန်းတော်ကြားတွင် ပတ်သက်မှု ရှိနေရန်မှာ မဖြစ်နိုင်ပေ။
သို့သော် ကျန်းချန်က မဟာနဂါးနန်းတော်၏ မျိုးဆက် မဟုတ်ခဲ့လျှင် သူမ ရှေ့မှ မြင်ကွင်းကို မည်ကဲ့သို့ နားလည်ရပါမည်နည်း။
လူတိုင်းက မျက်စိရှေ့မှ အခြေအနေကြောင့် အံ့သြထိတ်လန့်နေကြသော အချိန်မှာပင် ကောင်းကင်ယံကနေ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
လူတိုင်းက မော့ကြည့်လိုက်ရာ အဆုံးမဲ့ ဟင်းလင်းပြင်တွင် ခပ်ရေးရေး ပေါ်နေသော ပုံသဏ္ဌာန်တစ်ခုကို တွေ့မြင်ခဲ့ရသည်။
ထိုပုံရိပ်သည် အဆုံးမဲ့ ဟင်းလင်းပြင်တွင် တည်တံ့နေသော ကောင်းကင်နန်းတော် တစ်ခု၏ ပုံရိပ် ဖြစ်သည်။
"ဒါ.. ဒါက မဟာနဂါးနန်းတော်ပဲ"
နယ်မြေ၄ခုမှ တပည့်တချို့သည် အဆုံးမဲ့ ဟင်းလင်းပြင်တွင် ပေါ်လာသော ကောင်းကင်နန်းတော်ကို မြင်လျှင် တအံ့တသြ ရေရွတ်လိုက်ကြသည်။
မဟာနဂါးတောင်ကနေ နှစ်သန်းပေါင်းရာချီ ပျောက်ကွယ်သွားခဲ့သော မဟာနဂါးနန်းတော်သည် ရုတ်တရက် ထွက်ပေါ်လာလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
လူတိုင်း၏ ကောင်းကင်နန်းတော်ကို ကြည့်ရှုနေသော မျက်ဝန်းများတွင် လောဘအရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့ကြသည်။
မဟာနဂါးနန်းတော်သည် ရှေးခေတ်ကာလက မဟာနဂါးနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အင်အားစု ဖြစ်၍ စိတ်ကူးပင် မယဥ်နိုင်လောက်သည်အထိ ကြီးမားသော အခွင့်အလမ်းများ သေချာပေါက် ရှိရပေမည်။
ထို့အပြင် မဟာနဂါးနန်းတော်တွင် နယ်မြေနတ်ဘုရားအဆင့်နှင့် နတ်ဘုရင်အဆင့် အမွေအနှစ်များ ရှိနေလောက်၏။
ထိုအမွေအနှစ်များကိုသာ ရရှိနိုင်လျှင် အနာဂတ်တွင် နတ်ဘုရင် နယ်ပယ်အဆင့်ကိုပင် တက်လှမ်းနိုင်ပြီး နတ်ဘုရားနယ်မြေကို အထက်စီးကနေ ကြည့်ရှုနိုင်သည့် အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာရန် အခွင့်အရေးကို ရရှိနိုင်လိမ့်မည် မဟုတ်ပါလော။
"နယ်မြေ၄ခုက မဟာနဂါးနန်းတော်ကို ရှာမတွေ့နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူး.. လက်စသတ်တော့ မဟာနဂါးနန်းတော်ကို သူတော်စင်နဂါးဘုရင်က သူ့ရဲ့ အထွတ်အထိပ်စွမ်းအားနဲ့ အဆုံးမဲ့ ဟင်းလင်းပြင်မှာ စည်းခတ်ထားခဲ့တာကိုး"
ကျန်းချန်က အဆုံးမဲ့ဟင်းလင်းပြင်မှ မဟာနဂါးနန်းတော်ကို ကြည့်ရင်း အံ့အားသင့်နေခဲ့သည်။
သူ့အမြင်တွင် ဤမျှကြီးမားသော နန်းတော်ကို အထွတ်အထိပ်စွမ်းအားဖြင့် အဆုံးမဲ့ ဟင်းလင်းပြင်ထဲတွင် စည်းတံဆိပ်ခတ်ရန်မှာ နတ်ဘုရင်အဆင့်သာလျှင် လုပ်ဆောင်နိုင်လောက်၏။
သူ၏ ခန့်မှန်းချက်သာ မမှားလျှင် မဟာနဂါးနန်းတော်ကို အဆုံးမဲ့ဟင်းလင်းပြင် ထဲတွင် စည်းတံဆိပ်ခတ်ခဲ့သောသူမှာ သူတော်စင်နဂါးဘုရင် ကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
မဟာနဂါးတောင်ထိပ်ရှိ မဟာနဂါး ကျောက်တိုင်သည်ပင် မဟာစစ်ပွဲကြောင့် ဤနေရာတွင် ကျန်ရှိနေခြင်း မဟုတ်ဘဲ သူတော်စင်နဂါးဘုရင် ကိုယ်တိုင် ချန်ထားခဲ့ခြင်း ဖြစ်နိုင်လောက်သည်။
