အပိုင်း(၆၃)
Vol. 5 Ch. 63
ရှမြန်နှင့် နဥ်ရှောက်ယွင်တို့သည် လက်ဖက်ရည် (၁)ငုံ၊ (၂)ငုံသောက်လိုက်၏။ အဘွားကြီးကို နောက်ဆုံးတော့ အောက်ထပ်သို့ တွဲခေါ်လာကြသည်။ သူမလည်း အိမ်နေရင်း ထန်ဝတ်စုံကို ဝတ်ဆင်ထား၏။ သို့သော်ငြား သူမ၏မျက်နှာပေါ်တွင် မိတ်ကပ်များ လိမ်းခြယ်ထားလေသည်။
အကယ်၍ သူမလုပ်ထားသည့် ထူးထူးဆန်းဆန်း အရာများကို လျစ်လျူရှုထားမယ်ဆိုလျှင်တော့ တစ်ချက်ကြည့်လိုက်ရုံနှင့် သူမသည် အမှန်ပင် သခင်မကြီးတစ်ယောက်နှင့် တူလေသည်။
ကျိုးချန်ချန်က ရှေ့သို့လျှောက်သွားလိုက်ပြီး သူတို့ကို ကူပြီးတွဲလာကာ နဥ်ရှောက်ယွင်နှင့် ချန်းချန်းတို့က ထရပ်လိုက်ကြသည်။
နဥ်ရှောက်ယွင်: ”အမေ”
ချန်းချန်းကလည်း သူမကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်သည်။ “ဘွားဘွား”
အဘွားကြီးက ခနဲ့ကာ ပြောဆိုလိုက်၏။ “နင်တို့တွေ အိမ်ပြန်လာဖို့ သတိရကြသေးတယ်နော်။ နင်က ဒေါသကြီးနေလိုက်တာ။ ပန်းချီကားတစ်ချပ်အတွက်နဲ့များ ဟော်မိသားစုရဲ့ မြေးအကြီးဆုံးနဲ့အတူ အိမ်ကနေ ထွက်ပြေးသွားရတယ်လို့”
ဒီအချိန်တွင် သူမ၏မျက်နှာက ဒေါသအပြည့်ဖြစ်နေ၏။
“တော်ပါသေးရဲ့ ကလေးက အဆင်ပြေနေလို့ပဲ။ အဲ့လိုမှမဟုတ်ဘူးဆိုရင် နင်က ငါတို့ရဲ့ဟော်မိသားစုကို ဘယ်လိုများ ခေါင်းထောင်အောင် လုပ်ပေးတော့မှာလဲ မသိတော့ဘူး”
ရှမြန်သည် ထိုအရှင်မက အစကတည်းက ထိုမျှလောက်ရိုင်းစိုင်းလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမက ချန်းချန်းကို သားတစ်ယောက်လို့ သဘောထားသော်ငြားလည်း သူမ၏မြေးကို ချစ်ရကောင်းမှန်းတော့ လုံးဝမသိချေ။
သူမသည် ချန်းချန်းကိုသာ လှမ်းကြည့်လိုက်ပြီး ပုံမှန်လုပ်နေကြကိစ္စတစ်ခုလိုသာ မေးလိုက်သည်။
“ချန်းချန်း သား ဒီတစ်ခါ မင်းအမေနဲ့ အပြင်ထွက်သွားတော့ လူဆိုးတွေနဲ့ တွေ့ခဲ့တာလား။ ကြောက်လန့်သွားသေးလား။ နောက်ဆိုရင် ထပ်ပြီးတော့ လျှောက်မသွားနဲ့တော့နော်”
“သားရဲ့ဘွားဘွားကြီးအိမ်မှာ နေရတာရော ဘယ်လိုလဲ။ သားက စည်းမျဉ်းစည်းကမ်းတွေ အားလုံးကို မေ့လျော့ပြီး ထိန်းသိမ်းမရအောင် ကစားနေတယ်လို့ မင်းရဲ့ဘိုးဘိုးဖူဆီကနေ ပြန်ကြားထားတယ် ဟုတ်လား”
ချန်းချန်းသည် ထိုအရာနှင့် အသားကျသွားသည်ကို မေ့လျော့သွားဟန်တူသည်။ သူသည် နားတစ်စုံနှင့်သာ နားထောင်နေလိုက်ပြီး လုံးဝမငြင်းပယ်ချေ။ သူက မျက်လုံးဝိုင်းလေးများဖြင့် နဥ်ရှောက်ယွင်ကို လှမ်းကြည့်လိုက်၏။ နဥ်ရှောက်ယွင်က သူ့ခေါင်းလေးကို ချော့မော့သလို ပုတ်ပေးလိုက်ပြီး ပြောလိုက်လေသည်။
