အပိုင်း(၆၂)
Vol. 5 Ch. 62
ရှမြန်သည် စိတ်လှုပ်ရှားစွာဖြင့် နဥ်ရှောက်ယွင်၏ လက်မောင်းကိုတွဲကာ အိမ်သို့ပြန်လာသည်တွင် မောက်ဟွေ့လန်က ပြန်ရောက်နေနှင့်သည်ကို တွေ့လိုက်ရ၏။
သူမသည် အသက်(၁၅)နှစ်သာ ရှိသေးသော်ငြားလည်း သူမ၏ဘဝအရည်အချင်းများကတော့ ပြည့်စုံလေသည်။ သူမ၏အကျင့်စရိုက်က ရှဝမ်ယွဲ့နှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူသည်။ သူမသည် တစ်ယောက်တည်း သွားလာရသည်ကို မကြောက်ရွံ့ ချေ။
သူမက သိုးကလီစာဟင်း(၁)ခွက်စာ အမှန်တကယ် ယူပြန်လာသည်ကို တွေ့လိုက်ရသဖြင့် ရှမြန်မှာ အံ့အားသင့်သွားတော့သည်။
“ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ နင်သိလို့လား” ရှမြန်က မေးလိုက်၏။ သူမသည် ဒီလိုအရာမျိုးကို ဆေးကြောနည်းသာ သိလေသည်။ “ဒါက လုပ်ဖို့တော်တော်ခက်မယ် ထင်တယ်။ ဟုတ်လား”
“ရပါတယ် ကျွန်မ လုပ်တတ်တယ်” မောက်ဟွေ့လန်က မီးဖိုချောင်ထဲသို့ ပစ္စည်းများကို သယ်သွားလိုက်သည်။ “ကျွန်မ လုပ်လိုက်ပါမယ်။ အမေနဲ့ တခြားသူတွေ ပြန်လာရင် ကျွန်မ ဒါကိုချက်လိုက်မယ်။ အရင်ဆုံး ဒါကို ဆေးကြောလိုက်ဦးမယ်”
ထိုသို့ ပြောလိုက်ပြီးနောက်တွင် သူမသည် အင်္ကျီလက်ကို လိပ်တင်လိုက်ပြီး စတင် အလုပ်လုပ်လေသည်။ မောက်ဟွေ့ကျူးကလည်း ရေသေနတ်ကို ချက်ချင်းချထားလိုက်ပြီး ကူညီပေးရန် နောက်မှလိုက်သွားလေသည်။
ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကလည်း အရင်က ဒီလိုထူးဆန်းသည့်အရာမျိုးကို တစ်ခါမှ မတွေ့ခဲ့ကြဘူးချေ။ ချန်းချန်းက ဖွာထွက်ပြီးဖောင်းနေသည့်နေရာကို သိလိုစိတ်ဖြင့် လက်လေးနှင့် တို့ကြည့်ကာ မေးလိုက်သည်။ “ဒါကဘာလဲ”
“ဒါက သိုးအစာအိမ်လေ” မောက်ဟွေ့လန်က ပြန်ဖြေသည်။ “သိုးတွေ စားထားသမျှ အရာအားလုံးက ဒီနေရာမှာရှိနေတာ”
“ဒါက ဒီနေရာမှာ ဘာလို့ရောက်နေတာလဲ”
“ဒါကသိုးရဲ့ အသည်းလား။ ဘာဖြစ်လို့နီနေတာလဲ။ အိုး အရောင်ပြောင်းသွားပြီ”
“ဒါက ရေနွေးနဲ့ထိလိုက်တော့ ဘာဖြစ်လို့ အရောင်ပြောင်းသွားတာလဲ”
...