သူတတ်မြောက်ထားသော ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်းနည်းစနစ်သည် မဟာနဂါးကျောက်တိုင်ကို လှုံ့ဆော်ပြီး မဟာနဂါးနန်းတော်၏ စည်းတံဆိပ်ကိုဖွင့်ရန် အဓိကသော့ချက် ဖြစ်နိုင်၏။
"မဟာနဂါးနန်းတော်က အဆုံးမဲ့ ဟင်းလင်ပြင်မှာ ရှိနေလိမ့်မယ်လို့ ငါတို့နယ်မြေ၄ခုက လုံးဝ သတိမထားမိခဲ့ဘူး"
နယ်မြေ၄ခုမှ တပည့်တစ်ဦးက သက်ပြင်းချကာ ရေရွတ်လိုက်သည်။
"မဟာနဂါးနန်းတော်ကို အဆုံးမဲ့ ဟင်းလင်းပြင်ထဲမှာ ဝှက်ထားတဲ့သူက သူတော်စင်နဂါးဘုရင် ကိုယ်တိုင်ပဲ ဖြစ်ရမယ်.. နတ်ဘုရင်တစ်ပါး စည်းခတ်ထားတာကို ငါတို့နယ်မြေ၄ခုက ဘယ်လိုလုပ်ပြီး သတိထားမိမှာလဲ.. ဒါ့အပြင် မဟာနဂါးတောင်ထိပ်ရဲ့ ကောင်းကင်ယံမှာ တားမြစ်ဥပဒေသတစ်ခု ရှိတယ်.. နယ်မြေနတ်ဘုရားအဆင့် ဆိုရင်တောင် တားမြစ်ဥပဒေသကို ကျော်ဖြတ်ပြီး စူးစမ်းဖို့မဖြစ်နိုင်ဘူး"
အခြားသူတစ်ဦးက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကိုခါရမ်းကာ ပြောလိုက်သည်။
"မဟာနဂါးနန်းတော်က အဆုံးမဲ့ဟင်းလင်ပြင်မှာ ထွက်ပေါ်လာပေမဲ့ ပေ၁၀၀၀၀ အကွာမှာ တည်ရှိနေတယ် ငါတို့က လေထဲကို ပျံသန်းလို့ မရဘူးဆိုမှတော့ မဟာနဂါးနန်းတော်ထဲကို ဘယ်လိုလုပ်ပြီး ဝင်ရောက်နိုင်မှာလဲ"
ထိုအခိုက်အတန့်မှာပင် ထျန်းလဲ့ဂိုဏ်းမှ တပည့်တစ်ဦးသည် အရေးပါသော မေးခွန်းတစ်ခုကို မေးမြန်းခဲ့သည်။
ထျန်းလဲ့ဂိုဏ်းမှ တပည့်က ထိုသို့ ပြောလိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏အကြည့်သည် ကျန်းချန်၏ ကိုယ်ပေါ်တွင် စုပြုံကာ ကျရောက်သွားခဲ့သည်။
ကျန်းချန်သည် မဟာနဂါးကျောက်တိုင်ကို လှုံ့ဆော်ကာ မဟာနဂါးနန်းတော်ကို ထွက်ပေါ်လာစေခဲ့သူ ဖြစ်သည်။
ယင်းကဲ့သို့သော အခြေအနေတွင် မဟာနဂါးနန်းတော်ထဲကို ဝင်ရောက်နိုင်သော နည်းလမ်းကို သိရှိသူ ရှိခဲ့လျှင် ကျန်းချန်သာလျှင် ဖြစ်နိုင်လောက်သည် မဟုတ်ပါလော။
"မိတ်ဆွေလေး မဟာနဂါးနန်းတော်က ထွက်ပေါ်လာခဲ့ပြီ.. မင်းက မဟာနဂါးနန်းတော်ရဲ့ မျိုးဆက် ဖြစ်ပေမဲ့လည်း ငါတို့ မပါဘဲနဲ့ မင်းတစ်ယောက်တည်း ဝင်လို့ရမှာ မဟုတ်လောက်ဘူး"
ထျန်းလဲ့ဂိုဏ်းမှ ငွေရောင်ဝတ်စုံဝတ်လူငယ်က ပြုံးကာပြောလိုက်သည်။
"မဟာနဂါးနန်းတော်ထဲကို ဘယ်လိုဝင်ရမလဲဆိုတာ သိရင် ငါတို့ကို ပြောပြပါ.. ဒါက အားလုံးအတွက် အကျိုးရှိစေလိမ့်မယ်"
ငွေရောင်ဝတ်စုံဝတ် လူငယ်က ပြုံးရွှင်စွာ ပြောလိုက်သော်လည်း သူ၏လေသံတွင် ခြိမ်းခြောက်မှုများ ပြည့်နှက်နေခဲ့သည်။
ကျန်းချန်က ငွေရောင်ဝတ်စုံဝတ်လူကို လုံးဝပင် လျစ်လျူရှုထားခဲ့သည်။
ထိုအချိန်မှာပင် မဟာနဂါးကျောက်တိုင်ထံကနေ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုသည် အဆုံးမဲ့ဟင်းလင်းပြင်ကနေ ကျဆင်းလာခဲ့ပြီး ကျန်းချန် ထုတ်ဖော်ထားသည့် သိုင်းစွမ်းအားပုံရိပ်ကို ဝါးမျိုလိုက်သည်။
"ဝုန်း.."