“ဘွားဘွားရဲ့ ဇာတိမြို့မှာက ဒီအိမ်မှာလို စည်းမျဉ်းစည်းကမ်းတွေ အများကြီးမရှိသလို ဒီမိသားစုမှာလိုလည်း အစေခံတွေ အများကြီး မရှိဘူးလေ။ ချန်းချန်းက အရာအားလုံးကို သူ့ဟာသူ လုပ်ခဲ့တယ်။ သူက အရင်တုန်းကထက်တောင် အများကြီးပိုပြီး သိတတ်လာသေးတယ်လေ”
သခင်မကြီးဟော်သည် နဥ်ရှောက်ယွင်က ထိုသို့ ပြန်ပြောလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သူမသည် အခိုက်အတန့် မှင်တက်အံ့ဩသွားပြီး အေးတိအေးစက် ပြောလိုက်သည်။
“နင်ကလည်း စည်းကမ်းမရှိဘဲနဲ့ နေရာတစ်ခုမှာသွားပြီး လည်ပတ်နေတာတဲ့လား။ နင်က ငါတို့ဟော်မိသားစုရဲ့ ကျင့်ဝတ်ထုံးတမ်းတွေကို ဘယ်မှာသွားပြီး လွှင့်ပစ်လိုက်တာလဲ”
“အိုး” ရှမြန်သည် တအံ့တဩ ဖြစ်သွားလေသည်။ “ဒီတော့ ဒါက လူချမ်းသာမိသားစုတွေရဲ့ ကျင့်ဝတ်သိက္ခာ ဆိုတာကိုလား။ အပြင်လူတွေရှေ့မှာ ချွေးမဖြစ်သူကို ဆူဆဲတာမျိုးလား။ ကျွန်မ စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတာတော့ လူချမ်းသာမိသားစုတွေက သူတို့ရဲ့သားကို တခြားသူတွေရဲ့ရှေ့မှာ သင်ကြားပြသပြီးတော့ ချွေးမတွေကိုတော့ နောက်ကွယ်မှာပဲ ဆုံးမကြတယ်ဆို။ အဲဒီလို မဟုတ်ဘူးလား”
“သခင်မကြီး ရှင် ဒီကျင့်ဝတ်သိက္ခာတွေကို ဘယ်ကနေ သင်ယူခဲ့တာလဲ။ ကျွန်မကို ပြောပြစမ်းပါ။ ကျွန်မလည်း လေ့လာချင်လို့။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် နောက်ပိုင်းကျရင် အရှက်ရစရာတွေ ဖြစ်သွားလိမ့်မယ်။ ဒါဆိုရင် ဘယ်လောက်ဆိုးသွားလိမ့်မလဲ”
အဘွားကြီးသည် သူမကို ပညာမတတ်ပါဟု လူများက ပြောဆိုမည်ကို အကြောက်ဆုံးနှင့်အမုန်းဆုံး ဖြစ်လေသည်။ သို့သော်ငြားလည်း သူမသည် ဒီတောသူမလေး၏ ဝေဖန်ခံရလိမ့်မည်ဟု လုံးဝမျှော်လင့်မထားချေ။ သူမသည် ချက်ချင်းဆိုသလို မကျေမချမ်းဖြစ်သွားတော့သည်။
“မိန်းကလေးရှ...“ အဘွားကြီး၏ ညို့မှိုင်းနေသည့်မျက်နှာသည် ရှမြန်၏ အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ခဏလောက် တုံ့ဆိုင်းသွားပြီး သူမ၏ အသံက ပိုပြီးပျော့ပျောင်းလာတော့သည်။ “ဟုတ်တယ်နော်”
ရှမြန်က ပြုံးကာ ပြောလိုက်၏။ “ဟုတ်ပါတယ် ကျွန်မ ရှမြန်ပါ။ သခင်မကြီးရဲ့မြေးကို ကယ်ပေးခဲ့တဲ့ သူလေ။ သခင်မကြီးက အဲဒီနေ့က ကျွန်မကိုဖိတ်ဖို့ အထူးတလည် လူလွှတ်ပေးခဲ့တယ် မဟုတ်လား။ ကျွန်မက ကျေးဇူးအများကြီးတင်ပါတယ်”