ထို့နောက်တွင်တော့ ထိန်းချုပ်မှုလွတ်ကင်းသွားလေရာ ရှမြန်သည် ကလေးများမေးလာသည့် မေးခွန်း၏ လွှမ်းမိုးခံရခြင်း၏ ကြောက်ရွံ့မှုကို အပြည့်အဝတွေ့ ကြုံလိုက်ရတော့သည်။
မောက်ဟွေ့လန်က ဒါကိုဆက်ပြီး သည်းခံနိုင်ပုံ မရတော့ချေ။ ထို့ကြောင့် သူမသည် ဒီရိုးရှင်းသည့် တာဝန်လေးများကို ကလေး(၃)ယောက်ကို လွှဲထားပေးလိုက်ပြီး နောက်ဆုံးတော့ လောကကြီးက တစ်ဖန် အေးငြိမ်းသွားတော့သည်။
ဒေါ်ဒေါ်ဝေနှင့် ရှဝမ်ယွဲ့တို့ ပြန်လာချိန်တွင် သူတို့သည် ကလေး(၃)ယောက်က ဇလုံတစ်ခုချင်းစီဖြင့် ခြံဝင်းထဲက ရေပိုက်ထဲတွင် ဆောင့်ကြောင့်ထိုင်ကာ ကိုယ့်ဟာကိုယ် ဆေးကြောနေကြသည်ကို တွေ့လိုက်ရသည်။
“ကလေးတွေရဲ့ဆူညံသံကို အဝေးကနေတောင် ကြားရတယ်”
ဒေါ်ဒေါ်ဝေကလည်း နဥ်ရှောက်ယွင်၏မျက်နှာပေါ်က ပျော်ရွှင်နေသည့်အပြုံးကို မြင်လိုက်ရချိန်တွင် အလွန်ဝမ်းသာသွားတော့သည်။ “ငါတို့မိသားစု ဒီလိုစည်ကားမနေတာ အချိန်အရမ်းကြာသွားပြီပဲ။ ရှမိသားစုက ကလေးတွေကလည်း တော်တော်လေးကို သင်ပေးထားတာပဲ”
“အခုမှပဲ ချန်းချန်းလည်း ပိုပြီးတက်ကြွလာတာကို မြင်ရတော့တယ်။ သူက အရင်တုန်းကဆိုရင် ဒီလိုဆူဆူညံညံတွေကို လုံးဝမလုပ်ရဲဘူးလေ”
အစပိုင်းတွင် ပျော်ရွှင်နေသည့်ဒေါ်ဒေါ်ဝေသည် သူမက ဒီစကားကိုပြောလိုက်ချိန်တွင် မသိမသာ မျက်မှောင်ကြုတ်သွားပြီး ”ရှောက်ယွင် သမီးတို့တွေ မနက်ဖြန် ပြန်ကြမှာပေါ့။ သမီးရဲ့ယောက္ခမက...“
“မပြန်ပါဘူး” နဉ်ရှောက်ယွင်က ပြောလိုက်၏။ “ချန်းချန်းအတွက်ပဲနဲ့တင် ကျွန်မက ဟော်မိသားစုကို လုံးဝပြန်တော့မှာ မဟုတ်ဘူး။ ဒီကာလအတွင်းမှာ သူ ဘယ်လောက်အထိ ပျော်နေလဲဆိုတာ ကြည့်လိုက်ပါဦး။ ဒါမှ ကလေးတစ်ယောက် ဖြစ်နေသင့်တဲ့ ပုံစံမျိုးလေ”
“တကယ်လို့ ကျွန်မ နည်းနည်းလေး ဆက်နေပြီး နောက်ထပ် ဟော်ရွှယ်ဝမ်တစ်ယောက်ကို ပျိုးထောင်ပေးရမယ်ဆိုရင် ကျွန်မ သေလောက်အောင် နောင်တရလိမ့်မယ်”
ဒေါ်ဒေါ်ဝေက ဘာမှမတတ်နိုင်တော့သလို ပြုံးပြလိုက်၏။ “ဦးလေးက အရမ်းကိုကောင်းတဲ့ လူတစ်ယောက်ပါပဲ”