ယင်းနောက်တွင် အဆုံးမဲ့ဟင်းလင်းပြင်ရှိရာ၌ ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။
ချက်ချင်းဆိုသလိုပင် တောက်ပသော ရွှေရောင်အလင်းသည် ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့ပြီး အဆုံးသတ်တွင် ရွှေလှေကားအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရွှေလှေကားသည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား တချို့ဖြင့် ဖွဲ့စည်းထားပုံရ၏။
ကျန်းချန်က ရွှေလှေကားကို ရေတွက်လိုက်ရာ အဆင့်၃၃ဆင့်ရှိပြီး လှေကားအဆင့် တစ်ဆင့်ချင်းစီသည် ပေ၃၀၀အထိ မြင့်မားနေသည်ကို တွေ့ရှိခဲ့သည်။
လှေကားအဆင့်တစ်ခုစီတိုင်းတွင် လျှို့ဝှက်ဆန်းကြယ်သောစွမ်းအားများ ကိန်းအောင်းနေခဲ့၏။
ထိုလှေကားများကို နတ်ဘုရင်အဆင့် စွမ်းအားဖြင့် တည်ဆောက်ထားခြင်း ဖြစ်ပုံရသည်။
"ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ လှေကားလဲ"
ကျန်းချန်က အလေးအနက်ပင် ရေရွတ်လိုက်သည်။
သူ့အထင် ဤရွှေရောင်လှေကားသည် မဟာနဂါး နန်းတော်သို့ ဦးတည်နေသည့် လှေကား ဖြစ်နိုင်လောက်၏။
အခန်း(၁၆၁၈)ပြီး၏။
အခန်း(၁၆၁၉)
"နတ်ဘုရင်လမ်း ဒါက ဒဏ္ဍာရီလာ နဂါးနန်းတော်ရဲ့ နတ်ဘုရင်လမ်းပဲ"
ဤအခိုက်အတန့်တွင် နယ်မြေ၄ခုမှ တပည့်များသည် စိတ်လှုပ်ရှားစွာဖြင့် တအံ့တသြ ရေရွတ်လိုက်ကြသည်။
မဟာနဂါးနန်းတော်ကို နတ်ဘုရင်အဆင့် စွမ်းအားများ ဝန်းရံထား၍ မဟာနဂါးနန်းတော်၏ သီးသန့်တံဆိပ်ပြား မရှိလျှင် နယ်မြေနတ်ဘုရားပင်လျှင် လေထဲတွင် ပျံသန်း၍ သွားလာနိုင်မည်မဟုတ်ပေ။
နတ်ဘုရင်လမ်းသည် မဟာနဂါးနန်းတော်ကို သွားသောလမ်းဖြစ်သည်။
ထိုနတ်ဘုရင်လမ်းကို မဟာနဂါးနန်းတော်၏ သူတော်စင်နဂါးဘုရင် ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သည်။
ဒဏ္ဍာရီအရ နတ်ဘုရင်လမ်းသည် တပည့်များ စုဆောင်းရန်အတွက် မဟာနဂါးနန်းတော်မှ သတ်မှတ်ထားသော စမ်းသပ်မှုလမ်းဖြစ်သည်။
နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့်ကို အောင်မြင်စွာ တက်နိုင်သရွေ့ မဟာနဂါးနန်းတော် ထဲသို့ ဝင်ရောက်နိုင်ပြီး မဟာနဂါးနန်းတော်၏ တရားဝင်တပည့်တစ်ဦး ဖြစ်လာနိုင်ပေသည်။
မဟာနဂါးနန်းတော်သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ပျောက်ကွယ်သွားခဲ့သော်လည်း ယခုနတ်ဘုရင်လမ်းကို ဖွင့်လှစ်လိုက်ခြင်းသည် မဟာနဂါးနန်းတော်ထဲသို့ ဝင်ရောက်နိုင်မည့် မျှော်လင့်ချက်ရှိသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
သူတို့သာ နတ်ဘုရင်လမ်း၏ စမ်းသပ်မှုကို ကျော်ဖြတ်ပြီး မဟာနဂါးနန်းတော်၏ အသိအမှတ်ပြုခြင်းကို ခံရလျှင် ကြီးမားသော အခွင့်အလမ်းများကို ရရှိနိုင်လိမ့်မည် ဖြစ်သည်။
"နတ်ဘုရင်လမ်းကို ဖွင့်လိုက်ပြီ.. မဟာနဂါးနန်းတော်ရဲ့အမွေအနှစ်တွေက ငါတို့ရဲ့ရှေ့မှာပဲ သွားကြစို့"
မဟာနဂါးနန်းတော်သို့ တိုက်ရိုက် ဦးတည်နေသော နတ်ဘုရင်လမ်းကို ကြည့်ရင်း ပါရမီရှင်များစွာ၏ အကြည့်တွင် လောဘအရိပ်များ ထွက်ပေါ်နေခဲ့သည်။
သူတို့က ရွှေလှေကားပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ခုန်တက်ခဲ့ကြသည်။
ပိုင်ယွင်နန်းတော်မှ ဖေးချင်းနှင့် ထျန်းလဲ့ဂိုဏ်းမှ ငွေရောင်ဝတ်စုံဝတ်လူငယ် တို့သည်လည်း ရှေ့သို့ လျင်မြန်စွာ ပြေးတက်သွားခဲ့ကြသည်။
ထိုနှစ်ဦး၏ အရှိန်က အလွန်တရာပင်မြန်ဆန်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ပေ၃၀၀အကွာအဝေးကို ကျော်ဖြတ်ကာ ရွှေရောင်လှေကား၏ ပထမအဆင့်ပေါ်သို့ ရောက်သွားခဲ့သည်။
သူတို့နှစ်ယောက်က နယ်မြေ၄ခုမှ အခြားသော ထိပ်တန်းပါရမီရှင်များ ရောက်မလာမီ မဟာနဂါးနန်းတော်ထဲသို့ ဝင်ရောက်ရန် ရည်ရွယ်ခဲ့ကြသည်။
ပထမအဆင့်သို့ ရောက်ရှိလာပြီးနောက်တွင် သူတို့နှစ်ဦး၏ ရှေ့၌ ပုံရိပ်ယောင် စွမ်းအင်ခန္ဓာကိုယ် တစ်ခု ထွက်ပေါ်လာခဲ့သည်။
သူတို့နှစ်ဦးက တုံ့ဆိုင်းမနေဘဲ သူတို့၏ ရှေ့မှ ပုံရိပ်ယောင် စွမ်းအင်ခန္ဓာကိုယ်ကို တစ်ကွက်တည်းဖြင့် သတ်ဖြတ်လိုက်ကာ ဒုတိယအဆင့်သို့ ဆက်လက် တက်လာခဲ့သည်။