ရှမြန်သည် အဘွားကြီးကိုပြရန် သူမ၏ စကပ်ကို ဆွဲတင်ပြလိုက်လေကာ တအံ့တဩ ပြောလေသည်။ “သခင်မကြီးရယ် သခင်မကြီးက အရမ်းအားနာတတ်တာပဲ။ ကျွန်မကို အိမ်ကိုလည်း ဖိတ်သလို အဝတ်အစားလည်း ပေးခဲ့သေးတယ်။ ကျွန်မက သခင်မကြီးရဲ့စေတနာကို စဉ်းစားမိသွားတော့ ဒါပေါ့လေ ကျွန်မ ဒါကိုဝတ်ပြီး သခင်မကြီးကို ပြရမှာပေါ့။ အရမ်းလှတာပဲနော်”
နဥ်ရှောက်ယွင်က တည်တည်ငြိမ်ငြိမ်ဖြင့် ပြန်ဖြေလိုက်သည်။ “သခင်မကြီးက အမြဲတမ်း အကောင်းကြိုက်တယ်လေ”
အဘွားကြီးသည် ဒီစကားက သူမကို စော်ကားနေသလို ခံစားလိုက်ရ၏။ သို့သော်ငြားလည်း ဒီစကပ်က သူမ ပေးထားသည့် အရာအမှန်ပင် ဖြစ်နေသည်။ ထို့ကြောင့် သူမမှာ ပြောစရာမရှိတော့ချေ။
ကျိုးချန်ချန်က ပြောလိုက်၏။
“ကျွန်မ ကြားခဲ့တာတော့ မိန်းကလေးရှက သခင်ငယ်လေးကို ကယ်ခဲ့ပြီးတဲ့နောက်ပိုင်း သူက ဇာတိမြို့ကအိမ်ကိုရောင်းပြီး သခင်မလေးနဲ့အတူ ယန်မြို့ကို လာခဲ့တာဆို။ ဪ သူတစ်ယောက်တည်းတောင် လာခဲ့တာမဟုတ်ဘူးတဲ့။ ဒါပေမဲ့ သူက သူ့ရဲ့အဒေါ်မိသားစုကိုလည်း အတူခေါ်လာခဲ့သေးတယ်တဲ့ ဟုတ်လား။ ရှင်က ယန်မြို့မှာ တိုးတက်ကြီးပွားချင်တာလား”
သခင်မကြီးဟော်၏မျက်နှာသည် ချက်ချင်းဆိုသလို မှေးမှိန်သွားကာ ရှမြန်က သူမ၏မိသားစုနှင့်အတူ ဟော်မိသားစု၏ သွေးများကို စုပ်ယူတော့မည့် သူမ၏ အသက်ကယ်ပေးထားသည့် ကျေးဇူးကိုမှီ ခိုအားထားတော့မည်ဟု အတည်ပြုလိုက်လေသည်။
“အစတုန်းကတော့ ကျွန်မမှာ အဲဒီအစီအစဉ်မရှိခဲ့ပါဘူး” ရှမြန်က အပြုံးတစ်ခုဖြင့် ပြောလိုက်၏။
“ဟော်မိသားစုက အရမ်းကို လူသားဆန်တယ်လို့ ဘယ်သူ ပြောခဲ့ပါလိမ့်။ ကျွန်မ ကြားဖူးတာတော့ သခင်ကြီးဟော်ကို တစ်ခါလေးပဲ ကူညီပေးခဲ့ဖူးတဲ့ မိန်းကလေးကျိုးရဲ့အဖေက တစ်လျှောက်လုံး ဟော်မိသားစုရဲ့ အထောက်အပံ့ ရလာခဲ့ပြီး မိန်းကလေးကျိုးကတောင် နိုင်ငံခြားကို ပညာသွားသင်ခဲ့တယ်ဆို။ အခု သူက ဟော်မိသားစုရဲ့ မိသားစုဝင်တစ်ယောက်တောင် ဖြစ်နေပြီပဲ”
“ဟော်မိသားစုရဲ့ အကြီးဆုံးမြေးကို ကယ်တင်ပေးခဲ့တဲ့ သူတစ်ယောက်အနေနဲ့ ကျွန်မက ရှင့်ထက် ဘယ်လိုလုပ်ပြီး ဆိုးနိုင်ပါ့မလဲနော်”
အခုလေးတင် စိတ်ကျေနပ်သွားသည့် အဘွားကြီးနှင့် ကျိုးချန်ချန်၏မျက်နှာများသည် တစ်ဖန်ညိုမည်းသွားပြီး
ရှမြန်က အသံထွက်ကာ အော်ရယ်လိုက်၏။ “သခင်မကြီး ရှင် ဒါကို အတည်ထင်သွားတာတော့ မဟုတ်ပါဘူးနော်။ ဟားဟား ဟုတ်ပါတယ် ကျွန်မက နောက်နေတာပါ”
“ကျွန်မတို့ရှမိသားစုရဲ့ သင်ကြားပြသခြင်းမှာ စည်းမျဉ်းတစ်ခု ရှိတယ်လေ။ တစ်ခုခုကို ပြန်မမျှော်လင့်ဘဲ ကောင်းမှုကုသိုလ်လုပ်ပေးပါ။ ဒါပေမဲ့ ကိုယ်လက်ခံရရှိထားတဲ့ စေတနာကိုတော့ ဘယ်တော့မှ မမေ့ပါနဲ့တဲ့။ ဒါကအရင်တုန်းက အထက်တန်းစား မိသားစုတွေရဲ့ လူကြီးလူကောင်းတွေကို သင်ပေးခဲ့တဲ့ စည်းကမ်းတစ်ခုလေ”