နဥ်ရှောက်ယွင်ကတော့ မှတ်ချက် မပေးလိုက်ချေ။ သခင်ကြီးဟော် အိမ်တွင် မရှိသည့် နှစ်ကာလအတွင်းတွင် ဟော်မိသားစု၏ အစေခံများသည် တဖြည်းဖြည်းနှင့် အဘွားကြီး၏ဇာတိမှ ဆွေမျိုးနှင့် မိတ်ဆွေများ၏ အနိုင်ကျင့်ခြင်းခံလိုက်ရသည်။
ချန်းချန်းသည် ကြီးထွားရမည့်အရေးကြီးဆုံး အဆင့်တစ်ခုကို ရောက်နေသည်ဖြစ်ရာ ထိခိုက်ခံလို့ မဖြစ်ချေ။
နောက်ပြီးတော့ နဥ်ရှောက်ယွင်က ကလေးများကို စနောက်နေသည့် ရှမြန်ကိုကြည့်ရင်း မနေနိုင်ဘဲ အော်ရယ်လိုက်လေသည်။ “ကျွန်မတို့မှာ ရှမြန် ရှိသေးတယ်လေ။ ဒေါ်ဒေါ်ဝေ သူဘယ်လောက်အထိ အစွမ်းထက်လည်းဆိုတာ ဒေါ်ဒေါ် မမြင်ရသေးလို့ပါ”
ဒေါ်ဒေါ်ဝေက ရယ်မောကာပြောလိုက်၏။ “ဒါပေါ့ ငါက သူ့ကိုအရင်က မမြင်ခဲ့ဖူးသေးဘူးလေ။ သူ့ကြည့်ရတာ တကယ်ဒေါသကြီးတဲ့ပုံပဲ”
“ထူးဆန်းတယ်နော်” ဒေါ်ဒေါ်ဝေက ပြောလိုက်သည်။ “သူ လူတွေနဲ့ စကားပြောတဲ့အချိန်ကျရင် အရမ်းကို သြဇာအာဏာရှိလွန်းတော့ သမက်လေးကတောင် သူ့စကား နားထောင်ရတယ်တဲ့”
“ဟုတ်တယ်။ ဒီတော့ မနက်ဖြန်ကျရင်လည်း အဘွားကြီးလည်း ဒီလိုပဲဖြစ်လာမှာပဲ” နဥ်ရှောက်ယွင်က သူမ၏လေသံထဲတွင် သိသာသည့် မျှော်လင့်ချက်များဖြင့် တိုးတိုးလေး ပြောလိုက်လေသည်။
ဒေါ်ဒေါ်ဝေကတော့ မနေနိုင်ဘဲ ပြုံးနေလိုက်ကာ ခေါင်းခါပြလိုက်၏။ နဥ်ရှောက်ယွင်ကိုယ်တိုင်ကလည်း ဒါကို သိပ်လက်မခံသေးချေ။ သူမသည် ရှမြန်၏လွှမ်းမိုးခြင်း ခံထားရတာလည်း ဖြစ်နိုင်သည်။
နောက်တစ်နေ့မနက်တွင် ရှမြန်သည် အိပ်ရာထပြီး မျက်နှာသစ်ကာ အဝတ်အစားလဲလိုက်၏။ အထူးသဖြင့် အဘွားကြီး သူမကိုပေးခဲ့သည့် စကပ်ကို ဝတ်ဆင်ထားလေသည်။
ကျိုးချန်ချန်က တကယ် အမြင်ကောင်းတာပဲ။ အရွယ်အစားကလည်း ကွက်တိပဲ။ ပုံစံကလွဲရင် အရည်အသွေးနဲ့ ဒီဇိုင်းပုံစံကလည်း တော်တော်လေး ကောင်းပါတယ်။
ဒါပေမဲ့ ဒီစကပ်က ငါ့ရဲ့ထိုးထိုးထောင်ထောင် ကတုံးပေါက်စလေးနဲ့ တော်တော်လေး မလိုက်နေဘူးလေ။ ငါ့အထင်တော့ ကျိုးချန်ချန်ကလည်း ဒီအပိုင်းကိုပဲ တမင်ယုတ်မာထားတာဖြစ်မယ်။ ဟုတ်တယ်မလား။
ရှမြန်သည် ဘေ့စ်ဘောကပ်ဦးထုပ် အဖြူရောင်(၁)လုံးကို ဆောင်းထားလိုက်ပြီး မှန်ထဲတွင် ထူးဆန်းသည့် ဝတ်စုံကြီးကိုကြည့်ကာ တော်တော်လေးကို မျက်စိစပါးမွှေးစူးစရာဖြစ်နေသည်။