"ကျန်းချန်.. မဟာနဂါးနန်းတော်ရဲ့ နတ်ဘုရင်လမ်းက ဖွင့်လှစ်လိုက်ပြီဆိုတော့ ငါတို့လည်း သွားကြရအောင်"
လုံချီရှောင်က ကျန်းချန်ကို ပြောလိုက်သည်။
"ကောင်းပြီ အစ်ကိုလုံ"
ကျန်းချန်က ခေါင်းညိတ်လိုက်၏။
မဟာနဂါးနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစုဖြစ်သည့် မဟာနဂါးနန်းတော်က သူ၏ မျက်စိရှေ့တွင် ရှိနေပြီဖြစ်ရာ သူ့အနေဖြင့် အဘယ်ကြောင့် လျစ်လျူရှုနိုင်ပါမည်နည်း။
ပြောနေစရာမလိုလောက်အောင်ပင် မဟာနဂါးနန်းတော်ကို ဆက်သွယ်ထားသည့် နတ်ဘုရင်လမ်းသည် သူ့ကြောင့်သာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
သူက မဟာနဂါးနန်းတော်၏ နတ်ဘုရင်အဆင့် နည်းစနစ်ဖြစ်သည့် ထိုက်စု အထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံခဲ့၍ မဟာနဂါးနန်းတော်၏ တပည့်တစ်ဝက် ဖြစ်နေခဲ့ပြီ မဟုတ်ပါလော။
ထို့ကြောင့် မဟာနဂါးနန်းတော်သို့ ဝင်ရောက်ရာတွင် သူ့အတွက် အားသာချက် ရှိလောက်သည်။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ လုံချီရှောင်နှင့် လျှိုထျန်းရှင်းတို့နှင့် အတူ နတ်ဘုရင်လမ်း ဆီသို့ ခုန်တက်သွားခဲ့သည်။
ရွှေလှေကား၏ ပထမအဆင့်သို့ ရောက်သည်နှင့် ကျန်းချန်သည် အလွန်တရာနက်ရှိုင်းသော ဖိအားဒဏ်ကို ခံစားလိုက်ရသည်။
ထိုဖိအားသည် ထိုက်စန်းတောင်ဖြင့် ဖိချလိုက်သကဲ့သို့ပင်ဖြစ်၏။
သူသာ သာမန် အဆင့်မြင့် ပကတိနတ်ဘုရားတစ်ပါး ဆိုလျှင် ဤဖိအားဒဏ်ကြောင့် နတ်ဘုရင်လမ်းကို ဆက်လက် တက်လှမ်းရန် ဖြစ်နိုင်မည်မဟုတ်ပေ။
သို့သော်လည်း ဤပထမအဆင့်၏ ဖိအားသည် ကျန်းချန်တို့အပေါ်တွင် များစွာ သက်ရောက်မှုမရှိခဲ့ပေ။
"အကိုလုံနဲ့ ညီနောင်ကျန်းချန်.. ကျွန်တော့် အတွက် စိတ်မပူနဲ့ နတ်ဘုရင်လမ်းကို တက်ဖို့ပဲ အကောင်းဆုံးကြိုးစားပါ.. နယ်မြေ၄ခုက လူတွေကို မဟာနဂါးနန်းတော်ထဲ အရင်မဝင်စေနဲ့"
လျှိုထျန်းရှင်းက သူ၏ရှေ့တွင် ထွက်ပေါ်လာသော ပုံရိပ်ယောင်စွမ်းအင်ခန္ဓာကိုယ်နှင့် တိုက်ခိုက်ရင်း လှမ်းပြောလိုက်သည်။
ကျန်းချန်နှင့် လုံချီရှောင်တို့သည် အလွန်တရာ အားကောင်း၍ နတ်ဘုရင်လမ်းကို တက်လှမ်းနိုင်သော အရှိန်အဟုန်သည် သူ့ထက်များစွာ မြန်ဆန်လိမ့်မည် ဖြစ်သည်။
ထိုနှစ်ဦးသာ အကောင်းဆုံးကြိုးစားလျှင် ဖေးချင်း တို့ကိုကျော်တက်ပြီး မဟာနဂါးနန်းတော် ထဲသို့ ပထမဆုံး ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရရှိနိုင်၏။
"ကောင်းပြီ ဒါဆို ငါသွားတော့မယ်.. မဟာနဂါးနန်းတော်ထဲမှာ ပြန်တွေ့ကြတာပေါ့"
စကားဆုံးသည်နှင့် ကျန်းချန်၏ ပုံရိပ်က ဖျတ်ခနဲ လက်သွားခဲ့ပြီး နတ်ဘုရင်လမ်း၏ ဒုတိယအဆင့် ဆီသို့ ရောက်ရှိသွားခဲ့သည်။
နတ်ဘုရင်လမ်း၏ ဒုတိယအဆင့်သို့ ရောက်ရှိလာသောအခါတွင် နတ်ဘုရင်လမ်း ပေါ်ရှိ ဖိအားသည် အနည်းငယ်ပို၍ အားကောင်းလာသည်ကို ရှင်းရှင်းလင်းလင်း သူခံစားမိခဲ့သည်။
ဤအတိုင်းဆိုလျှင် နတ်ဘုရင်လမ်း၏ အဆင့်၃၃ဆင့်သည် အဆင့်တစ်ဆင့် တက်လှမ်းတိုင်းတွင် ပို၍ ဖိအားတိုးမြင့်လာနိုင်မည်မှာ သေချာသလောက်ပင် ဖြစ်သည်။
ကျန်းချန်သည် နတ်ဘုရင်လမ်းပေါ်တွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို သတိပြုမိခဲ့သည်။
ဤဖိနှိပ်မှုသည် ထိုလျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကနေ ထွက်ပေါ်လာခြင်း ဖြစ်ပုံရ၏။
သူသာ အဆ ၁၀၀ စနစ်ဖြင့် ထိုလျှို့ဝှက်ဆန်းကြယ်သောသင်္ကေတများအား လှုံ့ဆော်လိုက်လျှင် တစ်စုံတစ်ရာကို နားလည်သဘောပေါက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော်လည်း ဤအခိုက်အတန့်တွင် ကျန်းချန်သည် ထိုလျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို နားလည်ရန် အချိန်မပေးတော့ပေ။
အကြောင်းအရင်းမှာ နတ်ဘုရင်လမ်းပေါ်ရှိ လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများကို နားလည်သဘောပေါက်အောင်လုပ်ခြင်းထက် မဟာနဂါးနန်းတော် ထဲသို့ ဝင်ရောက်ရန်က ပို၍ အရေးကြီးသည် မဟုတ်ပါလော။