ရှမြန်က ပြုံးကာ ပြောပြလိုက်၏။ “ကျွန်မတို့တွေက ဟော်မိသားစုကို နှစ်(၂၀)ကျော်အောင် ကျေးဇူးပြန်ဆပ်စေချင်တဲ့ မိန်းကလေးကျိုးလို မဟုတ်ပါဘူး။ ဒါက ကျေးဇူးပြန်ဆပ်ဖို့ တောင်းဆိုနေတာနဲ့ တူနေတယ် မဟုတ်ဘူးလား။ ဒါက အမြင်ကျဉ်းကြတဲ့ မိသားစုငယ်လေးကလူတွေပဲ လုပ်ကြတာလေ”
“ကျွန်မတို့တွေက ယန်မြို့ကို ရောက်လာတာကလည်း ဒီအတိုင်း တိုက်ဆိုင်လို့ပါပဲ။ ဒါကြောင့်မလို့ အစ်မနဥ်က ကျွန်မတို့ကို လမ်းကြုံခေါ်လာပေးတာပါ”
ကျိုးချန်ချန်က ဒေါသတကြီး မေးလိုက်၏။ “နင် ဘာစကားပြောတာလဲ”
ရှမြန်က နားမလည်နိုင်သည့်ဟန်ဖြင့် ခေါင်းကိုစောင်းလိုက်ပြီး ”ဒီစကားကို နင်ကိုယ်တိုင်ပဲ ပြောခဲ့တာလေ။ နင်က ကလေးဘဝကတည်းက ဟော်မိသားစုရဲ့အထောက်အပံ့ကို ယူလာခဲ့တာဆို” သူမက သခင်မကြီးကို ကြည့်လိုက်ပြီး ”ကျွန်မ ပြောတဲ့စကား မှားသွားလို့လား”
အဘွားကြီးသည် ပညာအရည်အချင်းက နိမ့်ပါးလေရာ လုံးဝကို ဆွံ့အနေမိတော့သည်။
နဥ်ရှောက်ယွင်က ခိုးပြီးရယ်လိုက်၏။ ရှမြန်သည် ဒီလိုပြောနေသည့် အရောင်အဝါတစ်ခု အမြဲတမ်း ထားရှိလေသည်။ “ငါနင့်ကို အခုဆဲလိုက်တယ်လေ။ ငါ့ကို ပြောစမ်းပါ။ ငါ မှားလား၊ မှန်လား”
ကျိုးချန်ချန်မှာ အမျက်ခြောင်းခြောင်း ထွက်သွားတော့သည်။ “နင်က အဲဒီလောက်အထိ မြင့်မြတ်နေတယ်လို့ ဘာလို့ ဟန်ဆောင်ပြနေတာလဲ။ အဲဒီနေ့တုန်းက ဟော်မိသားစုရဲ့ ခြံဝင်းတွေအားလုံး လိုချင်တယ်လို့ ဘယ်သူပြောခဲ့တာလဲ”
ရှမြန်က ပြုံးကာ ပြောလိုက်၏။ “ငါက နင် အရင်နေနေတဲ့တစ်လုံးကိုတောင် လိုချင်တယ်လို့ ပြောခဲ့သေးတယ်။ နောက်ဆုံး ဒါက အစ်မနဥ်ရဲ့အိမ်နဲ့ အနီးဆုံးပဲလေ။ သန့်ရှင်းရေးလည်း လုပ်ထားပြီးသား။ ဒါက နေဖို့အဆင်သင့်ပဲပေါ့”
သူမက သခင်မကြီးကို ကြည့်လိုက်ကာ ”ဒါပေမဲ့ ငါက ဒီခြံဝင်းကို ဝယ်မဲ့အကြောင်း ပြောနေတာပါ။ စိတ်မပူပါနဲ့။ ဒါကို မရောင်းချင်ဘူးဆိုရင် အတင်းရောင်းပေးဖို့ ဖိအားပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံး ကျွန်မတို့ရဲ့ရှမိသားစုက ကျိုးမိသားစုနဲ့ မတူဘူးလေ။ ကျွန်မတို့မှာ ကျေးဇူးတင်စရာ နည်းနည်းလေးရှိတဲ့အတွက်ကြောင့် အရမ်းကိုမျက်နှာပြောင်ပြီး တစ်စုံတစ်ယောက်ရဲ့ခြံဝင်းထဲမှာ အလကား မနေနိုင်ပါဘူး”
ကျိုးချန်ချန်သည် အလွန်ဒေါသထွက်သွားပြီး ”နင်ဘာသဘောလဲ”