နဥ်ရှောက်ယွင်ကလည်း ဒါကိုကြည့်ဖို့ တကယ်ပဲ မကြည့်ရက်နိုင်ဖြစ်နေ၏။ “နင့်အဝတ်အစားတွေကို လဲလိုက်ပါလား။ သက်တောင့်သက်သာဖြစ်မယ်လို့ ထင်တဲ့အဝတ်အစားကို ဝတ်လို့ရတယ်”
“ဒါတော့ မဖြစ်သေးဘူး။ သူတို့ကို အရမ်းရုပ်ဆိုးတယ်လို့ ထင်ရအောင် လုပ်ရမှဖြစ်မယ်” ရှမြန်က ရယ်မောလိုက်၏။ “ဘာပဲဖြစ်ဖြစ်လေ ကျွန်မက ကိုယ့်ဟာကိုယ် မြင်ရတာမှ မဟုတ်တာ”
ဒီအချိန်တွင်တော့ သူမက အတည်ပြုလိုက်လေသည်။ “ဒီနေ့ ကျွန်မတို့ချည်းပဲ မဟုတ်လား။ ဘယ်သူမှ ထပ်လာဦးမှာ မဟုတ်ဘူး မဟုတ်လား”
နဥ်ရှောက်ယွင်က ထေ့ငေါ့သလို သူမ၏နှုတ်ခမ်းများကို ကွေးထားကာ ပြောလိုက်၏။ “နောက်ဆုံးကျရင်တော့ ဟောရွှယ်၀မ်က ပေါ်လာမယ် ထင်တယ်”
ရှမြန်က လက်ခါပြလိုက်သည်။ သူမ၏မျက်လုံးထဲတွင် ဟော်ရွှယ်ဝမ်သည် လူသားတစ်ယောက် မဟုတ်ချေ။ သူမသည် သူတို့ရှေ့တွင်သာ ကြီးမားသည့် မိစ္ဆာကောင်ကြီးတစ်ကောင် ဖြစ်ဖို့ရန် လိုအပ်ကာ နတ်သမီးလေးပုံစံကိုတော့ မလိုအပ်ချေ။
“အလို အစ်မနဥ် ဒါဆိုရင်တော့ အစ်မအတွက် ခက်ခဲတော့မှာပဲ” ရှမြန်သည် မျက်နှာပေါ်တွင် စိတ်ပျက်သွားသည့် ရုပ်တစ်ခုဖြင့် ပြောလိုက်သည်။ “ဒီနေ့ ကျွန်မကို မကြည့်နဲ့နော်”
နဥ်ရှောက်ယွင်သည် သူမကြောင့် သဘောကျသွားကာ အော်ရယ်လိုက်တော့သည်။ ဒီကောင်မလေးသည် အရာအားလုံးကို အလွန်စိတ်ဝင်စားစရာဖြစ်အောင် လုပ်ထားလေသည်။
ရှောင်ဖုန်းနှင့် ချန်းချန်းတို့ကလည်း ဒီနေ့တွင် အစိမ်းနုရောင်အင်္ကျီလက်တိုလေးဖြင့် အကုန်လုံးကို ဆင်တူဝတ်ဆင်ထားကာ ညီအစ်ကို(၂)ယောက်နှင့် တူနေတော့သည်။
ဒါကလည်း နဥ်ရှောက်ယွင် အထူးတလည် ဝယ်လာပေးသည့် ပစ္စည်းဖြစ်လေသည်။ ရှမြန်သည် မနေနိုင်ဘဲ အော်ရယ်မိတော့သည်။ အစ်မနဥ်ကလည်း တကယ် ရွှတ်နောက်နောက်လူတစ်ယောက်ပဲ။
အဘွားကြီးကတော့ ဟော်မိသားစုရဲ့မင်းသားလေးနဲ့ ရှောင်ဖုန်းလို တောသားတစ်ယောက်က အင်္ကျီဆင်တူ ဝတ်ထားတာကို မြင်လိုက်ရင် အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ အမူအရာဖြစ်သွားမှာ သေချာတယ်။