ဒုတိယအဆင့်၏ ဖိအားသည် ပထမအဆင့်ထက် များစွာ တိုးတက်လာခဲ့သော်လည်း ကျန်းချန်အတွက်မူ အခက်အခဲ သိပ်မရှိခဲ့ပေ။
သူက ဒုတိယအဆင့်တွင် ကြုံတွေ့ရသည့် ပုံရိပ်ယောင်စွမ်းအင် ခန္ဓာကိုယ်ကို တစ်ကွက်တည်းဖြင့်ပင် သတ်ပစ်လိုက်ပြီး တတိယအဆင့်သို့ ဆက်လက် တက်လှမ်းလာခဲ့သည်။
ဤသို့ဖြင့်ပင် ကျန်းချန်သည် နတ်ဘုရင်လမ်းကို ဆက်တိုက် တက်လှမ်းလာခဲ့ပြီး မကြာမီမှာပင် ၁၀ဆင့်မြောက် အထိ ရောက်ရှိသွားခဲ့သည်။
၁၀ဆင့်မြောက် အဆင့်သို့ ရောက်ရှိပြီးနောက်တွင် နတ်ဘုရင်လမ်းပေါ်ရှိ ဖိအားသည် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။
နယ်မြေ၄ခုမှ ထိပ်တန်းပါရမီရှင်များ ပင်လျှင် ထိုဖိအားအောက်တွင် ဆက်လက် တက်လှမ်းရန် ခက်ခဲလာခဲ့၏။
ကျန်းချန်ကမူ အေးအေးဆေးဆေးပင် ဆက်လက် တက်လှမ်းသွားခဲ့သည်။
သိပ်မကြာခင်မှာပင် ကျန်းချန်သည် နတ်ဘုရင်လမ်း ပေါ်ရှိ ပါရမီရှင် အများစုကို ကျော်တက်သွားခဲ့ပြီး ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ်အဆင့် အနည်းငယ်သာ ကျန်းချန်၏ ရှေ့တွင် ရှိနေခဲ့သည်။
ယခုအခါတွင် ဖေးချင်းတို့ နှစ်ဦးကို လိုက်မီရန် ၂ဆင့်သာလျှင် လိုအပ်တော့၏။
ဖေးချင်းက အဆင့်၁၅ ဆင့်ကို ကျော်ဖြတ်နေရင်း အောက်ဘက်ရှိ အခြေအနေကို လှမ်း၍ အကဲခတ်လိုက်ရာ ကျန်းချန်နှင့် လုံချီရှောင်တို့က တစ်ယောက်ပြီးတစ်ယောက် လိုက်လာသည်ကို မြင်လိုက်ရသည်။
သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။
လုံချီရှောင်၏ ခွန်အားသည် အလွန်တရာ အားကောင်းပြီး သူ့ထက် လုံးဝမနိမ့်ကျပေ။
ထို့အပြင် ကျန်းချန်သည် လုံချီရှောင်ထက်ပင် ပို၍ အစွမ်းထက်၏။
ထိုကောင်လေးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ် အဆင့်တွင် ရှိသည့် ယောင်ဟုန်ရှန်ကိုပင် တိုက်ကွက်တစ်ကွက်တည်းဖြင့် အနိုင်ရခဲ့သူ ဖြစ်သည်။
ယင်းအတွက်ကြောင့် ထိုကောင်လေး၏ ခွန်အားက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နယ်ပယ် နှောင်းပိုင်းအဆင့်နှင့်ပင် ယှဥ်နိုင်သည်ဟု သူ ခန့်မှန်းမိခဲ့သည်။
ထိုနှစ်ယောက် သူ့နောက်သို့ လိုက်လာခြင်းသည် သူ့အတွက် ကောင်းမွန်သောကိစ္စ မဟုတ်ပေ။
"ယင်ရှောင်.. ရှေးဟောင်းနဂါးမျိုးနွယ်စုက နှစ်ယောက် ငါတို့ကို လိုက်မီတော့မယ်"
ဖေးချင်းက သူ၏ရှေ့မှ ငွေရောင်ဝတ်စုံဝတ် လူငယ်ကို ပြောလိုက်သည်။
ငွေရောင်ဝတ်စုံဝတ်လူငယ်က ဖေးချင်းကို အရေးမစိုက်ဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏။
"သူတို့ လိုက်မီတာက ငါနဲ့ ဘာဆိုင်လို့လဲ"
"ယင်ရှောင်.. မင်းက ခပ်ပေါ့ပေါ့ တွေးထားတဲ့ပုံပဲ.. သူတို့နှစ်ယောက်စလုံးက မဟာနဂါးနန်းတော်ရဲ့ မျိုးဆက်တွေ ဖြစ်တဲ့အပြင် သူတို့နှစ်ယောက်ထဲက တစ်ယောက်က နတ်ဘုရင်လမ်းကို ဖွင့်လှစ်ပေးခဲ့တဲ့သူပဲ"
ဖေးချင်းက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
"သူတို့နှစ်ယောက်သာ ငါတို့နဲ့အတူ မဟာနဂါးနန်းတော် ထဲကို ဝင်လာခဲ့မယ်ဆိုရင် ငါတို့အနေနဲ့ မဟာနဂါးနန်းတော်က အခွင့်အရေးကို ရရှိဖို့ ဘယ်လောက်အထိ မျှော်လင့်နိုင်မယ်လို့ မင်းထင်လဲ"
ဖေးချင်း၏ စကားကိုကြားလျှင် ယင်ရှောင်၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
မဟာနဂါးနန်းတော်၏ မျိုးဆက်များအနေဖြင့် ထိုနှစ်ယောက်သည် မဟာနဂါးနန်းတော် ထဲတွင် အားသာချက်များ ရှိကောင်း ရှိနေနိုင်သည်။
ထို့ကြောင့် ထိုနှစ်ဦး ရှိနေခြင်းသည် မဟာနဂါးနန်းတော်၏ အမွေအနှစ်ကို ရယူရာတွင် သူတို့အတွက် အခွင့်အလမ်းများ ဆုံးရှုံးစေလောက်၏။
ယခုအကောင်းဆုံးနည်းလမ်းမှာ မဟာနဂါးနန်းတော် ထဲကို မဝင်ရောက်ခင် ရှေးဟောင်းနဂါး မျိုးနွယ်စုမှ နှစ်ယောက်ကို ရှင်းလင်းရန် အတွက် ဖေးချင်းနှင့် ပူးပေါင်းရန် ဖြစ်၏။
အခန်း(၁၆၁၉)ပြီး၏။
အခန်း(၁၆၂၀)
"မင်းမှာဘယ်လိုအစီအစဥ်ရှိလဲ.. ငါတို့နှစ်ယောက် ပူးပေါင်းရင်တောင် အဲဒီနှစ်ယောက်ကို အနိုင်ယူဖို့ မလွယ်လောက်ဘူးထင်တယ်"
ယင်ရှောင်က လေးနက်သော အမူအရာဖြင့် မေးလိုက်သည်။