ရှမြန်သည် စိုးရိမ်ပူပန်သွားသည့် အမူအရာတစ်ခုကို ထုတ်ပြလိုက်ပြီး ”မိန်းကလေးကျိုး ရှင် ဘာဖြစ်လို့ ဒီမေးခွန်းကိုပဲ ဆက်တိုက်မေးနေတာလဲ”
သူမက အဘွားကြီးကို ကြည့်လိုက်ပြီး ”နားမလည်လို့လား။ သူက ဟော်မိသားစုရဲ့ခြံဝန်းထဲမှာ အလကား လာနေနေခဲ့တာလား”
“ဒီတော့ မိန်းကလေးကျိုးရဲ့ ဉာဏ်ရည်ကိုလည်း ငွေနဲ့ ဝယ်ထားရတာပေါ့နော်။ ဟုတ်လား” ရှမြန်သည် အဘွားကြီးကို သက်ပြင်းချပြလိုက်ပြီး ”သခင်မကြီးတို့ ဟော်မိသားစုက တကယ့်ကို ကျေးဇူးသိတတ်တာပဲ”
ကျိုးချန်ချန်သည် ဒေါသထွက်ထွက်နှင့် အော်ဟစ်တော့သည်။ “ငါက လက်စားချေဖို့ ကြိုးစားရမယ်ဆိုရင်တောင် နင့်ကိုတော့ ကျေးဇူးပြန်ဆပ်မှာ မဟုတ်ဘူး”
“စိတ်မပူပါနဲ့ ကျွန်မတို့တွေကလည်း လက်စားလာချေကြမှာ မဟုတ်ပါဘူး” ရှမြန်သည် ကိုယ်ချင်းစာသလို ပြောလိုက်၏။ “ဟော်မိသားစုက နင့်ရဲ့ အခွင့်အရေးယူခံနေရတာနဲ့တင် သနားစရာ ကောင်းနေပြီလေ။ ငါတို့တွေက ဝင်မပါနိုင်ပါဘူး”
အဘွားကြီးက လေးနက်သည့်အသံတစ်ခုဖြင့် ပြောလိုက်လေသည်။ “မိန်းကလေးရှက တကယ့်ကို စကားအရာ ကြွယ်ဝပါပေတယ်”
“ဟားဟား သခင်မကြီးက အရမ်းကို စေတနာကောင်းလွန်းနေပါပြီ ”ရှမြန်က ပြောလိုက်၏။ “အဓိကကတော့ ကျိုးကြောင်းဆင်ခြင်တတ်တယ်လေ။ ဒုတိယတစ်ချက်ကတော့ ကျွန်မက စာတွေအများကြီး ဖတ်ထားတော့ ယုတ္တိကျကျ ပြောဆိုနိုင်တာပေါ့”
ကျိုးချန်ချန်...
ဒီတော့ သူမက ကျိုးကြောင်းဆင်ခြင်ညဏ်မရှိဘဲ ပညာရေးနိမ့်ပါးတယ်။ ပရမ်းပတာ ဖြစ်နေတယ်ပေါ့လေ။ အဘွားကြီးသည် စကားအရာနှင့် ပတ်သက်လာလျှင် သူတို့သည် တောသူမလေးနှင့် မယှဉ်နိုင်လောက်ပေဟု သဘောပေါက်သွားလေသည်။
ထို့ကြောင့် သူတို့သည် လောကကြီးကို တစ်ခါမှမမြင်ခဲ့ဖူးသည့် ဒီတောသူမလေးကို ခြိမ်းခြောက်ဖို့ရန်အတွက် သူတို့ဟော်မိသားစု၏ ခမ်းနားလှသည့် အပြင်အဆင်ကို အသုံးချဖို့ စဉ်းစားလိုက်လေသည်။
“ဟုတ်ပါပြီ ကျွန်မက ဒီနေ့မိန်းကလေးရှကို ဒီနေရာကို ဖိတ်ခေါ်ရတာလည်း ကျွန်မတို့ ချန်းချန်းရဲ့အသက်ကို ကယ်တင်ပေးတာအတွက် ကျေးဇူးတင်ချင်လို့ပါ”
အဘွားကြီးသည် ယဉ်ယဉ်ကျေးကျေးဖြင့် စတင်ပြောဆိုလေသည်။ “ကျွန်မ အရသာရှိတဲ့ အစားအသောက်တချို့ကို အထူးတလည် ပြင်ဆင်ထားပေးတယ်။ မိန်းကလေးရှ ကျေးဇူးပြုပြီးတော့ စားဖို့ မဝံ့မရဲ မဖြစ်ပါနဲ့နော်”
အဘွားကြီးသည် ပြောရင်းဆိုရင်းနှင့် ထမင်းစားစားပွဲရှိ အဓိကထိုင်ခုံဆီသို့ တမ်းတမ်းမတ်မတ် လျှောက်သွားလိုက်ပြီး ကျိုးချန်ချန်က သူမကိုတွဲကာ ပေးထိုင်လိုက်လေသည်။ ထို့နောက် သူမကလည်း အဘွားကြီးဘေးတွင် ထိုင်ချလိုက်၏။