ရှောင်ဖုန်းက ရှမြန်ဆင်ပေးသမျှ အရာအားလုံးကို ပျော်ပျော်ရွှင်ရွှင် လက်ခံတတ်သည်။ သို့သော်ငြားလည်း ချန်းချန်းကတော့ သူ၏ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုပုံစံ ရှိလေသည်။ သူက ရှမြန်ကို ကြည့်လိုက်ပြီး သူ့မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ပြောလိုက်၏။ “ ဒေါ်ဒေါ်ရှမြန် ဒေါ်ဒေါ် ဒီလိုပုံစံဖြစ်နေရင်တော့ ဘွားဘွားက စားနိုင်တော့မှာ မဟုတ်ဘူး”
“အိုး တကယ်လား” ရှမြန်သည် ဝမ်းသာအားရ လက်ခုပ်တီးလိုက်၏။ “ချန်းချန်း နင်ဒီစကားကိုတော့ (၁)ကြိမ် (၂)ကြိမ်ထပ်ပြီးတော့ ပြောလို့ရတယ်နော်”
“နောက်ပြီးရင် သူဘာ ထပ်လုပ်မယ်လို့ ထင်လဲ” ရှမြန်သည် ချန်းချန်း၏ ကံဆိုးမှုအကြောင်းကိုလှိုက်လှိုက်လှဲလှဲ ဆုတောင်းနေလေသည်။ “သူ ငိုသွားမှာလား”
ချန်းချန်းက ခေါင်းညိတ်ပြသည်။ “သူ ငိုသွားလိမ့်မယ်”
နဥ်ရှောက်ယွင်က ရယ်မောလိုက်ပြီး ”ဟော်ရွှယ်ဝမ် ပေါ်လာရင်တော့ အဘွားကြီးက အလွယ်တကူပဲ ငိုနိုင်တယ်လေ”
ရှမြန်သည် ချန်းချန်း၏ပါးစပ်ဆိုးကို ကောင်းချီးယူပြီး ယုံကြည်မှုရှိစွာ ပြောလိုက်၏။ “စိတ်မပူပါနဲ့ ဒီနေ့ သူက ဟန်ဆောင်ပြီးတော့ ငိုရမှာ လုံးဝမဟုတ်ဘူး။ သူက တကယ်ငိုရမှာ”
နဥ်ရှောက်ယွင်သည် သဘောကျစွာ ခေါင်းခါလိုက်တော့သည်။ ထင်ထားသည့်အတိုင်းပင် ဟောရွှယ်ဝမ်က ပေါ်မလာခဲ့ချေ။ သူသည် အရင်တုန်းကနှင့်စာလျှင် အနည်းငယ်တိုးတက်လာပြီး ဒါကိုပင် တိုးတက်လာသည်ဟုခေါ်ရမည်။ သူ့လေသံက အလွန်မှ သတိရှိနေ၏။ “ရှောက်ယွင် ချန်ပေပရောဂျက်မှာ အရေးကြီးကိစ္စတစ်ခုရှိလာလို့။ အခုချက်ချင်းပဲသွားပြီးတော့ ဖြေရှင်းရဦးမယ်...“
“ကို တောင်းပန်ပါတယ်။ ကို ရှောင်လျို့ကို မင်းတို့ကို လာကြိုခိုင်းထားတယ်။ ခဏနေ ရောက်လာလိမ့်မယ်...“
နဥ်ရှောက်ယွင်က သူ့စကားကို ဖြတ်ပြောလိုက်ပြီး ခပ်တိုးတိုးလေး ပြောလိုက်၏။ “ရပါတယ် ကျွန်မတို့ ကိုယ့်ဟာကိုယ် သွားလို့ရတယ်။ ရှင်သာ ဆက်လုပ်ပါ ကျွန်မအတွက် စိတ်မပူပါနဲ့”
ရှမြန်က ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်တော့သည်။ ကျောင်းသားလေးဟော်ရွှယ်ဝမ်က တကယ် မျှော်လင့်ချက် မရှိတာပဲ။