ဖေးချင်းနှင့် နှိုင်းယှဥ်လျှင် မဟာနဂါးနန်းတော်မှ မျိုးဆက်နှစ်ဦးသည် မဟာနဂါးနန်းတော်၏ အခွင့်အလမ်းများအတွက် ယှဥ်ပြိုင်ရာတွင် သိသိသာသာပင် ပို၍ အားသာနေခဲ့သည်။
ဖြစ်နိုင်လျှင် ယင်ရှောင်သည် ကျန်းချန် တို့ကို မဟာနဂါးနန်းတော်ထဲ မဝင်ရောက်မီ ရှင်းလင်းချင်ခဲ့သည်။
သို့ရာတွင် လုံချီရှောင်သည် ဖေးချင်းကိုပင် အသာစီးတိုက်ခိုက်နိုင်ခဲ့သူ ဖြစ်သည်။
ထို့အပြင် ကျန်းချန်ဟု အမည်ရသော ကောင်လေး၏ စွမ်းရည်သည်လည်း သာမန်မဟုတ်ပေ။
ဆိုရလျှင် သူတို့နှစ်ဦးစလုံးတွင် ကျန်းချန်တို့နှင့် ရင်ဆိုင်ရန် အားသာချက် ရှိမနေပေ။
ထို့ကြောင့် ယင်ရှောင်က သေချာမှုမရှိလျှင် မစွန့်စားချင်ခဲ့ချေ။
"ငါတို့က နတ်ဘုရင်လမ်းပေါ်မှာ ရှိတဲ့ တခြား ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားတွေနဲ့ ပူးပေါင်းလို့ရတယ်"
ထိုစကားကို ကြားလျှင် ယင်ရှောင်၏ မျက်ဝန်းများက တောက်ပသွားခဲ့သည်။
"မင်းရဲ့အစီအစဥ်က မဆိုးဘူး.. ဒီနှစ်ကောင် မဟာနဂါးနန်းတော်ထဲ ဝင်ရောက်မှာကို နယ်မြေ၄ခုက ဘယ်သူကမှ ကြည်ဖြူမှာ မဟုတ်ဘူး"
"ကောင်းပြီ.. ငါတို့ ၁၆ဆင့်မြောက်အဆင့်ကို အရင်တက်ကြမယ်.. ပြီးရင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အားလုံး ပူးပေါင်းပြီး မဟာနဂါးနန်းတော်ရဲ့ မျိုးဆက် ဖြစ်တဲ့ ဒီနှစ်ကောင်ကို တစ်ခါတည်း ရှင်းပစ်ကြမယ်"
နတ်ဘုရင်လမ်းပေါ်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားအဆင့် ပါရမီရှင် ၁၀ဦးရှိသည်။
သူနှင့် ဖေးချင်းက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားနယ်ပယ် နှောင်းပိုင်းအဆင့် ဖြစ်သည်။
ကြယ်သင်္ကေတနယ်မြေနှင့် စန်းရှန်နယ်မြေ တို့တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ် အဆင့် သုံးဦး ရှိသည်။
သူတို့ ငါးယောက်အပြင် အခြား ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့် ငါးဦး ပူးပေါင်းလိုက်လျှင် မဟာနဂါးနန်းတော်၏ မျိုးဆက်နှစ်ဦးကို ရှင်းလင်းရန်မှာ ပြဿနာ ကြီးကြီးမားမား ရှိနိုင်မည်မဟုတ်ပေ။
ကျန်းချန်တို့ကို ရှင်းလင်းရန်အတွက် ဆွေးနွေးပြီးနောက်တွင် ယင်ရှောင်နှင့် ဖေးချင်းတို့သည် နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်သို့ တက်သွားခဲ့ကြသည်။
ထို့နောက် နှစ်ဦးစလုံးသည် လှေကားကို ဆက်မတက်တော့ဘဲ ၁၆ဆင့်မြောက် အဆင့်တွင် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့ကြ၏။
အလွန်လျင်မြန်စွာပင် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၈ယောက်သည် ၁၆ဆင့်မြောက် အဆင့်သို့ ရောက်ရှိလာခဲ့ကြသည်။
သူတို့အားလုံးက ရွှေလှေကားကို ဆက်လက် မတက်ဘဲ ၁၆ဆင့်မြောက်အဆင့်တွင် တိတ်ဆိတ်စွာ ရပ်နေခဲ့ကြသည်။
နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်တွင် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ဆယ်ပါး တစ်စုတစ်စည်းတည်း ရှိနေသော မြင်ကွင်းသည် အလွန်တရာပင် ခမ်းနားနေခဲ့၏။
၁၆ဆင့်မြောက် အဆင့်တွင် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား၁၀ပါး တစ်စုတစ်ဝေးတည်း ရှိနေချိန်တွင် ကျန်းချန်နှင့် လုံချီရှောင်တို့သည်လည်း နတ်ဘုရင်လမ်း၏ ၁၅ဆင့်မြောက်ကို တက်လှမ်းလာခဲ့ကြသည်။
"ကျန်းချန်.. နယ်မြေ၄ခုက ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၁၀ပါးက ၁၆ဆင့်မြောက်အဆင့်မှာ ရှိနေကြတယ်"
လုံချီရှောင်က ၁၅ဆင့်မြောက် အဆင့်မှ ပုံရိပ်ယောင် စွမ်းအင်ခန္ဓာကိုယ်ကို အနိုင်ယူလိုက်ပြီးနောက်တွင် ၁၆ဆင့်မြောက်အဆင့်ကို လှမ်းကြည့်ကာ ကျန်းချန်ကို ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ပြောလိုက်၏။
"ကျွန်တော် ခန့်မှန်းတာ မမှားရင် သူတို့က မဟာနဂါးနန်းတော်ထဲကို မဝင်ခင် ကျွန်တော်တို့နှစ်ယောက်ကို ရှင်းပစ်ချင်တာဖြစ်ရမယ်"
နယ်မြေ၄ခုမှလူများသည် သူတို့ကို မဟာနဂါးနန်းတော်၏ မျိုးဆက်များဟု မှတ်ယူထားကြသည်။