အချိန်တော်တော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက်တွင် အဘွားကြီးက ရှမြန်ကို မော့ကြည့်ကာ မေးလိုက်လေသည်။ “ဘာဖြစ်လို့လဲ”
ရှမြန်က အထိတ်တလန့်ဖြင့် ပြောလိုက်၏။ “သခင်မကြီး သခင်မကြီးရဲ့အစေခံတစ်ယောက်က စားပွဲမှာ ထိုင်လို့ရပြီးတော့ ဒီအဓိကထိုင်ခုံမှာလည်းပဲ ထိုင်လို့ရတယ်ပေါ့ ဟုတ်လား”
ကျိုးချန်ချန်က ဒေါသတကြီး ပြောလိုက်၏။ “ငါက အစေခံလို့ ဘယ်သူပြောလဲ”
“ဪ အားနာလိုက်တာ” ရှမြန်က ပြောလိုက်သည်။ “အခု ကျွန်မက ရှင့်ကို အစေခံလို့ မခေါ်ရဘူးဆိုတော့ ရှင့်ကို အိမ်တော်ထိန်းလို့ ခေါ်ရမှာပေါ့နော်”
“မနေ့တုန်းကတော့ ရှင်က လူကြီးမင်းဟော်ရဲ့လက်ထောက်လေ။ အလုပ်တွေကို တာဝန်ယူပေးရပြီး နေ့စဉ်ဘဝကိုလည်း စောင့်ရှောက်ပေးရတယ်။ ဒီနေ့ကျတော့ ရှင်က သခင်မကြီးကို ပြုစုစောင့်ရှောက်ပေးနေတယ်။ အိမ်က အစေခံတွေ အားလုံးကလည်း ရှင့်စကားကို နားထောင်ရတယ်။ ရှင်က ဦးလေးဖူလိုပဲ အိမ်တော်ထိန်းတစ်ယောက် မဟုတ်ဘူးလား”
“ဒီလိုဖြစ်ရမယ်။ ဦးလေးဖူက အပြင်ကကိစ္စတွေကို တာဝန်ယူရပြီးတော့ မိန်းကလေးကျိုး ရှင်ကတော့ အတွင်းကကိစ္စတွေကို တာဝန်ယူထားရတာပေါ့နော်။ ကျွန်မ မှားသွားပြန်ပြီလား” ရှမြန်သည် နဥ်ရှောက်ယွင်ကို လက်ညှိုးထိုးကာ ပြောလိုက်၏။
“ဟော်မိသားစုက အပြင်လူတစ်ယောက်ကို ပိုင်ရှင်ထက်ပိုပြီးတော့ အထင်ကြီးစရာကောင်းအောင် ခွင့်ပြုထားလို့ မဖြစ်ဘူးပေါ့နော်။ ဟုတ်လား”
“ဧကန္တ မိန်းကလေးကျိုးက ဟော်မိသားစုရဲ့အထောက်အပံ့ကို လက်ခံထားပြီး ဟော်မိသားစုကို ကျေးဇူးပြန်ဆပ်ဖို့ ပြန်လာတာမဟုတ်ဘဲ ဟော်မိသားစုရဲ့သခင်နေရာကို အစားထိုးဖို့များ ပြန်လာတာလား”
ရှမြန်သည် ခေါင်းခါလိုက်ကာ ပြောလိုက်လေသည်။
“သခင်မကြီး ကျွန်မက အကြံပေးတာပါ။ မိန်းကလေးကျိုးကလည်း ယူနီဖောင်းတစ်ခုကိုတော့ ဝတ်ဆင်ရမယ်လေ။ သူက အစ်မနဥ်နဲ့အတူတူ ရပ်နေတာတောင် တစ်ချက်ကြည့်လိုက်ရုံနဲ့ အစ်မနဥ်က ဟော်မိသားစုရဲ့ ချွေးမဆိုတာကို လူတွေသိနိုင်အောင်ပေါ့။ အခုခေတ်မှာ တက်သစ်စသူဌေးတွေလည်း အများကြီး ရှိတယ် မဟုတ်လား။ တစ်နေ့လုံး သခင်မကြီးတို့ရဲ့အိမ်ကို ဝင်ထွက်သွားလာနေတဲ့လူတွေလည်း အမြဲတမ်းရှိတယ်။ မသိနားမလည်တဲ့သူတွေဆိုတာကလည်း အမြဲတမ်း ရှိမှာပဲလေ”
“တကယ်လို့ အစ်မနဥ်က ဒီနေရာမှာ မရှိခဲ့ဘူးဆိုရင် ကျွန်မတို့တွေက သူ့ကို ဟော်မိသားစုရဲ့ချွေးမဆိုပြီး အထင်လွဲမိသွားဦးမယ်။ ဒါဆိုရင်တော့ ရယ်စရာအကြီးကြီး ဖြစ်သွားလိမ့်မယ်နော်”