နဥ်ရှောက်ယွင်သည် ပြုံးကာပြောလိုက်၏။ “ကြည့်လေ ငါ မှန်းတာ မှန်တယ်မဟုတ်လား”
ရှမြန်က ပြောလိုက်၏။ “အင်းပါ အစ်မနဥ် အစ်မလေ တတ်နိုင်သလောက် မြန်မြန်လေး ခန်းမတစ်ခု ဖွင့်သင့်တယ်။ နေ့တိုင်း အရပ်မြင့်မြင့်ချမ်းသာတဲ့ လူချောလေးတွေကိုပဲ ပန်းချီဆွဲပေးလိုက်။ သူ့ကို ထပ်ပြီးတော့ လုံးဝဂရုမစိုက်နဲ့တော့”
နဥ်ရှောက်ယွင်က အော်ရယ်လိုက်သည်။ “ဒါလည်း စိတ်ကူးကောင်းတစ်ခုပဲ။ ငါ ပြန်ရောက်လာရင် ဒီကိစ္စကို စဉ်းစားရမယ်”
ဟော်မိသားစုသည် (၄)ခုမြောက် အဝိုင်းပတ်လမ်းအနီး ရှင်းဟူအိမ်တော်တွင် နေကြလေသည်။ ဒါသည် စီးပွားရေးပြန်လည်ထူထောင်လာပြီးနောက်တွင် ယန်မြို့ထဲတွင် တည်ဆောက်ထားသည့် ပထမဆုံး အပန်းဖြေအိမ်ရာထဲက တစ်ခုဖြစ်သည်။ ဒီနေရာတွင် နေကြသည့်လူများသည် အမှန်ပင် ချမ်းသာသူမဟုတ်လျှင် မျိုးရိုးမြင့်သည့်လူများ ဖြစ်လေသည်။
ထိုခေတ်ကာလက အပန်းဖြေအိမ်ရာများသည် အများအပြား ချဲ့ကားထားခြင်းမရှိဘဲ အဓိကအားဖြင့် အဆင်ပြေပြေ သဘာဝကျအောင် ဆောက်လုပ်ထားလေသည်။ အပန်းဖြေအိမ်များသည် (၆၀)မီတာပတ်လည် ခြံဝင်းတစ်ခုနှင့် (၃)ထပ်တိုက် အဆောက်အအုံကြီးတစ်ခုသာ ဖြစ်လေသည်။ အိမ်တစ်လုံးချင်းစီကလည်း တစ်ခုနှင့်တစ်ခု သိပ်မဝေးလှချေ။
ကားက အတွင်းဘက် ကြီးမားသည့် တံခါးမကြီးရှေ့တွင် ရပ်လိုက်သည်။ ရှမြန်က ရှောင်ဖုန်း၏လက်ကိုတွဲကာ ကားပေါ်မှ ဆင်းလာသည်။ ခြံ၀င်းထဲမှ လူများသည် ချက်ချင်းဆိုသလို မြန်မြန်ဆန်ဆန် လှုပ်ရှားနေသည်ကို တွေ့လိုက်ရ၏။
လူငယ်လေး(၂)ယောက်က တံခါးလာဖွင့်ပေးသည်။ ဦးလေးဖူကတော့ အနောက်တိုင်း၀တ်စုံ ၀တ်ဆင်ထားဆဲဖြစ်ကာ သူသည် အလွန်မှခန့်ငြားနေပြီး ဒီလိုပူပြင်းသည့်ရာသီဥတုတွင် လူများကို ချွေးထွက်အောင် ဖြစ်နေစေတော့သည်။
တစ်ဖက်လူသည် မနေ့က ရှမြန်ရှေ့တွင် သူ့ကိုယ်သူ အရူးတစ်ယောက်ဖြစ်ခဲ့သည်ဟု ခံစားရပုံပေါ်သည်။ သူသည် ပိုလို့ပင် ဖြောင့်ဖြောင့်မတ်မတ်ရပ်နေကာ သူမကို သေချာစိုက်ကြည့်နေ၏။ သူသည် သူမနှင့် ပက်သက်ပြီး တစ်စုံတစ်ခုကို အမှားရှာဖွေချင်နေသည်လား သေချာမသိရပေ။