ထို့အပြင် သူသည် စည်းတံဆိပ်ခတ်ထားသော မဟာနဂါးနန်းတော်ကို ပြန်လည် ထွက်ပေါ်လာစေပြီး ကောင်းကင်လမ်းကို ဖွင့်လှစ်ရန် လှုံ့ဆော်ခဲ့သူ ဖြစ်၍ နယ်မြေ၄ခုမှ လူများသည် မဟာနဂါးနန်းတော် ထဲသို့ သူဝင်ရောက်မည်ကို လိုလားလိမ့်မည် မဟုတ်ပေ။
"ကျန်းချန် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၁၀ပါးကို ရင်ဆိုင်ဖို့က မလွယ်လောက်ဘူး"
လုံချီရှောင်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ကျန်းချန်ကိုကြည့်၍ အလေးအနက်ပြောလိုက်သည်။
"ကျန်းချန် ရှေ့ဆက်သွားရင် ငါတို့ တိုက်ပွဲကို မလွဲမသွေရင်ဆိုင်ရလိမွမယ်.. ရှေ့ဆက်သွားမသွား ဆိုတာ မင်းပဲဆုံးဖြတ်ပါ"
"ဆက်သွားမယ် အစ်ကိုလုံ.. ဘာလို့လည်းဆိုတော့ သူတို့ ၁၀ယောက်က ကျွန်တော့်ကို ရပ်တန့်ဖို့ အရည်အချင်း မပြည့်မီလို့ပဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
သူက နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်တွင် စောင့်ဆိုင်းနေကြသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၁၀ပါးကို လုံးဝဂရုမစိုက်ပေ။
ဆိုရလျှင် သူ၏ လက်ရှိ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ဆိုလျှင် အဆင့်၁၆ဆင့်တွင် စောင့်ဆိုင်းနေသော ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများသည် သူ့ကို မည်သို့မျှ ခြိမ်းခြောက်နိုင်မည် မဟုတ်တော့ချေ။
ထို့အပြင် နတ်ဘုရင်လမ်းကို ဆက်လက် မတက်လှမ်းဘဲ ဤနေရာတွင် အချိန်ဖြုန်းနေခဲ့လျှင် နယ်မြေ၄ခုမှ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများ ထပ်မံ ရောက်ရှိလာနိုင်ပေသည်။
ထိုအထဲတွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့် ကျင့်ကြံသူများပင် ပါဝင်နိုင်ဖွယ် ရှိ၏။
ကျန်းချန်က အဆင့်မြင့် ပကတိနတ်ဘုရားအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အထွတ်အထိပ်အဆင့်ကို ရင်ဆိုင်ရန် မကြောက်ရွံ့သော်လည်း အနိုင်ယူရန်မှာမူ လွယ်ကူမည် မဟုတ်ပေ။
ထို့ကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်ရန်အတွက် ရှေ့ဆက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"ကောင်းပြီ"
လုံချီရှောင်၏ မျက်ဝန်းများက လင်းလက်သွားခဲ့သည်။
"ဖေးချင်းတို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့်နှစ်ယောက်ကို ငါခဏထိန်းထားပေးမယ်.. မင်းက အဲဒီအချိန်အတွင်း ကျန်တဲ့လူတွေကို ခပ်မြန်မြန်ရှင်းပစ်ဖို့လိုအပ်လိမ့်မယ်"
ယင်ရှောင်နှင့် ဖေးချင်းတို့ နှစ်ဦးစလုံးသည် ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
သူ့အနေဖြင့် ထိုနှစ်ဦးကို နှစ်ယောက်တစ်ယောက် ရင်ဆိုင်ရန် မဖြစ်နိုင်သော်လည်း ခဏမျှ ထိန်းထားရန်မှာမူ ပြဿနာရှိမည် မဟုတ်ပေ။
ထို့အပြင် ကျန်းချန်သည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား နှောင်းပိုင်းအဆင့်ကိုပင် သတ်ဖြတ်နိုင်သော စွမ်းရည်ရှိ၏။
ကျန်းချန်သာ အခြား ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရားများကို အချိန်တိုအတွင်း သတ်ဖြတ်နိုင်သရွေ့ သူတို့အတွက် အနိုင်ရရန် အခွင့်အရေးရှိနိင်သည် မဟုတ်ပါလော။
"အစ်ကိုလုံ ကျွန်တော်တို့ သွားကြရအောင်"
ကျန်းချန်က ပြုံး၍ ပြောလိုက်ပြီးနောက်တွင် ၁၆ဆင့်မြောက်အဆင့်ဆီသို့ ဦးတည်ကာ ရွေ့လျားလိုက်သည်။
နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက် အဆင့်ဖိအားသည် မနိမ့်ကျပေ။
သို့သော်လည်း ကျန်းချန်တို့နှစ်ဦး၏ ခွန်အားဖြင့် ဆိုလျှင် အားထုတ်မှုများစွာ ပြုလုပ်ရန် မလိုအပ်ပေ။
သူတို့နှစ်ဦးက ပေ၃၀၀ အကွာအဝေးကို ဖြတ်ကျော်ခဲ့ကြပြီး နတ်ဘုရင်လမ်း၏ ၁၆ဆင့်မြောက်အဆင့် ပေါ်သို့ ဆင်းသက်နိုင်ခဲ့ကြသည်။
၁၆ဆင့်မြောက် အဆင့်တွင် ထွက်ပေါ်လာသော ပုံရိပ်ယောင် စွမ်းအင်ခန္ဓာကိုယ်ကို ကျန်းချန်သည် လက်ချောင်းမှ ဓားစွမ်းအင်ဖြင့် ဖျက်ဆီးပစ်လိုက်သည်။