“အချိန်တန်ရင် လူတွေက သခင်မကြီးကို တင်းတင်းကြပ်ကြပ် မအုပ်ချုပ်တဲ့အတွက် ဒါမှမဟုတ် မိန်းကလေးကျိုးကို စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာခိုင်းတဲ့အတွက် လူတွေက ရယ်နေကြဦးမယ်နော်။ လူတွေကလည်း လောဘကြီးတတ်တတ်နဲ့။ ဒါက ဟော်မိသားစုကို သိက္ခာချစရာတစ်ခု ဖြစ်လာလိမ့်မယ်။ ဆိုးရွားလိုက်တာ”
သခင်မကြီးဟော်၏မျက်နှာသည် တဖြည်းဖြည်း ဖြူဆုတ်သွားပြီး သူမက ဒေါသတကြီး ပြောလိုက်လေသည်။ “ချန်ချန်က ငါတို့ရဲ့ အိမ်တော်ထိန်း မဟုတ်ပါဘူး။ သူက ငါ့အတွက် အရေးကြီးတဲ့သူပါ။ ငါက သူ့ကို သမီးတစ်ယောက်လို သဘောထားတာပါ”
“ဪ ဒါဆိုရင် ကျွန်မ နားလည်မှုလွဲသွားတာပဲ” ရှမြန်က ပြောလိုက်၏။ “ဒါဆိုရင် ကျွန်မက သူ့ကို မိန်းကလေးကျိုးလို့ မခေါ်ရဘဲနဲ့ သူ့ကို သခင်မလေးကျိုးလို့ ခေါ်ရမှာပေါ့နော်”
ကျိုးချန်ချန်သည် ဂုဏ်ယူ၀င့်ကြွားစွာ မေးကို ချီထားလိုက်လေသည်။ အဘွားကြီးက သူမကို အသိအမှတ်ပြုနေသရွေ့ ရှမြန်သည်စကားလုံးနှင့်သာ သူမ၏စိတ်ကျေနပ်မှုကို ဖော်ပြနိုင်ပေလိမ့်မည်။
“ကျွတ်ကျွတ်” ရှမြန်က ပြောလိုက်၏။ “ဒါဆိုရင်တော့ ဒါကို သခင်မကြီးရဲ့အမှားလို့ မှတ်ယူလို့ မရတော့ဘူးပေါ့။ သခင်မကြီးက ဒီလောက်တောင် စဉ်းစားဆင်ခြင်တတ်တဲ့ လူတစ်ယောက် ဖြစ်နေတာပဲ။ ကျွန်မက သခင်မကြီးရဲ့အိမ်ကို လာတုန်းက ကျွန်မမှာ အဝတ်အစား ကောင်းကောင်း မရှိဘူးဆိုတာ သခင်မကြီးက သိထားတယ်။ ဒါကြောင့် ကျွန်မအတွက် အဝတ်အစားတွေကို အထူးတလည် လာပို့ခဲ့သေးတယ်။ တကယ်လို့ သခင်မလေးကျိုးက ရှင့်ရဲ့သမီးဆိုရင် သူ့မှာ ပစ္စည်းကောင်းကောင်းလေးတွေ ပိုရှိမှာပေါ့နော်”
သူမသည် အထင်သေးသလိုဖြင့် ကျိုးချန်ချန်ကို ကြည့်လိုက်သည်။ “နင်က ဘာဖြစ်လို့ အဲဒီလောက် ဆင်းဆင်းရဲရဲ ဝတ်စားထားတာလဲ”
“သခင်မလေးကျိုး ဒါက အရမ်းကိုတော့ လမ်းလွဲနေပြီနော်။ အကြောင်းမသိတဲ့သူတွေက သခင်မကြီးက ရှင့်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတယ်လို့ ထင်သွားဦးမယ်။ ရှင်က ကျေးဇူးတရားကို လက်ခံရရှိထားရဲ့သားနဲ့ ရှင်က တခြားလူတွေကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးနိုင်တာလဲ”
ရှမြန်က အဘွားကြီးကို စိတ်အားထက်သန်စွာ ပြောလိုက်၏။ “သခင်မကြီး သခင်မကြီးက သူ့ကို သခင်မကြီးရဲ့သမီးတစ်ယောက်လို သဘောထားတယ်ဆိုရင် သူ့ကို အပြုအမူလေးတချို့တော့ တကယ် သင်ထားပေးသင့်ပါတယ်။ တခြားသူတွေအပေါ် အမြဲတမ်း အရမ်းကိုယဉ်ကျေးတတ်တဲ့ သခင်မကြီးလိုလူအတွက် နေရာတကာ အရှက်ကွဲခံနေရတာတော့ မကောင်းဘူးလေ”