သို့သော်ငြားလည်း သူသည် ရှမြန်၏ အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ဦးလေးဖူမှာ သူ၏ ထိန်းချုပ်မှုအောက် ရောက်နေသည့် အမူအရာတစ်ခုကို ဆက်ပြီး ထိန်းမထားနိုင်တော့သလိုဖြစ်သွားပြီး သူ့မျက်လုံးများက တွန့်ချိုးသွား၏။ သူသည် သူမ၏ ထူးဆန်းသည့်၀တ်စုံကြောင့် အမှန်ပင် နာကျင်ခဲ့ဟန်တူသည်။
ရှမြန်ကလည်း ခေါင်းကိုမော့ပြီး ရင်ဘတ်ကိုချီထားကာ လက်တစ်ဖက်တွင် ရှောင်ဖုန်းကိုတွဲထားပြီး ကျန်သည့်လက်တစ်ဖက်ကိုတော့ ဘေးတွင်ချထားကာ ဣန္ဒြေရသည့် ခြေလှမ်းများဖြင့် လျှောက်၀င်လာပြီး အပြုအမူများက ကျက်သရေရှိရှိနှင့် အထက်စီးဆန်ဆန် အရောင်အဝါ ထွက်နေသည်။
ရှမြန်သည် သူမ၏အရင်ဘ၀တွင် နတ်သမီးတစ်ယောက်၏ စိတ်နေသဘောထားကို ပိုင်ဆိုင်ရရှိဖို့ရန် ကျင့်၀တ်ထုံးတမ်းများကို အထူးတလည် သင်ယူခဲ့သည်။ သူမက ကြွားလုံးထုတ်နေခြင်း မဟုတ်ချေ။ သို့သော်ငြားလည်း သူမ၏အပြုအမူများနှင့်ဆိုလျှင် ဟော်မိသားစု၀င်အားလုံးကို သေချာပေါက် ခြေမွပစ်နိုင်လေသည်။
ထို့ကြောင့် ရှမြန်က ဦးလေးဖူ၏ရှေ့တွင် ရပ်လိုက်ပြီး ခေါင်းညိတ်ကာ ပြုံးပြလိုက်ချိန်တွင်တော့ ဦးလေးဖူကအမှတ်တမဲ့ သူ့ရင်ဘတ်ကို ဆန့်ထားလိုက်ကာ ခေါင်းကိုမော့ပြီး တံခါးတွန်းဖွင့်ပေးရင်း ပြောလိုက်တော့သည်။ “သခင်မ၊ သခင်ငယ်လေး၊ မိန်းကလေးရှ ကြွပါ”
အပန်းဖြေအိမ်ရာ၏ အခန်းအပြင်အဆင်က တော်တော်လေးကို ကျက်သရေရှိလှသည်။ သခင်မကြီးဟော်၏ ဆယ်စုနှစ်များစွာ လေ့လာထားခြင်းက အချည်းနှီး ဖြစ်ဟန်တော့မတူချေ။
သို့သော်ငြားလည်း လက်တွေ့တွင်တော့ အိမ်တော်သည် အေးစက်ပြီး အသက်မဲ့နေ၏။ လူများက ၀င်ထွက်သွားလာနေကြသော်လည်း ဓာတ်ပုံဆိုင်တစ်ဆိုင်သို့ ၀င်လာသည်နှင့်တူကာ လူများကို ဒီအတိုင်း ဖြတ်သွားဖြတ်လာ ခဏတာနေရသည့် ခံစားချက်သာ ဖြစ်စေလေသည်။