ထိုအခိုက်အတန့်မှာပင် ဖေးချင်းတို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား၁၀ပါးသည် ကျန်းချန်တို့ကို ဝိုင်းရံလိုက်ကြ၏။
သူ၏ရှေ့မှ ကျန်းချန်ကို ကြည့်ကာ ဖေးချင်း၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
"ကျန်းချန်.. မင်းက သတ္တိရှိသားပဲ.. နတ်ဘုရင်လမ်းရဲ့ ၁၆ဆင့်မြောက်အဆင့်ကို တက်လာရဲလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
"ငါက ဘာလို့ တက်မလာရဲရမှာလဲ"
ကျန်းချန်က နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး မထီတရီပြုံးကာ ပြောလိုက်သည်။
"မင်းတို့နယ်မြေ၄ခုက ငါ့ကို ကိုင်တွယ်နိုင်မယ်လို့ ထင်နေတာလား"
"ကောင်လေး အဓိပ္ပါယ်မရှိတာတွေ ပြောနေတာ ရပ်လိုက်တော့.. ဒီနေ့ နတ်ဘုရင်လမ်းရဲ့၁၆ဆင့်မြောက်အဆင့်က မင်းအတွက် သင်္ချိုင်းပဲ.. ဒါပေမဲ့ မင်းက ငါတို့အတွက် နတ်ဘုရင်လမ်းကို ဖွင့်လှစ်ပေးခဲ့တဲ့ အတွက် ခန္ဓာကိုယ် ပြည့်ပြည့်စုံစုံနဲ့ ပေးသေမယ်လို့ ငါကတိပေးတယ်"
ဖေးချင်း၏နံဘေးမှ ယင်ရှောင်က ကျန်းချန်ကို လှောင်ပြုံးပြုံး၍ စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏မျက်ဝန်းတွင် အေးစက်သော အရိပ်အငွေ့များ ပြည့်နှက်နေခဲ့သည်။
"မင်းတို့က ငါတို့ ရှေးဟောင်းနဂါး မျိုးနွယ်စုက လူတွေကို သတ်ချင်တိုင်း သတ်လို့ရမယ်များထင်နေလား"
လုံချီရှောင်က မထီမဲ့မြင်ပြုံးကာ ပြောလိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ပေါက်ကွဲထွက်လာခဲ့သည်။
လုံချီရှောင်က ကြောက်မက်ဖွယ်ကောင်းသော ဓားလမ်းစဥ် ဥပဒေသစွမ်းအားကို ထုတ်ဖော်ကာ ယင်ရှောင်ကို တိုက်ခိုက်လိုက်သည်။
"ဖေးချင်း.. မင်းနဲ့ငါ ပူးပေါင်းပြီး ဒီကောင့်ကို ခပ်မြန်မြန်ရှင်းပစ်ကြမယ်.. ကျန်းချန်ဆိုတဲ့ကောင်ကိုတော့ ကျန်တဲ့လူတွေနဲ့ ခဏလောက် လွှဲထားရအောင်"
သူ့ကိုဦးတည်၍ တိုက်ခိုက်လာသော လုံချီရှောင်ကို ကြည့်ကာ ယင်ရှောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲလာခဲ့သည်။
လုံချီရှောင်၏ ခွန်အားက အလွန်တရာ အားကောင်း၍ တစ်ယောက်ချင်း ရင်ဆိုင်ရမည်ဆိုလျှင် အနိုင်ရမည် မဟုတ်လောက်ပေ။
ဤတစ်ကြိမ်တွင် သူနှင့်ဖေးချင်းသည် ကျန်းချန်ကို ကိုင်တွယ်ရန်အတွက် နတ်ဘုရင်လမ်းပေါ်မှ ခြေလှမ်းတစ်ဝက်ကောင်းကင်နတ်ဘုရား အားလုံးကို စုစည်းခဲ့ကြသည်။
ထို့ကြောင့် သူတစ်ယောက်တည်းဖြင့် လုံချီရှောင်ကို မိုက်ရူးရဲဆန်စွာ တိုက်ခိုက်မည် မဟုတ်ပေ။
သို့မဟုတ်လျှင် ကျန်းချန်တို့နှစ်ဦးကို ဖြေရှင်းနိုင်ခဲ့လျှင်ပင် သူ၏ခွန်အားက အတော်အတန် ယုတ်လျော့သွားမည်ဖြစ်ရာ မဟာနဂါးနန်းတော် နန်းတော်မှ အခွင့်အလမ်းများကို ရယူရာတွင် ဆုံးရှုံးမှုများ ရှိလာနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် လုံချီရှောင်ကို အနိုင်ယူရန်အတွက် ဖေးချင်းနှင့်ပူးပေါင်းခြင်းသည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
ဖေးချင်းက လုံချီရှောင်နှင့် ပြဿနာရှိခဲ့ဖူး၍ ဤအခိုက်အတန့်တွင် တုံ့ဆိုင်းမနေဘဲ ယင်ရှောင်နှင့် တိုက်ရိုက် ပူးပေါင်းလိုက်သည်။
ကျန်းချန်ကို ရင်ဆိုင်ရန်အတွက်မူ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၈ပါးကို လွှဲထားရုံသာ ရှိ၏။
ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား၈ပါးထဲတွင် ၃ဦးမှာ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အလယ်အလတ်အဆင့် ဖြစ်ပြီး ၅ဦးသည် ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား အစောပိုင်းအဆင့် ဖြစ်သည်။
ထိုကဲ့သို့ ခြေလှမ်းတစ်ဝက် ကောင်းကင်နတ်ဘုရား ၈ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို ကျန်းချန်က ကိုင်တွယ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။
ဆိုရလျှင် ထို၈ဦးကို ကျန်းချန်က ဖြေရှင်းနိုင်ခဲ့လျှင်ပင် သူနှင့်ယင်ရှောင်က လုံချီရှောင်ကို အနိုင်ယူနိုင်သရွေ့ ကျန်းချန်သည် သူတို့၏ လက်ထဲတွင် ကျဆုံးသွားနိုင်သည် မဟုတ်ပါလော။
အခန်း(၁၆၂၀)ပြီး၏။