နဥ်ရှောက်ယွင်က ပြောလိုက်၏။ “နင့်အဝတ်အစားတွေ သွားလဲလိုက်။ ဧည့်သည်ကို ဒီလိုဧည့်ခံပေးတာ အရမ်းရိုင်းပါတယ်”
ကျိုးချန်ချန်က တစ်ခုခုကို ပြောလိုက်ချင်သော်ငြားလည်း ရှမြန်ကို သခင်မကြီးက ဖိတ်ခေါ်ထားခဲ့ခြင်း ဖြစ်သည်။ သူမ၏အပြုအမူက မလေးစားရာကျလျှင်ပင် သူမသည် အမည်ခံအရတော့ အထင်ကရ ဧည့်သည်တစ်ယောက်ဖြစ်လေသည်။ အကယ်၍ သူမက ငြင်းပယ်ခဲ့လျှင် သခင်မကြီး၏မျက်နှာကို ပါးချမိသလို ဖြစ်ပေလိမ့်မည်။
သူမသည် အထင်သေးစွာ နှာခေါင်းရှုံ့ပြီး သခင်မကြီးကိုကြည့်ကာ သူမအတွက်လည်း ဆုံးဖြတ်ချက် ချဖို့လိုလားမည်မှာ သေချာသည်။
ရှမြန်က တအံ့တဩဖြင့် ပြောလိုက်သည်။ “ရှင်က သခင်မကြီးကို အပြစ်တင်နေတာလား။ ကျွန်မက ရှင့်အကြောင်း မကောင်းပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရွာမှာဆိုရင်တောင် ကျွန်မတို့တွေက ဧည့်သည်တွေလာရင် လေးစားသမှုကိုပြသဖို့ နေရာကို သန့်သန့်ရှင်းရှင်း ထားရသေးတယ်လေ”
“ရှင်က ကျင့်ဝတ်တွေကိုတောင် မသိဘဲနဲ့ သခင်မကြီးကို အပြစ်တင်ရဲတယ်လား” ရှမြန်က မယုံသင်္ကာသလိုဖြင့် ပြောလိုက်၏။
ကျိုးချန်ချန်မှာလည်း အလွန်မှ တအံ့တသြဖြစ်သွားတော့သည်။ ရှမြန်သည် အမှန်နှင့်အမှားကို ဒီအတိုင်း ရောထွေးအောင် လုပ်နေသည်ပင်။
သူမက အဘွားကြီးကို အလောတကြီးရှင်းပြလိုက်၏။ “ဒေါ်ဒေါ် ကျွန်မက အဲဒီသဘောမျိုး မဟုတ်ပါဘူး”
“ရှင် အဲဒီသဘောမျိုး မဟုတ်ဘူးဆိုရင် ဘာဖြစ်လို့ အဝတ်သွားမလဲသေးတာလဲ”
ရှမြန်က သူမကို စိုက်ကြည့်လိုက်ပြီးနောက် အဘွားကြီးကို ကြည့်လိုက်၏။ “သခင်မကြီးက သူ့ကို သခင်မကြီးရဲ့သမီးလို သဘောထားတယ်ဆိုကတည်းက သူ့ကို ဒီလိုထိန်းမနိုင်သိမ်းမရ ပုံစံမျိုး ပြုမူခွင့်ပေးထားလို့ မရဘူးလေ။ ဒါကတကယ် ရှက်ဖို့ကောင်းပါတယ်”
အဘွားကြီးမှာ စကားတစ်လုံးမှ မပြောနိုင်တော့ချေ။ နောက်ဆုံးတော့ သူမသည် အရင်ဆုံး ဒီပွဲကို ထုတ်လာခဲ့သူပင်။ ရှမြန်ဝတ်ထားသည့် အဝတ်အစားကလည်း သူမ ပေးထားသည့် အဝတ်အစား ဖြစ်နေသည်။ ကျိုးချန်ချန်ကို အဝတ်သွားလဲဖို့ရန် တောင်းဆိုခြင်းမှလွဲလျှင် သူမ ပြောသည့်စကားလုံးတိုင်းက ကိုယ်တိုင်နှင့် ဆန့်ကျင်နေသည်ပင်။
“မင်းအဝတ်အစားကို သွားလဲလိုက်” အဘွားကြီးက တုန်ယင်နေသည့်နှုတ်ခမ်းများဖြင့် ကျိုးချန်ချန်ကို ပြောလိုက်၏။ ကျိုးချန်ချန်သည် နှုတ်ခမ်းကို ကိုက်ရင်းထရပ်ကာ အပေါ်ထပ်သို့ ဒေါသတကြီး တက်သွားတော့သည်။
ရှမြန်က အဘွားကြီးကိုကြည့်ပြီး ပြုံးပြလိုက်၏။
ဒါကရော ဘယ်ကိုသွားတာလဲ။
...