မျှော်လင့်ထားသည့်အတိုင်းပင် ကျိုးချန်ချန်ကလည်း ထိုနေရာတွင် ရှိနေသည်။ သူမသည် ရိုးရှင်းသည့် အိမ်နေ၀တ်စုံတစ်စုံကိုတောင် ၀တ်ဆင်ထား၏။ ရှမြန်နှင့် နဉ်ရှောက်ယွင်တို့၏ တည်ငြိမ်သည့်ရုပ်သွင်ကို မြင်လိုက်ရသည်တွင် သူမက သူတို့ကို အထက်စီးဆန်ဆန် ပြုံးပြလိုက်ပြီးနောက် သူမဘေးက အစေခံမလေးကို ပြောလိုက်လေသည်။ “သခင်မကြီးကို ဆင်းလာဖို့ သွားပြောလိုက်ပါ။ သခင်လေးနဲ့ သူ့မိတ်ဆွေတွေ ရောက်လာပြီလို့လည်း ပြောပြလိုက်ဦး”
သူမသည် ဒီအိမ်၏ သခင်မဖြစ်နေသယောင်။
သို့သော်လည်း နဉ်ရှောက်ယွင်ကတော့ သူမကို ကြည့်ပင်မကြည့်ချေ။ သူမက ရှမြန်ကိုခေါ်ကာ အရင်ဆုံး ဆိုဖာပေါ်တွင် သွားထိုင်လိုက်ပြီးနောက် အမိန့်ပေးလိုက်လေသည်။ “အရင်ဆုံး လက်ဖက်ရည်ယူလာခဲ့”
သူမဘေးက အစေခံမလေးသည် ကျိုးချန်ချန်ကို လှမ်းကြည့်လိုက်ပြီး မလှုပ်မယှက် ရပ်နေလေသည်။
ရှမြန်က ခနဲ့လိုက်၏။ “အို ဒါက အထက်တန်းလွှာမိသားစုတွေရဲ့ ထုံးစံလား။ အစတုန်းကတော့ အားလုံးက သူတို့အလုပ်တွေနဲ့ အလုပ်များနေလို့ အံ့ဩရသေးတယ်။ ဒါပေမဲ့ ဒါက အပေါ်ယံသပ်သပ် ဖြစ်နေမယ်လို့ ထင်မထားခဲ့ဘူး”
“တော်ပါသေးရဲ့ သခင်မကြီးက အိမ်မှာ တင်းကြပ်တဲ့စည်းမျဉ်းတွေနဲ့ ဓလေ့ထုံးတမ်းတွေကို ကောင်းကောင်းလေး သင်ကြားအုပ်ချုပ်ထားတယ်လို့ အစ်မနဉ်ဆီက ကြားထားလို့ပေပဲ။ ဒါပေမဲ့ ဧည့်သည်တွေက ၀င်လာတဲ့အချိန်မှာ လက်ဖက်ရည်လေး(၁)ငုံတောင် မသောက်ခဲ့ရဘူးတဲ့။ ငါတို့ရဲ့ရွာမှာဆိုရင် ဧည့်သည်တွေကို သကြားရည်(၁)ပန်းကန်နဲ့တောင် ဧည့်ခံသေးတယ်”
စကားလုံးတိုင်းက အိမ်ပိုင်ရှင်၏စိတ်အာရုံကို သွားပြီးလှုံ့ဆော်နေသည်။ ဦးလေးဖူက အပေါ်ထပ်သို့ ကြည့်လိုက်ပြီးနောက်တွင် အစေခံမလေးကို အေးစက်စက်ဖြင့် ကြည့်လိုက်၏။ အစေခံမလေးက ဆက်ပြီး တွေဝေမနေရဲတော့ဘဲ လက်ဖက်ရည် တည်ခင်းပေးရန် မီးဖိုချောင်ထဲသို့ အပြေးသွားလိုက်တော့သည်။
ရှမြန်က ကျိုးချန်ချန်ကို မျက်လုံးမှိတ်ပြလိုက်ပြီး တမင်ဆွပေးနေသည့် အပြုံး(၁)ခုပြုံးပြလိုက်သည်။
နင်က ဘာတွေ အဲဒီလောက်မာနကြီးနေတာလဲ။ နင်က ကိုယ့်ဟာကိုယ် ကို့ယို့ကားယား နေရာတစ်ခုမှာ ထားထားလိုက်သေးတယ်။ နင်က ဒါကိုများ ဘ၀င်ခိုက်နေသေးတယ်ပေါ့။
ဒီနေ့တော့ ငါ နင့်ကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်းလေး ပေးရတော့မယ်။
...